အခန်း ၅၀
Vol. 5 Ch. 50
အခန်း (၅၀) အင်အားကြီးရန်သူ ကျူးကျော်လာခြင်း
လီယွမ်ဖေး စကားပြောပြီးသည်နှင့် ကျန်းဟုန်းညန်းနှင့် အခြားသူများသည် ချင်းယွင်ဂိုဏ်း၏ အထက် ကောင်းကင်ယံသို့ ရောက်ရှိလာကြသည်။
ကျန်းဟုန်းညန်းထံမှ အချက်ပြမှုကို ရရှိပြီးနောက် ချန်ယွမ်ရှုသည် သူ၏ အခြေတည်စိတ်ဝိညာဉ်အဆင့် ကျင့်ကြံမှုကို အသုံးချကာ ချင်းယွင်ဂိုဏ်းတစ်ခုလုံး ကြားနိုင်အောင် အသံလွှင့်လိုက်သည်။ အမှန်စင်စစ် ချန်မိသားစုတွင် နေထိုင်ခဲ့သည့် နှစ်ရက်အတွင်း ကျန်းဟုန်းညန်းသည် အားနေသဖြင့် မူလက ရွှေအမြု တေအဆင့် အထွတ်အထိပ်မှာရှိသည့် သူ၏တပည့်ကို အခြေတည်စိတ်ဝိညာဉ်အဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်အောင် နည်းလမ်းအချို့ဖြင့် ကူညီပေးခဲ့ခြင်းဖြစ်သည်။ ဤအရာကို ဆေးဖော်စပ်မှု ပါရမီ ရှင်အကြောင်း သွေးမိစ္ဆာဂိုဏ်းသို့ သတင်းပို့ခဲ့သည့်အတွက် ချန်မိသားစုကို ပေးသည့် ဆုလာဘ်ဟု ဆိုနိုင် ပေသည်။
"ငါက သွေးမိစ္ဆာဂိုဏ်းက ချန်ယွမ်ရှုပဲ။ ငါ့ရဲ့ ဆရာနဲ့အတူ ချင်းယွင်ဂိုဏ်းကို ဧည့်သည်အဖြစ် ရောက်လာ တာပါ။ ချင်းယွင်ဂိုဏ်းချုပ်ကို ထွက်လာပြီး တွေ့ဆုံဖို့ တောင်းဆိုချင်ပါတယ်…။"
ဤစိတ်ချင်းဆက်သွယ်သည့် သတင်းစကားကို ကြားလိုက်ရသည့်အခါ လီယွမ်ဖေးနှင့် ကျန်နှစ်ဦးမှာ မျက်နှာပျက်သွားကြသည်။ အကြောင်းမှာ ထိုစကားကို ပြောသည့်သူမှာ သူတို့ အာရုံခံမိထားသည့် အခြေတည်စိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူ ဖြစ်နေသောကြောင့်ပင်။ တစ်ဖက်လူ၏ စကားအရ သူ၏ ဆရာလည်း အတူပါလာသည်ဆိုပါက ထိုဆရာ၏ ကျင့်ကြံမှုအဆင့်မှာ မည်မျှအထိ မြင့်မားနေ မည်နည်း။
"ဂိုဏ်းထဲက တပည့်တွေကို အမြန်အကြောင်းကြားပြီး ထွက်ပြေးဖို့ ပြင်ခိုင်းလိုက်တော့….။"
သူတို့သုံးဦးသည် အဆောင်စာရွက်များကို ထုတ်ကာ မိမိတို့၏ သက်ဆိုင်ရာဂိုဏ်းများသို့ သတင်းပို့ လိုက်ကြသည်။ ထို့နောက်တွင်တော့ မလွှဲသာမရှောင်သာဘဲ ခန်းမဆောင်ထဲမှ ထွက်ကာ သွေးမိစ္ဆာ ဂိုဏ်းမှ လူများကို ကြိုဆိုရန် ခပ်တည်တည်ဖြင့် ထွက်လာခဲ့ကြရသည်။
ထိုအချိန်တွင် ဆေးလုံးဖော်စပ်နေသော လင်းဖန်သည် သူ၏ ကျင့်ကြံခြင်းဂူထဲတွင် ရှိနေသော်လည်း ချန်ယွမ်ရှု ၏ အသံလွှင့်မှုကို ကြားလိုက်ရသည်။
