အခန်း ၄၉
Vol. 5 Ch. 49
အခန်း (၄၉) စီးပွားရေးဆိုတာ ရပ်နားလို့မရဘူး
"အဟမ်း... စီနီယာအစ်ကိုချီ၊ အင်မော်တယ်ချုပ်နှောင်ကြိုးက ဘယ်လိုအန္တရာယ်မှ မရှိပါဘူး။ ညီမလေး ကျိ ကခဏလန့်သွားတာပဲ ဖြစ်ပါလိမ့်မယ်…။"
"ဒါပေမဲ့ ဒီအင်မော်တယ်ချုပ်နှောင်ကြိုးကို ဖော်စပ်တုန်းက ဘေးထွက်ဆိုးကျိုး အနည်းငယ် ထွက်လာခဲ့ တယ်။ ဒါပေမဲ့ ဒီဘေးထွက်ဆိုးကျိုးက လုံးဝမကောင်းတာတော့ မဟုတ်ပါဘူး။ ဒါက အသုံးပြုသူကို ဖူးစာရှင်ရှာတွေ့အောင် ကူညီပေးနိုင်တာပါပဲ…။"
"ဒါ့အပြင် ဒီဘေးထွက်ဆိုးကျိုးက အင်မော်တယ်ချုပ်နှောင်ကြိုးရဲ့ မြှင့်တင်ပေးထားတဲ့ စွမ်းဆောင်ရည်တွေ နဲ့ ယှဉ်ရင် ဘာမှမဟုတ်ပါဘူး…။"
"လက်ရှိ အင်မော်တယ်ချုပ်နှောင်ကြိုးက အသုံးပြုသူရဲ့ ကျင့်ကြံမှုအဆင့်က ဘယ်လောက်ပဲရှိရှိ ရွှေအမြုတေအဆင့်အောက် ကျင့်ကြံသူတွေကို အလိုအလျောက် လိုက်လံချည်နှောင်နိုင်ပါတယ်။ စီနီယာအစ်ကိုချီအတွက် သိပ်အသုံးမဝင်ပေမဲ့ ချီစုဆောင်းခြင်းအဆင့်မှာရှိတဲ့ ဂျူနီယာညီအစ်ကိုတွေ အတွက်တော့ အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့်ရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို ပေးစွမ်းနိုင်တဲ့ ထိပ်တန်းအဆင့် မှော်လက်နက်တစ်ခုပါပဲ…။"
လင်းဖန်၏ နောက်ဆုံးစကားကြောင့် လေ့ကျင့်ရေးကွင်းတွင်ရှိနေသော ချင်းယွင်ဂိုဏ်းမှ ချီစုဆောင်း ခြင်းအဆင့် တပည့်များစွာ၏ အကြည့်များမှာ အင်မော်တယ်ချုပ်နှောင်ကြိုးအပေါ်တွင် တပ်မက်မှုများ ဖြင့် ချက်ချင်း ပြည့်နှက်သွားတော့သည်။ တပည့်တစ်ဦးကဆိုလျှင် ဝယ်ယူလိုကြောင်းပင် ထုတ်ဖော် ပြောဆိုလာခဲ့သည်။
"စီနီယာအစ်ကိုလင်း... ဒီလိုမှော်လက်နက်မျိုးကို ထပ်ပြီး လုပ်ပေးလို့ရဦးမလား။ ကျွန်တော် တစ်ခု လောက် ဝယ်ချင်လို့ပါ။ ဘေးထွက်ဆိုးကျိုးရှိရင်တောင် ကျွန်တော် ဝယ်ဖို့ အဆင်သင့်ပါပဲ…။"
ထိုတပည့်၏စကားကို ကြားသောအခါ လင်းဖန်က သူ့ကို ဆွံ့အစွာ ကြည့်လိုက်သည်။
