အခန်း ၅၃
Vol. 6 Ch. 53
အခန်း (၅၃) နောက်ပြီးရင်တော့ ငါက စပြီး ကြွားတော့မှာ
အကယ်၍သာ ကျန်းဟုန်းညန်း ပြောသည်ကအမှန်ဆိုပါက အင်မော်တယ်တိမ်တိုက်ဂိုဏ်းက သွေးတိမ် တိုက်ဂိုဏ်း ကို ဖျက်ဆီးခဲ့တာ မထူးဆန်းသော်လည်း သတင်းတွေကတော့ သွေးတိမ်တိုက်ဂိုဏ်းက အင်မော်တယ်တိမ်တိုက်ဂိုဏ်းကို ဖျက်ဆီးလိုက်သည်ဟု ပြောင်းပြန် ပျံ့နှံ့နေခဲ့ခြင်း ဖြစ်သည်။
"သွေးတိမ်တိုက်ဂိုဏ်းက ပျက်စီးသွားတာလား... လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ကျုံးကျိုးမှာ ပျက်စီး သွားတာ အင်မော်တယ်တိမ်တိုက်ဂိုဏ်း မဟုတ်ဘူးလား…။"
"အင်မော်တယ်တိမ်တိုက်ဂိုဏ်းက သွေးတိမ်တိုက်ဂိုဏ်းကြောင့် ပျက်စီးသွားတာ မဟုတ်ဘဲ တခြားအင် အားစုတွေ ပူးပေါင်းပြီး ဖျက်ဆီးလိုက်တာများလား...။"
"ဘယ်လိုအင်အားစုကများ အင်မော်တယ်တိမ်တိုက်နဲ့ သွေးတိမ်တိုက် နှစ်ဂိုဏ်းလုံးကို တစ်ပြိုင်နက် တည်း အမြစ်ပြတ်အောင် ချေမှုန်းနိုင်ရတာလဲ... ဒါဆိုရင်... မြင့်မြတ်နယ်မြေ တစ်ခုခုများလား…။"
ယခုအချိန်တွင် လီယွမ်ဖေးနှင့် သူ၏ လုပ်ဖော်ကိုင်ဖက် နှစ်ဦးသည် ကျန်းဟုန်းညန်း မျက်နှာပေါ်ရှိ အန္တရာယ်ရှိသော အမူအရာကို သတိမထားမိကြတော့ပေ။ သူတို့ သိချင်နေသည်မှာ အင်မော်တယ်တိမ် တိုက်ဂိုဏ်းကို မည်သူက ဖျက်ဆီးခဲ့သနည်း ဆိုသည်သာ ဖြစ်သည်။ သတင်းသိနိုင်မည့်သူတစ်ဦးကို နောက်ဆုံးတွင် တွေ့လိုက်ရပြီဖြစ်သဖြင့် သူတို့ သေရမည်ဆိုလျှင်တောင် ဂိုဏ်း၏ ရန်သူမှာ မည်သူဖြစ် ကြောင်း သိပြီးမှ သေချင်ကြသည်။
ထိုသူသုံးယောက်၏ မေးခွန်းများကြောင့် ကျန်းဟုန်းညန်းမှာ ဆွံ့အသွားရသည်။
"ဘာတွေ လျှောက်ပြောနေတာလဲ…။ အင်မော်တယ်တိမ်တိုက်ဂိုဏ်းက အခုထိ ကောင်းကောင်းမွန်မွန် ရှိနေတုန်းပဲ။ အင်မော်တယ်တိမ်တိုက်ဂိုဏ်း ပျက်စီးသွားပြီလို့ မင်းတို့ကို ဘယ်သူပြောလဲ။ မင်းတို့က သတင်းကိုတောင် သေချာမသိကြဘူးပဲ။ နောက်ဘဝကျရင် အင်မော်တယ်တိမ်တိုက်ဂိုဏ်းရဲ့ အရှိန်အဝါ ကို သုံးချင်သေးတယ်ဆိုရင် အမှန်တရားကို အရင်စုံစမ်းဖို့ မှတ်ထားကြဦး။ တကယ်လို့ မင်းတို့က အင်မော်တယ်တိမ်တိုက်ဂိုဏ်းက တပည့်တွေပါလို့ ပြောခဲ့ရင် ငါတောင် မင်းတို့ကို ယုံမိသွားအုန်းမှာ ဟားဟား….။"
