← Chapters

အခန်း ၃၂

Vol. 4 Ch. 32

အခန်း ၃၂

Vol. 4 Ch. 32

အခန်း (၃၂) ညဘက်၌ အလုပ်များနေကြသူများ

“ဟို... နတ်သမီးလေး လဲ့ယန် ဒါက ဟောက်တတ်တာ မဟောက်တတ်တာနဲ့ မဆိုင်ပါဘူး။ ယောကျ်ားနဲ့ မိန်းမကြားမှာ ကွာခြားချက်တွေ ရှိတယ်လေ။ ဒါသာ တခြားသူတွေ သိသွားရင် မင်းအတွက် မကောင်း ဖြစ်လိမ့်မယ်…။”

လင်းဖန်၏ ဆင်ခြေကို ကြားသောအခါ လီလဲ့ယန်က ဂရုမစိုက်ဟန်ဖြင့် ပြန်ပြောလိုက်သည်။

“အဲ့ဒါက ဘာဖြစ်လို့လဲ။ ကျွန်မတို့ ကျင့်ကြံသူတွေက တခြားသူတွေရဲ့ အမြင်ကို ဂရုစိုက်နေဖို့ မလိုပါ ဘူး။ စီနီယာအစ်ကို လင်းက ပုရွက်ဆိတ်ကို ဆင်ဖြစ်အောင် လုပ်နေတာပဲ….။”

လီလဲ့ယန်က ထိုသို့ပြောလာမှတော့ လင်းဖန်လည်း သဘောတူရုံမှတစ်ပါး အခြားမရှိတော့ပေ။ သူသည် တစ်ညလုံး စိတ်တည်ငြိမ်အောင် စိန်သုတ္တန်ကိုသာ ရွတ်ဖတ်နေရတော့မည်ဖြစ်သည်။

“ကောင်းပါပြီ၊ ဂျူနီယာညီမလေး လဲ့ယန်ကမှ မငြင်းတာပဲ။ စိတ်ဝိညာဉ်ကျောက်တုံးတွေကိုလည်း ချွေတာနိုင်သမျှ ချွေတာရမှာပေါ့။ ဒါတွေက ရှာရတာ လွယ်တာမှ မဟုတ်တာ…။”

လင်းဖန်က သဘောတူလိုက်သည်ကို ကြားသောအခါ လီလဲ့ယန်က ဝမ်းသာအားရဖြင့် ဖြစ်သွားသည်။

“ဒါဆို အဲ့ဒီအတိုင်းပဲ ဆုံးဖြတ်လိုက်ပြီနော်…။”

ထိုစဉ် လင်းဖန် သတိမထားမိလိုက်သော အချိန်တွင် လီလဲ့ယန်၏ မျက်နှာထက်၌ အဓိပ္ပါယ်ဖော်ရခက် သော အမူအရာတစ်ခု ပေါ်လာခဲ့သည်။

အမှန်တော့ လင်းဖန်သည် ယနေ့တွင် ‘ထုတ်လုပ်ရေးအဖွဲ့ ဆေးမီးဖို’ နှင့် ပတ်သက်၍ အချက်နှစ်ချက်ကို သတိမထားမိဘဲ ကျန်ရစ်ခဲ့သည်။ ပထမအချက်မှာ ချက်ပြုတ်ထားသော ယုန်သား၏ ဘေးထွက်ဆိုး ကျိုးကို စစ်ဆေးရန် မေ့လျော့သွားခြင်းဖြစ်ပြီး၊ ဒုတိယအချက်မှာ ပြန်လည်ပြုပြင်ထားသော ‘အင်မော် တယ်ချုပ်နှောင်ကြိုး’ ၏ ဘေးထွက်ဆိုးကျိုးကို စုံစမ်းရန် မေ့သွားခြင်းဖြစ်သည်။

