အခန်း ၅၂
Vol. 6 Ch. 52
အခန်း (၅၂) မည်သူမည်ဝါဖြစ်ကြောင်း ပေါ်ပေါက်သွားခြင်း
"ဟဲဟဲ... ငါတို့ သွေးမိစ္ဆာဂိုဏ်းကတော့ အဆင့် (၉) ဆေးလုံးတွေကို မလိုအပ်ပါဘူး။ မောင်ရင်လေး... ဒီချင်းယွင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကိုပဲ မေးကြည့်လိုက်ပါ။ သူ့ရဲ့ဆရာက မဟာယာနအဆင့် ကျင့်ကြံသူဆို တော့ သူက အဆင့် (၉) အင်အားစုတစ်ခုက လာတာလည်း ဖြစ်နိုင်တာပဲလေ…။"
ထိုသို့ပြောပြီးနောက် ကျန်းဟုန်းညန်းက လီယွမ်ဖေးဘက်သို့ လှည့်ကြည့်လိုက်သည်။ ဆေးဆရာ လင်းဖန် ဝင်ရောက်နှောင့်ယှက်လိုက်ခြင်းကြောင့် လီယွမ်ဖေးနှင့် အခြားသူများ သတိလက်လွတ် ဖြစ်သွားလောက်ပြီဟု သူယူဆကာ တစ်ဖက်လူ၏ အခြေအနေကို ထပ်မံစုံစမ်းရန် အချိန်ကျပြီဟု ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
ဘေးတွင်ရပ်နေသော ချန်ယွမ်ရှုကလည်း သူ့ဆရာ၏ အမူအရာကို မြင်သည်နှင့် လိုက်လျောညီထွေ ဖြစ်အောင် ပူးပေါင်းကာ မေးခွန်းထုတ်လိုက်သည်။
"ဘုရားရေ... အဆင့် (၉) အင်အားစုလား။ မိတ်ဆွေလီက တကယ့်ကို အရည်အချင်းတွေကို ဖုံးကွယ် ထားတာပဲ။ ခင်ဗျားတို့က ဘယ်အဆင့် (၉) အင်အားစုကလဲဆိုတာ ကျွန်တော့်ကို ပြောပြလို့ရမလား…။"
ကျန်းဟုန်းညန်းနှင့် ချန်ယွမ်ရှုတို့၏ ပူးပေါင်းစစ်မေးမှုကို ကြားလိုက်ရသောအခါ လီယွမ်ဖေးသည် ဂိုဏ်း ၏လျှို့ဝှက်ချက်ဖြစ်သည်ဟုဆိုကာ ငြင်းဆိုချင်သော်လည်း တစ်ဖက်လူ၏ အကြည့်ကို မြင်ရုံနှင့် ရှင်း လင်းသော အဖြေတစ်ခုမပေးနိုင်ပါက တစ်ဖက်လူက အလွယ်တကူ လွှတ်ပေးမည်မဟုတ်ကြောင်း သူသိလိုက်သည်။
သေချာစဉ်းစားပြီးနောက် လီယွမ်ဖေးသည် သူတို့ကို လှည့်စားရန်အတွက် ကျုံးကျိုးရှိ အဆင့် (၉) ဂိုဏ်း တစ်ခုဖြစ်သော 'သွေးတိမ်တိုက်ဂိုဏ်း' မှ ဖြစ်သည်ဟု ပြောရန် ဆုံးဖြတ်လိုက်သည်။
