အခန်း ၄၆
Vol. 5 Ch. 46
အခန်း (၄၆) ချန်ယွမ်ရှု၏ ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့် ဆရာသခင်
"ညီလေး... ငါတို့ ချန်မိသားစုနဲ့ မလှမ်းမကမ်းက ဈေးကွက်တစ်ခုမှာ ဆေးဆရာတစ်ယောက်ကို ရှာတွေ့ ခဲ့တယ်။ ဒါတွေက သူဖော်စပ်ထားတဲ့ ဆေးလုံးတွေပဲ။ ညီလေး... ဒါတွေကို စမ်းသပ်ကြည့်ပြီး အာနိသင် ရှိမရှိ ကြည့်ပေးပါဦး…။"
မှန်အတိုင်းပြောရလျှင် ချန်ယွမ်ရှုသည် သူ၏ဒုတိယအစ်ကို စကားကို ကြားပြီးနောက် တော်တော်လေး စိတ်ပျက်သွားခဲ့သည်။
*ငါကတော့ တစ်ခုခု ထူးခြားတဲ့ ရတနာသိုက်ကို ရှာတွေ့လာတယ် ထင်နေတာ ဒါပဲလား…။*
သူ့အမြင်တွင် ဒုတိယအစ်ကိုဖြစ်သူမှာ မိသားစုရှိရာ ဝေးလံခေါင်ဖျားသော အရပ်တွင် အချိန်အကြာကြီး နေထိုင်ခဲ့ရသဖြင့် ကောင်းမွန်သော အရာများကို မြင်ဖူးပုံမရပေ။
ဆေးဆရာလား။ ဆေးလုံးတွေလား။ သူတို့ သွေးမိစ္ဆာဂိုဏ်း မှာတော့ ထိုအရာများက အလျှံပယ်ပင်။ ယခုအခါ သွေးမိစ္ဆာဂိုဏ်းတွင် ဆေးဆရာ တစ်ဦးမက ရှိနေပြီးသား ဖြစ်သည်။
သို့သော်လည်း တစ်ဖက်လူက မိမိ၏ အစ်ကိုဖြစ်နေခြင်းကို ငဲ့ညှာသောအားဖြင့် ချန်ယွမ်ရှုသည် စိတ်ပျက်မှုကို မဖော်ပြဘဲ ထိန်းထားလိုက်သည်။ ဤဆေးလုံးများကို အပေါ်ယံမျှ စမ်းသပ်ကြည့် ပြီး နောက် အစ်ကိုဖြစ်သူအား ဂိုဏ်းမှ ဆေးလုံးအချို့ ပြန်ပေးလိုက်ရန် သူ စိတ်ကူးထားသည်။ သို့မှသာ အစ်ကိုဖြစ်သူအနေဖြင့် မိသားစုထံ ပြန်ရောက်သောအခါ အမြင်ကျယ်သွားပေလိမ့်မည်။
"ညီလေး... ဒီ 'အသေးစားအားဖြည့်ဆေးလုံး' ကို သုံးကြည့်ပါ။ ဒါက ရွှေအမြုတေအဆင့် တွေအတွက် တောင် အာနိသင်ရှိတယ်။ မင်းလက်ထဲမှာရှိတာကတော့ 'ချီစုဆောင်းခြင်းဆေးလုံး' ပဲ။ မင်းကတော့ ချီစုဆောင်းခြင်းအဆင့် ဆေးလုံးတွေရဲ့ အာနိသင်ကို အာနိသင်က သိသာမှာမဟုတ်တော့ဘူး…။"
အစ်ကိုဖြစ်သူ၏ စကားကြောင့် ချန်ယွမ်ရှုမှာ ဆွံ့အသွားရသည်။ ဂိုဏ်းမှာ အချိန်အကြာကြီး နေထိုင် လာခဲ့သော သူ၏ အတွေ့အကြုံအရ ချီစုဆောင်းခြင်းအဆင့် သုံးသည့် ဆေးလုံးများ၏ အာနိသင်ကိုပင် သူ ခံစားနိုင်စွမ်း ရှိနေဆဲပင်။
