← Chapters

အခန်း ၆၀

Vol. 6 Ch. 60

အခန်း ၆၀

Vol. 6 Ch. 60

အခန်း (၆၀) အဆိပ်ငွေ့ဆေးလုံး

ချင်းယွင်ဂိုဏ်းအတွင်း၌ လင်းဖန်၊ လီယွမ်ဖေးနှင့် အခြားသူများ၏ စကားဝိုင်းမှာလည်း ပြီးဆုံးလုနီးပါး ဖြစ်နေပြီဖြစ်သည်။

"ဟားဟား... ဟင်းလင်းပြင်ကုန်သည် တဲ့လား နာမည်လေးက ကောင်းသားပဲ။ နားထောင်လို့လည်း တော်တော်ထူးခြားပြီး ရှောင်လင်းရဲ့ အဆင့်အတန်းနဲ့လည်း လိုက်ဖက်တယ်…။"

"ရှောင်လင်း... ငါတို့ ကျုံးကျိုးကို ပြန်ရောက်တာနဲ့ 'ဟင်းလင်းပြင်ကုန်သည်' ဆိုတဲ့ နာမည် ကျုံးကျိုး တစ်ခုလုံးမှာ ဟိုးဟိုးကျော်သွားအောင် ငါတို့ လုပ်ပေးမယ်…။"

ထိုစကားကို ကြားသောအခါ လင်းဖန်က အားရပါးရ ရယ်မောလိုက်သည်။

"ဟားဟား... ဦးလေးလီ၊ ကျုံးကျိုးက စီးပွားရေးကိုတော့ ဦးလေးတို့ပဲ အားကိုးရတော့မှာပေါ့။ ဦးလေး တို့ 'အင်မော်တယ်တိမ်တိုက်ဂိုဏ်း'ကို ပြန်ရောက်တဲ့အခါ ဂိုဏ်းထဲမှာလည်း ကျွန်တော့်အတွက် စီးပွားရေးလေး ဘာလေး ရှာပေးဖို့ မမေ့နဲ့ဦးနော်။ ဂိုဏ်းက တပည့်တွေအားလုံးကို လျှော့ဈေး ပေးပါ့ မယ်။ တခြား လူတွေထက် အများကြီး ပိုသက်သာစေရမယ်….။"

လင်းဖန်၏ ကတိကို ကြားသောအခါ လီယွမ်ဖေးက အလွန်ကျေနပ်သွားသည်။

"ရှောင်လင်း... မင်းပြောတာကို ငါ မှတ်ထားပါ့မယ်။ ငါ့ရဲ့ ဂိုဏ်းသားတွေ ကိုယ်စား မင်းကို ကျေးဇူးတင် ပါတယ်ကွာ…။"

သူတို့ စကားပြောနေစဉ်အတွင်း တစ်စုံတစ်ယောက်က သူတို့ကို တိတ်တဆိတ် ချောင်းမြောင်း နား ထောင်နေခဲ့သည်ကို လင်းဖန်တို့ လုံးဝ မသိကြပေ။ ထိုသူမှာ အခြားသူမဟုတ်ဘဲ တိတ်တဆိတ် ခိုးဝင် လာသော ဝမ်ယွီအန်းပင် ဖြစ်သည်။

သူတို့ စကားပြောနေစဉ်အတွင်း "ကျုံးကျိုး" နှင့် "အင်မော်တယ်တိမ်တိုက်ဂိုဏ်း" ဟူသော စကားလုံး များကို ကြားလိုက်ရသဖြင့် သူ အလွန် ထိတ်လန့်သွားသည်။

"ဘယ်... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ကျုံးကျိုးက အင်မော်တယ်တိမ်တိုက်ဂိုဏ်းလို အစွမ်းထက်တဲ့ အင်အား စုက ဘာလို့ ဒီလို ဝေးလံတဲ့ အရှေ့ဘက်ဒေသကို လာရတာလဲ….။"