*ဟင်း... မင်းကတော့ အိမ်မက်မက်နေတာပဲ။ ဘေးထွက်ဆိုးကျိုးသာ မပါရင် မင်းက ဝယ်နိုင်ပါဦး မလား…*
"အဟမ်း... လူတိုင်း စိတ်မပူကြပါနဲ့။ နောင်ကျရင် ဆေးလုံးဖော်စပ်တာအပြင် လက်နက်ပြုပြင်တဲ့ စီးပွားရေးကိုလည်း ကျွန်တော် စတင်လုပ်ကိုင်သွားမှာပါ။ အဆင့်နိမ့်မှော်လက်နက်ကနေ ထိပ်တန်း အဆင့်အထိ အကုန်လုပ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ လိုအပ်တဲ့ပစ္စည်းတွေကိုတော့ ခင်ဗျားတို့ဘာသာ ပြင်ဆင်လာရမှာ ဖြစ်ပါတယ်…။"
လင်းဖန်၏စကားကို ကြားလိုက်ရသည်နှင့် ရှိနေသော ချီစုဆောင်းခြင်းအဆင့် ကျင့်ကြံသူများမှာ ချက်ချင်းပင် စိတ်လှုပ်ရှားသွားကြပြီး လင်းဖန်နှင့် အဆက်အသွယ်ရရန် တစ်ယောက်ပြီးတစ်ယောက် ရှေ့သို့ တိုးလာကြတော့သည်။
ကျိရွှယ်ကို ပွေ့ချီထားဆဲဖြစ်သော ယန်ယွီပင်လျှင် ရှေ့သို့တိုးလာကာ သူမအတွက် တစ်ခုဝယ်ပေးချင် ကြောင်း ပြောဆိုလာခဲ့သည်။
"စိတ်မပူပါနဲ့ ညီလေးယန်။ ပစ္စည်းတွေသာ အဆင်သင့်ပြင်ထားပါ ငါ သေချာပေါက် လုပ်ပေးပါ့မယ်။ အားလုံးကို အလှည့်ကျ လုပ်ပေးမှာပါ။ ညီလေးယန်... ညီမလေးကျိကို ဒီအတိုင်းကြီး ပွေ့ထားတာ မကောင်းဘူးလေ အရင်ဆုံး မင်းရဲ့ ကျင့်ကြံခြင်းဂူကို ခေါ်သွားပြီး အနားယူခိုင်းလိုက်ပါဦး…။"
လင်းဖန်၏စကားကို ကြားမှ ယန်ယွီသည် မိမိလက်ထဲတွင် လူတစ်ယောက်လုံးကို ပွေ့ထားဆဲဖြစ်မှန်း သတိရသွားသည်။
"ဪ... ဟုတ်သားပဲ၊ ကျွန်တော် အရင်ပြန်လိုက်ပါဦးမယ်။ ပစ္စည်းတွေ အဆင်သင့်ဖြစ်တာနဲ့ စီနီယာအစ်ကို့ဆီ လာခဲ့ပါ့မယ်…။"
ပြောပြီးသည်နှင့် သူသည် ကျိရွှယ်ကို ပွေ့ချီကာ ကျင့်ကြံခြင်းဂူရှိရာသို့ အလျင်အမြန် လျှောက်သွား တော့သည်။ လင်းဖန်သည်လည်း ချီစုဆောင်းခြင်းအဆင့် ကျင့်ကြံသူများ၏ တက်ကြွမှုများကြောင့် မခံမရပ်နိုင်ဖြစ် လာကာ အခြားကိစ္စရှိသည်ဟု ဆင်ခြေပေး၍ သိုင်းပြိုင်ကွင်းမှ အမြန်ထွက်လာခဲ့သည်။
