အခန်း ၃၇
Vol. 4 Ch. 37
အခန်း (၃၇) ဂျူနီယာညီမလေး... မင်းရဲ့ရင်စီး အတွင်းခံကို ချွတ်လိုက်ဦး
[အဲ့ဒီရင်စီးအတွင်းခံက ရတနာသေတ္တာထဲကနေ ရခဲ့တာပါ။ တကယ်လို့ ပိုင်ရှင်က စိတ်ဝိညာဉ် ကျောက်တုံးတွေကို ရတနာသေတ္တာထဲ ထည့်လိုက်မယ်ဆိုရင် အမျိုးမျိုးသော ပစ္စည်းတွေ ကျပန်းထွက် လာမှာပါ။ အရှင် ကံကောင်းရင် နောက်ထပ် ရင်စီးအတွင်းခံတစ်ခု ထပ်ရနိုင်ပါတယ်။]
[ဒါမှမဟုတ်ရင်လည်း အရှင်က အခုပျက်စီးသွားတဲ့ အတွင်းခံကို ပြန်ပြီး ပြုပြင်လို့ရပါတယ်။ သူ့ရဲ့ စွမ်းဆောင်ရည်တွေကို ပြန်လည်ရရှိဖို့အတွက် စိတ်ဝိညာဉ်ကျောက်တုံး အနည်းငယ်ပဲ လိုအပ်မှာပါ။]
စနစ်၏ ပြောစကားကို ကြားပြီးနောက် လင်းဖန် လေးလေးအနက် စဉ်းစားခန်း ဝင်သွားတော့သည်။ ရတနာသေတ္တာ၏ အလုပ်လုပ်ပုံကို လင်းဖန် သိပြီးသားဖြစ်သော်လည်း ၎င်းမှာ ကံစမ်းရုံသက်သက်သာ ဖြစ်ပြီး ပိုက်ဆံဖြုန်းသည့် အစီအစဉ်တစ်ခုဟု သူ အမြဲတွေးခဲ့သည်။ စိတ်ဝိညာဉ်ကျောက်တုံးများ ဘယ်လောက်ပဲ ထည့်ထည့် ကောင်းတာတစ်ခုမှ မရသည်လည်း ဖြစ်သွားနိုင်သည်။
ထို့ကြောင့် ထိုရင်စီးကို ရဖို့အတွက် ကျောက်တုံး ဘယ်လောက်ကုန်မည်ကိုလည်း သူ မခန့်မှန်းနိုင်ပေ။
ပြန်လည်ပြုပြင်ခြင်းမှာ ရတနာသေတ္တာဖွင့်ခြင်းထက် ကျောက်တုံးပိုကုန်မည်မှာ သေချာသော်လည်း အားသာချက်မှာ အာနိသင်ပြန်ရဖို့ ရာနှုန်းပြည့် သေချာခြင်းပင်။
နောက်ဆုံးတွင် လင်းဖန် ဆုံးဖြတ်ချက် တစ်ခုချလိုက်သည်။ အချိန်ရလျင် သူကိုယ်တိုင် သေတ္တာကို အနည်းငယ် ဖွင့်ကြည့်မည် အကယ်လို့ ရင်စီးအတွင်းခံ မထွက်လာလျင်တော့ ပြန်လည်ပြုပြင်ဖို့ပဲ ရွေးချယ်လိုက်မည်။ အဖြေရသွားပြီဖြစ်သဖြင့် လင်းဖန်သည် လီယွမ်ဖေးဘက်သို့ လှည့်ကာ မျက်မှောင် ကြုတ်လျက် ပြောလိုက်သည်။
"ဦးလေးလီ အခုလောလောဆယ် ကျွန်တော့်ဆီမှာ ရှိတဲ့ တစ်ခုတည်းသော ခုခံရေးအဆောင်က ဒါပါပဲ။ ဒါကလည်း ကံကောင်းလို့သာ ဖော်စပ်နိုင်ခဲ့တာပါ။ ဒါပေမဲ့ ကျွန်တော် နောက်တစ်ကြိမ် ပြန်ပြီး ဖော်စပ် ကြည့်လို့ ရပါတယ်။ ပိုပြီးတော့ ခက်ခဲပေမဲ့ အရင်းအမြစ်တွေသာ ပိုရှိမယ်ဆိုရင်တော့ အရင်ကလို ခုခံ နိုင်စွမ်းတွေ ပြန်ရလာမှာပါ….။"