လောကအကြောင်း ဘာမှမသိသေးသော နတ်သမီးလေး လီလဲ့ယန်သည် ဆေးမီးဖိုထဲတွင် ချက်ပြုတ် ထားသော တောယုန်သားကို စားပြီးနောက် ဘေးထွက်ဆိုးကျိုးကြောင့် ထူးဆန်းသော ပြောင်းလဲမှုအချို့ ဖြစ်ပေါ်နေပုံရသည်။ ကံဆိုးသည်မှာ ယုန်သားများ အကုန်ကုန်သွားပြီဖြစ်သဖြင့် လင်းဖန်အနေဖြင့် ထို အကြောင်းကို မည်သည့်အခါမျှ သိရှိနိုင်တော့မည် မဟုတ်ပေ။

ညမှောင်လာသည်နှင့်အမျှ ဈေးကွက်အတွင်းရှိ လူများလည်း ရှင်းသွားကြသည်။ ဆိုင်ခန်းတစ်ခု၏ ဘေးတွင် တဲကြီးတစ်လုံးကို ထိုးထားသည်။ ၎င်းမှာ စနစ်မှ လင်းဖန်ကို လက်ဆောင်ပေးထားသော ‘ဟင်းလင်းပြင် သားရဲတဲ’ ပင်ဖြစ်သည်။

ကံကောင်းသည်မှာ တဲအတွင်း၌ အလွန်ကျဉ်းကျပ်မနေခြင်းပင်။ လင်းဖန်နှင့် လီလဲ့ယန်တို့သည် တဲ၏ တစ်ဖက်တစ်ချက်စီတွင် အတော်လှမ်းလှမ်း၌ နေရာကိုယ်စီယူထားကြသဖြင့် လင်းဖန်အနေဖြင့် အနေ ရခက်ခြင်းမှ သက်သာစေသည်။

သို့သော် အတွေ့အကြုံရှိသူဖြစ်သော လင်းဖန်မှာ အတွေးများကာ အချိန်အတော်ကြာ လူးလှိမ့်နေပြီး မှသာ အိပ်ပျော်သွားတော့သည်။ အခြားတစ်ဖက်တွင်မူ လီလဲ့ယန်သည် လင်းဖန်ကို ကျောပေးထား သဖြင့် သူမ၏ နီမြန်းနေသော မျက်နှာကို လင်းဖန် မမြင်လိုက်ရပေ။

တစ်ချိန်တည်းမှာပင် ချန်ဟုသည် ချန်ယုံကို ဓားပျံပေါ်တွင် တင်ဆောင်၍ ပျံသန်းလာရာ နောက်ဆုံးတွင် မိသားစုဆီသို့ ပြန်ရောက်လာခဲ့သည်။

တတိယတန်းစား အင်အားစုဖြစ်သော ချန်မိသားစုမှာ ချင်းယွင်ဈေးကွက်နှင့် အတော်ဝေးသည်။ ချန်ဟု သည် အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူဖြစ်သော်လည်း အဆင့်အစောပိုင်းမှာသာ ရှိသေးပြီး ချန်ယုံကိုပါ သယ်လာရသဖြင့် ခရီးနှောင့်နှေးခဲ့ရသည်။

မိသားစုအိမ်တော်ထဲသို့ ဝင်လိုက်သည်နှင့် ချန်ယုံက မိသားစုဂိုဏ်းချုပ်ရှိရာ အခန်းသို့ ချက်ချင်းပြေး သွားပြီး အော်ဟစ်လိုက်သည်။

“အဖေ... သတင်းကောင်း…။ ကျွန်တော်တို့ ချင်းယွင်ဈေးကွက်မှာ ဆေးဖော်စပ်တဲ့သူ တစ်ယောက်ကို တွေ့ခဲ့တယ်….။”

ထိုအော်သံကို ကြားသောအခါ ဘေးမှ ချန်ဟုမှာ စိတ်ပျက်စွာဖြင့် ခေါင်းခါလိုက်မိသည်။ ချန်မိသားစု၏ အနာဂတ်မှာ ဤကလေးလက်ထဲ ရောက်မည်ဆိုလျှင်တော့ သွားပြီပင်။ ဤကဲ့သို့ အရေးကြီးသော သတင်းကို လူပုံအလယ်တွင် အော်ပြောရသည်လား။

