← Chapters

အခန်း ၃၆

Vol. 4 Ch. 36

အခန်း ၃၆

Vol. 4 Ch. 36

အခန်း (၃၆) ပုစဉ်းရင်ကွဲကို ဖမ်းရန်ပြင်သော ပုရစ်၊ နောက်ကပါလာမည့် ငှက်ပုတီး ကိုမသိရှာ ပါတကား

"ဟားဟား... လက်နက်ကောင်း ပိုင်ဆိုင်တာကလည်း အစွမ်းတစ်မျိုးပဲကွ။ မင်းက သူများကို လုဖို့ ကြံစည်ထားမှတော့ ကိုယ်တိုင်လည်း အလုခံရဖို့ အဆင်သင့်ပြင်ထားသင့်တယ်။ မင်းရဲ့ သိုလှောင်အိတ် ထဲမှာ ငါ့ကို တစ်ချီတည်းနဲ့ ချမ်းသာသွားအောင် လုပ်ပေးနိုင်မယ့် ပစ္စည်းတွေ ပါမပါ ကြည့်ကြသေး တာပေါ့….။"

ထိုသို့ပြောပြီးနောက် လင်းဖန်သည် သူ၏ ပျံသန်းခြင်းဓားကို ရန်သူ၏ မျက်နှာဆီသို့ ဦးတည်ကာ ဆက် လက်တိုက်ခိုက်လေသည်။ ချန်လုံသည် ပြေးဝင်လာသော ဓားကို သူ၏ ကိုယ်ဖော့ပညာဖြင့် အလျင် အမြန် ရှောင်တိမ်းလိုက်သည်။ ချန်လုံ၏ လျင်မြန်မှုကြောင့်သော်လည်းကောင်း လင်းဖန်၏ တိုက်ပွဲ အတွေ့အကြုံ နည်းပါးမှုကြောင့်သော်လည်းကောင်း လင်းဖန်၏ ဓားမှာ ရန်သူကို မထိမှန်နိုင်ဘဲ ဖြစ်နေ ခဲ့သည်။

ထိုစဉ် အနားတွင် ရှိနေသော လီလဲ့ယန်သည် ဖခင်ဖြစ်သူထံသို့ အမြန် သတင်းပို့လိုက်ပြီးနောက် သူမ၏ ပျံသန်းခြင်းဓားကို အသုံးပြုကာ လင်းဖန်နှင့်အတူ ညှပ်ပူးညှပ်ပိတ် တိုက်ခိုက်လေသည်။ ချန်လုံမှာ သူ၏ ဓားကျိုးသွားပြီ ဖြစ်သဖြင့် ကိုယ်ဖော့ပညာဖြင့်သာ ရှောင်ကွင်းနေရပြီး ရံဖန်ရံခါတွင်မူ အဆောင်များကို ထုတ်သုံးကာ လင်းဖန်တို့ နှစ်ဦးကို ပြန်လည် ခုခံတိုက်ခိုက်နေရသည်။

အချိန်အနည်းငယ် ကြာလာသည်နှင့်အမျှ ချန်လုံမှာ ပို၍ ယုံကြည်မှု ရှိလာသည်။ အကြောင်းမှာ သူ၏ အပေါင်းအဖော်များဖြစ်သော ချန်ဟူနှင့် နောက်ထပ် လူနှစ်ယောက်မှာ စစ်ကူအဖြစ် ရောက်ရှိလာပြီ ဖြစ်သောကြောင့်ပင်။ ချန်ဟူတို့ ရှိနေသည့် နေရာကို အတည်ပြုပြီးနောက် ချန်လုံသည် လင်းဖန်တို့ကို တိုက်ခိုက်ရင်းနှင့်ပင် သူတို့ ချောင်းမြောင်းနေသည့် နေရာဆီသို့ တဖြည်းဖြည်းချင်း မျှားခေါ်သွားလေ သည်။

