အခန်း ၅၄
Vol. 6 Ch. 54
အခန်း (၅၄) အနားမှာ အတိဒုက္ခအဆင့် အစောင့်အရှောက်မပါဘဲ အပြင်ထွက်လည်လို့ ဖြစ်ပါ့မလား
"ဟားဟား... အခုမှ မှားမှန်းသိတယ်ပေါ့လေ ခုနကတော့ ဘာတွေလုပ်နေတာလဲ။ ခင်ဗျားက တကယ့် ကို အမြင်မရှိတာပဲ…။"
"ငါက ချီစုဆောင်းခြင်းအဆင့်မှာတင် တစ်ယောက်တည်း အပြင်ထွက်ရဲတယ်ဆိုတာ ဘာကို ယုံကြည် ပြီး ထွက်လာတာလို့ မင်းထင်နေတာလဲ….။"
"မင်း မစဉ်းစားမိဘူးလား..ဟမ်။ ငါ့အနားမှာ 'အတိဒုက္ခအဆင့်' အစောင့်အရှောက်သာ မရှိရင် ငါက ဒီလောက်အထိ ရဲတင်းရဲပါ့မလား….။"
လင်းဖန်၏ ကြွားဝါလွန်းသော စကားများကို ကြားရသောအခါ လူတိုင်း၏ နှုတ်ခမ်းထောင့်များ အနည်း ငယ် တွန့်ကွေးသွားကြလေသည်။
ဘယ်လိုလူစားမျိုးကမှ ချီစုဆောင်းခြင်းအဆင့်မှာတင် အတိဒုက္ခအဆင့် အစောင့်အရှောက်ကို အနားမှာ ထားနိုင်မှာ မဟုတ်ပေ။ မဟုတ်သေးဘူး... ဒီထျန်းယွမ်တိုက်ကြီးမှာ ဘယ် 'အတိဒုက္ခအဆင့်' ကျင့်ကြံသူ ကများ တခြားလူတစ်ယောက်အတွက် သက်တော်စောင့်အဖြစ် အစေခံမှာတဲ့လဲ။
ယခုအချိန်တွင် ကျန်းဟုန်းညန်းသည်လည်း သူ့ရှေ့ရှိ နတ်ဘုရားမ၏ ကျင့်ကြံမှုအဆင့်ကို အသေအချာ သိရှိသွားပြီဖြစ်သည်။ ၎င်းမှာ အတိဒုက္ခအဆင့်ပင်။
လီယွမ်ဖေးနှင့် အခြားနှစ်ဦးမှာမူ ခန့်မှန်းပြီးသား ဖြစ်သည်။ အကြောင်းမှာ သူမထံမှ ထွက်ပေါ်နေသော ဖိအားမှာ သူတို့၏ မဟာယာနအဆင့် ဆရာသခင်ထက်ပင် ပိုမိုကြီးမားနေသောကြောင့် ဖြစ်သည်။ သို့သော်လည်း သူမအတွက်တော့ မဟာယာနအဆင့်ဖြစ်စေ၊ အတိဒုက္ခအဆင့်ဖြစ်စေ လက်ဖျစ်တစ် ချက်တီးရုံဖြင့် အမှုန့်ချေပစ်နိုင်သည်မှာ အမှန်ပင်။
