အခန်း ၄၄
Vol. 5 Ch. 44
အခန်း (၄၄) အတိဒုက္ခအဆင့် ရုပ်သေး အားပြန်သွင်းခြင်းနှင့် အစောင့်ရှောက်ရုပ်သေး
"လင်းဖန်... ငါတို့ မင်းကို တကယ်ခေါ်သွားချင်တာ မှန်ပေမဲ့ နားလည်ထားရမှာက ငါတို့ဟာ နောင်မှာ အချိန်အတော်ကြာအောင် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဘဝမျိုးကို ဖြတ်သန်းရနိုင်တယ်။ ဒါကြောင့် ငါတို့နဲ့ လိုက်ခဲ့ဖို့ဆိုတာ မင်းအတွက် ကောင်းတဲ့ ရွေးချယ်မှု မဟုတ်ဘူး…။"
"မင်းလို ကျွမ်းကျင်တဲ့ ဆေးဆရာ တစ်ယောက်ကို လေ့ကျင့်ပေးနိုင်တာကို ကြည့်ရင် မင်းရဲ့ဆရာဟာ အဆင့်မြင့်တဲ့သူ ဖြစ်ရမယ် မဟုတ်လား။ အကယ်၍ မင်းသာ မင်းရဲ့ ဂိုဏ်းကို ပြန်သွားမယ်ဆိုရင် သွေးမိစ္ဆာဂိုဏ်း က မင်းကို အလွယ်တကူ ပြဿနာရှာရဲမှာ မဟုတ်ဘူး။ ဒါဆိုရင် ငါတို့နဲ့အတူ ထွက်ပြေး နေစရာ မလိုတော့ဘူးပေါ့….။"
လီယွမ်ဖေး၏ စကားကြောင့် လင်းဖန် အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားသည်။ သူ့မှာ ဘယ်ဂိုဏ်း၊ ဘယ်ဆရာမှ မရှိပေ။ ထိုအချိန်က သူ တမင်တကာ လုပ်ကြံပြောဆိုခဲ့ခြင်းသာ ဖြစ်သည်။
လင်းဖန် ခဏမျှ စဉ်းစားပြီးနောက် သူ၏ဆရာအတွက် ပေးထားသော အမည်ကို ပြန်သတိရလိုက်သည်။
*'ဆရာကြီးလု' ... နောင်ကျရင် မှားပြောလို့ မဖြစ်ဘူး။*
"ဦးလေးလီ... ကျွန်တော့်ကို ထပ်ပြီး မဖျောင်းဖျပါနဲ့တော့။ ကျွန်တော် ဦးလေးတို့နဲ့ လိုက်ဖို့ ဆုံးဖြတ်ပြီး သားပါ။ ကျွန်တော် ဒီကို ရောက်တာ သိပ်မကြာသေးပေမဲ့ ဦးလေးက ကျွန်တော့်အပေါ် အများကြီး စောင့်ရှောက်ပေးခဲ့တယ်။ ဒီလိုအချိန်မျိုးမှာ ကျွန်တော် ချင်းယွင်ဂိုဏ်းကို ပစ်ထားပြီး တစ်ယောက် တည်း ထွက်သွားမှာ မဟုတ်ပါဘူး…။"
ပုံမှန်ဆိုလျှင် လင်းဖန်၏ စကားကို ကြားရသဖြင့် လီယွမ်ဖေး အလွန် စိတ်လှုပ်ရှားသွားပေလိမ့်မည်။ သို့သော် လီယွမ်ဖေး အခုကြားချင်နေသည်မှာ ဤစကားမျိုး မဟုတ်ပေ။ လင်းဖန်၏ ဆရာနောက်ကွယ် မှ အင်အားအကြောင်းနှင့် လင်းဖန်အတွက် သွေးမိစ္ဆာဂိုဏ်းက ပေးနေသော ဒုက္ခများကို ထိုဆရာက ဝင်ရောက်ဖြေရှင်းပေးနိုင်မလား ဆိုသည်ကိုသာ သူ သိချင်နေခြင်း ဖြစ်သည်။
အကယ်၍ ထိုသို့သာဆိုလျှင် သူတို့ ချင်းယွင်ဂိုဏ်းသည် လင်းဖန်ဆရာ၏ ဩဇာကို အသုံးချပြီး ဤဘေး ဒုက္ခကို ဖြေရှင်းနိုင်ပေမည်။ လင်းဖန်က ဘာမှရိပ်မိပုံမပေါ်သဖြင့် လီယွမ်ဖေးမှာ နောက်ထပ်တစ်ဆင့် ထပ်မံ အရိပ်အမြွက်ပြောရန်သာ ရှိတော့သည်။