"ဟဟ... ဖုံးကွယ်ထားစရာတော့ မရှိပါဘူး။ အမှန်တော့ ကျွန်တော်တို့ ညီအစ်ကိုသုံးယောက်က ကျုံးကျိုးက လာတာပါ။ အဆင့် (၉) ဂိုဏ်းဖြစ်တဲ့ 'သွေးတိမ်တိုက်ဂိုဏ်း'ရဲ့ တပည့်တွေပေါ့။ ကျွန်တော့်ရဲ့ ချင်းယွင်ဂိုဏ်းဆိုတဲ့ အမည်ကလည်း သွေးတိမ်တိုက်ဂိုဏ်းက 'တိမ်တိုက်' ဆိုတဲ့ စကားလုံးကို ငှားသုံး ထားတာပါ….။"
လီယွမ်ဖေးပြောလိုက်သော သွေးတိမ်တိုက်ဂိုဏ်းသည် ကျုံးကျိုးတွင် တကယ်ပင်ရှိသော အဆင့် (၉) ဂိုဏ်းဖြစ်သော်လည်း သူတို့၏ အင်မော်တယ်တိမ်တိုက်ဂိုဏ်း နှင့် မသင့်မြတ်ဘဲ ရန်ဘက်ဖြစ်နေသော အင်အားစုတစ်ခုဖြစ်သည်။ သူသည် အင်မော်တယ်တိမ်တိုက်ဂိုဏ်းမှ ဖြစ်သည်ဟု မပြောရဲရခြင်းမှာ အကြောင်းရင်းရှိသည်။ ကျုံးကျိုးနှင့် ဤနေရာသည် အလွန်ဝေးကွာသော်လည်း အဆင့် (၉) ဂိုဏ်းတစ်ခု အမြစ်ပြတ်ချေမှုန်းခံရသည့် သတင်းမျိုးက အရှေ့ဘက်ဒေသအထိ ပျံ့နှံ့လာနိုင်သည်။
အကယ်၍ တစ်ဖက်လူက အင်မော်တယ်တိမ်တိုက်ဂိုဏ်း ပျက်စီးသွားသည်ကို ကြားဖူးခဲ့လျှင် သူက ထိုဂိုဏ်းမှဖြစ်သည်ဟု ပြောလိုက်ခြင်းမှာ ထောင်ချောက်ထဲ ကိုယ့်ခြေထောက်ဖြင့် ကိုယ်လျှောက်ဝင် သလို ဖြစ်သွားမည် မဟုတ်ပါလား။ သို့သော် လီယွမ်ဖေး မသိလိုက်သည်မှာ သူ၏ ဤအတွေးက ပြောင်းပြန်အကျိုးသက်ရောက်သွားခြင်းပင်။
"သွေးတိမ်တိုက်ဂိုဏ်း" ဟူသော အမည်ကို ကြားလိုက်ရသည်နှင့် ကျန်းဟုန်းညန်း၏ မျက်နှာတွင် ထူးဆန်းသော အမူအရာတစ်ခု ပေါ်လာသည်။ ဘေးတွင်ရှိသော ချန်ယွမ်ရှုသည်လည်း တစ်ဖက်လူက သူ၏နောက်ခံကို ထုတ်ပြောလိုက်သဖြင့် အလွန်အံ့အားသင့်သွားပြီး ခဏတာမျှ သူ့ဆရာ၏ မျက်နှာရိပ် မျက်နှာကဲကို သတိမထားမိလိုက်ပေ။
"မိတ်ဆွေက ကျုံးကျိုးက အဆင့် (၉) ဂိုဏ်းက လာတာကိုး။ ကျွန်တော်တို့ရဲ့ အသိပညာနည်းပါးမှုကို ခွင့်လွှတ်ပါဦး။ သွေးတိမ်တိုက်ဂိုဏ်းဆိုတာ ကျွန်တော်တို့ တစ်ခါမှ မကြားဖူးပေမဲ့ နာမည်ကတော့ ငါတို့ သွေးမိစ္ဆာဂိုဏ်းနဲ့ တစ်မျိုးလေး ဆင်တူနေသလိုပဲ ဟားဟားဟား…။"
ထိုသို့ပြောပြီးနောက် ချန်ယွမ်ရှုက ရယ်မောရင်း သူ့ဆရာကို လှည့်ကြည့်လိုက်သည်။ ထိုအခါမှသာ ကျန်းဟုန်းညန်း၏ မျက်နှာထားကို သတိပြုမိပြီး တစ်ခုခုမှားနေပြီမှန်း ချက်ချင်းသိလိုက်သည်။ လီယွမ်ဖေးနှင့် အခြားသူများလည်း ကျန်းဟုန်းညန်း၏ အမူအရာကို သတိထားမိလိုက်သဖြင့် ရင်ထဲ ထိတ်ခနဲ ဖြစ်သွားပြန်သည်။