သူ၏ အစွမ်းကို ကြွားဝါပြီးနောက် လင်းဖန်သည် အလွန်ကျေနပ်အားရနေစဉ်မှာပင် ရုပ်သေး၏ ဝတ်စုံ ငှားခက စိတ်ဝိညာဉ်ကျောက်တုံးများ ကုန်ဆုံးနေသည်ကို ရုတ်တရက် သတိရသွားသည်။
နတ်ဘုရားမ ပေါ်လာပြီးကတည်းက ကုန်ဆုံးသွားသည့် အချိန်ကို တွက်ကြည့်လိုက်ရင်း လင်းဖန် ရင်ထဲ ထိတ်ခနဲ ဖြစ်သွားကာ ရုပ်သေးကို ချက်ချင်း သတ်ခိုင်းလိုက်လေတော့သည်။
"မင်း... မင်း... မင်း... မင်း တို့ လေးယောက်စလုံး ငရဲပြည်ကိုသွားလိုက်ကြတော့….။"
လင်းဖန်က ကျန်းဟုန်းညန်းနှင့် ကျန်သုံးယောက်ကို ငရဲမင်းထံ အမည်စာရင်း တင်သွင်းနေသကဲ့သို့ တစ်ယောက်ချင်းစီ လက်ညိုးညွှန်ပြလိုက်သည်နှင့် ဘေးနားရှိ အစောင့်ရုပ်သေးက ချက်ချင်း လှုပ်ရှား လိုက်သည်။
သို့သော် လင်းဖန်အနေဖြင့် ရုပ်သေးက မည်ကဲ့သို့လှုပ်ရှားလိုက်သည်ကိုပင် မြင်လိုက်ရခြင်း မရှိဘဲ ကျန်းဟုန်းညန်းနှင့် ချန်ညီအစ်ကို သုံးယောက်မှာ မျက်တောင်တစ်ခတ်အတွင်း ပြာအဖြစ် ပြောင်းလဲ သွားကြလေတော့သည်။
ချက်ချင်းပင် လင်းဖန်သည် ရုပ်သေးကို တစ်စက္ကန့်မျှပင် အပြင်မှာ ထားမနေရဲတော့ဘဲ ပြန်သိမ်းလိုက် တော့သည်။ အစောင့်အရှောက်ရုပ်သေး အပြင်မှာရှိနေသည့် စက္ကန့်တိုင်းမှာ စိတ်ဝိညာဉ်ကျောက်တုံး အမြောက်အမြားကို ဝါးမြိုနေသောကြောင့်ပင် ဖြစ်သည်။
* စိတ်ဝိညာဉ်ကျောက်တုံး (၂၀,၀၀၀) ပဲ ရှိတာကို ဘာလို့ စိတ်ပူနေတာလဲ။ ဟဲဟဲ... စနစ် က ငှားရမ်းတဲ့ ဝန်ဆောင်မှု ပေးသလို အကြွေးစနစ် လည်း ပေးထားသည်။ ကျောက်တုံး မရှိဘူးလား။ ပြဿနာ မရှိပါ ဘူး အရင် အကြွေးနဲ့ ဝယ်ထားလို့ ရသည်။ ကျောက်တုံးတွေ ရလာတဲ့အခါ စနစ်က အလိုအလျောက် ပြန်နှုတ်သွားပေလိမ့်မည်။*
"အား…. ငါ့ရဲ့ စိတ်ဝိညာဉ်ကျောက်တုံးလေးတွေ..."