"ဟူး... နှမြောစရာပဲ ငါ့ရဲ့ ဆရာသာ ရှိနေသေးရင် ငါ့ဆရာ စကားတစ်ခွန်း ပြောလိုက်ရုံနဲ့ သွေးမိစ္ဆာဂိုဏ်း က ငါတို့ကို ပြဿနာရှာရဲပါ့မလား။ လင်းဖန်... ငါ မင်းကို တကယ် အားကျမိတယ်။ မင်းရဲ့ ဆရာက ရှိနေ သေးတယ်ဆိုတော့ မင်းမှာ အခက်အခဲရှိရင် မင်းဆရာကို အကူအညီ တောင်းလို့ ရသေးတယ်လေ….။"
ဤစကားကို ကြားသောအခါမှ လင်းဖန်သည် လီယွမ်ဖေး၏ စကားနောက်ကွယ်မှ အဓိပ္ပာယ်ကို သဘောပေါက်သွားတော့သည်။
*ဦးလေးလီက ငါ့ရဲ့ဆရာကို ခေါ်လာပြီး ဒီပြဿနာကို ဖြေရှင်းခိုင်းဖို့ အရိပ်အမြွက် ပြောနေတာလား*
*ဪ... ဟုတ်သားပဲ၊ ငါကိုယ်တိုင်ကလည်း ဒီပြဿနာကို စတင်ခဲ့တဲ့သူဆိုတော့ ဒါက ငါ့ပြဿနာ လည်း ဖြစ်နေတာပဲ။ ဒါပေမဲ့ ငါ့ဆရာဆိုတဲ့ လုပ်ကြံဖန်တီးထားတဲ့ 'ဆရာကြီးလု' ဆိုတာက တကယ်မရှိ ဘူးလေ…။*
*အခမဲ့ဝယ်ယူခွင့်ကို သုံးရမလား။ မဖြစ်ဘူး... ဒီခဲခဲယဉ်းယဉ်း ရထားတဲ့ အခွင့်အရေးကို တကယ်မလွဲမ ရှောင်သာမှပဲ သုံးရမယ်..။*
*အသက်ဘေးကနေ ထွက်ပြေးတာပဲ ကောင်းပါတယ်။ ထွက်ပြေးတာ ကျန်းမာရေးအတွက်လည်း ကောင်းတယ်။ ခရီးထွက်တယ်လို့ပဲ သဘောထားလိုက်မယ်….။*
"ဪ... ဦးလေးလီ၊ စိတ်မကောင်းမဖြစ်ပါနဲ့တော့။ သေဆုံးသွားတဲ့သူကတော့ သွားပါပြီ။ အခု ဦးလေး လုပ်ရမှာက ဆရာ့ရဲ့ နောက်ဆုံးဆန္ဒတွေကို ဆက်ခံပြီး ကောင်းကောင်းမွန်မွန် ရှင်သန်ဖို့ပါပဲ။ အသက်ရှင် နေသရွေ့တော့ အချိန်မရွေး ပြန်လည်ထူထောင်လို့ ရပါတယ်။ ထွက်ပြေးကြတာပေါ့….။"
လင်းဖန်၏ နှစ်သိမ့်စကားကြောင့် လီယွမ်ဖေးမှာ ရင်ဘတ်ထဲ ဆို့တက်လာပြီး သွေးအန်ချင်စိတ်ပင် ပေါက်သွားသည်။
*ဒီကောင်လေးက ငါပြောတာကို တကယ်ပဲ နားမလည်တာလား၊ ဒါမှမဟုတ် နားမလည်ချင်ယောင် ဆောင်နေတာလား ... သူက ငါ့ကို စိတ်မကောင်းမဖြစ်ပါနဲ့လို့တောင် ပြန်နှစ်သိမ့်နေသေးတယ်။*
*လင်းဖန်ရဲ့ဆရာကို အားကိုးပြီး ဒီဘေးဒုက္ခကို ကျော်လွှားဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး ထင်ပါတယ်…။*
လီယွမ်ဖေး စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။ ယခုအချိန်တွင် သူသည် ဆရာ့လက်အောက်မှာ အကာအကွယ်ယူခဲ့ရသည့် နေ့ရက်များကို အလွန်တမ်းတမိသည်။ နှမြောစရာကောင်းသည်မှာ သူ မကြီးပြင်းခင်မှာပင် ဆရာက သူ့ကို ထားရစ်ခဲ့ခြင်းပင်။
