အခန်း ၃၉
Vol. 4 Ch. 39
အခန်း (၃၉) ချန်မိသားစု၏ နောက်ကွယ်မှ အင်အားစု
ထိုစကားကို ကြားသောအခါ လီယွမ်ဖေး အမှန်တကယ်ပင် ပျာယာခတ်သွားတော့သည်။
"ငါက မလောဘူးလို့ မင်း ဘယ်လိုပြောနိုင်ရတာလဲ။ ငါက အခြေအနေကို အသေအချာ စုံစမ်းချင်ရုံတင် မကဘူး တကယ်လို့ တိုက်ခိုက်ရမယ်ဆိုရင်လည်း တစ်ယောက်မကျန် အမြစ်ပြတ် ရှင်းပစ်နိုင်အောင် လို့ပါ။ ငါတို့က သူတို့ကို အလန့်တကြား သွားလုပ်မိရင် ငါတို့ပဲ ပြန်နစ်နာရလိမ့်မယ်…။"
"ဒါ့အပြင် သူတို့နောက်ကွယ်မှာ ငါတို့ မတွန်းလှန်နိုင်တဲ့ အင်အားကြီးအဖွဲ့အစည်း တစ်ခုခုရှိနေရင်ကော ဘယ်လိုလုပ်မလဲ။ ငါတို့က လူလုံးပြပြီး သွားရှင်းတဲ့အခါ သူတို့ထဲက တစ်ယောက်စနှစ်ယောက်စ လွတ် သွားပြီး အဲ့ဒီအင်အားကြီးအဖွဲ့ကို သတင်းသွားပို့ရင် ငါတို့ ဒုက္ခရောက်ကုန်မှာပေါ့….။"
လီယွမ်ဖေး၏ စကားကို ကြားသောအခါ ကော်ထျန်းက သဘောမတူသလို အေးအေးဆေးဆေးပင် ပြန်ပြောလိုက်သည်။
"ဟွန့်... အင်အားကြီးတော့ ဘာဖြစ်လဲ။ လူတိုင်းမှာလည်း နောက်ခံအင်အား ရှိကြတာပဲ။ ငါတို့က..."
ဤနေရာသို့ ရောက်သောအခါ ကော်ထျန်း၏ မျက်နှာမှာ ရုတ်တရက် မှောင်ကျသွားပြီး စကားကို ဆက် မပြောနိုင်တော့ပေ။ တစ်ချိန်တည်းမှာပင် ဘေးတွင်ရှိနေသော လီယွမ်ဖေးနှင့် ကျောက်ချင်းဟယ်တို့ သည်လည်း ကော်ထျန်း၏ စကားကြောင့် တစ်စုံတစ်ခုကို သတိရသွားပုံရပြီး သူတို့၏ မျက်နှာအမူအရာ များမှာလည်း မကောင်းတော့ပေ။
ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် နောက်ဆုံးတွင် ကော်ထျန်းက သက်ပြင်းချကာ ပြောလိုက်သည်။
"ဟင်း... အဖိုးကြီးလီ ပြောသလိုပဲ လုပ်ကြတာပေါ့။ တစ်ဖက်လူမှာ ဘယ်လိုအခြေအနေတွေ ရှိလဲဆို တာ အရင်စုံစမ်းပြီးမှ ဘယ်လိုတုံ့ပြန်မလဲဆိုတာ ဆုံးဖြတ်ကြတာပေါ့…။"
ထိုသို့ပြောပြီးနောက် အားလုံးမှာ တစ်စုံတစ်ရာကို အမှတ်ရနေကြသကဲ့သို့ တိတ်ဆိတ်သွားကြသည်။
သူတို့အဖွဲ့ ဆွေးနွေးနေစဉ်မှာပင် ချန်မိသားစု၏ အကြီးအကဲဖြစ်သူ ချန်ယွမ်ရှန်းသည်လည်း တစ်စုံတစ် ယောက်နှင့် ဆွေးနွေးနေသည်။ ချန်ယုံနှင့် အခြားသုံးဦး သေဆုံးသွားသည့်အခါ ချန်ယွမ်ရှန်းသည် သူတို့ ခန္ဓာကိုယ်ပေါ်တွင် ထားရှိခဲ့သော နည်းလမ်းများမှတစ်ဆင့် ၎င်းကို ချက်ချင်း သိရှိခဲ့သည်။
အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူလေးဦး တစ်ပြိုင်နက်တည်း ချက်ချင်းသေဆုံး သွားခြင်းမှာ ရွှေအမြုတေအဆင့် သို့မဟုတ် ထိုထက်မြင့်သော ကျင့်ကြံသူတစ်ဦး၏ လက်ချက်ဖြစ် ကြောင်း သံသယဖြစ်စရာပင် မလိုအောင် ထင်ရှားပေသည်။
"သူတို့က ချင်းယွင်ဈေးကွက် အပြင်ဘက်မှာ သေတာဆိုတော့ ချင်းယွင်ဈေးကွက်နဲ့ အနီးဆုံးနေရာက ချင်းယွင်ဂိုဏ်းပဲ ရှိတယ်။ ချင်းယွင်ဂိုဏ်းက လူတွေရဲ့ လက်ချက်ဖြစ်ဖို့ များတယ်….။"
ချန်ယွမ်ရှန်း၏ သုံးသပ်ချက်ကို ကြားသောအခါ သူနှင့် အလွန်တူသော ချန်ယွမ်လင်ကလည်း မျက်မှောင် ကြုတ်လိုက်သည်။
"အဲ့ဒါပဲ ဖြစ်နိုင်ပါတယ်။ အဲ့ဒီဆေးဆရာရဲ့ နောက်ခံက ချင်းယွင်ဂိုဏ်း ဖြစ်နေပုံရတယ်။ သူက ချန်ဟူတို့ နောက်ယောင်ခံလိုက်တာကို သိသွားပြီး ချင်းယွင်ဂိုဏ်းက ရွှေအမြုတေအဆင့် ကျင့်ကြံသူတွေကို အကြောင်းကြားလိုက်တာ နေမှာ။ အကွာအဝေးကလည်း မဝေးတော့ သူတို့က အခင်းဖြစ်တဲ့နေရာကို အမြန်ရောက်လာနိုင်တာပေါ့….။"
အခြေအနေကို သုံးသပ်ပြီးနောက် သူတို့နှစ်ဦးမှာ ဖြစ်ရပ်၏ ပုံစံကြမ်းကို သိသွားကြသည်။ ထို့နောက် ဤကိစ္စကို မည်ကဲ့သို့ ဖြေရှင်းမည်နည်းဟု ဆက်လက် ဆွေးနွေးခဲ့ကြသည်။
"အစ်ကိုကြီး... ဒါကို ဘယ်လိုကိုင်တွယ်မလဲ။ ဒီအတိုင်းတော့ လွှတ်ထားလို့ မဖြစ်ဘူး မဟုတ်လား…။"
ချန်ယွမ်လင်၏ စကားကို ကြားသောအခါ ချန်ယွမ်ရှန်းက နှာခေါင်းရှုံ့ကာ အေးစက်စက် ပြောလိုက် သည်။
"ဟွန့်... လွှတ်ထားလို့ ဘယ်ရမလဲ။ ငါတို့ ချန်မိသားစုက အခြေခံအုတ်မြစ်တည်ဆောက် ခြင်းအဆင့် ကျင့်ကြံသူ လေးယောက်လုံးကို တစ်ပြိုင်နက်တည်း ဆုံးရှုံးလိုက်ရတာ။ ငါတို့ သေချာပေါက် ကလဲ့စား ချေရမယ်…။"
သူ၏ အစ်ကိုဖြစ်သူ ဆုံးဖြတ်ချက်အပေါ် ချန်ယွမ်လင်က မအံ့သြပေ။ အခြေခံအုတ်မြစ်တည်ဆောက် ခြင်းအဆင့် ကျင့်ကြံသူ လေးဦး ဆုံးရှုံးရခြင်းမှာ သူတို့ဂိုဏ်းအတွက် အတော်လေး နစ်နာလှသည်။
"အစ်ကိုကြီး... တစ်ဖက်လူက တတိယတန်းစားဂိုဏ်းဆိုတော့ သူတို့ရဲ့ အင်အားကို လျှော့တွက်လို့တော့ မရဘူး။ ငါတို့ နောက်ကွယ်က အင်အားစုကို သုံးသင့်လား….။"
ချန်ယွမ်လင်၏ အကြံပြုချက်ကို ကြားသောအခါ ချန်ယွမ်ရှန်း ခေတ္တစဉ်းစားပြီးနောက် အဖြေပေးလိုက် သည်။
