အခန်း ၄၈
Vol. 5 Ch. 48
အခန်း (၄၈) အင်မော်တယ်ချုပ်နှောင်ကြိုး၏ ဘေးထွက်ဆိုးကျိုးများ
"ဟားဟား... ကောင်းပြီ ပူးပေါင်းဆောင်ရွက်ပေးလို့ ကျေးဇူးတင်ပါတယ် ညီလေးယန်။ ဒါပေမဲ့ အခြေခံ အုတ်မြစ် တည်ဆောက်ခြင်းအဆင့်မှာရှိတဲ့ ငါက ချီစုဆောင်းခြင်းအဆင့်ရှိတဲ့ ညီလေးအပေါ်မှာ ဒီ 'အင်မော်တယ်ချုပ်နှောင်ကြိုး'ကို သုံးပြတာက အစွမ်းက သိပ်မပေါ်လွင်သလို ဖြစ်နေလိမ့်မယ်။။ ဒီလိုလုပ် ရင် ဘယ်လိုလဲ... ငါတို့ နေရာချင်းလဲပြီး ညီလေးယန်က ငါ့အပေါ်မှာ ဒီကြိုးကို သုံးကြည့်မလား….။"
ယန်ယွီ သည် ဤအကြံပြုချက်ကြောင့် သဘာဝအတိုင်းပင် စိတ်လှုပ်ရှားသွားရသည်။ ဤအရာသည် ထိပ်တန်းအဆင့် မှော်လက်နက်တစ်ခုဖြစ်ပြီး သူ့တွင် ထိုကဲ့သို့သော ပစ္စည်းမျိုး မရှိပေ။ ထိပ်တန်းအဆင့် မှော်လက်နက်တစ်ခုကို အသုံးပြုခွင့်ရမည်ဆိုသည်မှာ သူ အလွန်လိုလားနေသည့် အခွင့်အရေးပင် ဖြစ်သည်။
"ကျွန်တော့်ကို အခုလို အခွင့်အရေးပေးလို့ ကျေးဇူးတင်ပါတယ် စီနီယာအစ်ကိုချီ။ ကျွန်တော် အခုပဲ စတင်လိုက်ပါ့မယ်…။"
ထို့နောက် ချီယုံနင် သည် အင်မော်တယ်ချုပ်နှောင်ကြိုးကို ယန်ယွီထံ ကမ်းပေးလိုက်ပြီး အသုံးပြုပုံကို အကျဉ်းချုပ် ရှင်းပြလိုက်သည်။
"ညီလေးယန်... ဒီအင်မော်တယ်ချုပ်နှောင်ကြိုးက သုံးရတာ တော်တော်လွယ်တယ်။ မင်း ဘယ်သူ့ကိုပဲ ချည်နှောင်ချင် ချည်နှောင်ချင် စိတ်ထဲမှာ အဲ့ဒါကို ပစ်မှတ်အဖြစ် သတ်မှတ်ပြီး အသုံးပြုလိုက်ရုံပဲ..။"
အင်မော်တယ်ချုပ်နှောင်ကြိုးကို လက်ခံရရှိလိုက်သော ယန်ယွီသည်လည်း အတော်လေး စိတ်လှုပ်ရှား မိနေခဲ့သည်။
သူသည် ထိပ်တန်းအဆင့် မှော်လက်နက်လေးကို အရင်ဆုံး အသာအယာပွတ်သပ် ကြည့်ပြီးနောက် ချီယုံနင်ကို မော့ကြည့်လိုက်သည်။
"ကျွန်တော် နားလည်ပါပြီ။ စီနီယာအစ်ကိုချီ အဆင်သင့်ဖြစ်ပြီဆိုရင် ကျွန်တော် စပါတော့မယ်…။"
ဘေးမှနေ၍ တိတ်တဆိတ် စောင့်ကြည့်နေသော လင်းဖန်သည်လည်း ဤမြင်ကွင်းကို အလွန်စိတ်ဝင် စားနေမိသည်။ ဤအရာမှာ ကြော်ငြာရန် ကောင်းသော အခွင့်အရေးတစ်ခုဟု သူ ခံစားမိသည်။