"တောက်... ဘယ်သူလဲကွာ အများပြည်သူ နားအေးပါးအေးနေတာကို လာနှောင့်ယှက်နေတာ။ သာမန် ဆေးဆရာသာဆိုရင် ဒီလို အော်ဟစ်လိုက်တာနဲ့ ဆေးလုံးက ချက်ချင်း ပျက်စီးသွားမှာပဲ…။"
ကျိန်ဆဲပြီးနောက် လင်းဖန် ရုတ်တရက် ခေတ္တရပ်သွားသည်။
"ဟင်… ငါ ဆေးဖော်တာ စိတ်ဝင်စားနေတာ အချိန်တောင် မေ့သွားတယ် သုံးရက် ပြည့်သွားပြီလား။ ရန်သူတွေက တံခါးဝအထိ ရောက်လာပြီပေါ့…။"
ဤသည်ကို တွေးမိသည်နှင့် လင်းဖန်၏ မျက်လုံးများ တောက်ပလာပြီး ချက်ချင်းပင် စိတ်လှုပ်ရှား သွားတော့သည်။ သူသည် မီးဖိုထဲတွင် ဖော်စပ်ဆဲဖြစ်သော ဆေးလုံးများကိုပင် ဂရုမစိုက်တော့ဘဲ ကျင့်ကြံခြင်းဂူထဲမှ အမြန် ထွက်လာခဲ့လေသည်။
"ဟဲဟဲ... စီးပွားရေးက တံခါးဝအထိ လာအပ်တာပဲ။ ဒီတစ်ခါ ရန်သူက သိပ်ပြီး မဆင်းရဲဖို့ပဲ မျှော်လင့်ရ တာပဲ ဒါမှ ငါ ဓားပြတိုက်လို့ ကောင်းမှာ….။"
ရန်သူ တံခါးဝအထိ ရောက်လာခြင်းက ဓားပြတိုက်သည့် အလုပ်ကို ပြန်စရန် အခွင့်အရေးဟု လင်းဖန် ခံစားနေရသည်။ ဓားပြတိုက်ရမည့် အခွင့်အရေး ရနေမှတော့ ဘယ်သူက ဂူထဲမှာ အောင်းပြီး ဆေးဖော် နေချင်တော့မည်နည်း။
ထိုအချိန်တွင် လီယွမ်ဖေးနှင့် သူ၏ အဖော်နှစ်ဦးမှာ ကောင်းကင်ယံတွင် ပျံဝဲနေသော လူများကို မြင် လိုက်ရသည်။ မျှော်လင့်ထားသည့်အတိုင်းပင် ရောက်လာသူ သုံးဦးမှာ သူတို့ အာရုံခံမိသည့် လူများ မဟုတ်ဘဲ သူတို့ ကျင့်ကြံမှုအဆင့်ကို အာရုံခံ၍ မရသော အခြားတစ်ယောက်လည်း ပါလာသည်။ သွေးနီ ရောင် ဝတ်ရုံဝတ်ထားသည့် အဘိုးကြီးကို ကြည့်ရင်း ထိုသူက သူ၏ ကျင့်ကြံမှုကို လီယွမ်ဖေးတို့ထံ တမင်တကာ ထုတ်မပြထားသော်လည်း သူတို့သုံးဦးမှာ ပြင်းထန်သော ဖိအားကို ခံစားနေရသည်။
"ကျွနုပ်တို့ရဲ့ ဂိုဏ်းငယ်လေးကို သွေးမိစ္ဆာဂိုဏ်းက စီနီယာ ကြွရောက်လာတာ ဂုဏ်ယူမိပါတယ်။ ကောင်းကောင်းမွန်မွန် မကြိုဆိုနိုင်ခဲ့တာကို ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်…။"
လီယွမ်ဖေး၏ ခေါ်သံအပြီးတွင် ကျန်းဟုန်းညန်းနှင့် အခြားသူများသည် သူတို့၏ ပစ်မှတ်ကို မြင်သွားပြီး လီယွမ်ဖေးတို့ရှိရာသို့ ဆင်းသက်လာကြသည်။
"တတိယတန်းစား အင်အားစုပဲ ရှိတဲ့ ဒီလို ဝေးလံခေါင်သီတဲ့ နေရာမှာ အခြေတည်စိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူ (၅) ယောက်တောင် ရှိနေလိမ့်မယ်လို့ ငါ မထင်ထားမိဘူး။ ခင်ဗျားတို့ သုံးယောက်က အခြေ တည်စိတ်ဝိညာဉ်အဆင့် အလယ်ပိုင်းတောင် ရောက်နေတာပဲ။ စိတ်ဝင်စားစရာပဲ…။"