"ငါက အဲ့ဒီဆေးဆရာကို တစ်ဦးတည်း လက်ဝါးကြီးအုပ်ပြီး စီးပွားရေးကို ဖြည်းဖြည်းချင်း တိုးချဲ့မလို့ပဲ ဒါပေမဲ့ အခုတော့ အဲ့ဒီအစီအစဉ်က ပျက်သွားပြီထင်တယ်…။"
ထို့နောက် ချန်ယွမ်ရှန်းသည် ဆေးလုံးအချို့ကို ထုတ်ကာ ချန်ယွမ်လင်အား ပေးလိုက်သည်။
"ညီလေး... ဒီဆေးလုံးတွေကို ယူပြီး ဂိုဏ်းချုပ်ကြီးဆီကို တိတ်တဆိတ် သွားလိုက်ဦး။ ငါတို့ဆီမှာ ထူးခြားတဲ့ အစွမ်းသတ္တိရှိတဲ့ ဆေးလုံးတွေ ဖော်စပ်နိုင်တဲ့ ထူးဆန်းတဲ့ ဆေးဆရာတစ်ယောက်ကို တွေ့ ထားတယ်လို့ သွားပြောလိုက်။ ဂိုဏ်းချုပ်ကြီးကတော့ ဒါကို သေချာပေါက် စိတ်ဝင်စားလိမ့်မယ်…။"
ထို့နောက် ချန်ယွမ်ရှန်းသည် ဆေးလုံးလေးမျိုး၏ အာနိသင်များကို ချန်ယွမ်လင်အား ပြောပြလိုက် သည်။ ဆေးအာနိသင်များကို ကြားသောအခါ ချန်ယွမ်လင်မှာ အံ့အားသင့်သွားပြီး အချိန်အနည်းငယ် ဆွေးနွေးပြီးနောက် ဆေးလုံးများကို ယူကာ မိသားစု နေအိမ်မှ ထွက်ခွာသွားတော့သည်။
ချန်ယွမ်လင် ထွက်ခွာသွားသော လမ်းဘက်သို့ ကြည့်ကာ ချန်ယွမ်ရှန်းက တိုးတိုးလေး ရေရွတ်လိုက် သည်။
"ဟား.. ဟား... ဒီလို ဝေးလံတဲ့ အရပ်က တတိယတန်းစား အဖွဲ့အစည်းတစ်ခုမှာ ဘယ်လို နောက်ခံ အင်အားမျိုး ရှိနေမှာမလို့လဲ။ တကယ်လို့ မင်းတို့သာ ချန်မိသားစုရဲ့ နောက်ကွယ်က အင်အားကို သိသွား ရင် ချန်မိသားစုက လူတွေကို သတ်ရဲဦးမလားဆိုတာ ငါ သိချင်မိတယ်…။"
"အဲ့ဒီ လေးယောက်က ငါတို့ ချန်မိသားစုက မွေးထားတဲ့ ခွေးတွေဆိုပေမဲ့ ဂိုဏ်းကြီးတစ်ခုက မွေးထားတဲ့ ခွေးဆိုတာ မင်းတို့လို ဂိုဏ်းငယ်လေးတွေ စိတ်ကြိုက် သတ်လို့ရတဲ့ အရာမဟုတ်ဘူးဆိုတာ မသိကြဘူး လား…။"
ထိုအချိန်တွင် ချန်ယွမ်ရှန်းသည် သူ၏ နောက်ခံအင်အားကို တွေးကာ ကျေနပ်ပီတိ ဖြစ်နေတော့သည်။ ချန်မိသားစုတွင် ရွှေအမြုတေအဆင့်သို့ ရောက်ရှိနေသူ သုံးဦးရှိပြီး သူတို့၏ တတိယမြောက်ညီမှာ သူ ၏ ပါရမီကြောင့် 'သတ္တမတန်းစား သွေးမိစ္ဆာဂိုဏ်း' ၏ တပည့်အဖြစ် ရွေးချယ်ခြင်း ခံခဲ့ရ သည်။
ဤအဆက်အသွယ်ကြောင့်ပင် သွေးမိစ္ဆာဂိုဏ်းသည် ချန်မိသားစု၏ နောက်ခံအင်အား ဖြစ်လာခဲ့သည်။ ဤဖြစ်ရပ်ကြောင့် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ လေးဦး ဆုံးရှုံးခဲ့ရသော် လည်း သူတို့ ပို့လိုက်သော ဆေးလုံးများကသာ သတ္တမတန်းစားဂိုဏ်း၏ စိတ်ဝင်စားမှုကို ရရှိခဲ့ မည်ဆို လျှင် ချန်မိသားစုအတွက် အလွန်ကောင်းသော ကိစ္စဖြစ်လာပေလိမ့်မည်။