အင်မော်တယ်တိမ်တိုက်ဂိုဏ်း မပျက်စီးသေးကြောင်း ကြားလိုက်ရချိန်တွင် လီယွမ်ဖေးနှင့် အခြားသူ များမှာ မယုံကြည်နိုင်သော အမူအရာများ ချက်ချင်း ပေါ်လာကြသည်။
"အင်မော်တယ်တိမ်တိုက်ဂိုဏ်းက မပျက်စီးသေးဘူးလား... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဒီလို မဖြစ် သင့်ဘူးလေ…။"
"ငါတို့ရခဲ့တဲ့ သတင်းမှာတော့ အင်မော်တယ်တိမ်တိုက်ဂိုဏ်း ပျက်စီးသွားပြီလို့ အသေအချာ ပါတယ် လေ... ငါတို့ အလိမ်ခံလိုက်ရတာလား….။"
ကျန်းဟုန်းညန်းကတော့ ရှေ့ကလူ သုံးယောက်မှာ သတင်းမှား ကြားမိခဲ့သည့်အတွက် နောင်တရနေကြ သည်ဟုသာ ထင်လိုက်သည်။
"ဟဲဟဲ... အခြေတည်စိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူလေးတွေက အင်မော်တယ်တိမ်တိုက်ဂိုဏ်းကြီးကို အမြစ်ပြတ်သွားပြီလို့ ကျိန်ဆဲပြီး စကားလျှောက်ပြောနေကြတာပဲ။ တကယ့်ကို ကိုယ့်အဆင့်ကိုယ် မသိ တာပဲ။ မင်းတို့ကို သတ်ပြီးရင် အင်မော်တယ်တိမ်တိုက်ဂိုဏ်းဆီ သွားပြီး ဆုလာဘ်တွေ တောင်းလို့ရမ လားလို့တောင် တွေးနေမိတယ် ဟားဟားဟား…။"
ကျန်းဟုန်းညန်း၏ စကားကို ကြားမှ လီယွမ်ဖေးတို့ သတိပြန်ဝင်လာသည်။ ဟုတ်သားပဲ ဒီအဖိုးကြီးက သူတို့ကို သတင်းလာပေးတာ မဟုတ်ဘဲ ပြဿနာလာရှာတာပဲ။ သူတို့က သွေးတိမ်တိုက်ဂိုဏ်းက လာ တယ်လို့ ခုနက ပြောမိသွားတော့ တစ်ဖက်လူကလည်း ဒါကို အသေအချာ ယုံသွားပြီ။ အခုဆိုရင် ဘာကို မှ ဂရုမစိုက်တော့ဘဲ သူတို့ကို သတ်ဖို့ ပြင်နေလောက်ပြီ။
"စီနီယာ ခဏစောင့်ပါဦး ကျွန်တော်တို့ စကားမှားသွားတာပါ။ ကျွန်တော်တို့က အင်မော်တယ်တိမ်တိုက် ဂိုဏ်းရဲ့ တပည့်တွေ အစစ်ပါ။ ကျွန်တော်တို့ကို အင်မော်တယ်တိမ်တိုက်ဂိုဏ်းဆီ ခေါ်သွားပေးပါ။ ကျွန်တော်တို့ ဆရာနဲ့ တွေ့ရရင် စီနီယာ့ကို အများကြီး ကျေးဇူးဆပ်ပါ့မယ်….။"