လင်းဖန်၏ အဖြေကြောင့် လီယွမ်ဖေး စိတ်အေးသွားရသည်။ ပြန်လည်ဖော်စပ်နိုင်သရွေ့ ကုန်ကျစရိတ် ကို သူ ဂရုမစိုက်ပေ။ သူ၏ ချင်းယွင်ဂိုဏ်းမှာ တတိယတန်းစားဂိုဏ်း ဖြစ်သော်လည်း အရင်းအမြစ်များ စွာ ရှိသည်။ အမှန်စင်စစ် ၎င်းတို့မှာ ဂိုဏ်းကြီးတစ်ခုမှ သူ ယူဆောင်လာခဲ့သော အရင်းအမြစ်များ ဖြစ်သ ဖြင့် သာမန်ဂိုဏ်းငယ်လေးများနှင့် မနှိုင်းယှဉ်နိုင်ပေ။
"မင်း ဖော်စပ်နိုင်ရင် တော်သေးတာပေါ့။ ရှောင်လင်း... မင်းသာ စိတ်ကြိုက် ဖော်စပ်ပါ။ ကုန်ကြမ်းတွေ အတွက် စိတ်မပူနဲ့။ ငါ့ဆီမှာ ကုန်ကြမ်းတွေ အများကြီး ရှိတယ်။ ဂိုဏ်းရဲ့ ဘဏ္ဍာတိုက်ထဲကနေ မင်း ကြိုက်တဲ့ ပစ္စည်းကို စိတ်ကြိုက် ရွေးယူလို့ရတယ်….။"
လီယွမ်ဖေး၏ ရက်ရောမှုကို မြင်သောအခါ လင်းဖန်မှာ တိတ်တဆိတ် ဝမ်းသာသွားသည်။ 'ထုတ်လုပ် ရေးအဖွဲ့ဆေးမီးဖို' သည် ဆေးလုံးဖော်စပ်ရုံတင်မကဘဲ လက်နက်များ ပြုပြင်ဖန်တီးရာတွင်လည်း သုံး နိုင်သည်။ သို့သော် သူ့တွင် လက်နက်လုပ်မည့် ကုန်ကြမ်းများ မရှိသဖြင့် မည်ကဲ့သို့ စတင်ရမည်ကို မသိ ခဲ့ပေ။ ယခုမူ ကုန်ကြမ်းအချို့ ရနိုင်တော့မည်ဖြစ်ရာ မှော်လက်နက်များနှင့် အဆောင်များကို ဖန်တီးပြီး ပိုက်ဆံရှာနိုင်ပေတော့မည်။
ခုခံရေးအဆောင်အကြောင်း ဆွေးနွေးပြီးနောက် လီယွမ်ဖေးသည် ထိုနှစ်ဦးကို ချင်းယွင်ဂိုဏ်းသို့ ပြန်ခေါ် သွားလေသည်။ ယခုတစ်ကြိမ် ရောက်လာသော ရန်သူများကို အကုန်ရှင်းလင်းနိုင်ခဲ့သော်လည်း တစ်ဖက်လူမှာ တတိယတန်းစား အင်အားစု ဖြစ်သဖြင့် ဤကိစ္စမှာ ဤမျှနှင့် ပြီးသွားမည် မဟုတ်ပေ။ ထို့ကြောင့် လီလဲ့ယန်နှင့် လင်းဖန်တို့မှာ အချိန်အတိုင်းတာတစ်ခုအထိ ဂိုဏ်းအပြင်သို့ မထွက်ခြင်းက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
လင်းဖန်ကလည်း ၎င်းကို ကန့်ကွက်ခြင်း မရှိပေ။ 'ခရမ်းရွှေနတ်နဂါးထီး' ကို မြှောက်ထားသရွေ့ သူ့ကို ဘယ်သူမှ မထိနိုင်ဟု ထင်သော်လည်း သူက ထီးကို အမြဲတမ်း ကိုင်ထားသည်မှ မဟုတ်ဘဲ။ ယနေ့လို မျိုးသာ ချန်လုံက လီလဲ့ယန်ကို မတိုက်ဘဲ သူ့ကို တိုက်ခဲ့မည်ဆိုလျှင် ထိုအချိန်က သူ့မှာ ဘာခုခံမှုမှ မရှိသဖြင့် အန္တရာယ်ဖြစ်သွားနိုင်ပေသည်။