ရုပ်သေးကို သိမ်းပြီးသည်နှင့် လင်းဖန် ပထမဆုံးလုပ်သည်မှာ စစ်နိုင်၍ရသော ပစ္စည်းများကို သိမ်း ဆည်းခြင်း မဟုတ်ဘဲ ကုန်ဆုံးသွားသည့် စိတ်ဝိညာဉ်ကျောက်တုံးများကို စစ်ဆေးခြင်း ဖြစ်သည်။ စနစ် ဟင်းလင်းပြင်ကို ကြည့်လိုက်သောအခါ သူ၏ ကျောက်တုံး (၂၀,၀၀၀) မှာ ပြောင်သလင်းခါနေသည်ကို တွေ့လိုက်ရသည်။
ထို့နောက် စနစ်၏ ရုပ်သေးထိန်းချုပ်မှု ကဏ္ဍ၌ သူ မခံစားနိုင်လောက်အောင် များပြားလှသော 'အကြွေး ' စာရင်းကြီးကို မြင်လိုက်ရလေတော့သည်။
လင်းဖန်၏ ရုတ်တရက် အော်ဟစ်လိုက်သံကြောင့် ဂုဏ်ပြု စကားပြောရန် ပြင်နေကြသော လီယွမ်ဖေး တို့မှာ ကြောင်အသွားခဲ့ကြသည်။
"ရှောင်လင်း ဘာဖြစ်တာလဲ….။ အဲ့ဒီစီနီယာကြီး ထွက်သွားလို့လား။ စိတ်ဝိညာဉ်ကျောက်တုံးလား…။ ဘယ်ကစိတ်ဝိညာဉ်ကျောက်တုံးလဲ။ မင်း စစ်နိုင်လို့ရတဲ့ ပစ္စည်းတွေကို ပြောတာလား။ ငါ အခုလေးတင် စစ်ဆေးပြီးပြီ သူတို့ရဲ့ သိုလှောင်လက်စွပ်တွေနဲ့ သိုလှောင်အိတ်တွေက အကောင်းအတိုင်းပဲ။ စီနီယာ ကြီးရဲ့ တိုက်ခိုက်မှုကြောင့် ပျက်စီးမသွားဘူး…။"
လီယွမ်ဖေးတို့က လင်းဖန်သည် အသတ်ခံရသူများ၏ သိုလှောင်အိတ်များ ပျက်စီးသွားမှာကို စိုးရိမ်နေ သည်ဟု ထင်မှတ်ကာ နှစ်သိမ့်စကား ပြောလိုက်ခြင်း ဖြစ်သည်။ ယခုအချိန်တွင် လင်းဖန်၏ မျက်လုံး များမှာ ကြောင်တောင်တောင် ဖြစ်နေသော်လည်း 'စစ်နိုင်လို့ရသော ပစ္စည်း' နှင့် 'သိုလှောင်လက်စွပ်' ဟူသော စကားလုံးများကို ကြားလိုက်ရမှ အသိပြန်ဝင်လာခဲ့သည်။
*ဟုတ်သားပဲ… စစ်နိုင်လို့ရတဲ့ ပစ္စည်းတွေ ရှိသေးတာပဲ။ အကယ်၍ ရလာမယ့် ဝင်ငွေက ထွက်ငွေထက် ပိုများနေရင်တော့ ဒီတစ်ချီက သိပ်မရှုံးဘူးလို့ ပြောလို့ရတာပေါ့…။*
ထို့နောက် လင်းဖန်သည် ကျန်းဟုန်းညန်း ရပ်နေခဲ့သည့် နေရာသို့ အမြန်လျှောက်သွားလိုက်ပြီး ကျန်းဟုန်းညန်း ဝတ်ဆင်ထားခဲ့သည့် လက်စွပ်ကို ကောက်ယူလိုက်၏။ တစ်စုံတစ်ယောက်က လုယူ သွားမှာ စိုးရိမ်နေသည့်အလား လင်းဖန်သည် လက်စွပ်ကို ကောက်ပြီးသည်နှင့် စနစ်ဟင်းလင်းပြင်ထဲသို့ ချက်ချင်း ထည့်လိုက်လေသည်။
