အခန်း ၅၆
Vol. 6 Ch. 56
အခန်း (၅၆) သွေးမိစ္ဆာဂိုဏ်း၏ စုံစမ်းစစ်ဆေးမှု
လင်းဖန်က ဟင်းလင်းပြင်တိုကင်များကို စုစည်းဖန်တီးနေစဉ်အချိန်မှာပင် သွေးမိစ္ဆာဂိုဏ်း၏ ဝိညာဉ်နန်း ဆောင် အတွင်း၌ ကင်းလှည့်ရန် တာဝန်ကျသော တပည့်တစ်ဦးသည် နန်းဆောင်အတွင်းရှိ များပြားလှ သော သက်စောင့်အမှတ်အသားများကို ပုံမှန်အတိုင်း စစ်ဆေးနေခဲ့သည်။
ထိုတပည့်သည် နန်းဆောင်အတွင်းကို ဝတ်ကျေတန်းကျေ တစ်ချက်ကြည့်လိုက်ပြီးနောက် ပြန်ထွက်ရန် ပြင်လိုက်သည်။ သို့သော် သူလှည့်အထွက်မှာပင် ရုတ်တရက် တုံ့ခနဲ ဖြစ်သွားသည်။
"ဟင်... ခုနက သက်စောင့်အမှတ်အသားတစ်ခု အက်ကွဲသွားသလိုပဲ။ မဟုတ်ပါဘူး... ငါ မျက်စိမှားတာ ဖြစ်မှာပါ…။"
ယခုအချိန်တွင် သူသည် ထိုကဲ့သို့ ရှားရှားပါးပါး အဖြစ်အပျက်မျိုးနှင့် ကြုံတွေ့ရသည်ဟု ယုံကြည်မည့် အစား သူ့မျက်စိကိုသာ သူ ပြန်မယုံချင်ဘဲ ဖြစ်နေသည်။ သို့သော် ထိုသို့ပြောနေရင်းပင် မယုံကြည်နိုင် သော မျက်နှာပေးဖြင့် အတည်ပြုရန်အတွက် နောက်သို့ ပြန်လှည့်ကြည့်လိုက်လေသည်။
ပြန်လှည့်ကြည့်လိုက်သည်နှင့် ထိုတပည့်သည် ဒုတိယတန်းတွင် အက်ကွဲနေသော သက်စောင့်အမှတ် အသားကို မြင်လိုက်ရသဖြင့် မယုံနိုင်ဘဲ မျက်လုံးကို ပွတ်ကြည့်လိုက်မိသည်။ သူ မျက်စိမှားခြင်း မဟုတ် ကြောင်း ထပ်ခါတလဲလဲ အတည်ပြုပြီးနောက် ထိုတပည့်သည် ဝိညာဉ်နန်းဆောင်ထဲမှ သုတ်ခြေတင် ပြေးထွက်သွားပြီး ဂိုဏ်း၏ ခန်းမဆောင်ကြီးဆီသို့ ဦးတည်သွားလေတော့သည်။
ခေတ္တမျှအကြာတွင် သွေးမိစ္ဆာဂိုဏ်းချုပ်သည် သတင်းကြားကြားချင်း ရောက်လာသော အကြီးအကဲ များ၊အဆင့်မြင့်ကျင့်ကြံသူ အများအပြားနှင့်အတူ ဝိညာဉ်နန်းဆောင်သို့ ရောက်ရှိလာသည်။
"ဒါ... ဒါက အဖိုးကြီးကျန်းရဲ့ သက်စောင့်နာမည်ပြား မဟုတ်လား။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ….။"
"သက်စောင့်အမှတ်အသား အက်ကွဲသွားပြီဆိုတော့ အကြီးအကဲကျန်း... အသတ်ခံလိုက်ရပြီပေါ့…။"
"ငါတို့ သွေးမိစ္ဆာဂိုဏ်းရဲ့ အကြီးအကဲကို ဘယ်သူကများ လုပ်ကြံရဲတာလဲ။ ဒီကိစ္စကို မုချ လက်စားချေရ မယ်…။"
"ဟုတ်ပါတယ် ဂိုဏ်းချုပ်။ သေဆုံးသွားတဲ့ အကြီးအကဲကျန်းအတွက် ကျွန်တော်တို့ လက်စားချေပေးရ ပါမယ်…။"