*ယန်ယွီက အင်မော်တယ်တုပ်နှောင်ကြိုးရဲ့ စွမ်းအားကို ပြသပြီးတာနဲ့ ငါက ရှေ့ထွက်ပြီး ငါ့ရဲ့ လက်နက်သန့်စင်တဲ့ ကျွမ်းကျင်မှုကို ကြွားလိုက်ရုံပဲ…။*
*လက်ရှိမှာ ချင်းယွင်ဂိုဏ်းက တပည့်တွေမှာ ဆေးလုံးတွေ အလျှံပယ် ရှိနေပေမဲ့ တပည့်တော်တော် များများမှာ သင့်တော်တဲ့ မှော်လက်နက်တွေ မရှိကြသေးဘူး။ ငါသာ ဒါကို သေချာ ကြော်ငြာနိုင်ရင် ဒီ တပည့် (၂၀၀) ကျော်ကို မှော်လက်နက်တွေ ရောင်းရမယ့် စီးပွားရေးက ငါ့လက်ထဲ ရောက်လာမှာပဲ ဒါဆိုရင်တော့ ငါ ချမ်းသာပြီ။ ပြီးတော့ မှော်လက်နက်တွေက ချီစုဆောင်းခြင်းဆေးလုံးတွေထက် အများ ကြီး ပိုဈေးကြီးတာဆိုတော့ ငါ့အတွက် တော်တော်လေး တွက်ခြေကိုက်မှာ သေချာတယ်…။*
ထိုအချိန်တွင် ချီယုံနင်ကို သတိပေးပြီးနောက် ယန်ယွီသည် ချီယုံနင်အပေါ် အင်မော်တယ်ချုပ်နှောင်ကြိုး ကို စတင်အသုံးပြုလိုက်သည်။ ယန်ယွီသည် ကြိုးအတွင်းသို့ စိတ်ဝိညာဉ်စွမ်းအား အနည်းငယ် ပို့လွှတ် လိုက်သည်နှင့် ယင်းကို ချီယုံနင်ထံ ပစ်လွှတ်လိုက်သည်။ အင်မော်တယ်ချုပ်နှောင်ကြိုးသည် ချက်ခြင်း ပင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ချီယုံနင်ထံသို့ ပြေးဝင်သွားတော့သည်။
မိမိမှော်လက်နက်၏ အာနိသင်ကို သရုပ်ပြရန်အတွက် ချီယုံနင်သည် မည်သည့် ခုခံမှုမျိုးကိုမျှ မပြု လုပ်ဘဲ အင်မော်တယ်ချုပ်နှောင်ကြိုး သူ့ထံ ပြေးဝင်လာသည်ကို ဒီအတိုင်း ကြည့်နေခဲ့သည်။ သို့သော် အင်မော်တယ်ချုပ်နှောင်ကြိုးသည် ချီယုံနင်ထံ ရောက်ခါနီးအချိန်တွင် မမျှော်လင့်ထားသော အရာတစ်ခု ဖြစ်ပျက်သွားတော့သည်။
ရုတ်တရက် အင်မော်တယ်ချုပ်နှောင်ကြိုးသည် ရုတ်ခြည်း ရပ်တန့်သွားပြီးနောက် လမ်းကြောင်းကို အမြန်လှည့်ကာ ရှိနေသော တပည့်များစွာရှိရာသို့ ပျံသန်းသွားပြန်သည်။ ရုတ်တရက် ထိန်းချုပ်မှု လွတ်သွားသော ကြိုးကို မြင်လိုက်ရသဖြင့် တပည့်များမှာ ထိတ်လန့်တကြားဖြင့် ပြန့်ကျဲကာ ထွက် ပြေးကြလေတော့သည်။