ထိုသူသုံးဦးက စကားကို ချက်ချင်း ပြောင်းပြောလိုက်သည်ကို ကြားသောအခါ ကျန်းဟုန်းညန်းက မျက်နှာသေဖြင့် ကြည့်လိုက်သည်။ ထိုအမူအရာက 'ငါ့ကို အရူးလို့ ထင်နေတာလား' ဟု မေးနေသ ယောင် ရှိ၏။
ကျန်းဟုန်းညန်း၏ အမူအရာကို ကြည့်ပြီး သူတို့ ပြောတာကို မယုံတော့မှန်း သိလိုက်ရသဖြင့် သူတို့၏ ရင်ထဲတွင် မကျေနပ်မှုများ၊ အာဃာတများနှင့် စိတ်ပျက်အားငယ်မှုများ ပြည့်နှက်သွားသည်။
ဒါက ဘယ်လိုအခြေအနေမျိုးလဲ... ဂိုဏ်းက ကောင်းကောင်းရှိနေပါလျက်နဲ့ ငါတို့ကတော့ ထွက်ပြေး တိမ်းရှောင်နေရတဲ့ ဘဝကို ရောက်နေရတယ်။ အခု ဂိုဏ်းရှိသေးမှန်း သိရပြန်တော့လည်း သေဖို့က လက်တစ်ကမ်းပဲ လိုတော့တယ်။
တကယ်လို့သာ အခြေတည်စိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်သာ လာမယ်ဆိုရင် သူတို့ မှာရှိ တဲ့ ဝှက်ဖဲတွေကို သုံးပြီး တိုက်ခိုက်လို့ရသေးတယ်။ တစ်ဖက်လူကို ပြန်သတ်ဖို့တောင် အခွင့်အရေး ရှိသေးတယ်။ ဒါပေမဲ့ ရှေ့ကပြိုင်ဘက်က 'ဟင်းလင်းပြင် သန့်စင်ခြင်းနယ်ပယ်' ကျင့်ကြံသူ... သူတို့ ထက် အဆင့်နှစ်ဆင့်တောင် မြင့်နေတာပဲ။ ဘယ်လိုလုပ် ပြန်တိုက်နိုင်မှာလဲ။
လီယွမ်ဖေးတို့ သုံးယောက်က ကံကြမ္မာကို အရှုံးပေးလိုက်ကြပြီး ကျန်းဟုန်းညန်းကလည်း လက်စ ဖျောက်ရန် ပြင်လိုက်ချိန်မှာပင် သူတို့စကားဝိုင်းကို နားထောင်နေသော လင်းဖန်က စကားဝင်ပြောလိုက် သည်။
"အဖိုးကြီး... ကျွန်တော့မှာ မေးစရာတစ်ခု ရှိတယ်။ အဲ့ဒါက သိုလှောင်လက်စွပ်လား။ အဲ့ဒီအပေါ်မှာ ကန့်သတ်ချက်တွေရော ရှိလား။ တကယ်လို့ ခင်ဗျား အသတ်ခံလိုက်ရရင် ခင်ဗျားရဲ့ သိုလှောင်လက်စွပ် က အလိုအလျောက် ပျက်စီးသွားတာမျိုး ဒါမှမဟုတ် တခြားလူတွေ ဖွင့်လို့မရအောင် ဖြစ်သွားတာမျိုး မရှိဘူးမလား…။"
တိုက်ခိုက်ဖို့ ပြင်နေတဲ့ ကျန်းဟုန်းညန်းဟာ လင်းဖန်၏ စကားကြောင့် အာရုံပျံ့လွင့်သွားရလေသည်။ တစ်ဖက်လူ၏ မေးခွန်းကြောင့် စိတ်ဝင်စားသွားခြင်း မဟုတ်ဘဲ ခုနကတည်းက ဒီလူငယ်က သူ့ကို ရိုရိုသေသေ မပြောခဲ့တဲ့အပြင် အခုဆိုလျင် သူ့အား 'အဖိုးကြီး' လို့ပင် ခေါ်နေသည်ကို သတိရသွား၍ ဖြစ်သည်။