ဤဖြစ်ရပ်က လင်းဖန်ကို သင်ခန်းစာကောင်းကောင်း ပေးလိုက်သည်။ ယနေ့မှစပြီး ခရမ်းရွှေနတ်နဂါး ထီးကို စနစ်ဟင်းလင်းပြင်ထဲမှာ ဘယ်တော့မှ ထည့်မထားတော့ဟု သူ ကျိန်ဆိုလိုက်သည်။ ထီးကို အမြဲ တမ်း အနားမှာပဲ ထားရမည်။သို့မှသာ အလစ်အငိုက် အတိုက်ခံရလျှင်ပင် ထီးက သူ့ကို ချက်ချင်း ကာကွယ်ပေးနိုင်မည် ဖြစ်သည်။
အကြိမ်ကြိမ် စမ်းသပ်ပြီးနောက်တွင် လင်းဖန်သည် စနစ်၏ စကားကို စတင်ယုံကြည်လာသည်။ ခရမ်း ရွှေနတ်နဂါးထီး၏ မဖောက်ထွင်းနိုင်သော ခုခံစွမ်းအားဆိုသည်မှာ မည်သည့်အဆင့်ကိုမဆို လျစ်လျူရှု နိုင်သော တကယ့် အစွမ်းဖြစ်ပေလိမ့်မည်။ တိုက်စစ်ပိုင်းတွင် အားနည်းချက် ရှိနိုင်သော်လည်း ခုခံရေး ပိုင်းတွင်မူ ထိုထီးကို ဖွင့်လိုက်သည်နှင့် သူသည် မည်သူ့ကိုမျှ ကြောက်စရာမလိုဘဲ ရဲရဲဝံ့ဝံ့ သွားလာ နိုင်ပေမည်။
ဂိုဏ်းသို့ အပြန်လမ်းတွင် လီလဲ့ယန်၏ ခန္ဓာကိုယ်မှာ ရင်စီးအတွင်းခံ၏ ဘေးထွက်ဆိုးကျိုးများ မရှိတော့ သဖြင့် ဟန်ချက်ပျက်နေပြန်သည်။ သို့သော်လည်း သူမသည် ဟန်ချက်မထိန်းနိုင်သည့်ကြားမှ လင်းဖန် ၏ 'ခြေထောက်သုံးချောင်းရွှေကျီးသုံးဘီး' စက်ဘီးကိုသာ ဆက်စီးရန် ရွေးချယ်ခဲ့သည်။ လီလဲ့ယန်က သုံးချောင်းထောက်စက်ဘီး၏ နောက်တွဲထဲတွင် ပျော်ပျော်ကြီး ထိုင်လိုက်လာသည်ကို မြင်သောအခါ လီယွမ်ဖေးမှာ မျက်မှောင်ကြုတ်သွားရသည်။ သမီးဖြစ်သူက သူ၏ ဓားပျံကို မစီးဘဲ အစုတ်အပြတ် သုံးချောင်းထောက်စက်ဘီးကိုမှ စီးချင်နေသည်မှာ အလွန်ထူးဆန်းလှပေသည်။
ချင်းယွင်ဂိုဏ်းသို့ ပြန်ရောက်သောအခါ လျိုယွီဝမ်သည် ဂိုဏ်းအတွင်း၌ စိုးရိမ်တကြီး စောင့်နေသည်။ လီလဲ့ယန် ဘေးကင်းကင်းနှင့် ပြန်ရောက်လာသည်ကို မြင်တော့မှ လျိုယွီဝမ် စိတ်အေးသွားတော့သည်။ ဂိုဏ်းချုပ်၏ ခန်းမဆောင်သို့ ရောက်သောအခါ အားလုံးက ယနေ့ ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာ များကို ခွဲခြမ်းစိတ်ဖြာကြသည်။
"ချန်မိသားစု ဟုတ်လား…။ ငါတို့ ချင်းယွင်ဂိုဏ်း ပတ်ဝန်းကျင်မှာ အဲ့ဒီလို အင်အားစုမျိုး ရှိတယ်လို့ မကြားဖူးပါဘူး…။"
တိုက်ခိုက်သူ နှစ်ယောက်စလုံးက သူတို့ကိုယ်သူတို့ ချန်မိသားစုက ဖြစ်ကြောင်း ပြောသွားသည်ကို ကြားသောအခါ လျိုယွီဝမ်က သံသယဖြင့် ပြောလိုက်သည်။ တစ်ဖက်တွင်မူ လီယွမ်ဖေးသည် ခေတ္တမျှ စဉ်းစားပြီးနောက် တစ်စုံတစ်ခုကို သတိရသွားသည်။
