အခန်း ၃၈
Vol. 4 Ch. 38
အခန်း (၃၈) ဘဏ္ဍာတိုက်တစ်ခုလုံးကိုများ ပြောင်အောင်ရှင်းလာတာလား
လင်းဖန်၏ နားမလည်နိုင်သော စကားကြောင့် လီလဲ့ယန်၏ မျက်နှာမှာ ချက်ချင်းပင် ရဲတက်သွားသည်။
"ရှင်... စီနီယာအစ်ကိုလင်းက ဘာလုပ်မလို့လဲဟင်…။"
လီလဲ့ယန်ကို ကြည့်ရင်း လင်းဖန်သည် မိမိစကားကြောင့် သူမ နားလည်မှုလွဲသွားမှန်း ချက်ချင်း ရိပ်မိ လိုက်သည်။
"ဟာ... ငါ့ပါးစပ်ကလည်းလေ ရှင်းရှင်းလင်းလင်း မပြောမိဘူး။ မင်းရဲ့ ရင်စီးအတွင်းခံ အဆောင်ကို ပြန်ပြုပြင်ပြီး အာနိသင်တွေ ပြန်ရအောင် လုပ်ပေးမလို့ပါ…။"
လင်းဖန်၏ ရှင်းပြချက်ကို ကြားတော့မှ လီလဲ့ယန်၏ နီမြန်းနေသော မျက်နှာမှာ ပုံမှန်အတိုင်း ပြန်ဖြစ် သွားသလို တစ်ဖက်တွင်လည်း စိတ်ပျက်သွားသည့် အရိပ်အယောင်လေး တစ်ချက် ထင်ဟပ်သွားလေ သည်။
"ဪ... အဲ့ဒါလား။ ဒါဆိုရင် ကျွန်မ ဂူဗိမာန်ကို ပြန်ပြီး လဲဖို့ အပိုတစ်ခု သွားယူလိုက်ဦးမယ်…။"
လီလဲ့ယန်၏ စကားကြောင့် သူမ၏ ယခင်အတွင်းခံမှာ မိမိဆီမှာ ရှိနေသေးကြောင်း လင်းဖန် သတိရ သွားသဖြင့် ဂူဗိမာန်အထိ ပြန်သွားပြီး အချိန်မဖြုန်းရန် တားလိုက်သည်။
"ဂျူနီယာညီမလေး လဲ့ယန် အဲ့လောက်အထိ ဒုက္ခမရှာပါနဲ့။ အရင်က အစ်ကိုနဲ့ လဲထားတဲ့ အဖြူရောင် ရင်စီးအတွင်းခံ ရှိတယ်မဟုတ်လား။ အဲ့ဒါကိုပဲ အရင်ဝတ်ထားလိုက်ပါ။ အစ်ကို ဒါကို ပြုပြင်ပြီးမှ ပြန်လဲတာပေါ့…။"
လင်းဖန်၏ စကားကြောင့် လီလဲ့ယန်မှာ အရင်က ရင်စီးအတွင်းခံချင်း လဲခဲ့သည့် အတွေ့အကြုံကို ပြန်သတိရသွားပြီး မျက်နှာမှာ ပြန်၍ နီမြန်းလာပြန်သည်။
"စီနီယာအစ်ကိုလင်းက အဲ့ဒီအတွင်းခံကို အခုထိ သိမ်းထားတာလား….။"
ဤစကားကြောင့် လင်းဖန်မှာလည်း အနည်းငယ် အနေရခက်သွားရသည်။ မိန်းကလေးတစ်ယောက်၏ ရင်စီးအတွင်းခံကို အခုထိ သိမ်းထားရခြင်းမှာ အချိန်တိုအတွင်း ရှင်းပြရန် ခက်ခဲလှပေသည်။ သို့သော် လင်းဖန်က ဂရုမစိုက်တော့ပေ။ ရှင်းပြရခက်လျှင် ဘာမှမပြောဘဲနေခြင်းက အကောင်းဆုံးပင်။
"အင်း... အဟမ်း အဲ့ဒါလေးက လှတာပဲလေ။ လွှင့်ပစ်လိုက်ဖို့က နှမြောစရာကြီး။ ကဲ... သွားကြစို့…။"