ထိုအချိန်တွင် လင်းဖန်သည်လည်း ချန်လုံ၏ လှုပ်ရှားမှုများကို ကြည့်ကာ မသိမသာ ပြုံးလိုက်မိသည်။ ချန်လုံက စစ်ကူကို စောင့်နေသလို လင်းဖန်သည်လည်း ချန်လုံ၏ အပေါင်းအဖော်များ ပေါ်လာရန် စောင့်နေခြင်း ဖြစ်သည်။ အန္တရာယ်ကို စတင် စုံစမ်းစဉ်က ချန်လုံမှာ ချက်ချင်း ပေါ်မလာဘဲ သူတို့ ထွက် ခွာမည်ဟု လုပ်မှ ပေါ်လာခြင်းကို ကြည့်ရုံဖြင့် တစ်ဖက်လူမှာ တစ်စုံတစ်ယောက်ကို စောင့်နေခြင်းဖြစ် ကြောင်း လင်းဖန် ရိပ်မိပြီးသား ဖြစ်သည်။

လင်းဖန်သည် ရန်သူများကို အချိန်ပေးထားခြင်း ဖြစ်သဖြင့် တိုက်ခိုက်ရာတွင်လည်း အစွမ်းကုန် မတိုက် ဘဲ အချိန်ဆွဲထားလေသည်။ ဤသို့ဖြင့် ရန်သူအပေါင်းအဖော်များ အားလုံး ရောက်လာသည့်အခါမှ တစ် ပြိုင်နက်တည်း အကုန်ဖမ်းလိုက်ပါက ရရှိမည့် သိုလှောင်အိတ်မှာ တစ်လုံးထက်မက ပိုလာမည် ဖြစ်၏။

အစပိုင်းတွင် အန္တရာယ်အတွက် အလွန်စိုးရိမ်နေသော လင်းဖန်သည် ယခုအခါ အဘယ်ကြောင့် စိတ် အေး လက်အေး ဖြစ်နေရသနည်း။ အကြောင်းမှာ ရိုးရှင်းပေသည်။ တိုက်ပွဲ စတင်ကတည်းက လီလဲ့ယန် ကို လီယွမ်ဖေးထံ သတင်းပို့ရန် သူ ခိုင်းထားခဲ့သောကြောင့်ပင်။

လီယွမ်ဖေးသည် အပေါ်ယံတွင် ရွှေအမြုတေအဆင့်ဟု ထင်ရသော်လည်း အမှန်စင်စစ်မှာ အခြေတည် စိတ်ဝိညာဉ်အဆင့် ဖြစ်ပြီး သူ၏ သမီးလေး အန္တရာယ်ရှိနေသည်ဟု ကြားသည်နှင့် မယုံနိုင်စရာ အရှိန် အဟုန်ဖြင့် ရောက်ရှိလာခဲ့သည်။ လီယွမ်ဖေးသည် ထိုနေရာသို့ ရောက်ရှိနေပြီဖြစ်ပြီး သမီးဖြစ်သူကို ရန်ပြုမည့်သူများကို အမြစ်ပြတ်ချေမှုန်းရန် အနီးအနားတွင် ပုန်းကွယ်နေခြင်း ဖြစ်သည်။

*သာမန် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူက ငါ့သမီးကို ရန်ပြုရဲတယ်ပေါ့လေ သေချင်နေကြတာပဲ။ သူတို့ ဘယ်ဂိုဏ်းကလဲဆိုတာ ငါ ကြည့်ရသေးတာပေါ့….*

တောအုပ်အတွင်းရှိ သစ်ပင်ကြီးတစ်ပင်ပေါ်တွင် ပုန်းကွယ်နေသော လီယွမ်ဖေးသည် ချန်လုံက တိုက်ပွဲ နေရာကို တဖြည်းဖြည်း ရွှေ့နေသည်ကို မြင်သောအခါ ရန်သူ့အပေါင်းအဖော်များ ရောက်နေပြီမှန်း သိ လိုက်ပြီး နောက်မှ တိတ်တဆိတ် လိုက်သွားလေသည်။

ထိုစဉ် ချန်လုံသည် တိုက်ခိုက်ရင်း ပြေးရင်းဖြင့် နောက်ဆုံးတွင် လင်းဖန်တို့ကို ချန်ဟူတို့ ချောင်းမြောင်း နေသည့် နေရာသို့ ခေါ်ဆောင်လာနိုင်ခဲ့သည်။

ထိုအခါမှ ချန်လုံက ရယ်မောကာ ထွက်ပြေးခြင်းကို ရပ် တန့်လိုက်ပြီး လက်ခုပ်တီးကာ အချက်ပေး လိုက်သည်။

"ညီအစ်ကိုတို့ ထွက်ခဲ့ကြတော့ …ငှက်ကလေးတွေ လှောင်အိမ်ထဲ ရောက်လာပြီဟေ့…."