"ချန်မိသားစု... အဲ့ဒီသူခိုးလေး ပြောတုန်းက ငါ သိပ်သတိမထားမိလိုက်ဘူး။ ဒါပေမဲ့ အခုမှ ပြန်သတိရ တယ်၊။ တစ်ယောက်ယောက်က ဒီအင်အားစုအကြောင်း ပြောတာ ကြားဖူးသလိုပဲ။ ဟုတ်ပြီ... ဦးလေးကျောက်က ငါ့ကို ဒီနာမည် ပြောပြဖူးတာပဲ"
လီယွမ်ဖေး ပြောသော "ဦးလေးကျောက်" ဆိုသည်မှာ အင်မော်တယ်စုံတွဲဂိုဏ်း' ၏ ဂိုဏ်းချုပ် ကျောက်ချင်းဟယ် ဖြစ်သည်။ သူသည် လင်းဖန် ဈေးကွက်တွင် တွေ့ခဲ့သော ကျောက်ယုံချိုင် ၏ ဖခင် လည်း ဖြစ်သည်။ မိသားစု နှစ်စုမှာ ရင်းနှီးကြသည်။ ကျောက်ချင်းဟယ်နှင့် သူ၏ဇနီး လျိုယွီကျင့်တို့ သည် ကျောက်ယုံချိုင် ဇနီးမောင်နှံနှင့်အတူ ချင်းယွင်ဂိုဏ်းသို့ မကြာခဏ လာလည်တတ်ကြသည်။ လီလဲ့ယန်သည်လည်း ထိုကြောင့်ပင် ကျောက်ယုံချိုင်တို့ ဇနီးမောင်နှံနှင့် ရင်းနှီးနေခြင်း ဖြစ်သည်။
"ဒါပေမဲ့ သူပြောတာက ချန်မိသားစုက ငါတို့နဲ့ တော်တော်ဝေးတဲ့ နေရာမှာ နေတာတဲ့။ ပြီးတော့ ငါတို့ ကြားမှာ ဘယ်တုန်းကမှ ပဋိပက္ခ မရှိခဲ့ဖူးဘူး….။"
လီယွမ်ဖေး၏ စကားအဆုံးတွင် လင်းဖန်က ဝင်ပြီး အကြံပေးလိုက်သည်။
"ဦးလေးလီ ချန်မိသားစုက ချင်းယွင်ဂိုဏ်းနဲ့ ပဋိပက္ခရှိတာ မဟုတ်ဘဲ ကျွန်တော့်ရဲ့ ဆေးလုံးတွေကို လိုချင်နေကြတာ ဖြစ်နိုင်ပါတယ်။ တကယ်တော့ ဒါက ကျွန်တော့်အမှားပါ၊ ဈေးကွက်ထဲမှာ ဆေးလုံး တွေကို ပေါ်ပေါ်ထင်ထင် မရောင်းခဲ့သင့်ဘူး….။"
လင်းဖန်၏ စကားကို ကြားသောအခါ လီယွမ်ဖေးနှင့် လျိုယွီဝမ်တို့လည်း အခြေအနေကို သဘောပေါက် သွားကြသည်။ လင်းဖန် ပြောသလိုသာ ဆိုလျှင် အရာအားလုံးက အဓိပ္ပာယ်ရှိသွားပြီ ဖြစ်သည်။ သို့သော် လင်းဖန်က သူ့ကိုယ်သူ အပြစ်တင်နေခြင်းကိုမူ သူတို့ သဘောမတူပေ။
"ရှောင်လင်း ဒါက ဘယ်လိုလုပ် မင်းအမှား ဖြစ်မှာလဲ။ ဒီဈေးကွက်က ချင်းယွင်ဈေးကွက်ပဲလေ။ ကိုယ့် ဈေးကွက်ထဲမှာ ကိုယ့်ပစ္စည်းကိုယ် ရောင်းတာ ဘာမှားလို့လဲ။ ဒါဆိုရင် ချင်းယွင်ဂိုဏ်းက တပည့်တွေ ပစ္စည်းကောင်းလေးတွေ ရှိတိုင်း သူတစ်ပါး အလုခံရမှာကို ကြောက်နေရမှာလား….။"
လီယွမ်ဖေး ပြောပြီးနောက် ဘေးမှ လျိုယွီဝမ်ကလည်း ဝင်ပြောသည်။