သို့သော် အင်မော်တယ်ချုပ်နှောင်ကြိုးတွင် ကိုယ်ပိုင်ပစ်မှတ် ရှိနေပုံရပြီး တပည့်အချို့ကို မှီသွားသော် လည်း သူတို့အား မချုပ်နှောင်ခဲ့ပေ။ ယင်းအစား ရှေ့မှ ထွက်ပြေးနေသော အမျိုးသမီးတပည့်တစ်ဦး နောက်သို့ တိုက်ရိုက် လိုက်လံဖမ်းဆီးတော့သည်။ ထိုလိုက်ခြင်းခံနေရသော အမျိုးသမီးတပည့်မှာ ယန်ယွီ၏ အိမ်နီးချင်းဖြစ်သူ ကျိရွှယ် ပင်ဖြစ်သည်။
ချီစုဆောင်းခြင်းအဆင့်မှာပဲ ရှိသေးသော ကျိရွှယ်သည် ထိပ်တန်းအဆင့် မှော်လက်နက်ဖြစ်သည့် ဤ အင်မော်တယ်ချုပ်နှောင်ကြိုးထံမှ မပြေးလွတ်နိုင်သည်မှာ ထင်ရှားလှသည်။ မျက်တောင်တစ်ခတ် အတွင်းမှာပင် အင်မော်တယ်ချုပ်နှောင်ကြိုးသည် ကျိရွှယ်ကို တင်းကျပ်စွာ ချုပ်နှောင်လိုက်ပြီးနောက် လက်ခြေများကို တုတ်နှောင်ထားလျက်သားပင် ယန်ယွီရှိရာသို့ ပို့ဆောင်ပေးလိုက်သည်။
ကျိရွှယ်သည် ဤရုတ်တရက် အခြေအနေကြောင့် ထိုနေရာမှာပင် မေ့လဲသွားတော့သည်။ သူမသည် ကြောက်လန့်ပြီး မေ့လဲသွားခြင်း မဟုတ်ဘဲ အင်မော်တယ်ချုပ်နှောင်ကြိုး၏ ချည်နှောင်ပုံမှာ တော်တော် လေးကို ရှက်စရာကောင်းနေသောကြောင့် ဖြစ်သည်။ နတ်သမီးလေးတစ်ပါးကဲ့သို့ လှပသူဖြစ်ရာ သူမသည် ရှက်စိတ်နှင့် ဒေါသစိတ်ကြောင့် ထိုနေရာမှာပင် သတိလစ်သွားဟန် ဆောင်လိုက်ခြင်းပင် ဖြစ်သည်။
နောက်ဆုံးတွင် ယန်ယွီ၏ အံ့ဩမှင်တက်နေမှုနှင့်အတူ လက်ခြေတုတ်နှောင်ခံထားရသော ကျိရွှယ်သည် အင်မော်တယ်ချုပ်နှောင်ကြိုး၏ ပစ်လွှတ်မှုကြောင့် သူ၏ဆီသို့ လွင့်စင်လာသည်။ မိမိထံ လွင့်စင်လာ သော ကျိရွှယ်ကို မြင်သောအခါ ယန်ယွီသည် အလိုအလျောက်ပင် လက်ကိုဆန့်ကာ သူမကို ပွေ့ချီလိုက် တော့ သည်။ ထိုအချိန်တွင် အင်မော်တယ်ချုပ်နှောင်ကြိုးသည် စိတ်ဝိညာဉ်စွမ်းအား အထောက်အပံ့ ပြတ် တောက်သွားပုံရပြီး သာမန်ကြိုးတစ်ချောင်းအဖြစ် ပြောင်းလဲကာ ယန်ယွီ၏ ဘေးတွင် ပြုတ်ကျ သွား လေသည်။