အကြီးအကဲများ၏ စကားကို ကြားသောအခါ သွေးမိစ္ဆာဂိုဏ်းချုပ် ဝမ်ယွီအန်း က ချက်ချင်း ပြန်မဖြေ သေးဘဲ လက်ကိုတစ်ချက် ဝှေ့ယမ်းလိုက်ရာ ကျန်းဟုန်းညန်း၏ သက်စောင့်အမှတ်အသားသည် သူ၏ လက်ထဲသို့ တိုက်ရိုက် ပျံဝဲရောက်ရှိလာခဲ့သည်။
ကျန်းဟုန်းညန်း၏ သက်စောင့်အမှတ်အသားကို ကိုင်ထားပြီးနောက် ဝမ်ယွီအန်းသည် မျက်လုံးကိုမှိတ် ကာ သူ၏ နတ်ဘုရားအာရုံ ဖြင့် စိတ်ရှည်လက်ရှည် အာရုံခံကြည့်လိုက်သည်။ ခဏအကြာတွင် မျက်လုံး မှိတ်ထားသော ဝမ်ယွီအန်းသည် ရုတ်တရက် မျက်လုံးပွင့်လာပြီး သူ၏မျက်ဝန်းထဲတွင် ဇဝေဇဝါ ဖြစ်နေ သော အရိပ်အယောင်များ ပြည့်နှက်နေသည်။
ဝမ်ယွီအန်း၏ မျက်လုံးထဲမှ တုန်လှုပ်မှုကို မြင်လိုက်ရသဖြင့် အကြီးအကဲများသည် ဘာမှ ထပ်မပြောရဲ တော့ဘဲ ဂိုဏ်းချုပ်၏ ရှင်းပြချက်ကိုသာ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေခဲ့ကြသည်။
"သူက ချက်ချင်း သေသွားတာပဲ။ အကြီးအကဲကျန်းက ဘာမှ ပြန်မခုခံနိုင်ခဲ့ပုံရသလို ဘာသတင်း မှလည်း ပြန်မပို့နိုင်ခဲ့ဘူး…။"
ဝမ်ယွီအန်း၏ ခွဲခြမ်းစိတ်ဖြာချက်ကို ကြားလိုက်ရချိန်တွင် ရောက်ရှိနေသော အကြီးအကဲ အများအပြား မှာ ထိတ်လန့်သွားကြသည်။ ကျန်းဟုန်းညန်း၏ ကျင့်ကြံမှုအဆင့်သည် သူတို့နှင့် အဆင့်တူပင် ဖြစ် သည်။ အကယ်၍ ကျန်းဟုန်းညန်းက မျက်တောင်တစ်ခတ်အတွင်း သေသွားနိုင်သည်ဆိုလျှင် သူတို့ လည်း ထိုနည်းတူပင် ဖြစ်လိမ့်မည်။
ရန်သူက ဘယ်သူလဲ။ သူတို့ဂိုဏ်းကို ဆက်ပြီး တိုက်ခိုက်ဦးမှာလား။ သူတို့ရော ဒီလို အန္တရာယ်မျိုးနဲ့ ရင်ဆိုင်ရဦးမှာလား။
အကြီးအကဲများ၏ မျက်နှာပေါ်မှ ထိတ်လန့်မှုကို မြင်သောအခါ ဝမ်ယွီအန်းက အေးစက်စွာ နှာခေါင်းရှုံ့ လိုက်သည်။
"စုံစမ်းကြစမ်း…။ ကျန်းဟုန်းညန်း နောက်ဆုံး ဘယ်ကိုသွားလဲ ဘယ်သူတွေနဲ့ တွေ့ခဲ့လဲဆိုတာ ငါ သိချင်တယ်…။"
ဝမ်ယွီအန်း၏ အမိန့်ကြောင့် အကြီးအကဲများသည် ချက်ချင်းပင် လှုပ်ရှားကြပြီး ဂိုဏ်းအတွင်းရှိ တပည့် များစွာကို ခေါ်ယူကာ မေးမြန်းစုံစမ်းကြတော့သည်။ မကြာမီမှာပင် ထိုနေ့က တံခါးစောင့်တာဝန်ကျ သော တပည့်နှစ်ဦးကို ဂိုဏ်း၏ ခန်းမဆောင်ကြီးသို့ ခေါ်ဆောင်လာခဲ့သည်။
"မင်းတို့နှစ်ယောက် သိသမျှ အကုန်ပြောပြစမ်း။ တစ်ခုခု ဖုံးကွယ်ထားတာ သိရင်တော့ ဂိုဏ်းစည်းကမ်း အတိုင်း အပြစ်ပေးခံရမယ်…။"