ယခုအချိန်တွင် ဝမ်ယွီအန်းသည် ဤဂိုဏ်းငယ်လေးမှာ အင်မော်တယ်တိမ်တိုက်ဂိုဏ်း၏ အင်အားစု ဖြစ်သည် ဟု မယုံကြည်နိုင်ပေ။ ဒါက ဖြစ်နိုင်ချေ မရှိလွန်းလှပါ။ တကယ်လို့ အင်မော်တယ်တိမ်တိုက် ဂိုဏ်းက အရှေ့ ဘက်ဒေသမှာ အရှိန်အဝါ ချဲ့ထွင်ချင်တယ်ဆိုလျင် အနည်းဆုံးတော့ 'အခြေတည်စိတ် ဝိညာဉ်အဆင့်' ကျင့်ကြံသူ အများကြီး ဒါမှမဟုတ် 'မဟာယာနအဆင့်' ကျင့်ကြံသူ အချို့ကိုတောင် စေလွှတ်ရမှာ ဖြစ်သည်။

*'အခြေတည်စိတ်ဝိညာဉ်အဆင့်' ကျင့်ကြံသူ သုံးယောက်တည်းကို လွှတ်တယ်ဆိုတာ ဘယ်လို အဓိပ္ပာယ်လဲ။ ဒါက ဟာသတစ်ခုလား။*

*ဒါမှမဟုတ် တစ်ဖက်လူက တခြားလူရဲ့ အာဏာကို သုံးပြီး ခြောက်လှန့်နေတာလား။ ဒါပေမယ့် ဒါက လည်း အဓိပ္ပာယ် မရှိဘူး။ တကယ်လို့ ငါက သူတို့ဆီ ပွင့်ပွင့်လင်းလင်း သွားတွေ့တဲ့အချိန်မှာ သူတို့က ငါ့ကို ဒီလိုပြောရင်တော့ ငါ့ကို အာဏာနဲ့ ခြောက်တယ်လို့ ထင်ကောင်းထင်နိုင်တယ်။ သို့ပေမဲ့လည်း ဒီသတင်းအချက်အလက်က ငါ တိတ်တဆိတ် ချောင်းနားထောင်ရာကနေ ရတာပဲ။ သူတို့က ငါ ချောင်းနားထောင်နေမှန်း သိပြီး တမင်ဟန်ဆောင်ပြနေတာမျိုးမှ မဟုတ်ဘူးဆိုရင်ပေါ့။*

သို့သော်လည်း ဤသည်က မဖြစ်နိုင်ပေ။ သူ၏ ဖုံးကွယ်ခြင်း ပညာရပ်အပေါ် သူ အလွန် ယုံကြည်မှုရှိ သည်။ သူ၏ 'ပေါင်းစပ်ခြင်းနယ်ပယ်' အဆင့် ဖုံးကွယ်ခြင်း ပညာရပ်ကို 'အခြေတည်စိတ်ဝိညာဉ်အဆင့်' ကျင့်ကြံသူ အချို့က မြင်သွားသည်ဆိုလျင် သူ အသက်ရှင်နေစရာ အကြောင်းမရှိတော့ပေ။

ဝမ်ယွီအန်း စဉ်းစားမရဖြစ်နေစဉ်မှာပင် ဖြစ်နိုင်ချေတစ်ခု သူ၏ ခေါင်းထဲသို့ ရောက်လာသည်။

"ဒီ 'အခြေတည်စိတ်ဝိညာဉ်အဆင့်' ကျင့်ကြံသူ သုံးယောက်က ငါ့ကို ညာဖို့ ကြိုးစားနေတာ မဟုတ်ဘဲ အဲ့ဒီလူငယ်လေးကို ညာဖို့ ကြိုးစားနေတာ ဖြစ်မှာပဲ….။"

"ဒီလူငယ်လေးက အဲ့ဒီ ဆေးဖော်စပ်တဲ့ ပါရမီရှင် ဖြစ်ရမယ်။ ဒီသုံးယောက်က သူတို့နောက်မှာ အစွမ်း ထက်တဲ့ နောက်ခံရှိတယ်လို့ တမင် ကြွားပြောပြီး ဒီကောင်လေးကို သူတို့နားမှာ ထားချင်တာ ဒါမှမဟုတ် အရောင်းအဝယ် တစ်ခုခု လုပ်ချင်တာ ဖြစ်ရမယ်…။"

"သူတို့ ပုံစံကို ကြည့်ရတာ အရောင်းအဝယ်တစ်ခုအကြောင်း ဆွေးနွေးနေကြတာပဲ။ ဒီလိုဆိုရင်တော့ ဖြစ်နိုင်တယ်…။"