ထိုသို့ပြောပြီးနောက် သူသည် သူ၏ ဂူဗိမာန်ဆီသို့ အရင်ဦးအောင် ပျံသွားခဲ့ပြီး လီလဲ့ယန်မှာလည်း ရှက်ကိုးရှက်ကန်းဖြင့် နောက်မှ လိုက်သွားခဲ့လေသည်။
ဂူဗိမာန်သို့ ရောက်သောအခါ လင်းဖန်သည် စနစ်ဟင်းလင်းပြင်ထဲမှ အဖြူရောင်ရင်စီးကို ထုတ်ကာ လီလဲ့ယန်အား ပေးလိုက်သည်။ ရင်စီးကို ရသည်နှင့် လီလဲ့ယန်မှာ အမြန်ပင် လှည့်ထွက်သွားပြီး လင်းဖန်၏ ဂူဗိမာန်အတွင်းပိုင်းသို့ ပြေးဝင်သွားသည်။ လင်းဖန်ကမူ သူမအတွက် ဂူဝတွင် အစောင့်အ ကြပ် လုပ်ပေးနေလိုက်၏။
မကြာခင်မှာပင် လီလဲ့ယန်သည် အတွင်းခံဟောင်းကို ပြန်လဲပြီး ထွက်လာသည်။ သူမလက်ထဲတွင် ကိုင်ထားသည်မှာ ယခုအခါ အာနိသင်ကုန်သွားပြီဖြစ်သော လင်းဖန်၏ ပန်းရောင်ရင်စီးအတွင်းခံပင် ဖြစ်သည်။ အဆောင်မှာ အာနိသင်မရှိတော့သည်ကို မြင်သောအခါ လင်းဖန်က လှမ်းယူလိုက်ပြီးမှ ကုန်ကြမ်းပစ္စည်းများ အကြောင်းကို သတိရသွားသည်။
"အဟမ်း... ဂျူနီယာညီမလေး လဲ့ယန် မင်းကို နောက်တစ်ခေါက် ဒုက္ခပေးရဦးမယ်။ ဦးလေးလီက ငါ့ကို ဘဏ္ဍာတိုက်ထဲက ကုန်ကြမ်းတွေ သွားယူလို့ရတယ်လို့ ပြောထားတယ်။ ဒါပေမဲ့ မင်းသွားတာက ပိုပြီး အဆင်ပြေမယ်ထင်တယ်။ ဒါကြောင့် လက်နက်ပြုပြင်ဖို့အတွက် လိုအပ်တဲ့ ကုန်ကြမ်းအချို့ကို သွားယူ ပေးပါဦး…။"
လင်းဖန်၏ တောင်းဆိုချက်ကို လီလဲ့ယန်က မဆိုင်းမတွဘဲ သဘောတူလိုက်သည်။
"ရတာပေါ့… စီနီယာအစ်ကိုလင်းက ဘယ်လိုကုန်ကြမ်းမျိုး လိုချင်လို့လဲဟင်….။"
အမှန်စင်စစ် လင်းဖန်ကိုယ်တိုင်လည်း လက်နက်လုပ်ရန် မည်သည့်ကုန်ကြမ်းတွေ လိုသည်ကို မသိပေ။ သို့သော် ဤအဆင့်မြင့်ရင်စီးကို ပြုပြင်ရန်အတွက်ဆိုလျှင် မည်သည့်ကုန်ကြမ်းဖြစ်ဖြစ် အဆင်ပြေမည် ဟု သူ ထင်လိုက်သည်။
"ဘာကုန်ကြမ်းဖြစ်ဖြစ် ရပါတယ်။ အဆောင်တွေကို ပြုပြင်တာက လက်နက်အသစ် လုပ်တာနဲ့မတူဘူး သတ်မှတ်ချက်တွေ အများကြီး မရှိပါဘူး….။"
လင်းဖန်၏ စကားကို ကြားသောအခါ လီလဲ့ယန်၏ မျက်လုံးများ တောက်ပသွားပြီး ဤအလုပ်မှာ သူမ အတွက် အလွန်လွယ်ကူသည်ဟု ခံစားလိုက်ရသည်။ သီးသန့် ကုန်ကြမ်းအမျိုးအစားဆိုလျှင် သူမအနေ ဖြင့် ခွဲခြားနေရဦးမည်ဖြစ်ရာ အနည်းငယ် အလုပ်ရှုပ်ပေလိမ့်မည်။ ယခုမူ ဘာဖြစ်ဖြစ် ရသည်ဆိုသဖြင့် သူမအတွက် တစ်အိတ်တည်း သိမ်းကျုံးယူလာရုံသာ ရှိတော့သည်။