*သွားပြီ... ငါ တစ်ခုခု မှားပြောမိပြန်ပြီလား။ ငါ့ကံကတော့ တကယ်ပဲ ဆိုးလိုက်တာကွာ….*
*သွေးတိမ်တိုက်ဂိုဏ်း နဲ့ သွေးမိစ္ဆာဂိုဏ်းလား... ဒီနှစ်ဂိုဏ်းကြားမှာ တစ်ခုခု ပတ်သက်မှုရှိနေတာများ လား*
*မဖြစ်နိုင်ပါဘူး။ ငါသိထားသလောက် သွေးတိမ်တိုက်ဂိုဏ်းက အရှေ့ဘက်ဒေသမှာ ဘယ်ဩဇာမှ မရှိပါဘူး။ ဒါမှမဟုတ် ကျုံးကျိုးက အဆင့် (၉) ဂိုဏ်းတွေက အခြားဒေသတွေကို ခြေဆန့်လေ့ မရှိကြ ဘူးလေ*
ထိုစဉ် ကျန်းဟုန်းညန်းက သူ၏ ထူးဆန်းသော မျက်နှာထားကို ဖျောက်ဖျက်လိုက်ပြီး အကျယ်ကြီး ရယ်မောလိုက်သည်။
"ဟားဟား... မိတ်ဆွေကတော့ တကယ်ကို နောက်ပြောင်တတ်တာပဲ။ သွေးတိမ်တိုက်ဂိုဏ်းလား... မင်းက ကျုံးကျိုးက သွေးတိမ်တိုက်ဂိုဏ်းကလာတယ်ဆိုတာ တကယ်ပဲ သေချာလား…။"
ကျန်းဟုန်းညန်း၏ ထပ်မံမေးမြန်းမှုကို ကြားရသောအခါ လီယွမ်ဖေးသည် တစ်ဖက်လူ ဘာတွေးနေမှန်း မခန့်မှန်းနိုင်တော့သဖြင့် စိတ်လှုပ်ရှားလာလေသည်။
သူ၏ အဖြေတွင် ဘာမှားသွားမှန်း မသိသဖြင့် လီယွမ်ဖေးမှာ လောင်းကြေးထပ်ရုံမှတစ်ပါး အခြားမရှိ တော့ပေ။ တစ်ဖက်လူကလည်း သဲသဲကွဲကွဲ ဘာမှ မပြောသေးသဖြင့် တစ်ဖက်လူက သူ့ကို အကဲစမ်း နေခြင်းသာ ဖြစ်လိမ့်မည်ဟု သူက လောင်းကျေးထပ်လိုက်သည်။
ထို့အပြင် ယခုအချိန်တွင် စကားကို ပြောင်းလဲပြင်ဆင်ရန်လည်း မဖြစ်နိုင်တော့ပေ။ အကယ်၍ သူက သွေးတိမ်တိုက်ဂိုဏ်းက မဟုတ်ဘဲ အခြားဂိုဏ်းကဖြစ်သည်ဟု ပြောင်းပြောလိုက်လျှင် ရယ်စရာကြီး ဖြစ်သွားမည် မဟုတ်ပါလား။
"ဟုတ်ပါတယ်... ကျွန်တော်က ကျုံးကျိုးက သွေးတိမ်တိုက်ဂိုဏ်းရဲ့ တပည့်တစ်ယောက်ပါ။ သွေးမိစ္ဆာ ဂိုဏ်းကလည်း သွေးတိမ်တိုက်ဂိုဏ်းနဲ့ တစ်ခုခုများ ပတ်သက်နေလို့လား…။"
