← Chapters

အခန်း ၅၁

Vol. 6 Ch. 51

အခန်း ၅၁

Vol. 6 Ch. 51

အခန်း (၅၁) မြေခွေးက ကျားနောက်ခံဖြင့် ခြောက်လှန့်ခြင်း

*မဟာယာနအဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ တပည့်ဖြစ်ပြီးတော့ ဘာလို့ကျင့်ကြံမှုအဆင့်က ဒီလောက်တောင် နိမ့်ပါးနေရတာလဲ...*

*အခြေတည်စိတ်ဝိညာဉ်အဆင့်မှာပဲ ရှိနေသေးတာလား။ ဆရာ့နားမှာ အနီးကပ်ကျင့်ကြံမနေဘဲ ကိုယ်ပိုင်အင်အားစုတစ်ခုထောင်ဖို့ ထွက်လာတယ်ဆိုတာကကော ဘယ်လိုအပြုအမူမျိုးလဲ…*

ဤသည်က လီယွမ်ဖေး သတိမထားမိလိုက်သည့် အချက်ပင် ဖြစ်သည်။ သူက သူ့ဆရာ၏ မဟာယာန အဆင့် အရှိန်အဝါကို သုံးပြီး တစ်ဖက်လူကို ခြိမ်းခြောက်ဖို့ကိုသာ စဉ်းစားနေခဲ့သောကြောင့် ဤအချက် ကို လျစ်လျူရှုမိသွားခြင်း ဖြစ်သည်။

ကျန်းဟုန်းညန်း တွေးတောနေသလိုပင် အကယ်၍ မတော်တဆမှု သာ မဖြစ်ခဲ့လျှင် သူတို့သည် ဆရာ့ နားမှာပဲ အေးအေးဆေးဆေး ကျင့်ကြံနေကြဦးမည် ဖြစ်သည်။ ထို့အပြင် ဆရာ့အနားမှာသာ ဆက်လက် ကျင့်ကြံနေခဲ့လျှင် သူတို့၏ ကျင့်ကြံမှုအဆင့်မှာ ယခုကဲ့သို့ အခြေတည်စိတ်ဝိညာဉ်အဆင့်ထက် ပိုမိုမြင့် မားနေမည်မှာ သေချာလှသည်။

ဤသံသယဖြစ်ဖွယ်အချက်ကို သတိပြုမိသွားသောအခါ ကျန်းဟုန်းညန်းက ရုတ်တရက် စကားစလိုက် ပြီး စမ်းသပ်သည့်အနေဖြင့် မေးခွန်းတစ်ခု မေးလိုက်သည်။

"ဒါဆို ခင်ဗျားတို့က မဟာယာနအဆင့် စီနီယာကြီးတစ်ယောက်ရဲ့ တပည့်တွေပေါ့... မင်းတို့ လူငယ်တွေ ကတော့ ကိုယ့်ရဲ့ ကံကောင်းမှုကို ကိုယ်မသိကြဘူးပဲ။ မဟာယာနအဆင့် စီနီယာကြီးတစ်ယောက်ရဲ့ အနားမှာ ကြိုးကြိုးစားစား ကျင့်ကြံမနေဘဲ အခုလို ကိုယ်ပိုင်အင်အားစု ထူထောင်ဖို့ ထွက်လာတယ်ဆို တာက လှည်းကို နွားရှေ့က ထားသလို ဖြစ်မနေဘူးလား…။"

ကျန်းဟုန်းညန်း၏ စကားကြောင့် လီယွမ်ဖေးနှင့် အခြားသူများ၏ မျက်နှာတွင် ထိတ်လန့်သွားသည့် အမူ အရာအနည်းငယ် ဖြစ်သွားခဲ့ကြသော်လည်း ချက်ချင်းပင် ပြန်လည် ဖုံးကွယ်လိုက်ကြသည်။ အမှန်စင် စစ် ကျန်းဟုန်းညန်း၏ စကားကို ကြားလိုက်ရချိန်တွင် သူတို့ စကားမှားသွားပြီး တစ်ဖက်လူ သံသယဝင် စရာ ဖြစ်သွားပြီမှန်း သိလိုက်ကြသည်။