ဤသည်ကို တွေးမိရင်း လီယွမ်ဖေးသည် ကွယ်လွန်သွားသော ဆရာနှင့် ဂိုဏ်းကို လွမ်းဆွတ်သကဲ့သို့ အလယ်ပိုင်းဒေသ ကျုံးကျိုး ရှိရာဘက်သို့ လွမ်းမောစွာဖြင့် မျှော်ကြည့်လိုက်မိသည်။
ထိုအချိန်တွင် ဝေးကွာလှသော အလယ်ပိုင်းဒေသရှိ မြူခိုးများ ဖုံးလွှမ်းနေသော တောင်တန်းတစ်ခုပေါ် တွင် နတ်ဘုံနတ်နန်းနှင့် တူသော ဂိုဏ်းတစ်ခု ရှိနေသည်။ ထိုဂိုဏ်းအတွင်းရှိ အကြီးအကဲ ခန်းမတစ်ခု ထဲတွင် ကျင့်ကြံမှုအဆင့်မှာ မဟာယာနအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေပြီး အချိန်မရွေး အတိ ဒုက္ခအဆင့် သို့ တက်လှမ်းနိုင်သည့် လျူအန်းရှန်း သည် တရားထိုင်ရင်း တစ်ခုခုကို တွက်ချက်နေသည်။
ရုတ်တရက် နှာချေလိုက်သဖြင့် သူ၏ တွက်ချက်မှုမှာ ပြတ်တောက်သွားရသည်။
"ဟတ်ချိုး... ဘယ်သူက ငါ့အတင်း ပြောနေတာလဲမသိဘူး…။ ငါ့ရဲ့ အသုံးမကျတဲ့ တပည့်တွေများ ဖြစ်နေမလား.."
"ဟူး... ငါ့တပည့်တွေ မင်းတို့တွေ ဘယ်နေရာကို တယ်လီပို့ ရောက်သွားကြတာလဲ။ အလယ်ပိုင်းဒေသ က ဒီလောက် ကျယ်ပြောတာကို ငါ မင်းတို့ကို ဘယ်လို ရှာရမလဲ…။"
"ငါ အကြိမ်ပေါင်းများစွာ တွက်ချက်ကြည့်ပြီးပြီ။ ဒါပေမဲ့ ဘာသဲလွန်စမှ ရှာမရဘူး။ မင်းတို့တွေ အလယ်ပိုင်းဒေသမှာ မရှိတော့တာလား ဒါမှမဟုတ် ဒီကမ္ဘာကြီးမှာပဲ မရှိတော့တာလား…။"
"တောက်... စိတ်ရှုပ်စရာကောင်းလိုက်တာကွာ။ ဘာလို့ အဲ့လောက် မြန်မြန် ထွက်ပြေးကြတာလဲ။ အဲ့ဒီ အဖိုးကြီး ကလည်း တကယ်ပဲ... ဘယ်လို တယ်လီပို့ အစီအရင် အစုတ်အပြတ်ကြီးကို ပေးလိုက်တာလဲ မသိဘူး….။"
သက်ပြင်းချပြီးနောက် ထိုမဟာယာနအဆင့် ဆရာကြီးသည် သူ၏ တွက်ချက်မှုများကို ဆက်လက် ပြုလုပ်နေတော့သည်။
ချင်းယွင်ဂိုဏ်းဆီ ပြန်သွားရလျှင် လီယွမ်ဖေးသည် လင်းဖန်နှင့် စကားပြောပြီးနောက် သူ့ကို ပြန်လွှတ် လိုက်သည်။
မိမိ၏ ကျင့်ကြံခြင်းဂူသို့ ပြန်ရောက်သောအခါ လင်းဖန်သည် အနည်းငယ် ဝေခွဲမရ ဖြစ်နေသည်။
*ငါ ဒီအခမဲ့ဝယ်ယူခွင့်ကို သုံးသင့်သလား…။*
လင်းဖန်က ချင်းယွင်ဂိုဏ်းနဲ့အတူ ထွက်ပြေးမယ်ဟု ပြောခဲ့ပေသော်လည်း မည်သူကတော့ နေ့တိုင်း ထွက်ပြေးနေရသော ဘဝကို ဖြတ်သန်းချင်မည်နည်း။ အေးအေးဆေးဆေး နေရသည်က ပိုကောင်း တာပေါ့။ ထို့အပြင် အသက်လုပြီး ထွက်ပြေးရခြင်းက အရှက်ရစရာ ကောင်းရုံတင်မကဘဲ သူ၏ စီးပွားရေးကိုလည်း ထိခိုက်စေမှာ မုချပင်။