လီယွမ်ဖေးထံမှ အတည်ပြုချက် ရရှိပြီးနောက် ကျန်းဟုန်းညန်းသည် သူ၏စိတ်ထဲတွင် ဆုံးဖြတ်ချက် တစ်ခု ချလိုက်သည်။ သူ့အမြင်တွင် အတိတ်က ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ ယခုအချိန်တွင် တစ်ဖက်လူ၌ မည်သည့်အင်အားကြီး နောက်ခံမှ ရှိမနေတော့သည်မှာ သေချာသွားပြီဖြစ်သည်။
အကြောင်းမှာ တစ်ဖက်လူသည် သွေးတိမ်တိုက်ဂိုဏ်းမှဖြစ်သည်ဟု ပြောဆိုလိုက်ခြင်းကြောင့်ပင်။ ပထမဦးစွာ သူသည် အဆင့် (၇) ဂိုဏ်း၏ အကြီးအကဲတစ်ဦးအနေဖြင့် ကျုံးကျိုးရှိ အဆင့် (၉) သွေးတိမ် တိုက်ဂိုဏ်းနှင့် ပတ်သက်သည့် သတင်းကို ကြားဖူးနားဝရှိသည်။ ကျုံးကျိုးရှိ အဆင့် (၉) သွေးတိမ်တိုက် ဂိုဏ်း တစ်ဂိုဏ်းလုံး သတ်ဖြတ်ခံရသည့် သတင်းက တစ်ဒေသလုံးကို တုန်လှုပ်စေခဲ့ပြီး အခြားဒေသမှ အင်အားကြီးအဖွဲ့အစည်းများပင် ထိုသတင်းကို သိရှိခဲ့ကြသည်။
ထိုဖြစ်ရပ် ဖြစ်ပွားခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း သူကတော့ ကောင်းကောင်း မှတ်မိနေသေးသည်။ ဤအခြေအနေတွင် တစ်ဖက်လူက သွေးတိမ်တိုက်ဂိုဏ်းမှဖြစ်သည်ဟု ပြောလိုက် ခြင်းက စိတ်ဝင်စားစရာပင်။ သူ့အမြင်တွင် ဖြစ်နိုင်ခြေ သုံးခုရှိသည်။
ပထမ ဖြစ်နိုင်ခြေမှာ တစ်ဖက်လူသည် သွေးတိမ်တိုက်ဂိုဏ်း ပျက်စီးသွားပြီးနောက် ထွက်ပြေးလွတ် မြောက် လာသည့် တပည့်ဖြစ်နိုင်သည်။ သို့သော်လည်း အကယ်၍ ထိုသို့သာဆိုလျှင် တစ်ဖက်လူသည် သွေးတိမ်တိုက်ဂိုဏ်းကို အကာအကွယ်အဖြစ် အသုံးပြုရန် ရွေးချယ်မည်မဟုတ်သောကြောင့် ဤဖြစ် နိုင်ခြေမှာ နည်းပါးလှသည်။
ဒုတိယ ဖြစ်နိုင်ခြေမှာ တစ်ဖက်လူသည် တကယ်ပင် သွေးတိမ်တိုက်ဂိုဏ်းမှ တပည့်ဖြစ်သော်လည်း ဂိုဏ်းပျက်စီးချိန်တွင် သူက အရှေ့ဘက်ဒေသသို့ ရောက်ရှိနေသဖြင့် ဂိုဏ်းပျက်စီးသွားသည်ကို မသိ ရှိခြင်းဖြစ်သည်။ ဤဖြစ်နိုင်ခြေက ပိုများသည်။
တတိယ ဖြစ်နိုင်ခြေမှာ တစ်ဖက်လူသည် သွေးတိမ်တိုက်ဂိုဏ်းမှ တပည့် လုံးဝမဟုတ်ဘဲ ထိုဂိုဏ်း၏ နာမည်ကို တစ်နေရာရာမှ ကြားဖူးရုံမျှဖြင့် အခြားသူများကို ခြိမ်းခြောက်ရန် အသုံးချနေခြင်းဖြစ်သည်။ ဤဖြစ်နိုင်ခြေက အလွန်မြင့်မားသည်။ ထို့အပြင် သွေးတိမ်တိုက်ဂိုဏ်း ပျက်စီးသွားချိန်တွင် ထိုအဆင့် (၉) ဂိုဏ်းအကြောင်းကို တစ်ဆင့်စကားဖြင့်သာ ကြားဖူးပြီး အသေးစိတ်ကို မသိရှိခြင်းလည်း ဖြစ်နိုင် သည်။