ထိုစဉ် လီယွမ်ဖေးကလည်း ချန်ညီအစ်ကို သုံးယောက်၏ သိုလှောင်အိတ်များကို ကောက်ပေးကာ လင်းဖန်ထံ ကမ်းပေးလိုက်၏။
"ကျေးဇူးတင်ပါတယ် ဦးလေးလီ။ ဦးလေးတို့ မိသားစုက အင်မတန် ချမ်းသာပြီး အင်အားကြီးတာဆို တော့ ဒီပစ္စည်းတွေကိုတော့ ကျွန်တော်ပဲ သိမ်းထားလိုက်ပါ့မယ်….။"
လီယွမ်ဖေးကတော့ ရယ်မောပြီးသာ တုံ့ပြန်လိုက်သည်။
"ဒါပေါ့... ငါတို့ ချန်မိသားစုကို အမြစ်ပြတ် သုတ်သင်ပြီးတာနဲ့ သူတို့ရဲ့ ပိုင်ဆိုင်မှုအားလုံးကို သိမ်းကျုံးပြီး မင်းဆီ ယူလာပေးပါ့မယ်…။"
ဤစကားကို ကြားလိုက်ရသောအခါ လင်းဖန် မပျော်ဘဲ မနေနိုင်တော့ပေ။ ထိုသို့သာ တွက်ချက်ကြည့် လျှင် သူ ယခုတစ်ခေါက် သိပ်မရှုံးတော့ပေ။
ပစ္စည်းများ သိမ်းဆည်းပြီးနောက် ခန်းမထဲရှိ လီယွမ်ဖေးနှင့် အခြားသူများမှာ တစ်ယောက်မျက်နှာကို တစ်ယောက် စိုက်ကြည့်နေကြပြီး တစ်ခုခု မေးချင်နေပုံရသည်။ နောက်ဆုံးတွင် လီယွမ်ဖေးကပင် အရင် စကားစလိုက်သည်။
"ရှောင်လင်း... ခုနက တိုက်ခိုက်သွားတဲ့ စီနီယာက ဘယ်သူလဲ….။"
လီယွမ်ဖေး ဤမေးခွန်းကို မေးလိမ့်မည်ဟု လင်းဖန် ခန့်မှန်းထားပြီးသားဖြစ်ကာ အဖြေကိုလည်း ပြင်ဆင်ထားပြီး ဖြစ်သည်။
"အော်... အဲ့ဒါက ကျွန်တော့်ဆရာက ကျွန်တော့်အတွက် ဖန်တီးပေးထားတဲ့ အစောင့်အရှောက်ရုပ်သေး ပါ။ ဒီအစောင့်အရှောက် ရှိနေလို့လည်း သူက ကျွန်တော့်ကို စိတ်ချလက်ချနဲ့ အပြင်ထွက်လည်ခိုင်း တာပေါ့….။"
လင်းဖန်၏ ရှင်းပြချက်ကြောင့် လီယွမ်ဖေးတို့ သုံးယောက်မှာ ဆွံ့အသွားကြပြန်သည်။
"ရုပ်သေးဟုတ်လား…။ မင်းရဲ့ဆရာက ဆေးဖော်စပ်တာအပြင် အဲ့ဒီစွမ်းရည်မျိုးပါ ရှိတာလား… 'အတိဒုက္ခအဆင့်' ရှိတဲ့ ရုပ်သေးတဲ့လား….ဒါကတော့... အလွန်ပဲ...။"
လီယွမ်ဖေးသည် အချိန်အတော်ကြာ စဉ်းစားသော်လည်း သင့်တော်သော နာမဝိသေသနကို ရှာမတွေ့ ခဲ့ပေ။ လင်းဖန်ကပင် သူ့စကားကို ဆက်ပေးလိုက်သည်။
"စိတ်ဝိညာဉ်ကျောက်တုံး သိပ်ကုန်လွန်းတာပေါ့…။ဒီရုပ်သေးက အင်မတန် စွမ်းအားကြီးတာဆိုပေမဲ့ စိတ်ဝိညာဉ်ကျောက်တုံး အများကြီး ကုန်ပါတယ်။ တကယ်လို့ တခြားနည်းလမ်းရှိတဲ့ အခြေအနေမျိုး သာ မဟုတ်ရင် ကျွန်တော်လည်း မသုံးချင်ပါဘူး။ ကျွန်တော် မတတ်နိုင်လို့ပါ…။"