ထို့အပြင် အသေးစားအားဖြည့်ဆေးလုံး ဆိုသည်မှာလည်း ချီစုဆောင်းခြင်းအဆင့်နှင့် ကိုက်ညီသော ပထမတန်းစား ဆေးလုံးမျှသာ ဖြစ်ပြီး ချီစုဆောင်းခြင်းဆေးလုံးနှင့် ဘာမှ ထူးခြားမည် မဟုတ်ပေ။ သို့သော် အစ်ကိုဖြစ်သူကို စိတ်အနှောင့်အယှက် မဖြစ်စေချင်သဖြင့် ချန်ယွမ်ရှုသည် အစ်ကို့စကား အတိုင်း နားထောင်ကာ ဆေးလုံးအမျိုးအစားကို ပြောင်းလဲလိုက်သည်။
သို့သော် ပါးစပ်မှတော့ တိုးတိုးလေး ရေရွတ်လိုက်မိသေးသည်။
"အသေးစားအားဖြည့်ဆေးလုံးက ချီစုဆောင်းခြင်းအဆင့် ကျင့်ကြံသူတွေရဲ့ ဒဏ်ရာကို ကုသပေးနိုင် တာပဲ ရှိတာ။ အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့်တွေအတွက်ဆိုရင် အာနိသင် အနည်းငယ်ပဲ ရှိမယ်၊ ရွှေအမြုတေအဆင့်တွေ အတွက်ဆိုရင်တော့ ဘာမှ မထူးခြားတော့ဘူး။ ရွှေအမြုတေအဆင့် တွေ သုံးရတဲ့ ဒဏ်ရာကုဆေးက 'အကြီးစားအားဖြည့်ဆေးလုံး' တွေလေ….။"
ပြောပြောဆိုဆိုဖြင့် ချန်ယွမ်ရှုသည် ဆေးလုံးလေးကို ပါးစပ်ထဲ ထည့်လိုက်ပြီးနောက် မျက်လုံးကို အသာမှိတ်ကာ အလွန်သေးငယ်လှသော ဆေးအာနိသင်လေးကို ခံစားရန် ပြင်ဆင်လိုက်သည်။
သို့သော် ဆေးလုံးသည် လည်ချောင်းထဲသို့ ရောက်သွားသည်နှင့် ချန်ယွမ်ရှု၏ မှိတ်ထားသော မျက်လုံး များမှာ ချက်ခြင်း ပြူးကျယ်သွားပြီး မျက်လုံးများပင် ထွက်ကျလုမတတ် ဖြစ်သွားရသည်။
ထိုခဏချင်းမှာပင် သူသည် ယခုလေးတင် မျိုချလိုက်သော ဆေးလုံးလေး၏ ထူးကဲသော အစွမ်းကို ခံစားလိုက်ရခြင်းပင်။
"ဒါ... ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ။ ဒါက အသေးစားအားဖြည့်ဆေးလုံးဆိုတာ သေချာပေမဲ့ ဘယ်လိုလုပ်ပြီး ဒီလို အာနိသင်မျိုး ရှိနေရတာလဲ…။"
"ဒဏ်ရာကုသတဲ့ အာနိသင်က သိသာထင်ရှားရုံတင်မကဘဲ စိတ်ဝိညာဉ်စွမ်းအားတွေကိုပါ ပြန်လည် ဖြည့်တင်းပေးတာလား။ ပြီးတော့ ပြန်ပြည့်သွားတဲ့ စွမ်းအားက ငါ့ရဲ့ စွမ်းအားစုစုပေါင်းရဲ့ တစ်ဝက် လောက်တောင် ရှိတယ်နော်…။"