မျှော်လင့်ထားသည့်အတိုင်း 'ဟင်းလင်းပြင် သန့်စင်ခြင်းနယ်ပယ်' ကို ရောက်ရှိနေသည့် ကျင့်ကြံသူများ သည် ရိုးရှင်းသူများ မဟုတ်ပေ။ အခြားသူများ လျစ်လျူရှုမိသည့် ပြဿနာကို သူတို့က အလွန်လျင်မြန် စွာ ရှာတွေ့သွားကြသည်။

"ဟဲဟဲ... စီနီယာ ပြောတာ မှန်ပါတယ်။ တကယ်တော့ ကျွန်တော်တို့က ဒီခရီးကို ကျင့်စဉ်တစ်ခုအနေနဲ့ လာခဲ့ကြတာပါ။ ကျင့်ကြံမှုတွေ ပြီးသွားရင်တော့ ကျွန်တော်တို့ ဆရာ့ဆီကို မုချ ပြန်သွားကြမှာပါ…။"

လီယွမ်ဖေး၏ စကားက ထိုသံသယအတွက် အဖြေတစ်ခု ဖြစ်သော်လည်း ဤလောလောလတ်လတ် စဉ်းစားထားသည့် ဆင်ခြေက သိပ်ပြီးတော့ ယုံကြည်စရာ မကောင်းလှပေ။ ထို့အပြင် ကျန်းဟုန်းညန်း သည် စောစောက သူတို့သုံးယောက်၏ မျက်နှာပေါ်မှ ခဏတာ ထိတ်လန့်မှုကိုလည်း မြင်လိုက်ရသည်။

ယခုအချိန်တွင် ကျန်းဟုန်းညန်း၏ သံသယမှာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ နောက်တစ် ဆင့်အနေဖြင့် သူက တစ်ဖက်လူ၏ နောက်ခံအကြောင်းကို ဆက်လက်မေးမြန်းပြီး စကားပြောခြင်းမှ တစ်ဆင့် ဟာကွက်များကို ရှာဖွေရန် ကြံရွယ်လိုက်သည်။ သို့သော်လည်း တစ်ဖက်လူ သုံးယောက်လုံး သည် ယခုအခါ အလွန် သတိကြီးစွာထားနေကြပြီမှန်း သူသိသည်။ ထို့ကြောင့် အခြားအကြောင်းအရာ တစ်ခုကို အရင်ပြောပြီး သူတို့ သတိလက်လွတ်ဖြစ်ချိန်မှ ရုတ်တရက် မေးခွန်းထုတ်ရန် ဆုံးဖြတ်လိုက် သည်။

"အော်... ဒါနဲ့ ခင်ဗျားတို့ ဂိုဏ်းမှာ ထူးဆန်းတဲ့ ဆေးလုံးတွေ ဖော်စပ်နိုင်တဲ့ ဆေးဆရာတစ်ယောက် ရှိတယ်လို့ ကျွန်တော် ကြားမိတယ်။ သူနဲ့ တွေ့ဖို့ အဆင်ပြေနိုင်မလား…။"

တစ်ဖက်လူက ရှေ့က အကြောင်းအရာကို ဆက်မမေးတော့ကြောင်း ကြားရသည့်အခါ လီယွမ်ဖေးနှင့် အခြားသူများမှာ သက်ပြင်းချနိုင်သွားသည်။

"စီနီယာ... ဂိုဏ်းကို လာလည်နေတဲ့ ဆေးဆရာတစ်ယောက် ရှိတာတော့ အမှန်ပါပဲ။ ဒါပေမဲ့ သူက သာမန် အဆင့် (၁) ဆေးဆရာတစ်ယောက်ပါ ဘာမှ ထူးထူးခြားခြား မရှိပါဘူး။ ပြီးတော့ အခုအချိန်မှာ သူက ဆေးလုံးဖော်စပ်နေလောက်ပြီဆိုတော့ သွားနှောင့်ယှက်ဖို့က သိပ်မသင့်တော်ဘူး ထင်တယ်…။"

ကျန်းဟုန်းညန်းက လီယွမ်ဖေး၏ ငြင်းဆိုမှုကို ဘာမှ ပြန်မပြောသော်လည်း သူ့ကို စိုက်ကြည့်နေလိုက် သည်။ ဘေးနားတွင် ရပ်နေသည့် ချန်ယွမ်ရှုက ချက်ချင်း သဘောပေါက်သွားပြီး သူ့ဆရာ့ကိုယ်စား စကားပြောလိုက်သည်။