မြေပြင်ပေါ် ခြေချလိုက်သည်နှင့် ကျန်းဟုန်းညန်းသည် သူတို့သုံးဦး၏ ကျင့်ကြံမှုအဆင့်ကို ချက်ချင်း ထုတ်ဖော်ပြောလိုက်သည်။ ထို့အပြင် ထွက်မလာသေးသည့် အခြားသော အခြေတည်စိတ်ဝိညာဉ် အဆင့်ကျင့်ကြံသူ နှစ်ဦးကိုလည်း သူ ရှာဖွေတွေ့ရှိသွားသည်။ ထိုထွက်မလာသေးသူ နှစ်ဦးမှာ လီယွမ်ဖေးနှင့် ကျောက်ချင်းဟယ်တို့၏ ဇနီးများဖြစ်ကြသည့် လျိုယွီဝမ်နှင့် လျိုယွီကျင့် ညီအစ်မ နှစ်ဦး ပင်ဖြစ်သည်။ သူတို့မှာလည်း အခြေတည်စိတ်ဝိညာဉ်အဆင့် အစောပိုင်းတွင် ရှိကြသည်ပင်။
ကျန်းဟုန်းညန်း၏ စကားကို ကြားသောအခါ ချန်ညီအစ်ကို သုံးဦးမှာ အံ့အားသင့်သွားပြီး 'အဘိုးကြီး တွေက တော်တော် ပုန်းတတ်တာပဲ' ဟု စိတ်ထဲမှ ရေရွတ်မိကြသည်။ သို့သော် အံ့ဩမှုအပြီးတွင် ချန်ယွမ်ရှုက သူ၏ ဆရာ့စကားကို ထောက်ခံသည့်အနေဖြင့် လီယွမ်ဖေးတို့၏ သံသယဖြစ်ဖွယ် အချက် များကို လှောင်ပြောင်သလို ပြောလိုက်သည်။
"မိတ်ဆွေတို့က တကယ်ကို ပုန်းလျှိုးကွယ်လျှိုး နေတတ်တာပဲ။ ဒီလောက် အစွမ်းရှိတာကို ဒီလို ဝေးလံ တဲ့နေရာမှာ ကျင့်ကြံမှုကို ဖုံးကွယ်ပြီး နေနေတာဆိုတော့ မသိတဲ့သူဆိုရင် ရန်သူကို ပုန်းနေတာလို့တောင် ထင်ရမယ်။ ဟားဟားဟား…။"
ချန်ယွမ်ရှု၏ နောက်ပြောင်သလို ပြောလိုက်သော စကားကြောင့် လီယွမ်ဖေးတို့ သုံးဦးမှာ ကျောရိုးထဲ အထိ စိမ့်တက်သွားရသည်။ တစ်ဖက်လူက သူတို့၏ အထောက်အထားကို သံသယဝင်နေပြီ ဖြစ် ကြောင်း သူတို့ နားလည်လိုက်သည်။ အကယ်၍ ဤသံသယကို မဖြေရှင်းနိုင်ပါက ယနေ့ သူတို့ လွတ်မြောက်နိုင်တော့မည်မဟုတ်ပေ။
"မိတ်ဆွေချန်က နောက်နေတာပဲ။ ကျွန်တော်တို့က အခြေတည်စိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူတွေ ဖြစ်ပေမဲ့ ဂိုဏ်းထဲက တပည့်တွေက တော်တော်လေး အားနည်းကြပါတယ်။ ဒီလို အခြေအနေမျိုး မှာတော့ ပုန်းလျှိုးကွယ်လျှိုး နေတာကပဲ ပိုကောင်းပါတယ်…။"
"ဟုတ်ပါတယ်၊ ကျွန်တော်တို့က စတုတ္ထတန်းစား အင်အားစုလို့ ကြေညာထားပြီးမှ တပည့်တွေက အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့်ပဲ ရှိသေးတယ်ဆိုရင် လူတွေက ကြားရင် ရယ်ကြပါ လိမ့်မယ်…။"