အံ့ဩတုန်လှုပ်သွားသော ချန်ယွမ်ရှုသည် အစ်ကိုဖြစ်သူကို အမြန်ကြည့်ကာ မေးလိုက်သည်။
"ဒုတိယအစ်ကို... ဒီဆေးလုံးက ဘယ်က ရတာလဲ….။"
ညီဖြစ်သူ၏ အံ့ဩနေသော မျက်နှာပေးကို မြင်သောအခါ ချန်ယွမ်လင်း စိတ်ထဲမှ တိတ်တဆိတ် ကျေနပ်သွားမိသည်။ အရင်ကဆိုလျှင် သူနှင့် အစ်ကိုကြီးမှာသာ ချန်ယွမ်ရှုရှေ့တွင် အမြဲ အံ့ဩတုန်လှုပ် နေခဲ့ရသော်လည်း အခုတော့ အခြေအနေက ပြောင်းပြန် ဖြစ်သွားပြီ မဟုတ်ပါလား။
"ညီလေး... ငါ အခုပဲ ပြောပြီးပြီလေ။ ဒါက ငါတို့ ချန်မိသားစုနဲ့ နီးတဲ့ ဈေးကွက်က ဆေးဆရာ ဖော်စပ် ထားတာပါဆို…။"
ထိုအချိန်တွင်လည်း ချန်ယွမ်ရှုမှာ မယုံနိုင်သေးသည့် ပုံစံမျိုး ဖြစ်နေဆဲပင်။
"ဆေးဆရာလား။ သူက ဘယ်အဆင့်ရှိတဲ့သူလဲ….။"
ဒုတိယအစ်ကို ချန်ယွမ်လင်းမှာ ဤအမေးကို ကြားသောအခါ အနည်းငယ် ဝေခွဲမရ ဖြစ်သွားသည်။
"သေချာတော့ မသိဘူး။ တစ်ဖက်လူက အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့်ကို အခုမှ ရောက် ကာစပဲ ရှိဦးမယ်။ ဆေးဖော်စပ်တဲ့ အဆင့်ကတော့ ပထမတန်းစား ဒါမှမဟုတ် ဒုတိယတန်းစား အဆင့်ပဲ ဖြစ်နိုင်တယ်…။"
ချန်ယွမ်လင်း၏ စကားကို ကြားသောအခါ ချန်ယွမ်ရှု၏ မျက်လုံးများမှာ နောက်တစ်ကြိမ် ပြူးကျယ် သွားပြန်သည်။
အဆင့်မြင့် ဆေးဆရာတစ်ယောက်က အဆင့်နိမ့် ဆေးလုံးတွေကို အခုလို အစွမ်းထက်အောင် ဖော်စပ် နိုင်တာတောင် အံ့ဩစရာ ကောင်းနေပြီကို အခုတော့ ပထမတန်းစား ဒါမှမဟုတ် ဒုတိယတန်းစား ဆေးဆရာလေးက လုပ်နိုင်တာတဲ့လား….။
အကယ်၍ ဤမျှ အစွမ်းထက်သော ဆေးဖော်စပ်မှု စွမ်းရည်ရှိသူကို အဆင့်မြင့် ဆေးဆရာတစ်ယောက် ဖြစ်လာအောင် ပျိုးထောင်ပေးနိုင်ခဲ့လျှင် သူဖော်စပ်မည့် ဆေးလုံးများသည် မည်မျှ ထိတ်လန့်စရာ ကောင်းလိုက်မည်နည်း။
ဒါကို တွေးမိရင်း ချန်ယွမ်ရှုသည် သူ ဂိုဏ်းအတွက် အကျိုးဆောင်နိုင်ခဲ့ပြီးနောက် ရရှိလာမည့် ဆုလာဘ် များကို မြင်ယောင်ကာ ပျော်ရွှင်နေမိသည်။