လီယွမ်ဖေးက ထောက်ခံသည့်အနေဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။ အတိဒုက္ခအဆင့်ရှိ ရုပ်သေးတစ်ရုပ် ကို အသုံးပြုရန် ကုန်ကျမည့် စိတ်ဝိညာဉ်ကျောက်တုံး ပမာဏမှာ သာမန်လူများ လက်ခံနိုင်သည့် ပမာဏ ထက် ကျော်လွန်နေမည်မှာ သေချာပါသည်။
"စိတ်မပူပါနဲ့ ရှောင်လင်း။ တကယ်လို့ သွေးမိစ္ဆာဂိုဏ်းက လူတွေ ထပ်ပြီး ပြဿနာလာရှာရင် ဒီရုပ်သေး အတွက် ကုန်ကျတဲ့ စိတ်ဝိညာဉ်ကျောက်တုံးတွေကို ငါတို့ဘက်က တာဝန်ယူပေးပါ့မယ်….။"
လီယွမ်ဖေး၏ ကတိကို ကြားရပြီးနောက် လင်းဖန်သည် သူ၏ သံသယကို ထုတ်ဖော်မေးမြန်းလိုက် သည်။
"ဦးလေးလီ... အခု ဦးလေးတို့ရဲ့ အင်မော်တယ်တိမ်တိုက်ဂိုဏ်း မပျက်စီးသေးမှန်း သိရပြီဆိုတော့ ကျုံးကျိုးကို ပြန်ဖို့ မစီစဉ်ကြဘူးလား…။"
လင်းဖန်၏ စကားကို ကြားသောအခါ လီယွမ်ဖေးက ခေတ္တမျှ စဉ်းစားပြီးနောက် ပြန်ဖြေလိုက်သည်။
"ပြန်ဖို့ကတော့ မုချ ပြန်ရမှာပါ။ ဒါပေမဲ့ အခုတော့ မဟုတ်သေးဘူး။ ငါတို့ရဲ့ တပည့်အများစုက ချီစုဆောင်းခြင်းအဆင့်မှာပဲ ရှိနေသေးတယ်။ သူတို့အားလုံး အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့်ကို ရောက်ပြီး ဓားပျံစီးနိုင်တဲ့အချိန်ကျမှ အားလုံးအတူတူ ပြန်ကြတာပေါ့…။"
ထိုစဉ် ဘေးနားရှိ ကော်ထျန်းကလည်း ဝင်ပြောလိုက်သည်။
"ဟုတ်တယ်... သူတို့က ငါတို့ ကိုယ်တိုင် လက်ခံထားတဲ့ တပည့်တွေပဲလေ။ သူတို့ကို ပစ်ထားခဲ့ပြီး ငါတို့ ချည်းပဲ ကျုံးကျိုးကို ပြန်သွားဖို့ဆိုတာ မသင့်တော်ပါဘူး…။"
လင်းဖန်က သံသယဖြင့် ထပ်မေးလိုက်သည်။
"ဦးလေးလီ... ဦးလေးတို့ ဒီကို လာတုန်းက 'တယ်လီပို့အစီရင်' ကို သုံးခဲ့တာ မဟုတ်လား။ ဘာလို့ အားလုံးအတူတူ တယ်လီပို့နဲ့ ပြန်မသွားကြတာလဲ…။"
ဤမေးခွန်းကို ကြားသောအခါ လီယွမ်ဖေးက ခါးသီးစွာ ပြုံးလိုက်သည်။