*အခုတော့ ကျင့်ကြံခြင်းဂူထဲမှာ စီးပွားရေးလာအပ်မယ့်သူတွေကို စိတ်ရှည်ရှည်နဲ့ စောင့်နေရုံပဲ။ ဒီချီ စုဆောင်း ခြင်းအဆင့် တပည့်တွေအားလုံးအတွက် မှော်လက်နက်တွေ လုပ်ပေးပြီးသွားရင် ငါရလာ မယ့် စိတ် ဝိညာဉ်ကျောက်တုံးတွေက ရွှေအမြုတေအဆင့်ကို တက်လှမ်းဖို့ လုံလောက်သွားမှာပဲ။ အကယ်လို့ မလုံလောက်သေးရင်လည်း အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့် တပည့်တွေ ရှိသေးတာပဲလေ။ သူတို့ရဲ့ လက်နက်ကိရိယာတွေအားလုံးကို အဆင့်မြှင့်ပေးလိုက်ရင်တော့ သေချာ ပေါက် လုံလောက်သွားမှာပါ…*
မကြာမီ စိတ်ဝိညာဉ်ကျောက်တုံးများစွာ ရရှိတော့မည်ကို တွေးမိကာ လင်းဖန်တစ်ယောက် ပျော်ရွှင်နေ မိသည်။ ထိုစဉ်မှာပင် လီယွမ်ဖေးက သူ့ထံ သတင်းစကား ပို့လာသည်။ 'အင်မော်တယ်စုံတွဲဂိုဏ်း' ၏ ဂိုဏ်းချုပ် ကျောက်ချင်းဟယ်က ဆေးလုံးအချို့ ဝယ်ယူလိုကြောင်း ဆက်သွယ်လာခြင်းပင်။
သို့သော် လင်းဖန်ကို အံ့ဩသွားစေသည်မှာ အင်မော်တယ်စုံတွဲဂိုဏ်းမှ ဝယ်ယူလိုသော ဆေးလုံး စာရင်းတွင် 'အဆာရှောင်ဆေးလုံး' က အလိုအပ်ဆုံး ဖြစ်နေခြင်းပင်။
*အင်မော်တယ်စုံတွဲဂိုဏ်းက ဒီလောက်များတဲ့ အဆာရှောင်ဆေးလုံးတွေကို ဘာလုပ်မလို့လဲမသိဘူး။ ဒါတွေကို ထမင်းလို စားကြမလို့လား။ ဪ... ဟုတ်သားပဲ၊ သူတို့က သုံးရက်အတွင်း ထွက်ပြေးရတော့ မယ်ဆိုတော့ အစားအစာတွေ ကြိုပြင်ထားတဲ့ သဘောများလား…*
အမှန်အတိုင်းပြောရလျှင် လင်းဖန်သည် အစပိုင်းက အဆာရှောင်ဆေးလုံး စီးပွားရေးကို အထင်မကြီး ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ဈေးနှုန်းက အလွန်ချိုသာပြီး အမြတ်အစွန်းမှာ ချီစုဆောင်းခြင်း ဆေးလုံးနှင့် ယှဉ်လျှင် အကွာကြီး ကွာခြားသောကြောင့် ဖြစ်သည်။
သို့သော်လည်း 'ခြင်ကောင်လည်း အသားပဲ' ဟူသော စကားအတိုင်း ဤစီးပွားရေးကိုလည်း သူ လုပ်ရ ပေလိမ့်မည်။ ထို့အပြင် အင်မော်တယ်စုံတွဲဂိုဏ်းသည် နောင်တွင် အလားအလာရှိသော ဖောက်သည် ဖြစ်သဖြင့် ရင်းနှီးသော ဆက်ဆံရေးရှိရန် အလွန်အရေးကြီးသည်။ မျက်မှောက်က စီးပွားရေးအသေး လေးကို အထင်သေး၍ မဖြစ်ပေ။
