အခန်း ၅၇
Vol. 6 Ch. 57
အခန်း (၅၇) ဆေးလုံးများ၏ အာနိသင်ကြောင့် သွေးမိစ္ဆာဂိုဏ်း တစ်ခုလုံး တုန်လှုပ်သွားခြင်း
ထိုသို့ပြောပြီးနောက် ဝမ်ယွီအန်းသည် အခြားသဲလွန်စများကို ဆက်လက်စုံစမ်းရန် ပြင်လိုက်သည်။ သူ၏အမြင်တွင် ဤမျှအရည်အသွေးညံ့ဖျင်းသော ဆေးလုံးများသည် ကျန်းဟုန်းညန်းအား အပြင် ထွက်လာအောင် ဆွဲဆောင်နိုင်သည့် အကြောင်းရင်း မဖြစ်နိုင်ဟု ယူဆထားသောကြောင့် ဖြစ်သည်။
သို့သော် ဝမ်ယွီအန်း ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် ဆေးဆရာကြီးရွှီက ပြန်ပြောလာသည်။
"ဂိုဏ်းချုပ်... ခဏလောက် စောင့်ပေးပါဦး။ ဒီလောက်အထိ ညံ့ဖျင်းတဲ့လက်ရာနဲ့ ဆေးလုံးတစ်လုံး ဖြစ် တည်လာအောင် လုပ်နိုင်တယ်ဆိုတာ သာမန် နာမည်ကျော်ချင်ရုံ သက်သက်လူမျိုး မဟုတ်နိုင်ဘူး။ အနည်းဆုံးတော့ ကျွန်တော်ကိုယ်တိုင်တောင် ဒီလောက် ဆေးဖက်ဝင်ပစ္စည်း အနည်းငယ်လေးနဲ့ ဆေးလုံးဖြစ်အောင် ဖော်စပ်နိုင်မှာ မဟုတ်ဘူး…။"
"ဂိုဏ်းချုပ်... ခဏလောက် ထပ်စောင့်ပေးပါ။ ဒီဆေးလုံးတွေရဲ့ အာနိသင်ကို စမ်းသပ်ဖို့အတွက် ဆေးစမ်းသပ်ခံ အချို့ကို ကျွန်တော် ခေါ်လိုက်ပါ့မယ်…။"
ဆေးဆရာကြီးရွှီ၏ စကားကို ကြားသောအခါ ဆေးလုံးများအပေါ် သံသယရှိနေကြသော ဝမ်ယွီအန်းနှင့် အခြားသူများသည် ဆေးလုံးများပေါ်သို့ တစ်ကျော့ပြန် အာရုံစိုက်လာကြပြန်သည်။ သူတို့သည် ဆေးဆရာကြီးရွှီ၏ အစီအစဉ်ကို မတားဆီးဘဲ ဆေးစမ်းသပ်ခံများ ရောက်လာသည်အထိ စိတ်ရှည် လက်ရှည် စောင့်ဆိုင်းနေခဲ့ကြသည်။
ဆေးစမ်းသပ်ရန် ခေါ်လာသော ကလေးငယ်များသည် အမှန်စင်စစ် သွေးမိစ္ဆာဂိုဏ်းမှ တပည့်များပင် ဖြစ်သော်လည်း သူတို့မှာ ကျင့်ကြံခြင်းတွင် ပါရမီမရှိကြသူများ ဖြစ်သည်။ ဤတပည့်များကို ဆေးဆရာ များထံ ဆေးစမ်းသပ်ရန်အတွက် တာဝန်ပေးထားခြင်းမှာ သူတို့ကို အကျိုးရှိရှိ အသုံးချနိုင်မည့် နည်းလမ်းတစ်ခုဟု ဂိုဏ်းက ယူဆထားခြင်း ဖြစ်သည်။
မကြာမီမှာပင် ဖြူဖျော့ပိန်လှီနေသော တပည့်အချို့ ဆေးနန်းဆောင်သို့ ရောက်ရှိလာသည်။ အန္တရာယ်ရှိ သော ဆေးလုံးများကို အချိန်အတော်ကြာ စားသုံးခဲ့ရသဖြင့် သူတို့၏ ခန္ဓာကိုယ်များမှာ ဆေးအဆိပ်များ ကြောင့် ပျက်စီးနေပြီဖြစ်ကာ သက်တမ်းမှာလည်း သိပ်မရှည်တော့ပေ။ သူတို့အနေဖြင့် ဂိုဏ်း၏ အစီအ စဉ်ကို ဆန့်ကျင်ရန် မည်သည့် အစွမ်းမှလဲ မရှိကြချေ။