"ခင်ဗျား ပြောသလိုဆိုရင် အဲ့ဒီလူက အဆင့် (၁) ဆေးဆရာလေးပဲလေ... 'ဟင်းလင်းပြင် သန့်စင်ခြင်း နယ်ပယ်' ကျင့်ကြံသူတစ်ယောက်က တွေ့ချင်တယ်ဆိုတာတောင် ခေါ်လို့မရအောင် မာနကြီးနေတာ လား…။"

"မိတ်ဆွေ... ခင်ဗျား သူ့ကို သွားမေးကြည့်သင့်ပါတယ်။ 'ဟင်းလင်းပြင် သန့်စင်ခြင်းနယ်ပယ်' က ကျင့်ကြံသူတစ်ယောက်က သူ့ကို တွေ့ချင်တာဟာ သူ့အတွက် ကံကောင်းမှုတစ်ခုပဲလေ။ နောက်မှ ခင်ဗျားက သူ့ရဲ့ အခွင့်အရေးကို ပိတ်ပင်ထားတယ်ဆိုပြီး သူက ခင်ဗျားကို အပြစ်တင်နေပါဦးမယ်…။"

ချန်ယွမ်ရှု၏ စကားများကြောင့် လီယွမ်ဖေးသည် ဆက်လက်ငြင်းဆန်ရန် မဖြစ်နိုင်တော့မှန်း သိလိုက် သည်။ မဟုတ်လျှင် ဤ 'ဟင်းလင်းပြင် သန့်စင်ခြင်းနယ်ပယ်' ကျင့်ကြံသူကို တကယ်ပဲ အရှက်ခွဲလိုက် သလို ဖြစ်သွားပေလိမ့်မည်။ လီယွမ်ဖေးသည် လင်းဖန်ထံသို့ မက်ဆေ့ချ်ပို့ရန် ဆက်သွယ်ရေး အဆောင် စာရွက်ကို ချက်ချင်း ထုတ်လိုက်သည်။

ထိုစဉ်မှာပင် လူတိုင်းသည် တစ်စုံတစ်ယောက် လာနေသည်ကို အာရုံခံမိသကဲ့သို့ တံခါးဘက်သို့ လှည့် ကြည့်လိုက်ကြသည်။ ဝင်လာသူ၏ ဝတ်စုံကို မြင်လိုက်ရပြီးနောက် ချန်ယွမ်ရှုက ခပ်ဖွဖွ ရယ်မောလိုက် သည်။

"ဟဲဟဲ... မိတ်ဆွေ၊ ခင်ဗျား မက်ဆေ့ချ်ပို့ဖို့ မလိုတော့ဘူး ထင်တယ် ဆေးဆရာက သူ့အလိုလို ရောက် လာပြီ…။"

ဟုတ်ပါသည်။ အပြင်ဘက်မှ ပြေးဝင်လာသူမှာ လင်းဖန်ပင် ဖြစ်သည်။ ချန်ယွမ်ရှုက လင်းဖန်သည် ဆေးဆရာဖြစ်ကြောင်း အဘယ်ကြောင့် အတည်ပြုနိုင်သနည်းဆိုသော် ချန်ယုံက လင်းဖန်၏ ပုံပန်း သဏ္ဍာန်ကို ပြောပြထားဖူးသလို လင်းဖန်၏ ဝတ်စုံမှာလည်း ချင်းယွင်ဂိုဏ်း တပည့်များနှင့် သိသိ သာသာ ကွဲပြားနေသောကြောင့် ဖြစ်သည်။

ဂိုဏ်း၏ အဓိက ခန်းမဆောင်သို့ ရောက်လာသော လင်းဖန်သည်လည်း သူ့ရှေ့ရှိ လူစိမ်းလေးဦးကို မြင်လိုက်ရသည်။ သူသည် ချန်ညီအစ်ကို သုံးယောက်ကို လျစ်လျူရှုထားပြီး အဓိကအားဖြင့် ထိုအဖိုး ကြီးကိုသာ အာရုံစိုက်လိုက်သည်။

*ငါ သူ့ရဲ့ ကျင့်ကြံမှုအဆင့်ကို အာရုံမခံနိုင်ပေမဲ့ သူ့ရဲ့ အသက်အရွယ်အရ ကြည့်ရင်တော့ ဒီမှာရှိနေတဲ့ သူတွေထဲမှာ ကျင့်ကြံမှုအမြင့်ဆုံး ဖြစ်ရမယ်...*