ထို့နောက်တွင် လင်းဖန်သည် နွားတစ်ကောင်၊ မြင်းတစ်ကောင်ကဲ့သို့ အလုပ်လုပ်ကာ ထုတ်လုပ်ရေး အဖွဲ့ဆေးမီးဖိုနှင့်အတူ ဆေးဖော်စပ်ခြင်းလုပ်ငန်းကို စတင်တော့သည်။
တစ်ဖက်တွင်လည်း အင်မော်တယ်စုံတွဲဂိုဏ်းမှ ကျောက်ချင်းဟယ်သည် လင်းဖန်က အရောင်းအဝယ် ကို သဘောတူလိုက်ကြောင်း လီယွမ်ဖေး၏ သတင်းစကားကို ရရှိသဖြင့် အလွန်ဝမ်းသာသွား၏။
"ဆရာသခင်လင်း ဖော်စပ်တဲ့ အဆာရှောင်ဆေးလုံးက ဒီလောက် အစွမ်းထက်ပြီး ငါတို့ အင်မော်တယ် စုံတွဲဂိုဏ်းရဲ့ ကျင့်စဉ်တွေနဲ့ ဒီလောက်တောင် ကိုက်ညီလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။ ဒီဆေးလုံးတွေ ရှိရင် ဂိုဏ်းထဲက တပည့်တွေ ကျင့်ကြံရတာ ရေသောက်ရသလို လွယ်ကူသွားတော့မှာပဲ…။"
အင်မော်တယ်စုံတွဲဂိုဏ်း၏ ကျင့်စဉ်များသည် အနည်းငယ် ထူးခြားသည်။ ဂိုဏ်းအတွင်းရှိ စုံတွဲများ ကြားတွင် သံယောဇဉ် ပိုမိုနက်ရှိုင်းလေ ကျင့်ကြံမှုအဆင့်မှာ ပိုမိုမြန်ဆန်လေ ဖြစ်သည်။ လင်းဖန်၏ အဆာရှောင်ဆေးလုံးရှိ ဘေးထွက်ဆိုးကျိုးမှာ ဓာတ်ကူပစ္စည်းကဲ့သို့ ဖြစ်နေပြီး ၎င်းကို သောက်သုံး ပြီးနောက် ဤစုံတွဲများကြားရှိ သံယောဇဉ်ကို အရှိန်အဟုန်ဖြင့် ပိုမိုတိုးပွားစေခြင်းပင်။
ဤလွှမ်းမိုးမှုအောက်တွင် သူတို့၏ ကျင့်ကြံမှုအရှိန်မှာ သဘာဝအတိုင်း တိုးတက်လာခဲ့သည်။ ၎င်းမှာ လင်းဖန် လုံးဝ မျှော်လင့်မထားသော အရာပင်။
မူလက ချီစုဆောင်းခြင်းဆေးလုံးမှာ ကျင့်ကြံမှု တိုးတက်ရန် အကောင်းဆုံးဆေးဟု ထင်ထားခဲ့ သော်လည်း အင်မော်တယ်စုံတွဲဂိုဏ်း၏ တပည့်များအတွက်မူ အဆာရှောင်ဆေးလုံးက ပို၍ပင် အစွမ်းထက်နေခြင်းမှာ အံ့ဩစရာပင်။
နောက်ပိုင်းကာလများတွင် လင်းဖန်သည် သူ၏ ကျင့်ကြံခြင်းဂူထဲမှ အပြင်သို့ပင် မထွက်နိုင်တော့ပေ။ သူသည် နေ့စဉ် ဆေးလုံးဖော်စပ်ခြင်း သို့မဟုတ် လက်နက်ပြုပြင်ခြင်းများဖြင့်သာ အချိန်ကုန်ဆုံးနေခဲ့ပြီး ထုတ်လုပ်ရေးအဖွဲ့ဆေးမီးဖိုမှာ မြည်းတစ်ကောင်ကဲ့သို့ တစ်စက္ကန့်မျှပင် မနားနိုင်ဘဲ ရှိနေသည်။