အင်မော်တယ်ချုပ်နှောင်ကြိုး၏ လုပ်ရပ်ကြောင့် သိုင်းပြိုင်ကွင်းရှိ တပည့်များစွာမှာ ဆွံ့အသွားကြရပြီး လင်းဖန်လည်း အပါအဝင်ပင် ဖြစ်သည်။ ရုတ်တရက် လင်းဖန်သည် သူ၏ နဖူးကို လက်ဖြင့် ရိုက်လိုက် မိသည်။ သူသည် ထုတ်လုပ်ရေးအဖွဲ့ဆေးမီးဖိုကို သုံးပြီး ဤကြိုးကို ပြန်လည် ဖော်စပ်ခဲ့သည်ကို သတိရ သွားခြင်း ဖြစ်သည်။ ယခု ဖြစ်ပျက်သွားသောအရာမှာ အင်မော်တယ်ချုပ်နှောင်ကြိုးကို ပြန်လည်ပြုပြင် လိုက်ခြင်း၏ ဘေးထွက်ဆိုးကျိုးများလား။
ထိုအချိန်တွင် လင်းဖန်သည် စိတ်ဝိညာဉ်ကျောက်တုံး ကုန်မည်ကို ဂရုမစိုက်နိုင်တော့ဘဲ နတ်ဘုရားချည် နှောင်ကြိုး၏ အချက်အလက်များကို ထောက်လှမ်းရေးစွမ်းရည်ဖြင့် အမြန် စစ်ဆေးလိုက်သည်။
အင်မော်တယ်ချုပ်နှောင်ကြိုး (မြည်းတံဆိပ်) : ထိပ်တန်းအဆင့် မှော်လက်နက်။
မူလလုပ်ဆောင်ချက် : အသုံးပြုသူထက် ကျင့်ကြံမှုအဆင့် မမြင့်သော ရန်သူများကို ချည်နှောင် နိုင်သည်။
လက်ရှိလုပ်ဆောင်ချက် : ပစ်မှတ်ကို အလိုအလျောက် လိုက်လံချည်နှောင်ပြီး ထွက်ပြေးခြင်းမှ တားဆီးပေးသည်။ ရွှေအမြုတေအဆင့်အောက် ကျင့်ကြံသူများအပေါ် အာနိသင်ရှိသည်။
ဘေးထွက်ဆိုးကျိုး : တစ်ခါတစ်ရံတွင် ဖူးစာရှင်ကို ရှာဖွေပေးသည့် အောင်သွယ်တော်အဖြစ် လုပ်ဆောင်ပေးနိုင်သည်။
*တောက်... တကယ်ကြီး ငါ့အပြစ်ပဲ…။*
အင်မော်တယ်ချုပ်နှောင်ကြိုး၏ ဖော်ပြချက်ကို မြင်ပြီးနောက် လင်းဖန်သည် ကြော်ငြာရန် စိတ်ကူး လုံးဝ မရှိတော့ဘဲ လူအုပ်နောက်တွင် တိတ်တဆိတ် ပုန်းကွယ်လိုက်တော့သည်။
ဤမှော်ကြိုးသည် အရင်ကထက် အများကြီး ပိုစွမ်းအားကြီးလာခဲ့သည်။ ရန်သူကို အလိုအလျောက် လိုက်လံဖမ်းဆီးနိုင်သည့် စွမ်းရည်အပြင် အဆင့်နိမ့်ကျင့်ကြံသူများက အဆင့်မြင့်ကျင့်ကြံသူများကို ပြန်လည်တိုက်ခိုက်နိုင်မည့် အခွင့်အရေးကိုပါ ပေးစွမ်းနိုင်ပေသည်။
ဥပမာအားဖြင့် ချီစုဆောင်းခြင်းအဆင့် (၉) မှာရှိတဲ့ တပည့်တစ်ယောက်က ဒါကို သုံးမယ်ဆိုရင် အရင်က ဆို အဆင့် (၉) ကျင့်ကြံသူကိုပဲ ချည်နိုင်ပေမဲ့၊ အခုဆိုရင် အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့် ကိုပါ တိုက်ရိုက် ချည်နှောင်နိုင်ပြီ ဖြစ်သည်။ အကယ်၍ ချင်းယွင်ဂိုဏ်းက တပည့်တိုင်းမှာသာ ဒီလိုမှော် လက်နက် ရှိနေမယ်ဆိုရင် သူတို့အားလုံးက ချက်ခြင်းပဲ အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့် တိုက်ခိုက်ရေးသမားတွေ ဖြစ်ကုန်ကြမှာပင်။