"ဟား... ကောင်လေး ငါက မင်းကို နောက်မှ ဖြည်းဖြည်းချင်း နှိပ်စက်ဖို့ ကြံထားတာ။ ဒါပေမဲ့ မင်းက ဒီလောက်တောင် သေချင်နေမှတော့ မင်းကိုပဲ အရင် စသတ်ပေးရတာပေါ့…။"
ထိုသို့ပြောပြီးနောက် ကျန်းဟုန်းညန်းက လင်းဖန်ကို တိုက်ခိုက်ရန် ပြင်လိုက်သည်။ အခြေအနေကို ပြောင်းလဲရန် မဖြစ်နိုင်တော့မှန်း မြင်လိုက်ရတဲ့ လီယွမ်ဖေးတို့ကလည်း ဒီအတိုင်း ထိုင်သေမယ့်အစား မသေခင် နောက်ဆုံးတစ်ကြိမ် ပြန်တိုက်ဖို့ ဆုံးဖြတ်လိုက်ကြလေသည်။
ဒီ 'ဟင်းလင်းပြင် သန့်စင်ခြင်းနယ်ပယ်' ကျင့်ကြံသူကို မသတ်နိုင်ရင်တောင်မှ ချန်မိသားစုက ညီအစ်ကို သုံးယောက်ကိုတော့ အတူခေါ်သွားနိုင်ဖို့ ကြိုးစားရမယ်။ မသေခင်မှာ တစ်ဖက်လူရဲ့ အင်အားစုကို အနည်းဆုံးတော့ အထိနာအောင် လုပ်သွားရမယ်။
"ဦးလေးလီ... ဘာမှ လုပ်စရာမလိုဘူး။ ဒီအဖိုးကြီးက ငါ့ကို တကယ်ပဲ ထိရဲလားဆိုတာ ငါ ဒီမှာရပ်ပြီး ကြည့်နေမလို့…။"
လီယွမ်ဖေးတို့က သူတို့၏ မှော်လက်နက်များကို ထုတ်ပြီး တိုက်ဖို့ရန်ပြင်နေစဉ်မှာပင် လင်းဖန်က အချိန်မီ တားလိုက်၏။ သူပိုင်ဆိုင်ထားသော 'အစောင့်အရှောက်ရုပ်သေး' က သူ အန္တရာယ်ကျရောက် သည့် အချိန်ကျမှသာ လှုပ်ရှားမည် ဖြစ်သည်။
အကယ်၍ လီယွမ်ဖေးက တစ်ဖက်လူကို ဒေါသထွက်အောင်လုပ်ပြီး သူတို့ကို အရင်သတ်ရန် ဆုံးဖြတ် လိုက်လျင် လင်းဖန်လည်း တားနိုင်တော့မည် မဟုတ်ပေ။ ထို့ကြောင့် လင်းဖန်က အဖိုးကြီးကို ဒေါသ ဆွပြီး သူ့အား အရင်တိုက်ခိုက်အောင် လုပ်လိုက်ခြင်းဖြစ်သည်။ ထိုအခါမှသာ သူ၏ အစောင့် ရုပ်သေး က လှုပ်ရှားလာမည် ဖြစ်သည်။
မျှော်လင့်ထားသည့်အတိုင်း လင်းဖန်၏ စကားကြောင့် ကျန်းဟုန်းညန်းက ဒေါသထွက်လွန်းသဖြင့် ရယ်မိသွားသည်။
"ဟား... မင်းကို ထိရဲလား ဟုတ်လား။ ဒီလိုမေးဖို့ မင်းကို ဘယ်သူက သတ္တိပေးလိုက်တာလဲ။ မင်းရဲ့ အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့် ကျင့်ကြံမှုကလား ဒါမှမဟုတ် ဆေးဆရာဆိုတဲ့ ဂုဏ်ပုဒ် လား….။"