ချန်လုံ၏ အော်သံအဆုံးတွင် ချန်ဟူနှင့် နောက်ထပ် လူနှစ်ယောက်မှာ လင်းဖန်တို့၏ ပတ်ပတ်လည်တွင် ရုတ်တရက် ပေါ်လာပြီး ဝိုင်းရံပိတ်ဆို့လိုက်ကြသည်။ ထို့နောက် ချန်ဟူသည် သူ၏ စိတ်ဝိညာဉ်စွမ်းအား ကို မြေကြီးထဲသို့ ပစ်လွှတ်လိုက်ရာ လင်းဖန်တို့ကို ချုပ်နှောင်ထားမည့် အင်းကွက်တစ်ခု ချက်ချင်း ပေါ် လာတော့သည်။

သေချာသည်မှာ ဤသည်မှာ သူတို့ ကြိုတင် ပြင်ဆင်ထားသည့် ထောင်ချောက်ပင် ဖြစ်သည်။ သူတို့မှာ လူအင်အား လေးယောက် ဖြစ်သည့်အပြင် ကျင့်ကြံမှု အဆင့်ကလည်း လင်းဖန်တို့ထက် မြင့်နေပါလျက် နှင့် ယခုကဲ့သို့ အင်းကွက်ဖြင့် ကြိုတင် ပြင်ဆင်ထားကြသည်မှာ အလွန်ပင် သတိကြီးလှသည်ဟု ဆိုရ ပေမည်။

သို့သော် ကံဆိုးသည်မှာ လီယွမ်ဖေး ရောက်ရှိနေခြင်းက သူတို့၏ ပြည့်စုံလှသော အစီအစဉ်ကို ဖျက်ဆီး ပစ်လိုက်ခြင်းပင်။ ထို့အပြင် လီယွမ်ဖေး မရှိလျှင်ပင် လင်းဖန်၏ သုံးချောင်းထောက်စက်ဘီးနှင့် အခြား ပစ္စည်းများ၏ ထူးခြားသော စွမ်းအားများကြောင့် ဤအင်းကွက်လောက်မှာ သူတို့ကို တားဆီးထား နိုင် မည် မဟုတ်ပေ။

သူတို့သည် ဤတိုက်ခိုက်နည်းဖြင့် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် (နှောင်းပိုင်း) ကျင့်ကြံသူ များကိုပင် အနိုင်ယူခဲ့ဖူးသော်လည်း ယနေ့တွင်မူ သူတို့၏ ကံကြမ္မာမှာ ဆုံးဖြတ်ပြီးသား ဖြစ်နေသည်။

ရန်သူများ အင်းကွက် ဖော်ဆောင်လိုက်သည်ကို မြင်သောအခါ လီယွမ်ဖေးသည်လည်း ဆက်၍ ပုန်းမ နေတော့ဘဲ ထွက်လာခဲ့သည်။ သူက လက်ကို အသာအယာ ဝှေ့ယမ်းလိုက်ရုံဖြင့် အင်းကွက်မှာ ပျက် ပြယ်သွားပြီး အေးအေးဆေးဆေးပင် ပြောလိုက်သည်။

"မင်းတို့လို မလောက်လေးမလောက်စားတွေက ငါ့သမီးကို ထိခိုက်အောင် လုပ်ရဲတယ်ပေါ့လေ…။"

လီယွမ်ဖေးကို ရုတ်တရက် မြင်လိုက်ရသည့်အပြင် သူ၏ အသာအယာ ဝှေ့ယမ်းလိုက်ရုံဖြင့် အင်းကွက် ကို ဖျက်ဆီးနိုင်သော စွမ်းအားကို မြင်သောအခါ ချန်လုံနှင့် အပေါင်းအဖော်များမှာ ကြောင်အသွားကြ သည်။

ဒါဟာ ပုစဉ်းရင်ကွဲကို ဖမ်းဖို့ ပုရစ်က ချောင်းနေပေမဲ့ သူ့နောက်မှာ ငှက်ပုတီး ရှိနေတာကို မသိလိုက်သ လိုပါပဲ။ သူတို့က ထောင်ချောက်ဆင်နေသည်ဟု ထင်ထားသော်လည်း သူတို့ကိုယ်တိုင်က လက်ရဖမ်း ဆီးခြင်း ခံလိုက်ရပြီ ဖြစ်လေသည်။