*ဒီလူက ဘယ်အဆင့်လဲ ပြီးတော့ ပိုက်ဆံရော ဘယ်လောက်ရှိမလဲဆိုတာ ငါမသိဘူး...*

ထိုသို့ တွေးတောရင်း လင်းဖန်သည် တစ်ဖက်လူ၏ သိုလှောင်အိတ်ကို ရှာဖွေရန် အပေါ်အောက် အသေ အချာ လိုက်ကြည့်နေသည်။ သို့သော် တစ်ဖက်လူတွင် သိုလှောင်အိတ် ပါမလာသည်ကို တွေ့လိုက်ရ သောအခါ လင်းဖန် စိတ်ထဲ၌ မကောင်းသော ခံစားချက်တစ်ခု ဝင်လာသည်။

*မဖြစ်နိုင်တာ... အပြင်ထွက်တဲ့အခါ သိုလှောင်အိတ် ယူမလာဘူးလား…*

*ငါသာ သူ့ကို ဓားပြတိုက်ရင် ဘာမှရမှာ မဟုတ်ဘူးပေါ့…။*

*မဟုတ်ဘူး... ကျင့်ကြံခြင်းလောကမှာ သိုလှောင်အိတ်တင်မကဘူး၊ သိုလှောင်လက်စွပ် ဆိုတဲ့ ရတနာ လည်း ရှိသေးတာပဲ..*

ဤသို့တွေးမိသည်နှင့် လင်းဖန်သည် ထိုသူ၏ လက်ချောင်းရှိ လက်စွပ်ဆီသို့ ချက်ချင်း အာရုံစိုက်လိုက် သည်။

*ဒါက သိုလှောင်လက်စွပ်များလား….။*

သို့သော် သိုလှောင်လက်စွပ်များသည် သာမန် သိုလှောင်အိတ်များနှင့် မတူဘဲ ကန့်သတ်ချက် အချို့ ရှိတတ်သည်ဟု ကြားဖူးသည်။ အကယ်၍ လုယူပြီးမှ ထိုကန့်သတ်ချက်ကို မဖျက်နိုင်လျှင် အလကား ဖြစ်သွားမည် မဟုတ်ပါလား။

လင်းဖန်သည် မူလက တွေ့တွေ့ချင်း ဆဲဆိုပြီး တစ်ဖက်လူကို တိုက်ခိုက်လာအောင် ဆွပေးကာ လက်တုံ့ ပြန် သတ်ပစ်ရန် ကြံရွယ်ထားသော်လည်း ယခုအခါ ဤကိစ္စကို စိုးရိမ်မိသောကြောင့် ဆဲဆိုလိုသည့် စိတ်ကို ခေတ္တထိန်းထားပြီး နောက်မှ စုံစမ်းရန် ဆုံးဖြတ်လိုက်သည်။

"ဟဲဟဲ... မင်းက ပါရမီရှင် ဆေးဆရာ ဖြစ်ရမယ်။ ငါ မင်းရဲ့ ဆေးလုံးတွေကို တွေ့ဖူးတယ် တော်တော် လေး စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ငါတို့ သွေးမိစ္ဆာဂိုဏ်း ကို ဧည့်သည်အဖြစ် လာလည်ဖို့ မင်းဆန္ဒရှိ လား…။"

တွေ့တွေ့ချင်းပင် ကျန်းဟုန်းညန်းက သူ၏ ရည်ရွယ်ချက်ကို ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။ လူခေါ် ရုံတင်မကဘဲ တစ်ဖက်လူ၏ အလုပ်အကိုင်ကိုပါ ဖျက်ဆီးမည့် ဤစကားများကြောင့် ဘေးနားတွင် ရပ် နေသော လီယွမ်ဖေးနှင့် အခြားသူများမှာ မျက်မှောင်ကြုတ်သွားကြသည်။ သို့သော်လည်း တစ်ဖက်လူ ၏ ကျင့်ကြံမှုအဆင့်က အလွန်မြင့်မားနေသဖြင့် စိတ်ထဲမှ မကျေနပ်သော်လည်း ဘာမှ မပြောရဲကြပေ။

"အာ... ပြဿနာ မရှိပါဘူး အဆင်ပြေပါတယ်။ ဒါပေမဲ့ ဧည့်သည်အဖြစ် လာဖို့တော့ မလိုပါဘူး။ ကျွန်တော်တို့ စီးပွားရေးအကြောင်း ပြောလို့ရတာပဲ ကျွန်တော်က စီးပွားရေးလုပ်ရတာ သိပ်ဝါသနာ ပါတာ…။"