ကလေးငယ် လေးဦးစလုံးမှာ ချီစုဆောင်းခြင်းအဆင့်တွင်သာ ရှိကြပြီး ဆေးဆရာကြီးရွှီ၏ အစီအစဉ် အရ ဆေးလုံးများကို စတင်သောက်သုံးကြရသည်။ ပထမဆုံးအနေဖြင့် ဆေးဆရာကြီးရွှီသည် သူကိုင် ထားသော ချီစုဆောင်းခြင်းဆေးလုံးကို ယောက်ျားလေးတစ်ဦးအား တိုက်လိုက်သည်။
ဆေးလုံးသည် ကလေးငယ်၏ ပါးစပ်ထဲသို့ ရောက်သွားသည်နှင့် ရောက်ရှိနေသူ အားလုံးသည် သူတို့၏ နတ်ဘုရားအာရုံကို အသုံးပြုကာ ကလေးငယ်၏ ခန္ဓာကိုယ်အတွင်း ပြောင်းလဲမှုများကို စေ့စေ့စပ်စပ် စောင့်ကြည့်လိုက်ကြသည်။ မကြာမီမှာပင် ချီစုဆောင်းခြင်းဆေးလုံးသည် ကလေးငယ်၏ ပါးစပ်အ တွင်း၌ စိတ်ဝိညာဉ်စွမ်းအင် အလျဉ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားသည်။
ထို့နောက် ကလေးငယ်၏ ခန္ဓာကိုယ်အတွင်း စိတ်ဝိညာဉ်စွမ်းအားများ ရုတ်တရက် တိုးပွားလာသည်ကို လူတိုင်း ရှင်းလင်းစွာ ခံစားလိုက်ရသည်။ ကလေးငယ်၏ စိတ်ဝိညာဉ်ချီ စုပ်ယူမှုနှုန်းမှာလည်း သိသိ သာသာ မြန်ဆန်လာသည်။
ဝမ်ယွီအန်းနှင့် အခြားသူများသည် အသေးစိတ် အာနိသင်ကို မမြင်နိုင်သော်လည်း ဆေးဆရာတစ်ဦး ဖြစ်သည့် ရွှီလီချူကမူ ထိုကလေးငယ် သောက်သုံးလိုက်သော ချီစုဆောင်းခြင်းဆေးလုံး၏ အစွမ်းထက် လှသော ဆေးအာနိသင်ကို ချက်ချင်း သတိပြုမိသွားသည်။
"ဒါ... ဒါက မယုံနိုင်စရာပဲ။ ဒီလောက် ညံ့ဖျင်းတဲ့ ပစ္စည်းတွေနဲ့ လုပ်ထားတဲ့ ဆေးလုံးက သာမန် ချီစုဆောင်းခြင်းဆေးလုံးတွေထက်တောင် ပိုပြီး အစွမ်းထက်နေတယ်။ ကျင့်ကြံမှုအဆင့် တိုးတက်နှုန်း က သာမန်ဆေးလုံးထက် နှစ်ဆပိုများသလို ကျင့်ကြံမှု အရှိန်ကလည်း လေးဆလောက် ပိုမြန်နေတယ်။ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ….။"
ဆေးဆရာကြီးရွှီက အံ့ဩတုန်လှုပ်သော လေသံဖြင့် ချီစုဆောင်းခြင်းဆေးလုံး၏ အစွမ်းကို ဖော်ပြလိုက် သောအခါ ဝမ်ယွီအန်းနှင့် အခြားသူများမှာ အံ့အားသင့်ကာ အသက်ရှူပင် မှားသွားကြသည်။ ထိုအခါမှ သာ ဤဆေးလုံး၏ တန်ဖိုးကြီးမားပုံကို သူတို့ သဘောပေါက်သွားကြတော့သည်။
သို့သော် လူတိုင်း အံ့ဩမှင်သက်နေစဉ်မှာပင် ချီစုဆောင်းခြင်းဆေးလုံး သောက်ထားသော ကလေးငယ် သည် အချိန်အခါ မတော်ဘဲ လေတစ်ချက် အကျယ်ကြီး လွှတ်လိုက်တော့သည်။ ဤလေလည်သံ ကြောင့် ရောက်ရှိနေသူ အားလုံးမှာ မျက်နှာပျက်သွားကြပြီး အသက်ပင် အောင့်ထားလိုက်ရသည်။