သွေးမိစ္ဆာဂိုဏ်းက ၎င်းကို အသိအမှတ်ပြုပြီး ကျင့်ကြံခြင်း အရင်းအမြစ်များ ပိုပေးနိုင်သည့် အပြင် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် သို့မဟုတ် ရွှေအမြုတေအဆင့်ရှိသော အစောင့်ရုပ်သေးရုပ် များကိုပင် ပေးနိုင်ပေသည်။ ဤသို့တွေးမိသည်နှင့် ချန်ယွမ်ရှန်းမှာ စိတ်လှုပ်ရှားမှုကို မထိန်းနိုင်တော့ဘဲ ကျယ်လောင်စွာ ရယ်မောလိုက်တော့သည်။
တံခါးအပြင်ဘက်မှ ချောင်းနားထောင်နေသော ချန်ယုံမှာမူ အတော်လေး ဇဝေဇဝါ ဖြစ်သွားရသည်။
"အဖေ ဘာဖြစ်နေတာလဲဟ… အစောင့်လေးယောက် သေသွားတာကို တုန်လှုပ်ပြီး ရူးသွားတာလား မသိဘူး…။"
ချင်းယွင်ဂိုဏ်းအတွင်း၌မူ လီယွမ်ဖေးနှင့် အခြားသူများသည် ချန်မိသားစုနှင့် ပတ်သက်သည့် ကိစ္စများ ကို ဆွေးနွေးပြီးစီးသွားပြီ ဖြစ်သည်။ နောက်ဆုံး သဘောတူညီချက်မှာ ရိုးရှင်းပါသည်။ သူတို့ သုံးဦးစလုံး ချန်မိသားစုထံ သွားရောက်ကာ အခြေအနေကို မေးမြန်းမည်ဖြစ်ပြီး ထိုသို့ မေးမြန်းရင်းနှင့်ပင် သူတို့၏ နောက်ခံအင်အားကို စုံစမ်းကာ နောက်ဆုံးဖြေရှင်းချက်ကို ဆုံးဖြတ်ကြမည် ဖြစ်သည်။
"အဘိုးကြီးလီ၊ အဘိုးကြီးကော်... ချန်မိသားစုဆီ ရောက်တဲ့အခါ သူတို့နောက်ခံကို မသိရသေးခင် မလှုပ် ရှားကြနဲ့ဦး။ တကယ်လို့ လှုပ်ရှားဖြစ်ခဲ့ရင်လည်း ဘယ်သူ့ကိုမှ အလွတ်မပေးဘဲ သေချာရှင်းပစ်ရမယ် နော်…။"
မထွက်ခွာမီ ကျောက်ချင်းဟယ်က လီယွမ်ဖေးနှင့် ကော်ထျန်းကို သတိပေးလိုက်သည်။
လီယွမ်ဖေးနှင့် ကော်ထျန်းတို့သည် ကျောက်ချင်းဟယ်၏ စကားနောက်ကွယ်က အဓိပ္ပာယ်ကို နားလည် ကြသည်။ အကယ်၍ တစ်ဖက်လူမှာ အင်အားကြီးနောက်ခံ ရှိနေမည်ဆိုလျှင် အသက်ရှင်ကျန်ရစ်သူ ရှိနေခြင်းက သူတို့ဂိုဏ်းသုံးခုအတွက် အန္တရာယ်ရှိနိုင်ပေသည်။ သူတို့ကိုယ်က မကြောက်သော်လည်း သူတို့၏ နောက်တွင် တပည့်များစွာ ရှိနေသဖြင့် ထိုတပည့်များ၏ ဘေးကင်းရေးကို ထည့်သွင်းစဉ်းစား ရမည် ဖြစ်သည်။
အစကတည်းက လီယွမ်ဖေးတို့အဖွဲ့မှာ ဤကိစ္စကို အသာတကြည် လွှတ်ထားရန် အစီအစဉ် မရှိခဲ့ပေ။