သို့သော်လည်း အင်မော်တယ်ချုပ်နှောင်ကြိုး၏ ဘေးထွက်ဆိုးကျိုးကို ထည့်သွင်းစဉ်းစားမည်ဆိုလျှင် ဤတပည့်များသည် ၎င်းကို အသုံးပြုသည့်အခါ ဘေးပတ်ဝန်းကျင်တွင် ဆန့်ကျင်ဘက်လိင်ရှိမရှိ သေချာစစ်ဆေးရပေလိမ့်မည်။ မဟုတ်လျှင် မမျှော်လင့်ဘဲ အမှားအယွင်းများ ဖြစ်သွားနိုင်သည်။
*အင်မော်တယ်ချုပ်နှောင်ကြိုးလား... နတ်သမီးတွေကို ချည်နှောင်တဲ့ အနီရောင်ကြိုးလား…*
ဤဘေးထွက်ဆိုးကျိုးက အင်မော်တယ်ချုပ်နှောင်ကြိုးဆိုတဲ့ နာမည်နဲ့ တကယ်ကို လိုက်ဖက်လှပေ သည်။
"ညီလေးယန်... ညီမလေးကျိ... အဆင်ပြေကြရဲ့လား။ ဒီကြိုးကို အဆင့်မြှင့်ပြီးကတည်းက ငါလည်း တစ်ခါမှ မသုံးကြည့်ရသေးဘူး။ အခုလို ဖြစ်သွားလိမ့်မယ်လို့ ငါ ထင်မထားမိဘူး။ ဒါ... ဒါတွေ အကုန် လုံးက ငါ့အပြစ်တွေပါ….။"
လူအုပ်နောက်ကွယ်တွင် လင်းဖန် တစ်ယောက်တည်း တွေးတောနေစဉ် ချီယုံနင်သည်လည်း နတ်ဘုရား ချည်နှောင်ကြိုး ထိန်းချုပ်မှုလွတ်သွားသည့် အခြေအနေမှ သတိပြန်ဝင်လာသည်။ သူသည် ယန်ယွီနှင့် ကျိရွှယ်တို့ရှိရာသို့ အမြန်လျှောက်သွားကာ ခေါင်းငုံ့၍ တောင်းပန်လိုက်သည်။ သူ ပြောပြီး၍ မော့ကြည့် လိုက်သောအခါ သက်ပြင်းချနေဆဲ ဖြစ်သော လင်းဖန်ကို တွေ့လိုက်ရသည်။
"ဟေး... ညီလေးလင်း မင်းလည်း ဒီမှာ ရှိနေတာပဲ။ အတော်ပဲ။ ဒီအင်မော်တယ်ချုပ်နှောင်ကြိုးက ဘာဖြစ်လို့လဲ ဘာလို့ ရုတ်တရက် ထိန်းချုပ်မှု လွတ်သွားရတာလဲ….။"
ချီယုံနင် ပြောလိုက်သည်နှင့် လူတိုင်းက သူ၏ အကြည့်နောက်သို့ လိုက်၍ နောက်ကွယ်တွင် ပုန်းနေ သော လင်းဖန်ကို လှည့်ကြည့်လိုက်ကြသည်။ ထိုအချိန်တွင် သူ့ထံသို့ ရောက်ရှိလာသော အကြည့်များ စွာကြောင့် ဤကိစ္စကို ရှောင်လွှဲ၍ မရတော့မှန်း လင်းဖန် သိလိုက်ရပြီး သင့်တော်သော ရှင်းပြချက်တစ် ခု ပေးရန် ပြင်ဆင်လိုက်သည်။