"တကယ်လို့ မင်းက အဆင့်မြင့်ဆေးဆရာတစ်ယောက်ဆိုရင်တော့ ငါ နည်းနည်း စဉ်းစားဦးမှာပေါ့။ ဒါပေမဲ့ အများဆုံးမှ အဆင့် (၁) ဒါမှမဟုတ် (၂) လောက်ပဲ ရှိတဲ့ ဆေးဆရာလေးကို ငါက မထိရဲဘူး ဟုတ်လား….။"
ထိုသို့ပြောပြီးနောက် ကျန်းဟုန်းညန်းက ဝိညာဉ်စွမ်းအင်များကို စုစည်းကာ လက်ဝါးရိုက်ချက်တစ်ခု လင်းဖန်ဆီကို လွှတ်ထုတ်လိုက်လေတော့သည်။ ဤသည်က လင်းဖန်ကို သင်ခန်းစာပေးရုံသက်သက် ဖြစ်ပြီး သတ်ဖို့ မဟုတ်သောကြောင့် လင်းဖန် မသေသွားအောင် သူ့ရဲ့ အင်အားကို သေချာ ထိန်းချုပ် ထားခဲ့သည်။ ဆေးဆရာဖြစ်သော လင်းဖန်ကို သူက ကျွန်အဖြစ် ခိုင်းစေချင်သေးသောကြောင့် သတ် လိုက်လျင် အလကား ဖြစ်သွားမည်ပင်။
သို့သော်လည်း ကျန်းဟုန်းညန်းရဲ့ တိုက်ခိုက်မှုက လင်းဖန်ဆီ မရောက်ခင်မှာပင် ထူးဆန်းစွာပင် ရုတ်တ ရက် ပျောက်ကွယ်သွားသည်။ တစ်ပြိုင်နက်တည်းမှာပင် ခန်းမထဲမှာရှိသည့် လူတိုင်းသည် ပတ်ဝန်းကျင် အပူချိန်မှာ သိသိသာသာ ထိုးဆင်းသွားခြင်းကို ခံစားလိုက်ရ၏။
'ဟင်းလင်းပြင် သန့်စင်ခြင်းနယ်ပယ်' အဆင့် မှာရှိသော ကျန်းဟုန်းညန်းတောင်မှ သူ၏အရိုးထဲအထိ စိမ့်ဝင်သွားသော အအေးဒဏ်ကို ခံစားလိုက်ရသည်။ ထို့နောက် ခန်းမဆောင်ထဲ၌ လေဟာနယ်ထဲတွင် ဟင်းလင်းပြင်အက်ကြောင်းတစ်ခု ပေါ်လာပြီး ထိုအက်ကြောင်းထဲမှ ကျော့ရှင်းပြီး နတ်ဘုရားမတစ် ပါးကဲ့သို့ အရှိန်အဝါရှိသော ပုံရိပ်တစ်ခုလမ်းလျှောက် ထွက်လာခဲ့သည်။
လင်းဖန်ကတော့ သူ့ရှေ့မှာ ပေါ်လာတဲ့ အစောင့်အရှောက်ရုပ်သေးကို ကြည့်ပြီး အံ့သြနေမိသည်။
*ဟေး... ငါ့ခန္ဓာကိုယ်ပေါ်မှာ တက်တူးအဖြစ် ရှိနေရမှာ မဟုတ်ဘူးလား။ ဘာလို့ အခုလိုမျိုး ပွဲထွက်လာ ရတာလဲ။ ဒါပေမဲ့ ပွဲထွက်ပုံကတော့ တော်တော်လေး လန်းတယ် ငါ သဘောကျတယ် ဟဲဟဲ….*
လေဟာနယ် အက်ကြောင်းထဲမှ ထွက်လာပြီးနောက် ရုပ်သေးက လင်းဖန်ရဲ့ ဘေးနားတွင် တိုက်ရိုက် လာရပ်လိုက်ပြီး သူ့ရဲ့ အမိန့်ကို စောင့်နေသလိုမျိုး ရပ်နေခဲ့သည်။ လူတစ်ယောက်ကိုပဲ သတ်ရမလား ဒါမှမဟုတ် အကုန်လုံးကို သတ်လိုက်ရမလား ဆိုသည့်ပုံစံမျိုးဖြင့်…။