"ဒုတိယအစ်ကို... ကိုယ့်ကိုယ်ကို သေချာ ပြင်ဆင်ထားပါ။ ငါ အခုပဲ ဆရာ့ကို အကြောင်းကြားလိုက် မယ်။ ဆရာက 'ဟင်း လင်းပြင်သန့်စင်ခြင်းအဆင့်' က ကျင့်ကြံသူကြီး တစ်ဦးပဲ။ ဆရာ့ရှေ့မှာ အနေ အထိုင် မတတ်တာမျိုး မဖြစ်စေနဲ့…။"
ပြောပြီးသည်နှင့် သူသည် အဆက်အသွယ်လုပ်သည့် အဆောင်စာရွက်ကို ထုတ်ယူကာ သူ၏ ဆရာ သခင်ထံ သတင်းပို့လိုက်သည်။
ပုံမှန်ဆိုလျှင် သူကိုယ်တိုင် ဆေးလုံးကို ယူဆောင်ကာ ဆရာ့ထံသို့ သွားရောက် တွေ့ဆုံသင့်သော်လည်း လမ်းခရီးတွင် လူအများကြီး ရှိနေသဖြင့် ပြဿနာတစ်ခုခု ဖြစ်မည်ကို စိုးရိမ်သောကြောင့် အနည်းငယ် မယဉ်ကျေးသော်လည်း ပိုမိုစိတ်ချရသော ဤနည်းလမ်းကို ရွေးချယ်လိုက်ခြင်း ဖြစ်သည်။
ထိုအချိန်တွင် သွေးမိစ္ဆာဂိုဏ်း၏ အကြီးအကဲခန်းမတစ်ခုအတွင်း မျက်လုံးမှိတ် တရားထိုင်နေသော ကျန်းဟုန်းညန်းသည် သူ၏ တပည့် ချန်ယွမ်ရှုထံမှ သတင်းစကားကို ရရှိလိုက်သည်။
"ဟင်… ရှုးအာက အမြဲတမ်း စဉ်းစားဆင်ခြင်တတ်တဲ့သူပါ။ အခုတော့ သူက ယဉ်ကျေးမှုကိုတောင် ဂရုမစိုက်နိုင်ဘဲ ငါ့ကို သူ့ရဲ့ ကျင့်ကြံခြင်းဂူကို လာခဲ့ဖို့ ပြောနေတယ်ဆိုတော့... အရေးကြီးတဲ့ ကိစ္စ တစ်ခုခုများ ဖြစ်လို့လား…။"
ဤသည်ကို တွေးမိသည်နှင့် ကျန်းဟုန်းညန်းသည် ချက်ခြင်းပင် လေထဲသို့ ပျံတက်သွားပြီး အကြီး အကဲခန်းမမှ ပျောက်ကွယ်သွားတော့သည်။
ခဏအကြာတွင် အရှိန်အဟုန်ဖြင့် ခရီးနှင်လာသော ကျန်းဟုန်းညန်းသည် ကျင့်ကြံခြင်းဂူ အပြင်ဘက်ရှိ အဟန့် အတားများကို ဂရုမထားသကဲ့သို့ ဖြတ်ကျော်ကာ မည်သူ့ကိုမျှ အသိမပေးဘဲ ချန်ယွမ်ရှု၏ ကျင့်ကြံခြင်းဂူ အတွင်းသို့ ရောက်ရှိလာခဲ့သည်။
"ရှုးအာ... မင်းမှာ တစ်ခုခု ထူးထူးခြားခြား ရှိနေလို့လား။ မင်းရဲ့ဆရာကိုတောင် ဒီလောက် အသည်း အသန် လာခိုင်းနေရအောင်….။"
ကျင့်ကြံခြင်းဂူအတွင်းမှ ရုတ်တရက် ထွက်ပေါ်လာသော အသံကြောင့် ချန်ယွမ်လင်းမှာ လန့်သွား သော်လည်း မကြာမီမှာပင် ဘယ်အချိန်က ရောက်နေမှန်း မသိသော အဖိုးအိုတစ်ဦး၏ ပုံရိပ်ကို ကျင့်ကြံခြင်းဂူအတွင်း၌ တွေ့လိုက်ရသည်။
"ဆရာသခင်..."