ကြီးမားသော ဖိအားအောက်တွင် တံခါးစောင့်တပည့်နှစ်ဦးသည် ထိုနေ့က သူတို့မြင်ခဲ့၊ ကြားခဲ့ရသည် များကို တစ်ခုပြီးတစ်ခု ပြန်ပြောပြခဲ့ကြသည်။
"ဂိုဏ်းချုပ်ကို တင်ပြပါတယ် အကြီးအကဲကျန်းက သူရဲ့တပည့် ချန်ယွမ်ရှု နဲ့ ဂိုဏ်းပြင်ပက လူတစ် ယောက်ကို ခေါပြီး ဂိုဏ်းထဲက ထွက်သွားခဲ့ပါတယ်…။"
"ဟုတ်ပါတယ် အဲ့ဒီပြင်ပလူက ချန်ယွမ်ရှုရဲ့ အစ်ကိုဖြစ်ပုံရပါတယ်။ ချန်ယွမ်ရှုက ကျွန်တော်တို့ကို လာဘ်ထိုး တာကြောင့် ကျွန်တော်တို့လည်း သူ့ကို ပေးဝင်လိုက်တာပါ…။"
"သူတို့နှစ်ယောက် ဂိုဏ်းထဲဝင်ပြီးနောက် ချန်ယွမ်ရှုရဲ့ ကျင့်ကြံခြင်းဂူကို တန်းသွားကြပြီး တစ်ခုခု ဆွေးနွေး နေကြပါတယ်။ မကြာခင်မှာပဲ အကြီးအကဲကျန်းက သူတို့ဂူထဲက ရုတ်တရက် ထွက်လာပြီး သူတို့ကို ခေါ်သွားတာပါ…။"
"ဂိုဏ်းချုပ်ခင်ဗျား... ဒါ ကျွန်တော်တို့ သိသမျှ အကုန်ပါပဲ။ ဘာမှ ဖုံးကွယ်မထားပါဘူး…။"
သူတို့၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ဝမ်ယွီအန်းသည် ခဏမျှစဉ်းစားကာ ချန်ယွမ်ရှုဆိုသော တပည့်၏ ကျင့်ကြံခြင်းဂူသို့ သွားရောက်ပြီး သဲလွန်စ ရှာဖွေရန် ဆုံးဖြတ်လိုက်သည်။
"မင်းတို့နှစ်ယောက်... ခွင့်ပြုချက်မရှိဘဲ ပြင်ပလူကို ဂိုဏ်းထဲ ပေးဝင်တဲ့အတွက် အပြစ်ပေးဆောင်ကို သွားပြီး အပြစ်ဒဏ်ခံယူကြ…။"
ဂိုဏ်းချုပ်၏ အမိန့်ကို ကြားသောအခါ တပည့်နှစ်ဦးမှာ ခါးသီးစွာ ပြုံးလိုက်ကြသည်။ အမှန်တကယ် တော့ ပြင်ပလူကို ဂိုဏ်းထဲ ပေးဝင်ခြင်းမှာ အမြဲတမ်းလိုလို ဖြစ်လေ့ရှိပြီး အပြစ်ပေးလေ့လည်း မရှိချေ။ သို့သော် သူတို့ ကံမကောင်း၍သာ ဖြစ်သည်။ သူတို့ ပေးဝင်လိုက်သောလူက ပြဿနာဖြစ်စေခဲ့သည် မဟုတ်ပါလား။ သူတို့အနေဖြင့် ကံကြမ္မာကိုသာ လက်ခံလိုက်ရပြီး ခေါင်းငြိမ့်ကာ အပြစ်ပေးဆောင်သို့ ထွက်ခွာသွားကြလေတော့သည်။
ထိုတပည့်နှစ်ဦးကို ပြန်လွှတ်ပြီးနောက် ဝမ်ယွီအန်းသည် အကြီးအကဲ တစ်စုကို ခေါ်ဆောင်ကာ ချန်ယွမ်ရှု၏ ကျင့်ကြံခြင်းဂူသို့ သွားခဲ့သည်။ ကျင့်ကြံခြင်းဂူသို့ ရောက်ရှိသောအခါ သူတို့သည် အတွင်း အပြင် အနှံ့အပြားကို အသေးစိတ် စုံစမ်းရှာဖွေကြသည်။ ချန်ယွမ်ရှု၏ ပစ္စည်းအမျိုးမျိုးကို တစ်ခုချင်းစီ ပိုက်စိပ်တိုက် စစ်ဆေးကြသည်။
