အခန်း ၃၁
Vol. 4 Ch. 31
အခန်း (၃၁) ပစ်မှတ်ထားခံလိုက်ရသည့် လင်းဖန်
ချန်လုံ၏ မေးခွန်းကို ကြားသောအခါ လင်းဖန်သည် ခေတ္တမျှ တွန့်ဆုတ်သွားပြီးမှ ဘေးထွက်ဆိုးကျိုး များကို လိမ္မာပါးနပ်စွာ ရှင်းပြလိုက်သည်။
“မဟုတ်ပါဘူး အဲ့လိုတော့ မဟုတ်ပါဘူး။ အသေးစားအားဖြည့်ဆေးလုံးက နှာခေါင်းသွေးယိုစေ တတ် တယ်၊ အဆာရှောင်ဆေးကတော့ တစ်ခါတစ်ရံ စိတ်ဆန္ဒတွေ တက်ကြွစေတယ်၊ ချီစုဆောင်းခြင်း ဆေးလုံးကတော့ လေလည်စေပြီး အဆိပ်ဖြေဆေးလုံးကတော့ အဆိပ်အတောက်တွေကို စွန့်ထုတ်စေ တာပါ…။”
လင်းဖန်၏ ဝေဝါးသော ရှင်းပြချက်ကို နားထောင်ပြီးနောက် ချန်လုံက ထိုအရာများသည် ပြင်းထန်သော ကိစ္စမဟုတ်ဘဲ အန္တရာယ်မရှိဟု ယူဆလိုက်သည်။
“အင်း... ရပါတယ်လေ ခန္ဓာကိုယ်ကို ထိခိုက်စေတာ ဒါမှမဟုတ် ကျင့်ကြံမှုကို အဟန့်အတားဖြစ်စေတဲ့ ဘေးထွက်ဆိုးကျိုးမျိုး မဟုတ်သရွေ့တော့ ဒါတွေက ထည့်တွက်စရာ မလိုပါဘူး…။”
အမြန်ပြန်ချင်နေသည့် ချန်လုံသည် စကားများများစားစား မပြောတော့ဘဲ လင်းဖန်ကို ချက်ချင်းပင် နှုတ်ဆက်လိုက်တော့သည်။
“ဒါဆိုရင်တော့ ကျွန်တော့်တို့ ဒီမှာတင် လမ်းခွဲကြရအောင် မိတ်ဆွေ။ နောက်တစ်ခါ ဆုံတဲ့အခါကျရင် လည်း ပိုပြီး ပူးပေါင်းဆောင်ရွက်ဖို့ အခွင့်အရေးတွေ ရှိလာမှာပါ…။”
ချန်လုံ၏ ပြုံးလျက်ပြောသော စကားများထဲတွင် တစ်စုံတစ်ခုကို ရည်ရွယ်ထားပုံရသည်။ သို့သော် လင်းဖန်ကတော့ ဘာမှသတိမထားမိဘဲ နောက်တစ်ကြိမ်တွင် ထိုသူက ဆေးလုံးများ ပိုဝယ်လိမ့်မည် ဟုသာ ယူဆလိုက်သည်။
“ဟဲဟဲ... ဒါဆိုရင်တော့ နောက်တစ်ခါ ပြန်ဆုံဖို့ မျှော်လင့်နေပါ့မယ်…။”
နှုတ်ဆက်ပြီးနောက် ချန်လုံသည် ဆိုင်ခန်းမှ အလျင်အမြန် ထွက်ခွာသွားပြီး ဈေးကွက်ထဲတွင် လှည့် လည်နေဆဲဖြစ်သော ချန်ယုံနှင့် ချန်ဟုတို့ကို လိုက်ရှာလေသည်။ သူတို့ကို တွေ့သည်နှင့် ချန်လုံက အနားသို့ အမြန်သွားကာ တိုးတိုးလေး ပြောလိုက်သည်။
“သခင်လေးယုံ၊ ချန်ဟု... ကျွန်တော် ထူးခြားတာတစ်ခု ရှာဖွေတွေ့ရှိခဲ့တယ်…။”
ချန်လုံ၏ စကားကြောင့် ချန်ယုံနှင့် ချန်ဟုတို့က သူ့ကို စူးစမ်းသော အကြည့်များဖြင့် ကြည့်လိုက်ကြ သည်။ထို့နောက် ချန်လုံက သူတို့နှစ်ဦးကို တိုးတိုးလေး ကပ်ပြောလိုက်သည်။