လီယွမ်ဖေးက အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် လေးဦးကို သတ်လိုက်သည့် အချိန်မှစ၍ သို့မဟုတ် တစ်ဖက်လူက လင်းဖန်ကို ရန်မူရန် ကြံစည်ခဲ့သည့် အချိန်မှစ၍ ဤကိစ္စမှာ ညှိနှိုင်း၍ မရနိုင် သော အခြေအနေသို့ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။
လီယွမ်ဖေးတို့က သွားမရှာလျှင်ပင် တစ်ဖက်လူက လွှတ်ထားမည် မဟုတ်ပေ။ လူလေးယောက် ဆုံးရှုံး ရသည့် ကိစ္စဖြစ်စေ၊ လင်းဖန်၏ ဆေးလုံးများကို လိုချင်တပ်မက်သည့် လောဘကြောင့်ဖြစ်စေ နောက် ထပ် လုပ်ကြံမှုများ ရှိလာဦးမည်သာ ဖြစ်သည်။ ထို့ကြောင့် ဤအခြေအနေတွင် ဖြစ်လာနိုင်သည့် အန္တရာယ်များကို အမြစ်ကနေ ကြိုတင် ဖြတ်တောက်ထားပစ်လိုက်ခြင်းက ပိုကောင်းပေလိမ့်မည်။
ရည်ရွယ်ချက်ကို ဆုံးဖြတ်ပြီးနောက် လီယွမ်ဖေးနှင့် သူ၏ အဖော်နှစ်ဦးမှာ ကျောက်ချင်းဟယ်၏ ဦးဆောင်မှုဖြင့် ချန်မိသားစုရှိရာသို့ ပျံသန်းထွက်ခွာသွားကြသည်။
ထိုအချိန်တွင် လင်းဖန်သည် အဆင့်မြင့်ရင်စီးအတွင်းခံကို ပြုပြင်ပြီးသွားသဖြင့် လီလဲ့ယန်ကို ခေါ်ကာ ပြန်လဲရန် ပြင်ဆင်နေခဲ့သည်။ လီလဲ့ယန်၏ လှပသော ခန္ဓာကိုယ်အချိုးအစားကို ကြည့်ရင်း လင်းဖန်မှာ နှမြောသလို ခံစားလိုက်ရသည်။
ဤမျှ လှပသော ခန္ဓာကိုယ်မှာ ထိုရင်စီးအတွင်းခံ၏ ဘေးထွက်ဆိုးကျိုး ကြောင့် တဖြည်းဖြည်းနှင့် ပုံပျက်သွားတော့မည် မဟုတ်ပါလား။
လင်းဖန်သည် စိတ်မကောင်းစွာဖြင့် လီလဲ့ယန်ကို နောက်ဆုံးအကြိမ် သေချာကြည့်လိုက်ပြီးနောက် ရင်စီးအတွင်းခံကို သူမအား ပေးလိုက်သည်။
"ဂျူနီယာညီမလေး လဲ့ယန် အစ်ကို့ရဲ့ ဂူဗိမာန်ထဲမှာပဲ သွားလဲလိုက်ပါ။ အစ်ကို အပြင်ကနေ စောင့်နေ ပေးမယ်…။"
ထိုသို့ပြောပြီးနောက် လင်းဖန်သည် ဂူအပြင်သို့ ထွက်သွားပြီး ဂူတံခါးကို ပိတ်လိုက်သော်လည်း ခြေလှမ်းတိုင်းတွင် နောက်သို့ လှည့်ကြည့်နေမိခဲ့သည်။ ခေတ္တအကြာတွင် အတွင်းခံလဲပြီးသော လီလဲ့ယန်မှာ ခုန်ပေါက်ကာ ထွက်လာခဲ့သည်။
"ဝါး... စီနီယာအစ်ကိုလင်း လုပ်ပေးတဲ့ ရင်စီးအတွင်းခံက ဝတ်ရတာ အတော်လေး သက်သောင့်သက် သာ ရှိတာပဲ။ လေးလံတာမျိုးလည်း မရှိတော့ဘူး ပြီးတော့ ကျွန်မရဲ့ ဟန်ချက်ထိန်းနိုင်စွမ်းကလည်း အများကြီး ကောင်းလာတယ်။ ဒီအဖြူရောင်အတွင်းခံကိုတော့ စီနီယာအစ်ကိုပဲ သိမ်းထားလိုက်ပါ တော့….။"