"ကောင်းပြီလေ၊ ဒါဆို စီနီယာအစ်ကိုလင်း ခဏစောင့်နေနော် ကျွန်မ အခုချက်ချင်း သွားယူပေးမယ်…။"
ထိုသို့ပြောပြီးနောက် လီလဲ့ယန်သည် သူမ၏ ဓားပျံကို စီးကာ ဘဏ္ဍာတိုက်ရှိရာသို့ ဦးတည်သွားလေ တော့သည်။ လီလဲ့ယန်မှာ အချိန်ကန့်သတ်ချက် မရှိသော်လည်း သူမ၏ 'ခဏစောင့်' ဆိုသော စကား ကြောင့် လင်းဖန်မှာ နာရီဝက်နီးပါး စောင့်လိုက်ရသည်။
လီလဲ့ယန် လင်းဖန်၏ ဂူဗိမာန်သို့ ပြန်ရောက်လာသောအခါ သိုလှောင်အိတ်တစ်လုံးကို လင်းဖန်ရှေ့သို့ ချပေးလိုက်၏။
"စီနီယာအစ်ကိုလင်း၊ ကျွန်မ အကြာကြီး ရွေးလိုက်ရတယ်။ အကြီးဆုံး သိုလှောင်အိတ်ကို ရှာတွေ့မှ ဒါတွေ အကုန်ဆံ့တော့တာ။ ဒီလောက်ဆိုရင် လောက်မလားဟင်။ မလောက်ရင် ကျွန်မ နောက်ထပ် သွားယူပေးဦးမယ်…။"
သိုလှောင်အိတ်ကို လှမ်းယူလိုက်သော လင်းဖန်၏ လက်များမှာ တုန်ရင်သွားရသည်။ အထဲက ဧရာမ ဟင်းလင်းပြင်ထဲ၌ အပြည့်ထည့်ထားသော ကုန်ကြမ်းပစ္စည်းများကို မြင်လိုက်ရသောကြောင့်ပင်။
*ဒီကလေးမက ဘဏ္ဍာတိုက်တစ်ခုလုံးကိုများ ပြောင်အောင် သယ်လာတာလား….*
"ဂျူနီယာညီမလေး လဲ့ယန် ဒါတွေအကုန် ဘာလို့ သယ်လာတာလဲ။ အစ်ကို ဒီလောက်အထိ မလိုပါဘူး။ မင်းအတွက် အချို့ပဲ ချန်ထားပြီး ကျန်တာတွေကို ဘဏ္ဍာတိုက်ထဲ မြန်မြန် ပြန်သွားထားလိုက်ပါ။ မဟုတ် ရင် ဦးလေးလီက ဘဏ္ဍာတိုက် လုယက်ခံရတယ်လို့ ထင်နေပါဦးမယ်….။"
လင်းဖန်၏ စကားကို ကြားသောအခါ လီလဲ့ယန်က ဇဝေဇဝါဖြင့် ပြန်မေးလိုက်သည်။
"ဟင်…ဟုတ်လား ဒါတွေက အများကြီးလား။ ကျွန်မ ဘဏ္ဍာတိုက်ထဲက နည်းနည်းလေးပဲ ယူလာတာပါ"
သို့သော် လီလဲ့ယန်၏ သံသယမှာ ချက်ချင်းပင် ပျော်ရွှင်မှုအဖြစ် ပြောင်းလဲသွားသည်။
"ရပါတယ် စီနီယာအစ်ကိုလင်းပဲ စိတ်ကြိုက် သုံးလိုက်ပါ။ ကျွန်မ မေမေက သတင်းပို့လာတယ် စီနီယာ အစ်မလေးလင်းတို့ ရောက်လာပြီတဲ့။ ကျွန်မ သူတို့နဲ့ သွားဆော့လိုက်ဦးမယ်နော်…။"
ထို့နောက် လင်းဖန် စကားပင် ပြန်မပြောနိုင်ခင်မှာပင် လီလဲ့ယန်သည် သူမ၏ ဓားကိုစီးကာ ဝေ့ကာဝိုက် ကာဖြင့် ထွက်ခွာသွားတော့သည်။ သိုလှောင်အိတ်ထဲမှ များပြားလှသော ကုန်ကြမ်းများကို ကြည့်ရင်း လင်းဖန်မှာ မိမိကိုယ်ကိုပင် သံသယဝင်လာမိသည်။