“သခင်လေးယုံ... ဟိုနှစ်ယောက်ထဲက တစ်ယောက်က ဆေးဆရာပဲ။ သူ့ကို ကျွန်တော်တို့ မိသားစုဆီ ခေါ်သွားပြီး ဆေးဖော်ခိုင်းလို့ရတယ်။ ဒါဆိုရင် မိသားစုအတွက် အကြီးအကျယ် အကျိုးပြုနိုင်မှာပဲ။”
ချန်လုံ၏ စကားကို ကြားသောအခါ ချန်ဟု၏ မျက်လုံးများ ဝင်းပသွားပြီး အံ့သြသွားတော့သည်။ သို့ သော် ချန်ယုံကတော့ ချန်လုံ၏ စကားကို မကျေနပ်သဖြင့် မျက်မှောင်ကြုတ်လိုက်သည်။
“ဘာလဲ… မင်းပြောချင်တာက ငါ သူ့ကို ခွေးစာကျွေးလို့ မရတော့ဘူး ဆိုတဲ့ သဘောလား…။”
အဓိကနှင့်သာမည ကို ခွဲခြားမသိသော ချန်ယုံကြောင့် ချန်လုံ ဆွံ့အသွားသော်လည်း စိတ်ရှည်လက်ရှည် ပင် နားချလိုက်သည်။
“သခင်လေးယုံ... ဒီဆေးဆရာက တကယ်ကို ထူးခြားတာပါ။ သူဖော်စပ်တဲ့ ဆေးလုံးတွေက သာမန် ဆေးတွေထက် အာနိသင် ပိုထက်မြက်လို့ မိသားစု တိုးတက်ဖို့အတွက် အများကြီး အသုံးဝင်မှာပါ…”
ထိုအခါ ချန်ယုံက နှာခေါင်းရှုံ့ပြီး ပြောလိုက်သည်။
“အဲ့တော့ ဘာဖြစ်လဲ…။”
“သခင်လေးယုံ... ကျွန်တော်ပြောတာ နားထောင်ပါဦး။ အဲ့ဒီမိန်းကလေးကိုတော့ သခင်လေး ကြိုက်သ လို လုပ်လို့ရပါတယ် ဒါပေမဲ့ ဟိုယောက်ျားကိုတော့ လုံးဝ သတ်လို့မဖြစ်ဘူး။ သူက မိသားစုအတွက် အကျိုးအမြတ် အများကြီး ပေးနိုင်မှာ။ သူ့ကို ဖမ်းပြီး ဆေးဖော်ခိုင်းနိုင်ရင် မိသားစုခေါင်းဆောင်က အရမ်းဝမ်းသာမှာပဲ။ အဲ့ဒီအခါကျရင် သခင်လေးယုံက ကြီးမားတဲ့ ဂုဏ်ပြုခြင်းကို ခံရမှာပါ…။”
ချန်လုံ၏ နားချမှုကြောင့် ချန်ယုံသည် လင်းဖန်ကို ခွေးစာကျွေးမည့် အကြံကို ခေတ္တ လက်လျှော့လိုက် သည်။ ချန်လုံက သူ၏ ဖခင်အကြောင်းကို ထည့်ပြောလိုက်သဖြင့် ဖခင်၏ ဆန္ဒကို မလွန်ဆန်ဝံ့ခြင်း ကြောင့်လည်း ပါလေသည်။
“ကောင်းပြီလေ... ဒါဆိုရင် သူ့ကို အရင်ဆုံး ပညာပေးမယ်။ ပြီးမှ ငါတို့မိသားစုအတွက် အသာတကြည် ဆေးဖော်ပေးအောင် လုပ်ရတာပေါ့…။”
ချန်ယုံ၏ လိုက်လျောမှုကြောင့် ချန်လုံ သက်ပြင်းချနိုင်သွားသည်။ ထို့နောက် လင်းဖန်ထံမှ ဝယ်လာသော ဆေးလုံးများကို ချန်ဟုထံ ကမ်းပေးလိုက်သည်။