"ဝေးလံတဲ့ နေရာက ပိုကောင်းပါတယ် အေးအေးဆေးဆေး ရှိတာပေါ့။ ကျွန်တော်တို့အားလုံးကလည်း အေးအေးဆေးဆေး နေရတာကို ကြိုက်တဲ့သူတွေပါ…။"
လီယွမ်ဖေးတို့ သုံးဦးမှာ တစ်ယောက်တစ်ပေါက် ပြောဆိုရင်း တစ်ဖက်လူ၏ သံသယများကို ဖြေ ဖျောက်ရန် ကြိုးစားနေကြသည်။ စကားစမြည် ပြောပြီးနောက် အပြင်တွင် ရပ်နေရသည်မှာ မသင့်တော် သဖြင့် လီယွမ်ဖေးက သူတို့ကို ခန်းမဆောင်ထဲသို့ ဖိတ်ခေါ်လိုက်သည်။
ကျန်းဟုန်းညန်းတို့ ခန်းမဆောင်ထဲသို့ ဝင်လိုက်သည်နှင့် ပထမဆုံး မြင်လိုက်ရသည်မှာ ခန်းမအလယ် တွင် ချိတ်ဆွဲထားသော ပျံသန်းခြင်းဓား မှော်လက်နက်ပင် ဖြစ်သည်။ ကျန်းဟုန်းညန်း ထိုဓားကို မြင်လိုက်ရသည့်အခါ မျက်လုံးများ ပြူးသွားပြီး လောဘစိတ်များ ပြည့်နှက်သွားတော့သည်။
အကြောင်းမှာ ဤဓားမှာ ဆဋ္ဌမအဆင့် မှော်လက်နက် ဖြစ်နေသောကြောင့်ပင်။ သူကိုယ်တိုင်ပင်လျှင် ဤအဆင့်ရှိသော လက်နက်မျိုးကို အသုံးမပြုနိုင်သေးပါဘဲ ဤတတိယတန်းစား ဂိုဏ်းငယ်လေးက ခန်းမဆောင်ထဲတွင် ဒီအတိုင်း ချိတ်ဆွဲထားသည်မဟုတ်ပါလား။
ထိုအချိန်တွင် ကျန်းဟုန်းညန်းသည် တစ်ဖက်လူ၏ နောက်ကွယ်တွင် အင်အားကြီးသော အထောက်အပံ့ ရှိနေသည်ကို စတင် ယုံကြည်လာတော့သည်။ ဆဋ္ဌမအဆင့်ရှိသော ဓားကို သာမန် အခြေတည်စိတ် ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ဦး မပိုင်ဆိုင်နိုင်သည်မှာ အမှန်ပင်။
ကျန်းဟုန်းညန်း၏ အံ့ဩနေသော အကြည့်ကို မြင်လိုက်ရသဖြင့် လီယွမ်ဖေး စိတ်ထဲမှ ကျိတ်၍ ဝမ်းသာ သွားသည်။ ဤအရာမှာ သူတို့က ဂိုဏ်းကြီးမှ လာသူများ ဖြစ်ကြောင်း သက်သေပြရန် အသုံးပြုမည့် ပစ္စည်းပင် ဖြစ်သည်။ ဤဓား၏ မူလအစမှာ မဟာယာနအဆင့် ရှိသော သူ၏ဆရာက ပေးခဲ့သည့် ရတနာပင် ဖြစ်သည်။
သူ့ဆရာ၏ အကြည့်ကို မြင်သောအခါ ချန်ယွမ်ရှုလည်း ထိုဓားကို လှမ်းကြည့်လိုက်သည်။ သူက ဓား၏ အဆင့်ကို မသိသော်လည်း သူ၏ဆရာပင် ဤသို့ တုံ့ပြန်နေသည်ဆိုပါက ထိုဓားမှာ အဆင့်မြင့်မှန်း သိသာလှသည်။ ချန်ယွမ်ရှုက ချက်ချင်းပင် မေးလိုက်သည်။
"မိတ်ဆွေ... ဒီဓားက ဘယ်အဆင့်လဲ။ ကြည့်ရတာ တော်တော်လေး ထူးခြားပုံပဲ…။"
ချန်ယွမ်ရှု၏ အမေးကို လီယွမ်ဖေးက အမှုမဲ့အမှတ်မဲ့ပင် ပြန်ဖြေလိုက်သည်။