လင်းဖန်၏ ပွင့်လင်းလွန်းသော စကားများက ကျန်းဟုန်းညန်းကို အံ့အားသင့်သွားစေပြီး အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားစေသည်။

*ဘုရားရေ... ငါက ဟာလာဟင်းလင်းပြင် သန့်စင်ခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်ပါ ဒီအခြေခံ အုတ်မြစ် တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူလေးက ငါ့ကို ဒီလို စကားပြောရဲတယ်ပေါ့…*

သို့သော် လီယွမ်ဖေးနှင့် အခြားသူများ၏ နောက်ခံအင်အားကို အသေအချာ မသိရသေးသောကြောင့် ကျန်းဟုန်းညန်းက တိုက်ရိုက်ရန်စရန် မဝံ့ရဲသေးပေ။

"ဟဲဟဲ... မောင်ရင်လေးက နောက်ပြောင်တတ်တာပဲ။ စီးပွားရေးလုပ်တာကတော့ ရွေးချယ်စရာတစ်ခု ပါ ဒါပေမဲ့ မင်း အခုဖော်စပ်နေတဲ့ ဆေးလုံးတွေက ထူးဆန်းပေမဲ့ သူတို့ရဲ့ အဆင့်က နိမ့်လွန်းနေသေး တယ်။ ငါတို့ သွေးမိစ္ဆာဂိုဏ်းအတွက်တော့ အသုံးဝင်မှာ မဟုတ်ဘူး…။"

ကျန်းဟုန်းညန်း၏ စကားက ကျိုးကြောင်းဆီလျော်သော်လည်း လင်းဖန်ကတော့ တစ်ဖက်လူက သူ၏ အစွမ်းအစသည် မလုံလောက်ကြောင်းနှင့် သူတို့နှင့် တန်းတူစကားပြောရန် အရည်အချင်းမရှိကြောင်း သွယ်ဝိုက်ပြောနေသလို ခံစားရသဖြင့် စိတ်ထဲတွင်တော့ သိပ်မကျေနပ်လှပေ။

အမှန်တကယ်တော့ သာမန်အခြေအနေတွင် လင်းဖန်၏ အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့်နှင့် ဆေးဆရာအဆင့်အရ တစ်ဖက်လူပြောသည်မှာ မှန်ကန်ပါသည်။ သို့သော် ယခုမှာ ပုံမှန်အခြေအနေ မဟုတ်ပေ။ အတိဒုက္ခအဆင့် ရှိသော 'အစောင့်အရှောက်ရုပ်သေး' ရှိနေသဖြင့် လင်းဖန်သည် အလွန် ယုံကြည်မှု ရှိနေခဲ့သည်။

"ခင်ဗျား နောက်နေတာလား... ခင်ဗျားမှာ စိတ်ဝိညာဉ်ကျောက်တုံးသာ အလုံအလောက်ရှိရင် ကျွန်တော် ခင်ဗျားအတွက် အဆင့် (၉) ဆေးလုံးတောင် ရအောင်လုပ်ပေးနိုင်တယ်….။"

လင်းဖန်၏ စကားကလည်း ကျိုးကြောင်းဆီလျော်ပါသည်။ အကယ်၍ စိတ်ဝိညာဉ်ကျောက်တုံးသာ အလုံအလောက်ရှိပြီး သူ 'အတိဒုက္ခအဆင့်' သို့ ရောက်သွားလျှင် အဆင့် (၉) ဆေးလုံးများကို ဖော်စပ် နိုင်မည် မဟုတ်ပါလား။

ကျန်းဟုန်းညန်းကတော့ ယင်းကို အလေးအနက်မထားဘဲ တစ်ဖက်လူက လူငယ်သဘာဝ မာနတက်ပြီး စကားကြီးစကားကျယ် ပြောနေသည်ဟုသာ ထင်လိုက်သည်။ သို့သော်လည်း သူသည် လင်းဖန်၏ စကားပြောပုံကြောင့် စိတ်ထဲတွင် အငြိုးထားလိုက်ပြီး နောက်ပိုင်းတွင် သူ့ကို ကျွန်အဖြစ် ခိုင်းစေသည့် အခါ ပြင်းပြင်းထန်ထန် အပြစ်ပေးရန် တေးထားလိုက်ပါတော့သည်။

All Chapters