ထိုပစ္စည်းများထဲတွင် ချန်ယွမ်လင်းက ချန်မိသားစုထံမှ ယူဆောင်လာသော ဆေးလုံးများလည်း ပါဝင် လေသည်။ ထင်ရှားသည်မှာ သူသည် သူ့ဆရာနှင့်အတူ ထွက်သွားချိန်တွင် ထိုဆေးလုံးများကို ယူမ သွားခဲ့ခြင်း ဖြစ်သည်။ မူလက ဝမ်ယွီအန်းနှင့် အခြားသူများသည် ထိုဆေးပုလင်းများကို သိပ်အာရုံမ စိုက်ခဲ့ကြပေ။
သို့သော် ဆေးလုံးများအကြောင်း အတော်အတန် သိနားလည်သော အကြီးအကဲတစ်ဦးက ဆေးပုလင်း တစ်ခုကို ဖွင့်ကာ အနံ့ခံကြည့်ပြီးနောက် ဇဝေဇဝါ ဖြစ်သွားသည်။
"ဟင်... ဒီမှာ အဆင့် (၁) ချီစုဆောင်းခြင်းဆေးလုံး တစ်လုံး ရှိနေပါလား။ ဒီချန်ယွမ်ရှုဆိုတဲ့ တပည့်က ချီစုဆောင်းခြင်းအဆင့်မှာပဲ ရှိတာလား…။"
သူ၏စကားသည် ရောက်ရှိနေသူ အားလုံး၏ အာရုံကို ချက်ချင်း ဖမ်းစားလိုက်သည်။
"သူက ဘယ်လိုလုပ် ချီစုဆောင်းခြင်းအဆင့်မှာ ရှိမှာလဲ။ အဖိုးကြီးကျန်းရဲ့ တပည့်အကြောင်း ငါမှတ်မိ သလောက်ဆိုရင် သူက ရွှေအမြုတေအဆင့်မှာ ရှိတာပါ…။"
"ရွှေအမြုတေအဆင့် ဟုတ်လား။ ဒါဆိုရင် ချီစုဆောင်းခြင်းအဆင့် ကျင့်ကြံသူတွေပဲ သုံးတဲ့ ချီစုဆောင်း ခြင်းဆေးလုံးကို ဘာလို့ သိမ်းထားရတာလဲ…။"
ထိုသံသယကြောင့် လူတိုင်းသည် ဆေးပုလင်းထဲမှ ဆေးလုံးတစ်လုံးကို ထုတ်ယူလိုက်ကြသည်။
"ဒီဆေးလုံးက သာမန် ချီစုဆောင်းခြင်းဆေးလုံးတွေနဲ့ ကွဲပြားနေသလိုပဲ….။"
ဆေးလုံးများအကြောင်း နားလည်သော အကြီးအကဲက ဆေးလုံးကို အနံ့ခံကြည့်ပြီးနောက် သူ၏ ခန့်မှန်း ချက်ကို ပြောလိုက်သည်။
"ဒီဆေးလုံးက အဓိက သဲလွန်စ ဖြစ်ပုံရတယ်။ ဒီဆေးလုံးနဲ့ ပုလင်းက ငါတို့ဂိုဏ်းထဲက ဆေးဆရာတွေရဲ့ လက်ရာ မဟုတ်ဘူး။ ဒါက အပြင်ကနေ ရလာတာ ဖြစ်ရမယ်…။"
"ဒါဆို ဆေးနန်းဆောင်ကို သွားပြီး ဆေးဆရာကြီးရွှီ ကို စစ်ဆေးခိုင်းရအောင်…။"
ထိုသို့ပြောပြီးနောက် သူတို့လူစုသည် ဆေးပုလင်းများကို ကိုင်ဆောင်ကာ ဆေးနန်းဆောင်သို့ လူအုပ် ကြီးနှင့် ချီတက်သွားကြတော့သည်။
သူတို့ ဆေးနန်းဆောင်သို့ ရောက်ရှိချိန်တွင် အဆင့် (၅) ဆေးဆရာ ရွှီလီချူ သည် သူ၏ ကျင့်ကြံခြင်းဂူ အတွင်း ဆေးဖော်စပ်နေချိန် ဖြစ်သည်။ လေးစားအပ်သော ဆေးဆရာတစ်ဦးအနေဖြင့် ဆေးဖော်စပ်နေ စဉ် အနှောင့်အယှက် ခံရခြင်းမှာ အဆိုးရွားဆုံး အရာပင် ဖြစ်သည်။ သို့သော် ရွှီလီချူသည် အနှောင့် အယှက် ခံလိုက်ရသော်လည်း ချက်ချင်း ဒေါသမထွက်ရဲချေ။ အကြောင်းမှာ သူ့ကို လာရှာသော လူတစ်စုမှာ ထူးခြားသော အဆင့်အတန်း ရှိသူများ ဖြစ်နေသောကြောင့် ဖြစ်သည်။