လင်းဖန် တွေဝေနေစဉ်မှာပင် စနစ်က အခွင့်အရေးကို အရယူပြီး ဖျောင်းဖျတော့သည်။
[ဟုတ်ပါတယ် ပိုင်ရှင်... ထွက်ပြေးရတာက ရှက်စရာ ကောင်းလွန်းပါတယ်။ အခမဲ့ဝယ်ယူခွင့်ကို သုံးပြီး တစ်ရက်စာ အတိဒုက္ခအဆင့် ကျင့်ကြံမှုကို ဝယ်လိုက်ပါ။ ပြီးရင် သူတို့ကို အကုန်အပြတ်ရှင်းပစ်လိုက် ပါ]
"ဟား. ဟား… ငါ အရှက်ပဲ ကွဲခံလိုက်မယ် ဒီအခမဲ့ဝယ်ယူခွင့်ကိုတော့ အလဟဿ အဆုံးရှုံးမခံနိုင်ဘူး။ တစ်ရက်တည်း ယောကျ်ားဖြစ်သွားပြီး နောက်ပိုင်းကျရင် ငါ့မှာ ဘာအကာအကွယ်မှ မရှိတော့ရင် ဘယ်လိုလုပ်မလဲ…။"
[ပိုင်ရှင်က ဘာလို့ အဲ့လို တွေးရတာလဲ။ ခရမ်းရွှေနတ်နဂါးထီးကို အပိုထားထားတာလို့ ထင်နေတာလား ။ စနစ်မှာ အကြံပြုချက် တစ်ခုရှိပါတယ်။ ပိုင်ရှင်အနေနဲ့ 'တစ်ရက်စာ အတိဒုက္ခအဆင့် ရုပ်သေး' နဲ့ လဲလှယ်လို့ ရပါတယ်။ ဒါဆိုရင် နောင်မှာ ဝှက်ဖဲကုန်သွားမှာကို စိုးရိမ်စရာ မလိုတော့ဘူးပေါ့]
"ဟင်..ဟုတ်လား။ အတိဒုက္ခအဆင့် ကျင့်ကြံမှုနဲ့ အတိဒုက္ခအဆင့် ရုပ်သေးက အတူတူပဲ မဟုတ်ဘူး လား။ နှစ်ခုလုံးက တစ်ခါသုံးတွေပဲလေ။ ကျင့်ကြံမှုကို ယူရင် အနည်းဆုံးတော့ ငါကိုယ်တိုင် ပျော်လို့ရ သေးတယ်။ ရုပ်သေးဆိုတာကတော့ တကယ်ကို အသုံးမကျတဲ့ အကြံပဲ….။"
[မတူပါဘူး။ တစ်ရက်စာ အတိဒုက္ခအဆင့် ကျင့်ကြံမှုကို အပိုင်းလိုက် ခွဲသုံးလို့ မရပါဘူး။ ဒါပေမဲ့ တစ်ရက်စာ အတိဒုက္ခအဆင့် ရုပ်သေးကိုတော့ အပိုင်းလိုက် ခွဲသုံးလို့ရပါတယ်]
စနစ်၏ စကားကြောင့် လင်းဖန် စိတ်ဝင်စားသွားသည်။
"ဘယ်လိုမျိုး ခွဲသုံးလို့ ရတာလဲ။ သေချာ ရှင်းပြစမ်းပါဦး…။"
[အတိဒုက္ခအဆင့် ရုပ်သေးကို လဲလှယ်ပြီးရင် (၂၄) နာရီ ကောင့်ဒေါင်း ရှိပါလိမ့်မယ်။ ပိုင်ရှင် အသုံးပြု တဲ့ အချိန်မှာ အချိန်က စတင်သွားပြီး ပြန်သိမ်းလိုက်တဲ့ အချိန်မှာတော့ အချိန်က ရပ်သွားမှာပါ။ (၂၄) နာရီ ကုန်ဆုံးတဲ့အထိ အကြိမ်ကြိမ် ပြန်သုံးလို့ ရပါတယ်]
"ဟိုး... တကယ်ကြီးလား။ ဒါမျိုး ရှိရင်လည်း စောစော ပြောပါတော့လား…။"
[ပိုင်ရှင်မှ မမေးတာပဲ]