"စီနီယာ... ဒါက နားလည်မှုလွဲတာပါ။ ကျွန်တော်တို့က တတိယတန်းစား အင်အားစုဖြစ်တဲ့ ချန်မိသားစု က အစောင့်တွေပါ။ သူတို့က စီနီယာရဲ့ လူတွေမှန်း မသိခဲ့လို့ပါ။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ…။"

ချန်လုံသည် ထိတ်လန့်တကြားဖြင့် သူ၏ နောက်ခံအင်အားကို ထုတ်သုံးကာ လီယွမ်ဖေးက ကြောက်ရွံ့ ပြီး လွှတ်ပေးလိမ့်မည်ဟု မျှော်လင့်နေသည်။ သို့သော် ချန်လုံ၏ စကားကြောင့် လီယွမ်ဖေးမှာ မေးခွန်း ထုတ်နေရမည့် အလုပ်ကိုပင် သက်သာသွားစေခဲ့သည်။

"ဟက်... ချန်မိသားစု ဟုတ်လား…။ ဘယ်ကအမှိုက်အကြောင်းတွေ လာပြောနေတာလဲ။ ဒါပေမဲ့ မင်းတို့ က လိမ္မာပါတယ် ငါ နှိပ်စက်ပြီး မေးနေရမယ့် အချိန်ကို သက်သာစေတာပေါ့။ အဲ့ဒါကြောင့် မင်းတို့ကို မြန်မြန်ဆန်ဆန်ပဲ သေခွင့်ပေးလိုက်မယ်…။"

ထိုသို့ပြောပြီးနောက် လီယွမ်ဖေးက လက်ကို ဝှေ့ယမ်းလိုက်ရာ ဓားအလင်းတန်းလေးခုမှာ ထိုလူလေး ယောက်၏ လည်ပင်းကို တစ်ပြိုင်နက် ဖြတ်သန်းသွားသည်။ သူတို့ လေးယောက်မှာ ဘာမှပင် မတုံ့ပြန် နိုင်ခင်မှာပင် အသက်ပျောက်ကာ မြေပြင်ပေါ်သို့ လဲကျသွားကြတော့သည်။

လူလေးယောက် လဲကျသွားသည်ကို မြင်လိုက်ရသောအခါ လင်းဖန်၏ မျက်လုံးများမှာ တောက်ပသွား ပြီး အမြန်ပင် ပြေးသွားကာ ရန်သူတို့၏ သိုလှောင်အိတ် များကို သိမ်းဆည်းလိုက်သည်။ လင်းဖန်၏ အပြုအမူကို မြင်သော်လည်း လီယွမ်ဖေးက ဘာမှ မပြောပေ။ သူက ထိုကဲ့သို့သော ပစ္စည်းအစုတ် အပြတ်များကို စိတ်မဝင်စားသဖြင့် လင်းဖန် ယူချင်က ယူပါစေဟု လွှတ်ထားလိုက်ခြင်း ဖြစ်သည်။

လီယွမ်ဖေးက လီလဲ့ယန်အနားသို့ သွားကာ အခြေအနေကို မေးမြန်းနေစဉ်မှာပင် လင်းဖန်က သိုလှောင် အိတ် လေးလုံးအတွင်းမှ ပစ္စည်းများကို စစ်ဆေးနေသည်။

"အမလေး... ဒီကောင်တွေ တော်တော်အူကြောင်ကြောင်နိုင်တာပဲ။ ငါထင်သားပဲ လုယက်တာက အမြတ်ဆုံး အလုပ်ပဲကွ။ စိတ်ဝိညာဉ်ကျောက်တုံး တစ်သောင်းကျော်တောင် လေးယောက်ပေါင်း ကျောက်တုံး တစ်သောင်းကျော်ဆိုတော့ တော်တော်ကြီးကို ချမ်းသာတာပဲ….။"

"ငါ အရင်က လုပ်ခဲ့တဲ့ အရောင်းအဝယ်တွေ အကုန်ပေါင်းရင်တောင် ဒီတစ်ခါ လုလိုက်ရတာလောက် မရဘူး။ အဲ့ဒါက ကျောက်တုံးတွေပဲ ရှိသေးတာ သိုလှောင်အိတ်ထဲက တခြား ပစ္စည်းတွေကို ထည့် မတွက်ရသေးဘူး….။"