"ရှောင်လင်း... အဲ့ဒါက ပြောသလောက် မလွယ်ကူဘူး။ အရှေ့ဘက်ဒေသက ကျုံးကျိုးနဲ့ အင်မတန် ဝေးကွာ လွန်းလို့ တိုက်ရိုက်ပြန်ပို့ပေးနိုင်တဲ့ တယ်လီပို့အစီရင် မရှိဘူး။ ငါတို့ကို ဒီကို ပို့ပေးခဲ့တဲ့ တယ်လီပို့အစီရင်ကတော့ မတော်တဆမှုတစ်ခုပဲ။ အဲ့ဒီတယ်လီပို့အစီရင်က ဘာလို့ ငါတို့ကို ဒီလောက် ဝေးတဲ့အထိ ပို့ပေးနိုင်ခဲ့တာလဲဆိုတာ ငါတို့ အခုထိ နားမလည်နိုင်သေးဘူး…"
လီယွမ်ဖေး၏ ရှင်းပြချက်ကို ကြားမှ လင်းဖန် အနည်းငယ် နားလည်သွားသော်လည်း အခြား သံသယ ရှိသည်များကို ဆက်မေးလိုက်သည်။
"ဦးလေးလီ... နောက်ထပ် မေးစရာတစ်ခု ရှိသေးတယ်။ ဦးလေးတို့ရဲ့ အင်မော်တယ်တိမ်တိုက်ဂိုဏ်းက မပျက်စီးဘူးဆိုရင် သူတို့က ဦးလေးတို့ဆီ ဘာလို့ သတင်းမပို့ကြတာလဲ။ ပြီးတော့ ဂိုဏ်းမှာ လူတစ် ယောက် အသက်ရှင်လား သေလားဆိုတာ သိနိုင်တဲ့ 'သက်စောင့်အမှတ်အသား' လိုမျိုး ရှိရမှာ မဟုတ် ဘူးလား…။"
ဤမေးခွန်းကိုတော့ လီယွမ်ဖေးက အနည်းငယ် ရှက်ကိုးရှက်ကန်းဖြင့် ပြန်ဖြေလိုက်သည်။
"အဲ့ဒါကတော့... ရန်သူတွေက ငါတို့နောက်ကို ခြေရာခံပြီး လိုက်မလာနိုင်အောင်လို့ ငါတို့က ဆက်သွယ် ရေး အဆောင်စာရွက်တွေနဲ့ သက်စောင့်အမှတ်အသား အားလုံးကို ဖျက်ဆီးပစ်ခဲ့ပြီး အဆက်အသွယ် လုံးဝ ဖြတ်တောက်ခဲ့လိုက်လို့ပါ…။"
ဤအဖြေကြောင့် လင်းဖန်မှာ ဆွံ့အသွားရတော့သည်။ သံသယများ ပြေလည်သွားပြီးနောက် လင်းဖန် သည် နောက်ထပ် မေးစရာမရှိတော့သဖြင့် နားချင်သည်ဟု ဆင်ခြေပေးကာ သူ၏ ကျင့်ကြံခြင်းဂူသို့ ပြန်လာခဲ့သည်။
လီယွမ်ဖေးနှင့် သူ၏ လုပ်ဖော်ကိုင်ဖက် နှစ်ဦးကတော့ ဒီအတိုင်း ငြိမ်မနေဘဲ ချန်မိသားစုကို အမြစ်ပြတ် ချေမှုန်းရန် ချက်ချင်း ထွက်ခွာသွားကြတော့သည်။ သူတို့ ရက်စက်သည်ဟု အပြစ်တင်၍ မရပေ။ အကြောင်းမှာ ယနေ့ လင်းဖန်၏ အစောင့်အရှောက်ရုပ်သေးသာ မရှိခဲ့လျှင် အမြစ်ပြတ် သုတ်သင်ခံ ရမည့်သူမှာ သူတို့ကိုယ်တိုင် ဖြစ်သွားနိုင်သောကြောင့်ပင်။
ကျင့်ကြံခြင်းဂူသို့ ပြန်ရောက်သောအခါ လင်းဖန်သည် သူရရှိလာသော ပစ္စည်းများကို စစ်ဆေးရန် မစောင့် နိုင်တော့ပေ။ 'ဟင်းလင်းပြင် သန့်စင်ခြင်းနယ်ပယ်' ကျင့်ကြံသူတစ်ဦးထံမှ ဘာတွေ ရနိုင်မလဲ ဆိုသည်ကို လင်းဖန် အလွန် ရင်ခုန်နေမိတော့သည်။