"အို... စီနီယာအစ်ကိုချီ၊ ကျွန်တော် ဒါကို ပြုပြင်တုန်းက အသည်းအသန် ဖြစ်နေလို့ စီနီယာအစ်ကို့ကို သေချာ ပြောပြဖို့ အချိန်မရလိုက်ဘူး။ ခုနကမှ သတိရလို့ လာပြောမလို့ ကြံတုန်း ရှိသေးတယ် တစ်လှမ်း နောက်ကျသွားလိမ့်မယ်လို့ မထင်ထားမိဘူး…။"
လင်းဖန်၏ စကားကို ကြားသောအခါ ချီယုံနင်သည် သံသယမဝင်ဘဲ မိမိဘာသာ ကြွားချင်ဇောဖြင့် အလျင်စလို လုပ်မိခြင်းအတွက်သာ ကိုယ့်ကိုယ်ကို အပြစ်မကင်းသလို ခံစားလိုက်ရသည်။
"ညီလေးလင်း... ဒါဆို အခု ငါတို့ ဘယ်လိုလုပ်ကြမလဲ။ ဒီအင်မော်တယ်ချုပ်နှောင်ကြိုးက တိုက်ခိုက်မှု အာနိသင်တွေ တိုးလာတာလား။ ညီမလေးကျိက ဘာလို့ ဒီကြိုးနဲ့ ချည်ခံရပြီးတာနဲ့ သတိလစ်သွား ရတာလဲ….။"
ချီယုံနင်၏ စကားကို ကြားသောအခါ လင်းဖန်သည် ယန်ယွီ၏ ရင်ခွင်ထဲတွင် ရှိနေဆဲ ဖြစ်သော ကျိရွှယ် ကို လှည့်ကြည့်လိုက်ပြီး သူကိုယ်တိုင်လည်း ဇဝေဇဝါ ဖြစ်သွားရသည်။ အင်မော်တယ်ချုပ်နှောင်ကြိုး၏ ဖော်ပြချက်တွင် ဤကဲ့သို့ မူးဝေသွားစေသည့် အာနိသင်မျိုး မပါရှိပေ။
ရုတ်တရက် လင်းဖန်သည် ကျိရွှယ်၏ မျက်ခွံများ အနည်းငယ် လှုပ်ရှားသွားသည်ကို တွေ့လိုက်ရသဖြင့် ဤညီမလေးသည် ခုနက တကယ် မေ့လဲသွားသည်ဖြစ်စေ၊ မလဲသွားသည်ဖြစ်စေ ယခုတော့ သေချာ ပေါက် သတိရနေပြီဖြစ်ကြောင်း နားလည်လိုက်သည်။ ဖြစ်နိုင်သည်မှာ ထိုကဲ့သို့ အချည်ခံထားရသည့် ပုံစံဖြင့် ယန်ယွီ၏ ရှေ့သို့ ရောက်လာရခြင်းကို သူမ အလွန်ရှက်နေ၍ ဖြစ်ပေလိမ့်မည်။
ဤသို့မဟုတ်လည်း ထိုညီမလေး ကျိရွှယ်က ယန်ယွီ၏ ရင်ခွင်ထဲတွင် နောက်ထပ် ခဏလောက် ဆက်နေချင်နေသောကြောင့်လည်း ဖြစ်နိုင်သည်။ ဘာပဲဖြစ်ဖြစ် အင်မော်တယ်ချုပ်နှောင်ကြိုး၏ ဘေးထွက်ဆိုးကျိုးကို ထည့်သွင်းစဉ်းစားမည်ဆိုလျှင် သူတို့နှစ်ဦးစလုံးမှာ တစ်ဦးအပေါ်တစ်ဦး ခံစားချက် ရှိနေကြခြင်းလည်း ဖြစ်နိုင်ပေသည်။ ဤသို့ သဘောပေါက်သွားပြီးနောက် လင်းဖန်သည် စတင် ရှင်းပြလေတော့သည်။