ဘေးတွင်ရပ်နေသော ချန်ယွမ်ရှုက သူ၏ ဆရာကို နှုတ်ဆက်လိုက်ပြီးနောက် ဒုတိယအစ်ကိုဖြစ်သူကို မျက်စိမှိတ်ပြကာ အချက်ပေးလိုက်သည်။
ချန်ယွမ်လင်းမှာ ထိုအခါမှ အခြေအနေကို သဘောပေါက်သွားပြီး ချက်ခြင်းပင် (၄၅) ဒီဂရီ ကိုင်းညွတ် ကာ လက်သီးဆုပ်ကို မျက်ခုံးအထိ မြှောက်၍ ရိုရိုသေသေ အလေးပြုလိုက်သည်။
"ကျင့်ကြံသူကြီးကို ဂါရဝပြုပါတယ်ခင်ဗျာ…။"
ကျန်းဟုန်းညန်းသည် ရွှေအမြုတေအဆင့် ကျင့်ကြံသူလေး ချန်ယွမ်လင်းက သူ့ကိုမြင်သော်လည်း ချက်ခြင်း ဂါရဝမပြုဘဲ မှင်တက်နေသည်ကို မြင်သောအခါ အစပိုင်းတွင် ဒေါသထွက်ချင်သွား သော်လည်း "ကျင့်ကြံသူကြီး" ဟူသော ခေါ်ဝေါ်မှုကို ကြားလိုက်ရသဖြင့် သူ၏ မျက်နှာမှ ဒေါသများ ချက်ခြင်း ပျောက်ကွယ်သွားရသည်။
ဤကျင့်ကြံခြင်းလောကတွင် "ကျင့်ကြံသူကြီး"ဟူသော ဘွဲ့အမည်ကို အင်အားကြီးသူအချို့အား ခေါ်ဝေါ်ရာတွင် သုံးလေ့ရှိသော်လည်း ၎င်းမှာ များသောအားဖြင့် မဟာယာနအဆင့် သို့မဟုတ် ထို့ထက် မြင့်မားသော ကျင့်ကြံသူများအတွက်သာ သီးသန့်ဖြစ်ပေသည်။
သူကဲ့သို့ ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးမှာ ထိုသို့သော ဘွဲ့ထူးနှင့် ထိုက်တန်ရန် ဝေးကွာလွန်းလှသည်။ သို့သော်လည်း ချန်ယွမ်လင်းက သူ့ကို ထိုသို့ ခေါ်ဝေါ်လိုက်ခြင်းကြောင့် သူ စိတ်ထဲမှ အတိုင်းမသိ ကျေနပ်သွားမိသည်။ ကြည့်ရတာ မြှောက်ပင့်စကားဆိုတာ ဘယ်နေရာမှာမဆို အလုပ်ဖြစ်သည်ပင်။
ကျန်းဟုန်းညန်းက "အင်း" ဟုသာ အသာအယာ တုံ့ပြန်လိုက်ပြီးနောက် ချန်ယွမ်လင်းကို ဂရုမစိုက် တော့ဘဲ ချန်ယွမ်ရှုဘက်သို့ အာရုံပြန်လှည့်လိုက်သည်။
ဆရာက သူ့ကို ကြည့်နေသည်ကို မြင်သောအခါ ချန်ယွမ်ရှုမှာ မပေါ့ဆရဲဘဲ သူ၏ လက်ထဲရှိ ဆေးလုံး များကို အမြန်ပင် ကမ်းပေးလိုက်သည်။ တစ်ချိန်တည်းမှာပင် ဆရာ့ကို လာခိုင်းရခြင်း အကြောင်းအရင်း ကို စတင် ရှင်းပြတော့သည်။