လင်းဖန်သည် ဤကဲ့သို့ အစွမ်းပြရမည့် အခွင့်အရေးကို လက်လွှတ်မခံနိုင်ပေ။ ရုပ်သေးအတွက် ငှားထားသော ဝတ်စုံအတွက် စိတ်ဝိညာဉ်ကျောက်တုံးများ ကုန်ကျမည်ကိုပင် သူ ဂရုမစိုက်တော့ပေ။
"ဟဲဟဲ... အဖိုးကြီး ခုနကတော့ တော်တော် လေလုံးထွားနေတာ မဟုတ်လား။ အခု ဘာလို့ တုန်နေတာ လဲ။ ဆက်ပြီးလေထွားအုန်းလေ….။"
"ငါ ပြောသားပဲ... မင်း ငါ့ကို မထိရဲပါဘူးလို့ အခု မင်း မထိခဲ့ဘူးလေ။ ကဲ... အခု ထိကြည့်လိုက်စမ်းပါဦး၊ ဘာဖြစ်မလဲဆိုတာ ကြည့်ရအောင်….။"
"ဘာလို့ အဲ့မှာ ဒီအတိုင်း ရပ်နေတာလဲ။ မရှက်ပါနဲ့ လာစမ်းကြည့်စမ်းပါ။ မင်းသာ လာစမ်းကြည့်လိုက် ရင် မင်းကိုငါ သတ်ပစ်မယ်….။"
လင်းဖန်ရဲ့ လှောင်ပြောင်မှုများကြောင့် ကျန်းဟုန်းညန်းကတော့ တစ်လက်မတောင် မလှုပ်ရဲတော့ပေ။ နောက်ပြောင်နေတာ မဟုတ်ဘူးလေ... ရှေ့မှ နတ်သမီးလေး၏ မျက်နှာတွင် မည်သည့် အမူအရာမှ မရှိသော်လည်း သူမထံမှ ထွက်ပေါ်နေသော ဖိအားမှာ ငြင်းဆို၍မရနိုင်ပေ။
ဤသူက အဆင့်မြင့်ကျင့်ကြံသူတစ်ယောက်ဆိုတာ သေချာ၏။ အနည်းဆုံးတော့ သူတို့ သွေးမိစ္ဆာဂိုဏ်း ၏ 'အခြေတည်စိတ်ဝိညာဉ်အဆင့်' ဂိုဏ်းချုပ်ဆီကတောင် ထို ဖိအားမျိုးကို သူ တစ်ခါမှ မခံစားခဲ့ဘူး ပေ။ ဤသည်က တစ်ဖက်လူသည် အနည်းဆုံးတော့ 'မဟာယာနအဆင့်' အရှင်သခင်တစ်ပါး ဖြစ်နေပြီ ဆိုသော အဓိပ္ပာယ်ပင်။
"စီနီယာ... ကျွန်တော့်အသက်ကို ချမ်းသာပေးပါ။ ကျွန်တော် မျက်စိမရှိလို့ ဒီသူရဲကောင်းလေးကို ပြစ်မှားမိတာပါ။ ကျွန်တော့်ရဲ့ အမှားကို ပြန်ပေးဆပ်ဖို့ အခွင့်အရေးတစ်ခု ပေးပါ…။"
အသက်ရှင်ချင်သည့် စိတ်က အရမ်းပြင်းထန်နေသောကြောင့် ကျန်းဟုန်းညန်းသည် ရုပ်သေးရှေ့မှာ ဒူးထောက်ပြီး အပြင်းအထန် ဦးတိုက်လိုက်လေသည်။ ထို့နောက် လင်းဖန်ဘက်ကို လှည့်ကြည့်လိုက်ပြန် သည်။
"မောင်ရင်လေး... ကျွန်တော့်ကို အခွင့်အရေးတစ်ခု ပေးပါဦး။ ကျွန်တော့်မှာရှိတဲ့ ပိုင်ဆိုင်မှုအားလုံးကို ပေးပါ့မယ် ကျွန်တော့်အသက်ကိုပဲ ချမ်းသာပေးပါ…။"
ကျန်းဟုန်းညန်းက အသနားခံနေတာကို ကြားရသောအခါ လင်းဖန်လည်း တော်တော်လေး စိတ်ကျေနပ် သွားမိတော့သည်။