"ငါတို့တွေ အံ့ဩပြီး အသက်ပြင်းပြင်း ရှူနေတုန်းမှာ မင်းလို ဆေးစမ်းသပ်ခံ တစ်ယောက်က လေလည် ရဲတယ်ပေါ့လေ..။ မင်း သေချင်နေတာပဲ…။"
ချက်ချင်းပင် ဆေးဆရာကြီးရွှီသည် သူ၏လက်ထဲတွင် မီးတောက်တစ်ခုကို ဖန်တီးကာ ထိုဆေးစမ်း သပ်ခံကို ပြာအဖြစ် ပြောင်းလဲပစ်လိုက်သည်။ ထိုကလေးငယ်အတွက်မူ ဤသို့သေဆုံးရခြင်းမှာ ကျန်ရှိ နေသော သက်တမ်းတစ်လျှောက် ဆေးစမ်းသပ်ခံရသည့် ဒုက္ခများမှ လွတ်မြောက်သွားရသဖြင့် တစ်မျိုး အားဖြင့် စိတ်သက်သာရာ ရသွားခြင်းပင် ဖြစ်ပေလိမ့်မည်။
"ဂိုဏ်းချုပ်... တကယ်လို့သာ ကျွန်တော်တို့ ဒီလိုဆေးမျိုး ဖော်စပ်တဲ့ နည်းလမ်းကို ရခဲ့ရင် ဒါဟာ သွေးမိစ္ဆာဂိုဏ်းအတွက် အကြီးမားဆုံး ဝမ်းမြောက်စရာ ကိစ္စ ဖြစ်လာမှာပါ…။"
ဆေးဆရာကြီးရွှီ မပြောသော်လည်း ဝမ်ယွီအန်းကလည်း ဤအချက်ကို စဉ်းစားမိပြီးသား ဖြစ်သည်။ သို့သော် သူက မလောပေ။ သူသည် ကျန်ရှိနေသော ဆေးလုံး သုံးမျိုးကိုပါ ဆက်လက်စမ်းသပ်ရန် ဆေးဆရာကြီးရွှီကို မျက်ရိပ်ပြလိုက်သည်။
ဝမ်ယွီအန်း၏ အဓိပ္ပာယ်ကို နားလည်သွားသော ဆေးဆရာကြီးရွှီသည် ဒုတိယဆေးလုံးအမျိုးအစားကို ထုတ်ယူကာ နောက်ထပ် ကလေးငယ်တစ်ဦးအား တိုက်လိုက်သည်။ ဒုတိယဆေးလုံးမှာ အဆာရှောင် ဆေး ဖြစ်ပြီး သောက်ပြီးနောက်တွင် ထူးခြားသော လက္ခဏာ တစ်စုံတစ်ရာ ပြသခြင်း မရှိပေ။
သို့သော် နတ်ဘုရားအာရုံဖြင့် အမြဲမပြတ် စောင့်ကြည့်နေသော ဆေးဆရာကြီးရွှီကမူ အာနိသင်ကို သတိပြုမိနေဆဲ ဖြစ်သည်။
"အစာမစားဘဲ နေနိုင်တဲ့ သက်တမ်း ပိုရှည်သွားတာအပြင် သူ့ရဲ့ စိတ်စွမ်းအားကလည်း ပိုပြီး စုစည်း လာသလိုပဲ။ ဒါက မှော်ပညာတွေ ကျင့်ကြံတဲ့နေရာမှာ အထောက်အကူ ဖြစ်စေတယ်…။"
ဒါကို ကြားသောအခါ ဝမ်ယွီအန်းနှင့် အခြားသူများသည် ချီစုဆောင်းခြင်းဆေးလုံးတုန်းကလောက် မဝမ်းသာကြသော်လည်း ပြုံးလိုက်ကြသေးသည်။ ဤအဆာရှောင်ဆေး၏ အာနိသင်မှာ ချီစုဆောင်း ခြင်းဆေးလုံးလောက် မပြင်းထန်သော်လည်း သာမန်ဆေးလုံးများထက်တော့ ပိုမိုစွမ်းဆောင်ရည် မြင့်မားနေဆဲ ဖြစ်သည်။
ထို့နောက် ဝမ်ယွီအန်း စကားမပြောရသေးခင်မှာပင် ဆေးဆရာကြီးရွှီသည် နောက်ထပ် ဆေးလုံး တစ်လုံးကို ဆက်လက်စမ်းသပ်လိုက်သည်။ ယခုတစ်ခါ စမ်းသပ်မည့် ဆေးလုံးမှာ အဆိပ်ဖြေဆေးလုံး ဖြစ်သည်။ ဆေးဆရာကြီးရွှီသည် ကလေးငယ်အား ဆေးမတိုက်မီ အနည်းငယ် တုံ့ဆိုင်းသွားသည်။