"ဆရာ... ကျွန်တော့်ရဲ့ မိသားစုက ပါရမီရှင် ဆေးဆရာ တစ်ယောက်ကို ရှာတွေ့ခဲ့ပါတယ်။ ဒါတွေက သူဖော်စပ်ထားတဲ့ ဆေးလုံးတွေပါ ဆရာ တစ်ချက်လောက် ကြည့်ပေးပါဦး….။"
မိမိရှေ့က ပထမတန်းစား အသေးစားအားဖြည့်ဆေးလုံးကို ကြည့်ရင်း ကျန်းဟုန်းညန်းသည် မျက်မှောင် အနည်းငယ် ကြုတ်ကာ ဇဝေဇဝါ ဖြစ်သွားသည်။ သို့သော် သူ၏ တပည့်ဖြစ်သူ၏ စရိုက်ကို တွေးမိ လိုက်သောအခါ ဤကဲ့သို့ အသုံးမကျသော ပစ္စည်းမျိုးနှင့် သူ့ကို အနှောင့်အယှက် ပေးလိမ့်မည်မဟုတ် မှန်း သဘောပေါက်သွားသည်။
ချက်ခြင်းပင် ကျန်းဟုန်းညန်းသည် ဆေးလုံးလေးတစ်လုံးကို ပါးစပ်ထဲ ထည့်လိုက်သည်။ သို့သော် ဆေးလုံးကို သောက်ပြီးနောက် ကျန်းဟုန်းညန်းမှာ မည်သည့် ထူးခြားမှုကိုမျှ မခံစားရသဖြင့် ချက်ခြင်း ပင် စိတ်တိုသွားတော့သည်။
"ရှုးအာ... မင်းက ဒီလို ပထမတန်းစား ဆေးလုံးလေးနဲ့ မင်းရဲ့ ဆရာကို နောက်ပြောင်နေတာလား…။"
ကျန်းဟုန်းညန်း၏ ဒေါသသံကို ကြားလိုက်ရသဖြင့် ချန်ယွမ်ရှုမှာ ချက်ခြင်းပင် မျက်နှာပျက်သွားရသည်။
"ဟာ... ဆရာ၊ ဒီဆေးလုံးရဲ့ ထူးခြားတဲ့ အာနိသင်ကို ဆရာ မခံစားရဘူးလား။ ဒါက စိတ်ဝိညာဉ် စွမ်းအား ရဲ့ တစ်ဝက်ကို ပြန်လည် ဖြည့်တင်းပေးနိုင်တာလေ…။"
ချန်ယွမ်ရှု၏ ရှင်းပြချက်ကို ကြားသောအခါ ကျန်းဟုန်းညန်းသည် ဇဝေဇဝါဖြင့် နောက်တစ်ကြိမ် ထပ်မံ ခံစားကြည့်သည်။ သို့သော်လည်း သူ၏ စိတ်ဝိညာဉ်စွမ်းအား ပြန်လည် ပြည့်တင်းလာသည့် မည်သည့် အာနိသင်ကိုမျှ မတွေ့ရပေ။
"ဘာလဲ... မင်းက ငါ့ကို သုံးနှစ်သား ကလေးလို့ ထင်နေတာလား။ ငါက ဆေးအာနိသင်ကို မခံစားနိုင်ဘူး လို့ ထင်နေတာလား။ ဒီဆေးလုံးက သာမန် ပထမတန်းစား ဆေးလုံးနဲ့ ဘာမှ မထူးခြားဘူး….။"
ဆရာဖြစ်သူက လိမ်ပြောနေပုံ မရသဖြင့် ချန်ယွမ်ရှုမှာ မှင်တက်သွားရသည်။ သို့သော်လည်း ဖြစ်နိုင်ခြေ တစ်ခုကို သူ ချက်ခြင်း သတိရလိုက်သည်။ ၎င်းမှာ... ဆရာ့ရဲ့ ကျင့်ကြံမှုအဆင့်က မြင့်လွန်းနေလို့များ လား။