"ဟဲဟဲ... မိတ်ဆွေကို အားနာလိုက်တာ။ ဒါက ကျွန်တော် ထွက်မလာခင်မှာ ဆရာက ပေးလိုက်တဲ့ ဆဋ္ဌမ အဆင့် ပျံသန်းခြင်းဓားပါ။ ဒီဓားနဲ့ ထိုက်တန်အောင် ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့်ကို အမြန်ဆုံး ရောက်အောင် ကိုယ့်ကိုယ်ကို တိုက်တွန်းတဲ့အနေနဲ့ ခန်းမထဲမှာ ချိတ်ထားတာပါ…။"
တစ်ဖက်လူ၏ ဆရာက ပေးသည့် လက်ဆောင်ဖြစ်ကြောင်း ကြားလိုက်ရသည့်အခါ ချန်ယွမ်ရှု မနာလို ဖြစ်သွားသည်။ အခြေတည်စိတ်ဝိညာဉ်အဆင့်ချင်း တူတူပင်ဖြစ်သော်လည်း တစ်ဖက်လူ၏ ဆရာက ဆဋ္ဌမအဆင့် ဓားကို ပေးသော်လည်း သူ၏ဆရာကမူ သူ့ကို ဘာမှ မပေးခဲ့ပေ။ သူ မသိသည်မှာ သူ၏ ဆရာကိုယ်တိုင်ပင်လျှင် ဤအဆင့်ရှိသော ဓားမျိုးကို အသုံးမပြုရသေးသဖြင့် သူ့ကို မပေးနိုင်ခြင်း ဖြစ်သည်ကိုပင်။
ထိုစဉ် ကျန်းဟုန်းညန်းက သူ၏ လောဘစိတ်ကို ထိန်းချုပ်ကာ ရုတ်တရက် စကားပြောလာသည်။
"ခင်ဗျားရဲ့ ဆရာက တကယ်ကို ရက်ရောပြီး ချမ်းသာတာပဲ။ ဒီလို ဆဋ္ဌမအဆင့် ဓားမျိုးကိုတောင် ဒီအတိုင်း ပေးလိုက်တယ်ဆိုတော့လေ…။"
ကျန်းဟုန်းညန်း၏ စကားကို လီယွမ်ဖေးက အမြန် ရှင်းပြလိုက်သည်။
"စီနီယာက နောက်နေပြန်ပြီ။ ကျွနုပ်တို့ဆရာက 'မဟာယာန အရှင်မြတ်' တစ်ဦးဖြစ်လို့ ဒီလို ဆဋ္ဌမ အဆင့် လက်နက်မျိုးကို အရေးမလုပ်ပါဘူး။ ဒါကြောင့် တပည့်တွေဖြစ်တဲ့ ကျွနုပ်တို့ကို ဒီအတိုင်း ပေး လိုက်တာပါ။ အမှန်အတိုင်း ပြောရရင် ကျွန်တော်တို့က ဆရာ့ဆီက အသုံးမလိုတဲ့ အမှိုက်တွေကိုပဲ ကောက်ယူထားရတာပါ…။"
ထိုစကားကို ပြောလိုက်သည်နှင့် လီယွမ်ဖေးသည် သူ၏ဆရာ ကျင့်ကြံမှုအဆင့်ကို တိုက်ရိုက် ထုတ်ဖော် လိုက်ခြင်းပင်။
*မဟာယာန အရှင်မြတ်... ခင်ဗျား ကြောက်သွားပြီမလား…*
မျှော်လင့်ထားသည့်အတိုင်းပင် "မဟာယာန အရှင်မြတ်" ဟူသော စကားကို ကြားလိုက်ရသည့်အခါ ကျန်းဟုန်းညန်း၏ နှလုံးခုန်သံမှာ ရပ်တန့်သွားမတတ် ဖြစ်သွားရသည်။ ထိုသို့သော အင်အားကြီးသူက သူတို့၏ သွေးမိစ္ဆာဂိုဏ်းကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်သည်။
သူသည် ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့်သာ ရှိသဖြင့် ထိုကဲ့သို့သော ပုဂ္ဂိုလ်၏ အမြင်တွင် သူသည် အလိုရှိသလို နင်းခြေနိုင်သည့် ပုရွက်ဆိတ်တစ်ကောင်သာ ဖြစ်ပေလိမ့်မည်။
သို့သော်လည်း ကျန်းဟုန်းညန်း၏ စိတ်ထဲတွင် သံသယအချို့ ကျန်ရှိနေသေးသည်...