ဂိုဏ်းချုပ်ကိုယ်တိုင် အကြီးအကဲတစ်စုနှင့် ရောက်လာသည်ဆိုတော့ သူ ဘာပြောနိုင်မည်နည်း။ သူတို့၏ မျက်နှာကိုတော့ ထောက်ထားရမည် မဟုတ်ပါလား။
"ဂိုဏ်းချုပ်နဲ့ အကြီးအကဲတွေ ကျွန်တော့်ဆီ ရောက်လာတာ ဘာထူးခြားတဲ့ ကိစ္စများ ရှိလို့လဲ ခင်ဗျာ…။"
ရွှီလီချူ၏ မေးခွန်းကို ကြားသောအခါ ဝမ်ယွီအန်းသည် ဆေးပုလင်း အနည်းငယ်ကို ထုတ်ယူကာ သူ့ရှေ့မှာ ချလိုက်သည်။
"ဆရာကြီးရွှီ... ကျွန်တော် တော်တော်လေး ထူးဆန်းတဲ့ ဆေးပုလင်း အချို့ ရထားလို့ပါ။ ဆရာကြီး တစ်ချက်လောက် ကြည့်ပေးစေချင်ပါတယ်…။"
ရွှီလီချူသည် သံသယမျက်ဝန်းများဖြင့် ဝမ်ယွီအန်း ကမ်းပေးသော ဆေးလုံးများကို လက်ခံလိုက်သည်။ ဆေးပုလင်းကို ဖွင့်ကာ ဆေးလုံးတစ်လုံးကို ထုတ်ယူပြီးနောက် ရွှီလီချူသည် အထူးနည်းလမ်းတစ်ခုကို သုံးကာ မျက်လုံးမှိတ်ပြီး စတင်စစ်ဆေးလိုက်သည်။
မကြာမီမှာပင် ရွှီလီချူသည် အဖြေရရှိသွားပြီး မျက်လုံးပွင့်လာကာ မယုံကြည်နိုင်သော အမူအရာကို ချက်ချင်း ပြသလိုက်သည်။
"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဒါက ဆေးဝါးဗေဒ သဘောတရားတွေနဲ့ လုံးဝ ဆန့်ကျင်နေတာပဲ။ ဒီ... ဒီလောက် ညံ့ဖျင်းတဲ့ လက်ရာမျိုးနဲ့ ဆေးလုံးတစ်လုံး ဘယ်လိုဖြစ်တည်လာနိုင်ရတာလဲ…။"
"ဂိုဏ်းချုပ်... ဒီဆေးလုံးတွေက ဘယ်က ရတာလဲ။ ဆေးလုံးတစ်လုံးချင်းစီမှာ ပါဝင်တဲ့ ဆေးဖက်ဝင် ပစ္စည်းတွေက အရမ်းကို နည်းလွန်းတယ်။ ကျွန်တော် ဆေးဖော်ပြီး ကျန်ခဲ့တဲ့ ဘေးထွက် ပစ္စည်းတွေ ကတောင် ဒီဆေးလုံးတွေထက် ဆေးဖက်ဝင် ပစ္စည်း ပိုပါသေးတယ်…။"
ရွှီလီချူ၏ မေးခွန်းထုတ်မှုကို ကြားရသောအခါ ဝမ်ယွီအန်းမှာ ဆွံ့အသွားရပြီး ဤကဲ့သို့သော အဖြေ မျိုးကို မမျှော်လင့်ထားခဲ့ပေ။ သူက ရှားပါးဆေးလုံးများဟု ထင်မှတ်ထားခဲ့သော်လည်း အမှန်တကယ် တွင်မူ ညံ့ဖျင်းသော ပစ္စည်းများဖြင့် အရည်အသွေးမမီအောင် ပြုလုပ်ထားခြင်းသာ ဖြစ်နေသည်။
"ဒါက ဂိုဏ်းထဲက တပည့်တစ်ယောက်ဆီက ရတာပါ။ သူ့ရဲ့ မိသားစုဝင်တွေက ဝေးလံခေါင်ဖျားတဲ့ နေရာက သာမန် ဆေးဆရာတွေဆီကနေ ရလာတာ ဖြစ်ပါလိမ့်မယ်…။"