မျှော်လင့်ထားသည့်အတိုင်းပင် ချန်မိသားစုခေါင်းဆောင် ချန်ယွမ်ရှန်းသည် လေအဟုန်ကဲ့သို့ ပေါ်လာပြီး ချန်ယုံ၏ ပါးကို ဖျန်းခနဲ ရိုက်လိုက်တော့သည်။ ချန်ယုံမှာ ဘာကြောင့် အရိုက်ခံရမှန်းမသိဘဲ အဖေ့ကို အားငယ်စွာ ကြည့်နေမိသည်။ ချန်ယွမ်ရှန်းက ဒေါသကို ချန်ဟုဆီသို့ လှည့်လိုက်ပြီး…

“ယုံအာက နားမလည်လို့ ထားပါဦး၊ မင်းကော နားမလည်ဘူးလား။ ဒါမျိုးက အမှန်ပဲဖြစ်ဖြစ်၊ အမှားပဲ ဖြစ်ဖြစ် ဒီအတိုင်း အော်ပြောရမယ့် အရာလား…။”

အဆူခံလိုက်ရသဖြင့် ချန်ဟုမှာ ခေါင်းငုံ့ကာ ဘာမှမပြောရဲတော့ပေ။ ထို့နောက် ချန်ယွမ်ရှန်းက သူတို့ နှစ်ယောက်ကို အခန်းထဲသို့ ခေါ်သွားခဲ့သည်။

“ပြောစမ်း... ဘာတွေဖြစ်ခဲ့တာလဲ…။”

ချန်ဟုက ဖြစ်ကြောင်းကုန်စင်ကို အသေးစိတ် ပြန်ပြောပြလိုက်ပြီး ဝယ်လာသော ဆေးလုံးများကိုပါ ချန်ယွမ်ရှန်းထံ ဆက်သလိုက်သည်။ ချန်ယွမ်ရှန်းသည် စိတ်လှုပ်ရှားစွာဖြင့် ဆေးလုံးတစ်လုံးကို စမ်းသပ် စားသုံးကြည့်ပြီး မျက်စိမှိတ်ကာ အာနိသင်ကို ခံစားလိုက်သည်။ ခဏအကြာတွင် သူ မျက်လုံးများကို ဖွင့်လိုက်ရာ မျက်ဝန်းထဲ၌ အရောင်များ တောက်ပသွားသည်။

“မင်းပြောသလိုပဲ... ဒါက စိတ်ဝိညာဉ်စွမ်းအား တစ်ဝက်ကို ပြန်ဖြည့်ပေးနိုင်ရုံတင်မကဘူး ရွှေအမြုတေ အဆင့် ကျင့်ကြံသူတွေအပေါ်မှာတောင် အာနိသင်ရှိတယ်။ ဒါက အဆင့် (၁) ဆေးလုံးလို့ ဘယ်လိုလုပ် သတ်မှတ်နိုင်မှာလဲ။ အဆင့် (၃) ဆေးလုံးလောက် ဖြစ်နေပြီ…။”

ဆေးအာနိသင်ကို စမ်းသပ်ပြီးနောက် ဘေးထွက်ဆိုးကျိုးကြောင့် သူ၏ နှာခေါင်းမှ သွေးများ ထွက်လာ သော်လည်း စိတ်လှုပ်ရှားလွန်းသဖြင့် ထိုအရာကို ဂရုမစိုက်နိုင်တော့ပေ။

“ယုံအာ... မင်း ဒီတစ်ခါတော့ အလုပ်ကောင်းကောင်း လုပ်နိုင်ခဲ့တာပဲ။ ငါ့သားပီသပါပေတယ် ဟားဟား”