"ဟုတ်ပါတယ်။ နောက်ဆုံးတော့ အဲ့ဒီ ချန်မိသားစုဆိုတဲ့လူတွေက နယ်ကျွံလာရုံတင်မကဘဲ ဒီနယ်မြေရဲ့ စည်းမျဉ်းတွေကိုပါ လာပြီး လျစ်လျူရှုခဲ့ကြတာ။ ဒီကိစ္စက ငါတို့ ချင်းယွင်ဂိုဏ်း တစ်ခုတည်းရဲ့ ကိစ္စမ ဟုတ်တော့ဘူး၊ 'ထျန်းဟော်ဂိုဏ်း' ကိုလည်း အကြောင်းကြားရမယ်….။"
ထိုအခါ လီယွမ်ဖေး၏ မျက်လုံးများ တောက်ပသွားသည်။
"ဟုတ်သားပဲ။ စီနီယာအစ်ကို ကော်ရဲ့ ဂိုဏ်းကလည်း ရှောင်လင်းရဲ့ ဆေးလုံးတွေကို ဝယ်ထားကြပြီး သူ့ရဲ့ ကျေးဇူးတွေ ရှိနေတာပဲ။ တကယ်လို့ တစ်ယောက်ယောက်က ရှောင်လင်းရဲ့ ဆေးလုံးတွေကို လိုချင်လို့ လာလုပ်ကြံတယ်ဆိုရင် သူတို့လည်း လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူး….။"
ဘေးတွင် ရပ်နေသော လီလဲ့ယန်ကလည်း ဖြည့်စွက်ပြောလိုက်သည်။
"သမီးတို့ ဈေးကွက်ထဲမှာ စီနီယာအစ်ကိုကျောက်နဲ့ စီနီယာမမလေးလင်းတို့နဲ့ ဆုံခဲ့ပါသေးတယ်။ သူတို့ လည်း စီနီယာအစ်ကိုလင်းရဲ့ ဆေးလုံးတွေကို ဝယ်သွားကြတယ်။ အာနိသင်ကောင်းရင် နောက်လည်း ထပ်ဝယ်မယ်လို့ ပြောသွားကြသေးတယ်….။"
သမီးဖြစ်သူ၏ စကားကို ကြားသောအခါ လီယွမ်ဖေးက ရယ်မောရင်း ချက်ချင်း ထရပ်လိုက်သည်။
"ကောင်းပြီ... ဒါဆိုရင် ဒီတစ်ခါတော့ ချင်းယွင်ဂိုဏ်း၊ ထျန်းဟော်ဂိုဏ်းနဲ့ အင်မော်တယ်စုံတွဲဂိုဏ်းတို့ ပူးပေါင်းပြီး အဲ့ဒီ ချန်မိသားစုဆိုတဲ့ လူတွေဆီ သွားလည်ကြတာပေါ့။ ငါတို့ရဲ့ ဆေးဆရာကို ဘယ်သူ က အတင့်ရဲပြီး လုပ်ကြံခိုင်းသလဲဆိုတာ သွားမေးရမယ်….။"
"ငါ အခုပဲ စီနီယာအစ်ကို ကော်နဲ့ ဦးလေးကျောက်တို့ဆီကို သတင်းပို့လိုက်မယ်။ ပြီးတော့ ချင်းယွင် ဂိုဏ်းမှာ လူစုဖို့ ဖိတ်လိုက်မယ်…။"
ထိုသို့ပြောပြီးနောက် လီယွမ်ဖေးသည် ဆက်သွယ်ရေးအဆောင်ကို ထုတ်ကာ ထျန်းဟော်ဂိုဏ်းချုပ် ကော်ထျန်းနှင့် အင်မော်တယ်စုံတွဲဂိုဏ်းချုပ် ကျောက်ချင်းဟယ်တို့ဆီသို့ သတင်းပို့လိုက်သည်။
ကျန်သည့်ကိစ္စများကို လီယွမ်ဖေးတို့ ကိုင်တွယ်မည်ဖြစ်သဖြင့် လင်းဖန်နှင့် လီလဲ့ယန်တို့မှာ ခန်းမ ဆောင်ထဲမှ ထွက်လာပြီး သူတို့၏ ဂူဗိမာန် ဆီသို့ ဦးတည်လိုက်ကြသည်။ အပြန်လမ်းတွင် လင်းဖန်သည် လီလဲ့ယန်ကို ရုတ်တရက် ခေါ်လိုက်သည်။
"ဂျူနီယာညီမလေး လဲ့ယန် အစ်ကို့ဂူဗိမာန်ထဲ ရောက်ရင်... မင်းရဲ့ ရင်စီးအတွင်းခံကို ချွတ်လိုက်နော်…။"