အတိဒုက္ခအဆင့် ရုပ်သေးကို ဘယ်လိုသုံးရမလဲ ဆိုတာကို သိသွားပြီးနောက် လင်းဖန် အလွန်စိတ်လှုပ် ရှားသွားမိသည်။ စနစ်ပြောသည်သာ အမှန်ဆိုပါက အတိဒုက္ခအဆင့် ရုပ်သေးကို လဲလှယ်ခြင်းက တကယ့်ကို တန်ဖိုးရှိလှသည်။ ၎င်းက သူ့ကို အမြဲတမ်း လုံခြုံမှု ပေးနိုင်ပေလိမ့်မည်။
အတိဒုက္ခအဆင့် ရုပ်သေးရဲ့ အစွမ်းနဲ့ဆိုရင် သွေးမိစ္ဆာဂိုဏ်းက လူတွေကို ရှင်းပစ်ဖို့ စက္ကန့်ပိုင်းပဲ ကြာမှာ ပါ။ ရုပ်သေးကို ခေါ်ထုတ်မယ်၊ ရန်သူကို သတ်ခိုင်းမယ်၊ ပြီးတာနဲ့ ချက်ခြင်း ပြန်သိမ်းလိုက်မယ်။ ဒါဆိုရင် ငါ့ရဲ့ အတိဒုက္ခအဆင့် ရုပ်သေးကို အကြာကြီး သုံးလို့ရမှာပေါ့။
ဒါကို တွေးမိရင်း လင်းဖန် ပိုပြီး စိတ်လှုပ်ရှားလာကာ ဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာ ချလိုက်တော့သည်။
"စနစ်ရေ... မင်း ငါ့ကို လိမ်မပြောဖို့ မျှော်လင့်ပါတယ်။ အခမဲ့ဝယ်ယူခွင့်ကို သုံးပြီး 'အတိဒုက္ခအဆင့် ရုပ်သေး' ကို လဲလှယ်ပေးပါ"
[ဒင်... လဲလှယ်မှု အောင်မြင်ပါသည်။ ဂုဏ်ယူပါတယ် ပိုင်ရှင်... ပိုင်ရှင်သည် အတိဒုက္ခအဆင့် ရုပ်သေး တစ်ရုပ်ကို ရရှိခဲ့ပါပြီ။ ၎င်းကို စနစ်ဟင်းလင်းပြင် ထဲသို့ ပို့ဆောင်ပေးထားပါသည်။ ကျေးဇူးပြု၍ စစ်ဆေးကြည့်ပါ]
"ဟင်… လိုအပ်မှ ခေါ်ထုတ်ရမှာ မဟုတ်ဘူးလား။ ဘာလို့ တိုက်ရိုက်ကြီး ပို့လိုက်တာလဲ။ စနစ်ဟင်းလင်း ပြင်ထဲမှာ အချိန်က သွားမနေဘူးလား….။"
[အသုံးမပြုမချင်း အချိန်ကို တွက်ချက်မှာ မဟုတ်ပါဘူး။ အသေးစိတ်ကိုတော့ စနစ်မျက်နှာပြင်မှာ စစ်ဆေး ကြည့်လိုက်ပါ]
ချက်ခြင်းပင် လင်းဖန်သည် အတိဒုက္ခအဆင့် ရုပ်သေး၏ အချက်အလက်များကို စစ်ဆေးလိုက်သည်။
အားပြန်သွင်းနိုင်သောအစောင့်ရှောက်ရုပ်သေး: [ပိုင်ရှင် လင်းဖန်၏ ကိုယ်ပိုင်ပစ္စည်း]
ကျင့်ကြံမှုအဆင့် : [အတိဒုက္ခအဆင့် အထွတ်အထိပ်]
ကျန်ရှိချိန် : [(၂၄) နာရီ (အသုံးပြုချိန် တိုးမြှင့်ရန်အတွက် အားပြန်သွင်းနိုင်သည်)]
*တောက်... ဒီရုပ်သေးရဲ့ နာမည်က တစ်မျိုးကြီးပဲ…*
နာမည်ကို စမြင်လိုက်ရသည့် အချိန်၌ လင်းဖန်၏ စိတ်ထဲကို ပထမဆုံး ဝင်လာသည်က အိမ်သုံးပစ္စည်း တစ်ခုရဲ့ နာမည်ပင်။ သို့ပေမဲ့ အားပြန်သွင်းလို့ ရတယ်ဆိုသည်ကို မြင်လိုက်သော အချိန်မှာတော့ သူ၏ မဟုတ်ကဟုတ်က အတွေးတွေအားလုံး ပျောက်ကွယ်သွားလေတော့သည်။
*အချိန်ကုန်သွားရင်တောင် အားပြန်ဖြည့်ပြီး အချိန်တိုးလို့ ရသေးတာပဲ…*