ဤဆေးစမ်းသပ်ခံ ကလေးများ၏ ခန္ဓာကိုယ်တွင် ဆေးအဆိပ် အကြွင်းအကျန်များစွာ စုပုံနေ သော်လည်း ယခုဆေးလုံးမှာ အမှန်တကယ်ပင် အဆိပ်ဖြေဆေး ဖြစ်နေသည်။ အကယ်လို့ အဆိပ်ဖြေ ဆေးလုံးက ယခုလို ကုရခက်တဲ့ ဆေးအဆိပ်တွေနဲ့ တွေ့ရင် ဘာဖြစ်မလဲ။ ဒါမှမဟုတ် လုံးဝ အာနိသင် မပြဘဲ စမ်းသပ်မှု ကျရှုံးသွားမှာလား။
သို့သော် ခေတ္တမျှ တုံ့ဆိုင်းပြီးနောက် ဆေးဆရာကြီးရွှီသည် စမ်းသပ်ခံကိုပင် ဆက်လက်တိုက်ကျွေးရန် ဆုံးဖြတ်လိုက်သည်။ အကယ်လို့ စမ်းသပ်မှုက ရလဒ်မထွက်ရင် ဂိုဏ်းထဲက ဆေးလုံး တစ်ခါမှ မစားဖူး သေးတဲ့ တပည့်တစ်ယောက်ကို ရှာပြီး ထပ်မံစမ်းသပ်လို့ ရသည် မဟုတ်ပါလား။
သို့သော် ဆေးစမ်းသပ်ခံကလေးအား အဆိပ်ဖြေဆေးကို တိုက်လိုက်သည့်အခါတွင်မူ ရောက်ရှိနေသူ အားလုံးကို အံ့ဩမှင်သက်သွားစေသည့် အရာတစ်ခု ဖြစ်ပျက်ခဲ့သည်။ စစ်ဆေးနေစဉ်မှာပင် ကလေး ငယ်၏ ခန္ဓာကိုယ်အနှံ့ရှိ ဆေးအဆိပ်အနည်အဖတ်များသည် ဆေးလုံးသောက်ပြီးနောက်တွင် လျင်မြန် စွာ ပျော်ဝင်သွားသည်ကို တွေ့လိုက်ရသည်။
မကြာမီမှာပင် ကလေးငယ်၏ မျက်နှာအရောင်မှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီး သက်တမ်းပြန်မရ နိုင်ခြင်းမှအပ သူသည် သာမန်လူတစ်ယောက်နှင့် မခြားတော့ပေ။ သို့သော်လည်း သူတို့တွေ ဆေးအာနိ သင်ကြောင့် ပါးစပ်အဟောင်းသား ဖြစ်နေစဉ်မှာပင် အခန်းထဲသို့ အလွန်ဆိုးရွားသော အနံ့ဆိုးတစ်ခု ပျံ့နှံ့လာသည်။
၎င်းမှာ ဆေးစမ်းသပ်ခံကလေးက ဘောင်းဘီထဲ ဝမ်းသွားလိုက်ခြင်းပင်။
ယခုအခါ လူတိုင်း၏ မျက်နှာပေါ်မှ အမူအရာမှာ ခုနက လေလည်တုန်းကထက်ပင် ပိုမိုဆိုးရွားသွား တော့သည်။ ဆေးဆရာကြီးရွှီကပင် ချက်ချင်း လှုပ်ရှားလိုက်ပြီး ဆေးစမ်းသပ်ခံကလေးကို ပြာအဖြစ် ပြောင်းလဲပစ်လိုက်သည့်အပြင် ခန်းမအတွင်းရှိ လေထုကိုလည်း မှော်ပညာဖြင့် သန့်စင်ပေးလိုက်မှ လူတိုင်း စိတ်သက်သာရာ ရသွားကြသည်။
ယခုအခါ နောက်ဆုံးကျန်ရှိသည့် 'အသေးစားအားဖြည့်ဆေးလုံး' တစ်လုံးတည်းကိုသာ မြင်ရသောအခါ အနည်းဆုံး 'ဟင်းလင်းပြင် သန့်စင်ခြင်းနယ်ပယ်'တွင် ရှိနေကြသော ကျင့်ကြံသူများသည်ပင် ကြောက်ရွံ့ သော အမူအရာများ ပြသလာကြသည်။