“ချန်ဟု... မင်း ဒီဆေးလုံးတွေယူပြီး သခင်လေးကို မိသားစုဆီ အရင် လိုက်ပို့လိုက်ပါ။ မိသားစုခေါင်း ဆောင်က ဒီဆေးတွေရဲ့ အာနိသင်ကို စမ်းသပ်ကြည့်ပြီးတာနဲ့ ဒီဆေးဆရာရဲ့ တန်ဖိုးကို သိသွားလိမ့်မယ်။ တစ်ခါတည်း အခြေအနေတွေကိုပါ သတင်းပို့လိုက်ဦး။ ငါကတော့ ဒီမှာပဲနေပြီး အဲ့ဒီဆေးဆရာကို စောင့် ကြည့်ထားမယ်…။”
“ဒါက မိသားစု တိုးတက်ရေးအတွက် အရေးကြီးတဲ့ ကိစ္စပဲ။ မိသားစုခေါင်းဆောင်ဆီကနေ အင်အား ဖြည့်တင်းမှုကို အမြန်ဆုံး လွှတ်ပေးဖို့ ပြောလိုက်ပါ။ တစ်ဖက်လူက အခြေခံအုတ်မြစ်တည်ဆောက် ခြင်းအဆင့် ကျင့်ကြံသူ နှစ်ယောက် ဖြစ်နေတာ။ ဈေးအပြင်မှာ သူတို့လူတွေ ရှိနေမလားဆိုတာလည်း မသိနိုင်ဘူး။ မိသားစုခေါင်းဆောင်က အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ အနည်း ငယ်လောက် ထပ်လွှတ်ပေးနိုင်ရင်တော့ အကောင်းဆုံးပဲ…။”
ချန်ဟုက ချန်လုံ၏ ညွှန်ကြားချက်ကို သဘောတူပြီး ချန်ယုံကို ခေါ်ကာ မိသားစုဆီ ပြန်ရန် ဈေးကွက် ထဲမှ ထွက်ခွာသွားတော့သည်။ ထိုအချိန်တွင် ချန်လုံက တစ်ဖက်လူကို ထပ်မံ လှမ်းခေါ်လိုက်ပြန်သည်။
“ချန်ဟု... မိသားစုဆီက လူတွေ မရောက်ခင် တစ်ဖက်လူက ဈေးထဲက ထွက်သွားမယ်ဆိုရင်တော့ ငါအရင် လက်ပါလိုက်မယ်လို့ ခေါင်းဆောင်ကို ပြောပေးပါ။ အောင်မြင်ရင်တော့ ကောင်းတာပေါ့၊ တကယ်လို့ ကျရှုံးခဲ့ရင်တော့ ခေါင်းဆောင်ပဲ နောက်ထပ် အစီအစဉ်တွေ ဆက်လုပ်ပါစေ…။”
နောက်ဆုံး မှာကြားစရာများကို ပြောပြီးနောက် ချန်လုံက ချန်ဟုကို မိသားစုဆီ အမြန်ပြန်ရန် တိုက်တွန်း လိုက်လေသည်။
ချန်ဟုနှင့် ချန်ယုံတို့ ထွက်သွားပြီးနောက် ချန်လုံသည် လင်းဖန်နှင့် ခပ်လှမ်းလှမ်းတွင် ဈေးသည် တစ်ဦး အသွင် ဆောင်ကာ လင်းဖန်ကို မျက်ခြေမပျက် ကြည့်နေတော့သည်။ လင်းဖန် ဈေးကွက်ထဲမှ ထွက်ခွါမည့် အရိပ်အယောင် ပြသည်နှင့် သူက ချက်ချင်း နောက်ယောင်ခံလိုက်မည် ဖြစ်သည်။
သေချာပေါက်ပင် သူသည် စွန့်စားရမှု မရှိစေရန် လင်းဖန်တို့ ဈေးထဲက မထွက်ခင် မိသားစုဆီက လူတွေ ရောက်လာဖို့သာ မျှော်လင့်နေသည်။ တစ်ဖက်လူ နှစ်ဦးစလုံးမှာ အခြေခံအုတ်မြစ်တည်ဆောက်ခြင်း အစောပိုင်းအဆင့်သာ ရှိသော်လည်း သူတို့၏ ကျင့်ကြံမှုအဆင့်မှာ သူနှင့် ယှဉ်လျှင် အများကြီး နိမ့်ကျ ပေသည်။