မျှော်လင့်ထားသည့်အတိုင်းပင် စနစ်က လင်းဖန်၏ စကားကို ပြန်လည် ချေပလိုက်သည်။

[အရှင်၊ အရှင်က အဆင့်နိမ့်ပစ္စည်းတွေကိုပဲ ရောင်းနေလို့ အမြတ်နည်းနေတာပါ။ ဈေးပေါတော့ အမြတ်နည်းတာပေါ့။ အရှင်က အဆင့်မြင့် ဆေးလုံးတွေနဲ့ မှော်ရတနာတွေကို ရောင်းနိုင်တဲ့အခါ ဘယ် အလုပ်က ပိုမြတ်လဲဆိုတာ တွေ့ရမှာပါ]

လင်းဖန်ကလည်း အလျှော့မပေးဘဲ ပြန်ပြောလိုက်သည်။

"မင်းပြောသလိုပဲလေ အဆင့်မြင့်လာရင်ပေါ့။ ငါ အဆင့်မြင့် ဆေးလုံးတွေကို ဖော်စပ်နိုင်တဲ့အခါကျရင် အဆင့်မြင့် ကျင့်ကြံသူတွေကိုလည်း လိုက်လုလို့ ရတာပဲ။ အဲ့ဒီအခါကျရင်လည်း ပိုမြတ်ဦးမှာပဲလေ။ ဒါကြောင့် ဘယ်လိုကြည့်ကြည့် လုယက်တာက ပိုမြတ်တယ်….။"

စနစ်သည် ပြန်လည် ချေပစရာ စကားမရှိတော့သဖြင့် တိတ်ဆိတ်သွားတော့သည်။ ထိုအချိန်တွင် လီယွမ်ဖေးသည် သမီးဖြစ်သူနှင့် စကားပြောပြီးနောက် အခြေအနေမှန်ကို သိရှိသွားကာ အတော်လေး ထိတ်လန့်သွားရသည်။

လင်းဖန်၏ ခုခံရေးအဆောင်သာ မရှိပါက သူ၏သမီးမှာ ယနေ့တွင် အန္တရာယ်ဖြစ်သွားနိုင်ပေသည်။ ဤ ကမ္ဘာတွင် ခုခံရေးအဆောင်များနှင့် မှော်ရတနာများမှာ အလွန်ပင် ရှားပါးလှသည်။ သူကိုယ်တိုင်ပင်လျှင် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်တွင် သုံးရန် သင့်တော်သော ခုခံရေးအဆောင်မျိုး မရှိပေ။

သူ့တွင် ခုခံရေး မှော်ရတနာ ရှိသော်လည်း အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်သာ ရှိသေးသော လီလဲ့ယန်မှာ ၎င်းတို့ကို လုံးဝ အသုံးမပြုနိုင်ပေ။ လီလဲ့ယန်သာ ရွှေအမြုတေအဆင့်သို့ အမြန်ရောက် ပါ က သူ၏ မှော်ရတနာများကို ပေးနိုင်မည်ဖြစ်သဖြင့် စိတ်အေးရမည် ဖြစ်သည်။

ထိုသို့ တွေးမိသည်နှင့် လီယွမ်ဖေးသည် လင်းဖန်ကို ကြည့်ကာ မျှော်လင့်တကြီး မေးလိုက်သည်။

"ရှောင်လင်း… မင်းဆီမှာ ခုခံရေးအဆောင်တွေ ကျန်သေးလား။ လဲ့ယန်အတွက် တစ်ခုလောက် ဈေး ကြီးကြီးပေးပြီး ဝယ်ချင်လို့ပါ…။"

လင်းဖန်သည် လီလဲ့ယန်၏ ရင်ဘတ်ကို တစ်ချက်ကြည့်လိုက်ပြီး စဉ်းစားချင်ယောင် ဆောင်လိုက်သည်။ အမှန်စင်စစ် သူ၏ စိတ်ထဲတွင် စနစ်နှင့် ဆက်သွယ်နေခြင်း ဖြစ်သည်။

"ဟေ့... လောဘကြီးတဲ့ စနစ် မင်းဆီမှာ အဲ့ဒီ အကာအကွယ်ပေးတဲ့ ရင်စီးအတွင်းခံတွေ ကျန်သေးလား။ ငါ့ကို နောက်တစ်ခုလောက် ထပ်ပေးစမ်းပါ…။"

All Chapters