ဤအခြေအနေ သုံးခုစလုံးအရ တစ်ဖက်လူတွင် နောက်ခံအင်အား မရှိသလောက်ပင်ဖြစ်ကြောင်း သို့မ ဟုတ် ရှိလျှင်ပင် အင်အားကြီးအဖွဲ့အစည်း မဟုတ်ကြောင်း ညွှန်ပြနေသည်။ အကြောင်းမှာ သူတို့၏ သွေးမိစ္ဆာဂိုဏ်းကဲ့သို့သော အင်အားစုမျိုးက သွေးတိမ်တိုက်ဂိုဏ်း ပျက်စီးသွားသည်ကို မုချသိရှိနေ သောကြောင့် ဖြစ်သည်။
အရာအားလုံးကို စဉ်းစားပြီးနောက် ကျန်းဟုန်းညန်းသည် တစ်ဖက်လူကို ပြုံးပြနေရန် မလိုအပ်တော့ ဟု ဆုံးဖြတ်လိုက်သည်။
"ကျုံးကျိုးက အဆင့် (၉) သွေးတိမ်တိုက်ဂိုဏ်းဆိုတာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက အမြစ်ပြတ် သုတ်သင်ခံလိုက်ရပြီလေ။ မင်းတို့က သွေးတိမ်တိုက်ဂိုဏ်းရဲ့ တပည့်တွေလို့ ပြောနေမှတော့ အခု မင်းတို့ မှာ ခိုကိုးရာမဲ့နေပြီပေါ့ ဟုတ်လား…။"
ကျန်းဟုန်းညန်း၏ စကားကြောင့် လီယွမ်ဖေးနှင့် အခြားနှစ်ဦးမှာ ကြောင်အသွားကြသည်။ သူတို့သည် ဘေးအန္တရာယ်ကို ကြောက်ရွံ့နေကြသော်လည်း အဓိကအားဖြင့် ဇဝေဇဝါ ဖြစ်သွားကြခြင်းဖြစ်သည်။ ကျန်းဟုန်းညန်း၏ ထူးဆန်းသော အမူအရာမှာ သွေးမိစ္ဆာဂိုဏ်းနှင့် သွေးတိမ်တိုက်ဂိုဏ်းတို့ ပတ်သက် မှုရှိနေသောကြောင့်ဟု သူတို့ ထင်ခဲ့ကြသော်လည်း သွေးတိမ်တိုက်ဂိုဏ်းက အမြစ်ပြတ် ပျက်စီးသွား ပြီဟု သူတို့ လုံးဝ မျှော်လင့်မထားခဲ့ပေ။ ၎င်းမှာလည်း လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ဖြစ် သည်။
*ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ လွန်ခဲ့တဲ့နှစ်တွေက ပျက်စီးသွားတာ ငါတို့ရဲ့ အင်မော်တယ်တိမ်တိုက် ဂိုဏ်း မဟုတ်ဘူးလား။ သွေးတိမ်တိုက်ဂိုဏ်းကလည်း ဘာလို့ ပျက်စီးသွားရတာလဲ….။*