ထုတ်လုပ်ရေးအဖွဲ့ဆေးမီးဖိုသည်လည်း လင်းဖန်နည်းတူ အဆက်မပြတ် အလုပ်လုပ်နေရသည်။ လီယွမ်ဖေး၏ စီစဉ်မှုဖြင့် လင်းဖန်၏ ကျင့်ကြံခြင်းဂူသို့ ဆေးဘက်ဝင်အပင်များစွာ အဆက်မပြတ် ရောက်ရှိ လာပြီး လင်းဖန်က ၎င်းတို့ကို ဆေးလုံးများအဖြစ် ဖော်စပ်ပေးခဲ့သည်။
ဤအတောအတွင်း ချင်းယွင်ဂိုဏ်းမှ တပည့်များသည်လည်း လက်နက်ပြုပြင်ရန် ပစ္စည်းများကို လင်းဖန်၏ ကျင့်ကြံခြင်းဂူသို့ ရံဖန်ရံခါ ယူဆောင်လာကြပြီး ကျေနပ်အားရစွာဖြင့် ပြန်သွားကြသည်။
လင်းဖန်၏ အလုပ်များသော ဘဝသည် လီယွမ်ဖေးနှင့် ချန်မိသားစုတို့ ချိန်းဆိုထားသော သုံးရက် မြောက်နေ့အထိ ဆက်ရှိနေခဲ့သည်။ သုံးရက်မြောက်သောနေ့သို့ ရောက်ရှိလာပြီဖြစ်ရာ ကတိအတိုင်း ချန်မိသားစုသည် ချင်းယွင်ဂိုဏ်းသို့ လာရောက်ရတော့မည်ဖြစ်သည်။ သူတို့ လာတောင်းပန်မလား သို့မဟုတ် ရှင်းပြချက် တောင်းမလားဆိုသည်ကို ယနေ့တွင် သိရတော့ပေမည်။
ယနေ့တွင် လီယွမ်ဖေး၊ ကော်ထျန်းနှင့် ကျောက်ချင်းဟယ်တို့သည် ချင်းယွင်ဂိုဏ်း၏ ခန်းမဆောင် ကြီးတွင် ချန်မိသားစုခေါင်းဆောင်နှင့် သွေးမိစ္ဆာဂိုဏ်းမှ လူများ ရောက်ရှိလာခြင်းကို စောင့်ဆိုင်းနေ ကြသည်။ တစ်ချိန်တည်းမှာပင် အဝေးတစ်နေရာမှ ချန်မိသားစုဝင် လေးဦးသည်လည်း ခမ်းနားထည်ဝါ သော စီတန်းလှည့်လည်မှုဖြင့် ချင်းယွင်ဂိုဏ်းရှိရာသို့ ပျံသန်းလာနေကြသည်။
ထိုလေးဦးမှာ ချန်ညီအစ်ကို သုံးဦးနှင့် သွေးမိစ္ဆာဂိုဏ်းမှ ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့် အကြီးအကဲ ကျန်းဟုန်းညန်းတို့ ဖြစ်ကြသည်။ ကျန်းဟုန်းညန်းသည် ချန်မိသားစု၏ နေအိမ်သို့ လွန်ခဲ့သော အချိန်က တည်းက ရောက်ရှိနေခြင်းပင်။ သူသည် အစပိုင်းတွင် ချန်မိသားစုထံ ရောက်သည်နှင့် ဆေးဆရာကို ချက်ချင်း ဖမ်းခေါ်ရန် စီစဉ်ခဲ့သည်။ သို့သော် ချန်မိသားစုခေါင်းဆောင် ချန်ယွမ်ရှန်း၏ ရှင်းပြချက်ကို ကြားပြီးနောက် သတိကြီးသော ကျန်းဟုန်းညန်းသည် အဆင်ခြင်မဲ့စွာ မလုပ်ဆောင်ခဲ့ပေ။