သို့သော် ဤမျှ ငယ်ရွယ်သောအသက်နှင့် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်သို့ ရောက်နေသည့် ပါရမီရှင်များဖြစ်သဖြင့် အဆင့်ကျော် တိုက်ခိုက်နိုင်သော နည်းလမ်းအချို့ ရှိနေနိုင်သည်ကို သူ ထည့် တွက်ရပေမည်။ သူ၏ အခြေခံအုတ်မြစ်တည်ဆောက်ခြင်း အလယ်အလတ်အဆင့် ကျင့်ကြံမှုနှင့်တင် သူတို့ကို ဖမ်းဆီးထားနိုင်ရန် လုံးဝ စိတ်မချနိုင်ပေ။
မည်သို့ပင်ဆိုစေကာမူ သူတို့ကို ဖမ်းဆီးနိုင်လျှင် ရရှိမည့် ဆုလာဘ်နှင့် ယှဉ်လျှင်တော့ ဤစွန့်စားမှုမှာ တန်ပါသေးသည်။ ထိုသို့တွေးပြီး ချန်လုံသည် လင်းဖန်တို့အပေါ် မျက်တောင်မခတ်တမ်း စောင့်ကြည့်နေ တော့ သည်။
ချန်လုံ မသိလိုက်သည်မှာ သူ တကယ်ကို မှန်ကန်သောလူကို စောင့်နေမိခြင်းပင်။ ချင်းယွင်ဂိုဏ်းအပေါ် ကျရောက်နေသည့် အန္တရာယ်ကို လင်းဖန်က ရိပ်မိထားသဖြင့် လောလောဆယ် ဂိုဏ်းကို ပြန်ရန် အစီ အစဉ် မရှိပေ။ ဤဆုံးဖြတ်ချက်က ချန်လုံအတွက် အခွင့်အရေး ဖြစ်သွားပြီး မိသားစုဆီက လူတွေ ရောက်လာမည့်အချိန်ကို စောင့်ရန် လုံလောက်သော အချိန်ကို ရသွားစေသည်။
အချိန် ကုန်ဆုံးသွားသည်နှင့်အမျှ ကောင်းကင်ကြီးမှာလည်း တဖြည်းဖြည်း မှောင်လာခဲ့သည်။ ဂိုဏ်း ကို မပြန်ရန် ဆုံးဖြတ်ထားသဖြင့် လင်းဖန်သည် ဈေးကွက်ထဲမှာတင် စခန်းချရန် ပြင်လိုက်သည်။ ဈေးကွက် ထဲတွင် တည်းခိုခန်းများ ရှိသော်လည်း စိတ်ဝိညာဉ်ကျောက်တုံးများကို အလဟဿ မဖြုန်းတီးချင် သဖြင့် လင်းဖန် အသုံးမပြုလိုပေ။ ထို့ပြင် စနစ်ကပေးထားသော တဲမှာ တည်းခိုခန်းများထက်ပင် ပို၍ သက်သောင့်သက်သာ ရှိလှသည်မဟုတ်ပါလား။
သို့သော် ဘေးတွင် ချင်းယွင်ဂိုဏ်းမှ နတ်မိမယ်လေး လီလဲ့ယန် ပါနေသဖြင့် အမျိုးသားနှင့် အမျိုးသမီး အတူတူနေရန် မသင့်တော်သောကြောင့် လင်းဖန်က သူမအတွက် အခန်းတစ်ခန်း ငှားပေးရန် စေတနာ ရှေ့ ထားကာ ဆုံးဖြတ်လိုက်သည်။
“ညီမလေးလဲ့ယန်... အစ်ကိုကတော့ ဒီည ဈေးထဲမှာပဲ တဲထိုးပြီး အိပ်ဖို့ စဉ်းစားထားတယ်။ ညီမလေး ကတော့ ဈေးထဲက တည်းခိုခန်းမှာပဲ သွားအိပ်လိုက်ပါလား မနက်ကျမှ ဆိုင်ပြန်ထွက်ကြတာပေါ့။ အခန်းခကိုတော့ အစ်ကိုပဲ ပေးပါ့မယ်…။”