နှစ်ပေါင်းများစွာတိုင်အောင် သူတို့သည် မည်သည့်ဂိုဏ်းက သူတို့၏ အင်မော်တယ်တိမ်တိုက်ဂိုဏ်းကို ဖျက်ဆီးခဲ့သနည်းဟု တွေးတောနေခဲ့ကြပြီး သွေးတိမ်တိုက်ဂိုဏ်းကိုပင် သံသယဝင်ခဲ့ဖူးသည်။ ယခုမူ သွေးတိမ်တိုက်ဂိုဏ်းကလည်း ပျက်စီးသွားပြီဟု ပြောနေခြင်းမှာ သူတို့ကို နောက်ပြောင်နေခြင်းလား။
သူတို့၏ စကားဝိုင်းကို နားထောင်နေသော လင်းဖန်မှာမူ ယနေ့တွင် သတင်းအတင်းအဖျင်းများကို စုံစုံ လင်လင် ကြားလိုက်ရသဖြင့် ပြဇာတ်ကြည့်နေရသလို ခံစားနေရသည်။ သူသည် လီယွမ်ဖေး ပြောပြခဲ့ သော ဂိုဏ်းအတွေ့အကြုံများကို ပြန်လည်အမှတ်ရမိပြီး ထိုစဉ်ကပင် စနစ်၏ ရှင်းပြချက်အပေါ် အခြေ ခံကာ သံသယအချို့ ရှိခဲ့သည်။
အင်မော်တယ်တိမ်တိုက်ဂိုဏ်း ပျက်စီးသွားပြီဟူသော ခန့်မှန်းချက်မှာ သတင်းအမှား ဖြစ်နိုင်ခြေ အလွန် များသည်။ ယခု အခြားအဆင့် (၉) ဂိုဏ်းတစ်ခု၏ ပျက်စီးခြင်းအကြောင်းကို ကြားလိုက်ရသောအခါ လင်းဖန်၏ သံသယမှာ ပိုမိုနက်ရှိုင်းလာသည်။
*လီယွမ်ဖေးတို့ရဲ့ အင်မော်တယ်တိမ်တိုက်ဂိုဏ်းနဲ့ တိုက်ခိုက်ခဲ့တဲ့ ဂိုဏ်းက သွေးတိမ်တိုက်ဂိုဏ်းဖြစ်ပြီး နောက်ဆုံးမှာ သွေးတိမ်တိုက်ဂိုဏ်းကပဲ ပျက်စီးသွားတာမျိုး ဖြစ်နိုင်မလား…*
*သို့သော် လီယွမ်ဖေးတို့က အင်မော်တယ်တိမ်တိုက်ဂိုဏ်း ပျက်စီးသွားပြီဆိုတဲ့ သတင်းအမှားကို ရရှိပြီး အလောတကြီး ထွက်ပြေးလာကြတာများလား…*
*တကယ်လို့ အဲ့ဒါသာ အမှန်ဆိုရင် ဒါက အရမ်းကို ရယ်စရာကောင်းလွန်းမနေဘူးလား…*
*ဒါပေမဲ့ မဖြစ်နိုင်ပါဘူး၊ ဒီလို သတင်းမျိုးက ဘယ်လိုလုပ် မှားယွင်းပြီး ပေးပို့နိုင်မှာလဲ…*
*ဒါမှမဟုတ် ရွာထဲက သတင်းပေးအဖွဲ့က အဒေါ်ကြီးတွေက သူတို့ကို သတင်းမှား ပေးခဲ့တာများလား.*
ဤလျှို့ဝှက်ဆန်းကြယ်သော သတင်းပေးအုပ်စုမှာ မည်မျှ ကြောက်စရာကောင်းကြောင်း လင်းဖန်က တော့ အသေအချာ နားလည်ထားသည်။
"ခင်ဗျား ကြားပြီးပြီလား" ဟူသော စကားစုလေးတစ်ခုက လမ်းဘေးက ဖြတ်သွားသည့် ခွေးတစ် ကောင်၏ ဂုဏ်သိက္ခာကိုပင် ပျက်စီးသွားစေနိုင်သည် မဟုတ်ပါလား….။