တစ်ဖက်လူသည် သူတို့၏ သွေးမိစ္ဆာဂိုဏ်းအကြောင်းကို သိနေပါလျက်နှင့် ယခုလို ရဲရဲတင်းတင်း လုပ်ဝံ့ သည်ဆိုလျှင် သူတို့နောက်ကွယ်တွင် သေချာပေါက် အင်အားကြီးသော အထောက်အပံ့ ရှိနေရမည်။ သို့သော်လည်း လွန်ခဲ့သော နှစ်ရက်အတွင်း အခြေအနေကို လေ့လာဆန်းစစ်ပြီးနောက် ကျန်းဟုန်းညန်း သည် တစ်ခုခု မှားယွင်းနေသည်ကို သတိထားမိလာသည်။
အကယ်၍ အင်အားကြီးသော ဂိုဏ်းကြီးတစ်ခုမှ တပည့်တစ်ဦးက ကိုယ်ပိုင်အင်အား ထူထောင်မည်ဆို လျှင် အဘယ်ကြောင့် ဤကဲ့သို့ ဝေးလံခေါင်သီသော အရပ်ကို ရွေးချယ်ရသနည်း။ ဤနေရာမှာ ရန်သူ တစ်ယောက်ယောက်ကို ပုန်းရှောင်နေရသကဲ့သို့ ဖြစ်နေသည်။ ထို့အပြင် တစ်ဖက်လူက ဘာလို့ သူတို့၏ ကျင့်ကြံမှုအဆင့်ကို ဖုံးကွယ်ထားရသနည်း။ ဤသည်ကလည်း သံသယဖြစ်စရာ တစ်ချက်ပင်။
သံသယများ ရှိနေသော်လည်း ကျန်းဟုန်းညန်းသည် ချိန်းဆိုထားသည့် အချိန်ကျမှ ချင်းယွင်ဂိုဏ်းသို့ သွားရောက်စုံစမ်းရန် ဆုံးဖြတ်လိုက်သည်။ အကယ်၍ တစ်ဖက်လူတွင် အမှန်တကယ် အင်အားကြီး သော နောက်ခံရှိနေပါက သူသည် စေ့စပ်ညှိနှိုင်းပေးသူအဖြစ် လုပ်ဆောင်ပြီး ဤကိစ္စကို အဆုံးသတ် လိုက်မည်။
သို့သော် တစ်ဖက်လူက ဟန်ပြခြောက်လှန့်နေခြင်းသာ ဖြစ်ပါက သူ၏ ဒေါသကို မြည်းစမ်းစေရမည်။ ထိုအခါကျလျှင် ချင်းယွင်ဂိုဏ်းဆိုသော အရာကိုသာမက ပုရွက်ဆိတ်တစ်ကောင်ကိုပင် အလွတ်ပေး မည်မဟုတ်ပေ။
ယခုတွင် ချိန်းဆိုထားသော အချိန်သို့ ရောက်ရှိလာပြီဖြစ်ရာ စိတ်မရှည်တော့သော ကျန်းဟုန်းညန်းသည် ချန်ညီအစ်ကို သုံးဦးကို ဦးဆောင်ကာ အမြန်ဆုံး ရောက်ရှိရန် ခရီးနှင်လာခဲ့သည်။
မကြာမီမှာပင် ချင်းယွင်ဂိုဏ်း၏ ခန်းမဆောင်တွင် ထိုင်နေကြသော လီယွမ်ဖေးနှင့် ကျန်နှစ်ဦးမှာ ဂိုဏ်း အပြင်ဘက်ဆီသို့ ရုတ်တရက် လှည့်ကြည့်လိုက်ကြသည်။
"သူတို့ ရောက်လာကြပြီ။ လူသုံးယောက် ဟင်… ရွှေအမြုတေအဆင့် နှစ်ယောက်နဲ့ အခြေတည်စိတ် ဝိညာဉ်အဆင့် တစ်ယောက်လား….။"