"လောဘကြီးတဲ့ စနစ်... တတိယတန်းစား အင်အားစုဆိုတာ အင်အားနည်းတဲ့ အဖွဲ့အစည်း မဟုတ်ဘူး လား။ ဘယ်လိုဖြစ်ပြီး ဒီလောက်အထိ အရင်းအမြစ်တွေ များနေရတာလဲ။ ဒါဆိုရင် စတုတ္ထတန်းစားနဲ့ ပဉ္စမတန်းစားတွေဆိုရင် ပိုတောင် မများပေဘူးလား…။"
စနစ်ကမူ လင်းဖန်ကို အကြောင်းမပြန်ပေ။ စနစ်၏ အမြင်တွင် ဤအချက်အလက်မှာ ငွေပေးမှ ဝယ်ယူ နိုင်သောအရာဖြစ်ပြီး လင်းဖန်ကို အလကား ပြောပြ၍ မရပေ။ လင်းဖန်ကို ငွေပေးရမည်ဟု ဘာကြောင့် မပြောသနည်းဆိုသော် လင်းဖန်သာ ငွေပေးရမည်မှန်း သိသွားပါက သူ ခန့်မှန်းကြည့်ပြီး အဖြေမှန်ကို သိသွားနိုင်သောကြောင့်ပင်။ ထိုသို့ဖြစ်သွားပါက သတင်းအချက်အလက်ကို ရောင်းစား၍ မရတော့ပေ။ ကုန်သည်စနစ် အနေဖြင့် ဤကဲ့သို့ အမြတ်စွန်းမရှိသော အလုပ်မျိုးကို လုံးဝ လုပ်မည်မဟုတ်ပေ။
စနစ်ထံမှ အဖြေမရသော်လည်း လင်းဖန်က အများကြီး မတွေးတော့ပေ။ စိတ်ရှုပ်စရာများကို ခေတ္တ ဘေးဖယ်ထားပြီးနောက် လီလဲ့ယန်၏ ရင်စီးအတွင်းခံကို စတင် ပြုပြင်လေသည်။ သူသည် 'ထုတ်လုပ် ရေးအဖွဲ့ဆေးမီးဖို' ကို ထုတ်ကာ အဆင့်မြင့်ရင်စီးကို အထဲထည့်ပြီး စိတ်ဝိညာဉ်ကျောက်တုံး (၁၀၀၀) ထည့်လိုက်သည်။ ထိုအခါ ဆေးမီးဖိုက အလိုအလျောက် ပြုပြင်ခြင်းကို စတင်လေတော့သည်။
ဘာလဲ... ကုန်ကြမ်းတွေ ဘာလို့ မထည့်တာလဲလို့ မေးချင်နေတာလား။
ကုန်ကြမ်းတွေကို ဘာလို့ ထည့်ရမှာလဲ။ ဘယ်သူက ထည့်မယ်လို့ ပြောလို့လဲ။
ဪ... လင်းဖန် ပြောခဲ့တာလား၊ အဲ့ဒါက လီယွမ်ဖေးဆီကနေ စိတ်ဝိညာဉ်ကျောက်တုံးတွေ ရဖို့ အတွက် ဆင်ခြေပေးခဲ့တာလေ။
လီယွမ်ဖေးဆီကနေ စိတ်ဝိညာဉ်ကျောက်တုံးတွေကို တိုက်ရိုက်တောင်းဖို့ ရှက်နေသော်လည်း ကုန် ကြမ်းတောင်းခြင်းကတော့ ကျိုးကြောင်းဆီလျော်မှု ရှိသည်မဟုတ်ပါလား။ ကုန်ကြမ်းများမှာ စိတ်ဝိ ညာဉ်ကျောက်တုံးများ မဟုတ်သော်လည်း လင်းဖန်က ၎င်းတို့ကို မှော်လက်နက်များနှင့် အဆောင် များအဖြစ် ပြုပြင်လိုက်လျှင် စိတ်ဝိညာဉ်ကျောက်တုံးများဖြင့် ပြန်လည်ရောင်းချနိုင်မည် ဖြစ်သည် ။
လင်းဖန်က သီချင်းလေး တအေးအေးနှင့် ဘယ်လို မှော်လက်နက်တွေ၊ အဆောင်တွေ လုပ်ရမလဲဟု စဉ်းစားနေစဉ်မှာပင် ချင်းယွင်ဂိုဏ်း၏ ခန်းမဆောင်ထဲ၌ ဂိုဏ်းချုပ်သုံးဦးမှာ ချန်မိသားစုကိစ္စကို ဆွေးနွေးနေကြသည်။