လေလည်းလည်၊ ဝမ်းလည်းသွားနှင့် အရပ်မျက်နှာ အနှံ့အပြားမှ ဘေးထွက်ဆိုးကျိုးများ ထွက်ပေါ်နေ သဖြင့် သူတို့ ဘယ်လိုလုပ် မကြောက်ဘဲ နေနိုင်မည်နည်း။ နောက်ထပ် ဘယ်လို ရွံစရာကောင်းတဲ့ အရာ တွေ ဖြစ်လာဦးမလဲဆိုတာ ဘယ်သူသိနိုင်မှာတဲ့လဲ။
စိတ်ထဲ၌ ဝန်လေးနေသော်လည်း ဆေးဆရာကြီးရွှီသည် ဆေး၏ အစွမ်းကို စမ်းသပ်ရန်အတွက် အံကြိတ်ကာ ရှေ့ဆက်ခဲ့သည်။ 'အသေးစားအားဖြည့်ဆေးလုံး' ကို စမ်းသပ်ခံကလေးအား တိုက်လိုက် ပြီးနောက်တွင်မူ ရောက်ရှိနေသူ အားလုံး၏ မျက်နှာတွင် အလွန်အမင်း ဝမ်းသာအားရသည့် အမူအရာ များ ပေါ်ပေါက်လာသည်။
"ငါ မြင်တာ မမှားပါဘူးနော်…။ ဒီကလေးက ခန္ဓာကိုယ် အခြေအနေ ကောင်းလာတာအပြင် သူ့ရဲ့ စိတ်ဝိညာဉ်စွမ်းအား တစ်ဝက်လောက်ပါ ပြန်ပြည့်လာတယ် ဟုတ်တယ်မလား…။"
"ခင်ဗျားလည်း အာရုံခံမိတယ်ပေါ့…။ ကျွန်တော့်ရဲ့ အသိစိတ်က တစ်ခုခု မှားနေတာလားလို့တောင် ထင်မိနေတာ…။"
"ဘုရားရေ... စိတ်ဝိညာဉ်စွမ်းအား တစ်ဝက်ကို ချက်ချင်း ပြန်ဖြည့်ပေးနိုင်တဲ့ ဆေးအာနိသင်မျိုးက ဒီလို အဆင့်နိမ့် 'အသေးစားအားဖြည့်ဆေးလုံး' ထဲမှာ ဘယ်လိုလုပ် ရှိနေနိုင်ရတာလဲ…။"
"ဆရာကြီးရွှီ... ဆရာကြီးကော ဒီလို အခြေအနေမျိုး တစ်ခါလောက်ဖြစ်ဖြစ် ကြုံဖူးလား…။"
ရုတ်တရက် အမေးခံလိုက်ရသော ရွှီလီချူ၏ မျက်နှာပေါ်တွင်လည်း ထိတ်လန့်နေဆဲ အမူအရာကို တွေ့မြင်နေရသည်။
"ကျွန်တော်... ကျွန်တော်လည်း မသိဘူး။ ဒီလိုမျိုး တစ်ခါမှတောင် မကြားဖူးပါဘူး…"
စိတ်ဝိညာဉ်စွမ်းအား တစ်ဝက်ကို ချက်ချင်း ပြန်လည်ဖြည့်တင်းပေးနိုင်သည့် ဆေးလုံး၏ အာနိသင်မှာ မည်မျှအထိ ထူးကဲလှသည်ကို ရောက်ရှိနေသူ အားလုံး ကောင်းကောင်း သိကြသည်။ ထိုကဲ့သို့သော ဆေးလုံးများသည် ထျန်းယွမ်တိုက်ကြီးတွင် ရှိသော်လည်း ၎င်းတို့မှာ အလွန်ရှားပါးသော အဆင့်မြင့် ဆေးလုံးများသာ ဖြစ်ကြသည်။
ယခု သူတို့ တွေ့ရှိလိုက်ရသော အခြေအနေမှာ သူတို့၏ အသိပညာ ဗဟုသုတအားလုံးကို ရိုက်ချိုးလိုက် ခြင်းပင်။
*ဒါက အဆင့် (၁) ဆေးလုံး တစ်လုံး ဟုတ်မှဟုတ်ရဲ့လား။*
"ညီအစ်ကိုတို့... ငါတို့ သွေးမိစ္ဆာဂိုဏ်းအနေနဲ့ ဒီဆေးလုံးတွေ ဖော်စပ်တဲ့ နည်းလမ်းကို မရရအောင် ယူရမယ်…။"
"ဟုတ်ပါတယ်... ဒီနည်းလမ်းသာ ရှိရင် ဆေးဆရာကြီးရွှီအနေနဲ့ ငါတို့အတွက် သင့်တော်တဲ့ 'အသေးစား အားဖြည့်ဆေးလုံး' တွေကို ဖော်စပ်နိုင်မှာ အသေအချာပါပဲ…။"