ချန်ယွမ်ရှန်းက သူ၏သားကို ချီးကျူးလိုက်ပြန်သည်။ ချန်ဟုမှာတော့ စိတ်ထဲတွင်သာ သက်ပြင်းချလိုက် မိသည်။

“ချန်ဟု... ငါ အခု ချန်ရှီနဲ့ ချန်ပေါင်ကို ခေါ်လိုက်မယ်။ မင်းတို့ ဒီညပဲ ချင်းယွင်ဈေးကွက်ကို သွားကြ။ အဲ့ဒီ ဆေးဆရာကို ငါတို့ဂိုဏ်းထဲ ရောက်အောင် ခေါ်လာခဲ့ရမယ်။ သူ ဆေးဖော်စပ်နိုင်နေသရွေ့ ကျန်တာ ဘာမှ ဖြစ်စရာမလိုဘူး…။”

ချန်ယွမ်ရှန်းက ဆက်၍ သတိပေးလိုက်သည်။

"အခုချိန်ကစပြီး မင်းတို့ နှုတ်လုံရမယ်။ ဒီကိစ္စကို မင်းတို့ လေးယောက်ဖြစ်တဲ့ နဂါး၊ ကျား၊ ခြင်္သေ့နဲ့ ကျားသစ် ကလွဲလို့ ဘယ်သူ့ကိုမှ အသိပေးလို့မဖြစ်ဘူး။ တကယ်လို့ ပေါက်ကြားသွားရင် ဘာဖြစ်မလဲ ဆိုတာ မင်းတို့ ကောင်းကောင်းသိမှာပါ။ ငါပြောတာ နားလည်တယ်မလား…။"

ထိုသို့ပြောပြီးနောက် ချန်ဟု ထွက်သွားစဉ် အခန်းထဲမှ ချန်ယုံ၏ အော်ဟစ်သံကို ကြားလိုက်ရသည်။ ချန်ယွမ်ရှန်းသည် သူ့သားကို ဆုံးမနေပြီဖြစ်ကြောင်း သိလိုက်သဖြင့် ချန်ဟုလည်း အမြန်ပင် ခရီးဆက် ခဲ့တော့သည်။ များမကြာမီ ဓားပျံစီးထားသော လူရိပ်သုံးခုသည် ညအမှောင်ကို ခွင်း၍ ချင်းယွင်ဈေး ကွက်ဆီသို့ ဦးတည်လာခဲ့ကြသည်။

ထိုသူသုံးယောက်အတွက်တော့ ယနေ့ညသည် ညဉ့်နက်သန်းခေါင်တိုင်အောင် ခရီးနှင်နေရမည့် အလုပ်များသော ညတစ်ည ဖြစ်လာရန် သေချာနေပေတော့သည်။

ညမှောင်ထုအောက်ဝယ် မီးရောင်များ ထိန်ထိန်လင်းနေသော ချင်းယွင်ဂိုဏ်း အတွင်း၌ တပည့်အား လုံးသည် ဂိုဏ်းတစ်ခုလုံးကို သန့်ရှင်းရေးလုပ်ရန် အချိန်ပိုဆင်းကာ အလုပ်ရှုပ်နေကြသည်။

အနံ့ဆိုးများပါသည့် မိုးရွာသွန်းမှု ရပ်တန့်သွားသော်လည်း သူတို့၏ ဂိုဏ်းတစ်ခုလုံးမှာမူ မိလ္လာတွင်း ကြီးတစ်ခုနှင့် တူအောင် အနံ့ဆိုးများကျန်ရစ်ခဲ့လေသည်။

ဂိုဏ်းချုပ်၏ ဆင့်ခေါ်မှုကြောင့် သူတို့၏ ဂူဗိမာန်များထဲမှ နိုးထလာကြစဉ်က အပြင်ဘက်မှ နံစော် လှသော အနံ့ဆိုးများကြောင့် အားလုံးပင် မူးမေ့လဲမတတ် ဖြစ်ခဲ့ကြရလေသည်။

All Chapters