"ဟင်း... ဒီ ချန်မိသားစုဆိုတဲ့လူတွေကတော့ တကယ့်ကို သတ္တိတွေ ကောင်းနေကြတာပဲ။ ငါ့ရဲ့ တူမလေး ကိုတောင် ရန်ပြုရဲတယ်ပေါ့။ ဒီတစ်ခါ သူတို့သာ ရှင်းပြချက် ခိုင်ခိုင်လုံလုံ မပေးနိုင်ရင်တော့ သူတို့ မိသားစုတစ်ခုလုံးကို အမြစ်ပြတ် သုတ်သင်ပစ်မယ်…။"
လီယွမ်ဖေးက အခြေအနေတွေကို ပြောပြပြီးနောက် အင်မော်တယ်စုံတွဲဂိုဏ်းချုပ် ကျောက်ချင်းဟယ် မှာ ချက်ချင်း ပင် ဒေါသထွက်သွားပြီး ချန်မိသားစုကို ပညာပေးရန် ပြင်တော့သည်။ သူ၏ ဇနီးမှာ လျိုယွီကျင့် ဖြစ်ပြီး လီလဲ့ယန်၏ မိခင်မှာ လျိုယွီဝမ် ဖြစ်သည်။ မိသားစုနှစ်ခုမှာ ဆွေမျိုးတော်စပ်နေမှန်း ကျောက်ချင်းဟယ်၏ ခေါ်ဝေါ်ပုံကို ကြည့်ခြင်းအားဖြင့် သိသာလှသည်။
ဘေးတွင် ရပ်နေသော ကော်ထျန်းမှာလည်း ချန်မိသားစု၏ လုပ်ရပ်အပေါ် အလွန် ဒေါသထွက်နေသည်။ သူတို့လို ဝေးလံတဲ့ အရပ်ဒေသမှာ ဆေးဆရာတစ်ယောက် ရောက်လာရန်ဆိုသည်မှာ အတော်လေး ခက်ခဲလှသည်။ အကယ်၍ ချန်မိသားစုကသာ သူ့ကို ရန်ပြုလိုက်ရင် ဤသည်က သူတို့အတွက် အစား ထိုးမရနိုင်သော ဆုံးရှုံးမှုကြီး ဖြစ်သွားပေလိမ့်မည်။
ကော်ထျန်းမှာ တွေးရင်းနှင့် ပိုဒေါသထွက်လာပြီး စကားပင် မပြောတော့ဘဲ ဓားကိုဆွဲကာ တိုက်ပွဲဝင်ရန် အသင့်ဖြစ်နေသည်။
"ချန်မိသားစုက ဘယ်မှာလဲ။ ဦးလေးကျောက်... ကျွန်တော့်ကို လမ်းညွှန်ပေး အခုချက်ချင်း သွားပြီး အကုန်ရှင်းပစ်မယ်…။"
ဒေါသကြီးနေသော ကော်ထျန်းကို ကြည့်ပြီး လီယွမ်ဖေးက သူ၏ နားထင်ကို ပွတ်ကာ ပြောလိုက်သည်။
"စီနီယာအစ်ကို ကော်... ကိုယ့်ရန်သူအကြောင်း သိမှ တိုက်ပွဲက အောင်မြင်မှာပါ။ တစ်ဖက်လူကလည်း တတိယတန်းစား အင်အားစုပဲလေ။ သူတို့နောက်မှာ ဘယ်လို နောက်ခံတွေ ရှိနေမလဲဆိုတာ ဘယ်သူသိ မှာလဲ။ သူတို့ရဲ့ အားသာချက်၊ အားနည်းချက်တွေကို အရင် စုံစမ်းပြီးမှ လုပ်ဆောင်တာက ပိုကောင်းပါ လိမ့်မယ်…။"
လီယွမ်ဖေး၏ စကားကို ကြားသောအခါ ကော်ထျန်းမှာ မကျေမနပ် ဖြစ်သွားသည်။
"ဟေ့... အဖိုးကြီးလီ အခု ရန်ပြုခံရတာ မင်းသမီးလေးလေ မင်းကတော့ ဘာမှ မစိုးရိမ်သလိုပဲနော်…။"