လီလဲ့ယန်ကတော့ လင်းဖန်၏ စီစဉ်မှုကို သိပ်ပြီး သဘောမကျသည့်ပုံရလေသည်။
“စီနီယာအစ်ကိုလင်း... ကျွန်မက ဘာလို့ တဲထဲမှာ နေလို့မရတာလဲဟင်။ ကျွန်မလည်း တဲထဲမှာပဲ နေချင် တာကို…။”
လီလဲ့ယန်က သူ့တဲကို အပိုင်စီးချင်နေသည်ကို မြင်သောအခါ လင်းဖန်လည်း ဒါက မဆိုးပါဘူးဟု တွေး လိုက်မိသည်။ တဲထဲမှာ အိပ်သည်ဖြစ်စေ၊ တည်းခိုခန်းမှာ အိပ်သည်ဖြစ်စေ သူ့အတွက်တော့ အတူတူပင် ဖြစ်သည်။ တစ်ခုသတိထားရမည်မှာ သူ၏တဲတွင် စိတ်အာရုံဖြင့် ချိတ်ဆက်ထားသော မြင်ကွင်းရှိနေ ခြင်းပင်။ ဤညီမလေးကို အခွင့်ကောင်းမယူမိစေရန် သူမ ရှိသည့်ဘက်က စိတ်အာရုံကို ဖြတ်တောက် ထားရုံသာ ရှိတော့သည်။
သို့သော် လင်းဖန် သဘောတူရန် ပြင်နေတုန်းမှာပင် လီလဲ့ယန်၏ နောက်ထပ်စကားကြောင့် လင်းဖန် မျက်လုံးပြူးသွားရသည်။
“အစ်ကို့ တဲက အကြီးကြီးပဲဟာ လူနှစ်ယောက် သာသာယာယာ အိပ်လို့ ရတာပဲကို။ ဘာလို့ တည်းခိုခန်း မှာ ပိုက်ဆံအကုန်ခံပြီး သွားအိပ်နေရဦးမှာလဲ…။”
လီလဲ့ယန်၏ စကားကြောင့် လင်းဖန်တစ်ယောက် ဘာပြန်ပြောရမှန်း မသိတော့ပေ။ ပြတ်ပြတ်သားသား ပဲ သဘောတူလိုက်ရမည်လား သို့မဟုတ် လိမ္မာပါးနပ်စွာပဲ သဘောတူရမည်လား။
ဤညီမလေးလဲ့ယန်က တကယ်ပဲ ပွင့်လင်းလွန်းနေတာလား။ ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ် ယောက် အခန်းတစ်ခုတည်းမှာ အတူတူနေဖို့ သူမကပဲ အရင် စပြောနေသည်ပင်။ သို့သော်လည်း လီလဲ့ယန်သည် သာမန်လူတွေထက် ဉာဏ်ရည်နည်းနည်း လိုနေတတ်ပြီး ယောက်ျားနဲ့ မိန်းမ အတူတူ နေခြင်းက မသင့်တော်ဘူးဆိုတာကို သိပုံမရဘူးဆိုသည်ကို လင်းဖန် ချက်ချင်း ရိပ်မိလိုက်သည်။
“ညီမလေးလဲ့ယန်... အစ်ကိုတို့နှစ်ယောက် တဲတစ်ခုတည်းမှာ အတူအိပ်ဖို့က မသင့်တော်ဘူး ထင်တယ် နော်…။”
လင်းဖန်၏ စကားကြောင့် လီလဲ့ယန်က နားမလည်သော မျက်နှာဖြင့် ပြန်ကြည့်လာသည်။
“ဘာလို့လဲရှင်။ ကျွန်မက ဟောက်တတ်တာမှ မဟုတ်တာ၊ အစ်ကိုကော ဟောက်တတ်လို့လား။ အစ်ကို ဟောက်တတ်ရင်လည်း ရပါတယ်။ ကျွန်မ မှော်ပညာသုံးပြီး နားကို ပိတ်ထားလိုက်ရုံပဲလေ…။”