ဝမ်ယွီအန်းသည် စဉ်းစားလေလေ သူ၏ ခန့်မှန်းချက်မှာ မှန်ကန်သည်ဟု ပို၍ ယုံကြည်လာလေလေ ဖြစ်သည်။ သို့သော်လည်း ဤသို့ ခန့်မှန်းရုံနှင့် ချက်ချင်း လှုပ်ရှားမည် မဟုတ်ပေ။ ဒါက အရဲစွန့်လွန်းရာ ကျလိမ့်မည်။ နောက်တစ်ဆင့်အနေဖြင့် ဤယူဆချက်ကို အတည်ပြုရန် လိုအပ်သည်။ အတည်ပြုပြီးမှ လှုပ်ရှားရင်လည်း မနှောင်းသေးပေ။

ထိုအချိန်တွင် လင်းဖန်နှင့် လီယွမ်ဖေးတို့၏ စကားဝိုင်းမှာလည်း ပြီးဆုံးသွားသည်။

"ဦးလေးလီ... ဒါဆိုရင်တော့ သဘောတူပြီနော်။ ကျွန်တော် ပြန်သွားပြီး 'အခြေခံအုတ်မြစ်တည်ဆောက် ခြင်းဆေးလုံး' ဖော်စပ်နည်းကို လေ့လာလိုက်ဦးမယ်။ ဂိုဏ်းက ချီစုဆောင်းခြင်းအဆင့်ရှိတဲ့ ညီလေး တွေကို အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ကို အမြန်ဆုံး ရောက်အောင် တတ်နိုင်သမျှ ကူညီပေး ပါ့မယ်….။"

"ကောင်းပြီ ရှောင်လင်း... သွားတော့။ ငါတို့ လိုအပ်တဲ့ ဆေးဖက်ဝင် အပင်တွေကို စုဆောင်းပြီးတာနဲ့ မင်းရဲ့ ကျင့်ကြံခြင်းဂူကို အမြန်ဆုံး လာပို့ပေးမယ်….။"

ထို့နောက် လင်းဖန်သည် ခန်းမဆောင်မှ ထွက်လာပြီး သူ၏ ကျင့်ကြံခြင်းဂူရှိရာသို့ ပြန်ခဲ့သည်။ ထိုအချိန် မှာပင် ဝမ်ယွီအန်းသည်လည်း ဤဆေးဖော်စပ်သည့် ပါရမီရှင် ဆေးလုံး မည်သို့ ဖော်စပ်သည်ကို သိချင် သဖြင့် လင်းဖန်၏ နောက်သို့ တိတ်တဆိတ် လိုက်ခဲ့လေသည်။

သို့သော် လင်းဖန် ကျင့်ကြံခြင်းဂူထဲ ဝင်သွားသည့်အခါ ဝမ်ယွီအန်းက နောက်က လိုက်မဝင်ဘဲ ဂူ၏ အပြင်ဘက် မှာသာ နေရန် ရွေးချယ်လိုက်သည်။ ဆေးဆရာများ၏ သဘာဝအရ ဆေးဖော်စပ်နည်းကို စတင်လေ့ လာပြီဆိုလျှင် ရက်အတော်ကြာသည်အထိ အပြင်ထွက်လာမည် မဟုတ်ပေ။ အကယ်၍များ သူက ဂူထဲ ခိုးဝင်သွားပြီး ဂူတံခါး ပိတ်သွားလျင် သူလည်း ရက်အတော်ကြာ အထဲမှာ ပိတ်မိနေလိမ့်မည် မဟုတ်ပါလား။

ထိုကျင့်ကြံခြင်းဂူက သူ့ကို ထိန်းထားနိုင်မည် မဟုတ်သော်လည်း ဂူတံခါး ပိတ်နေစဉ် သူက အတင်း အကျပ် ထွက်လာလျှင် ဆူညံမှုတွေ ဖြစ်ကုန်ပြီး သူရှိနေမှန်း လူသိသွားပေလိမ့်မည်။

ဂူတံခါးကို ပိတ်ပြီးနောက် လင်းဖန်သည် ဆေးလုံးအသစ်များ ဖော်စပ်ရန် ပြင်လိုက်သည်။ သူ၏ လက်ရှိ ကျင့်ကြံမှုမှာ 'ရွှေအမြုတေအဆင့်' သို့ ရောက်ရှိနေပြီ ဖြစ်သဖြင့် အဆင့် (၃) ဆေးလုံးများကို ဖော်စပ်နိုင် သည်။ သို့သော် ဆေးဖက်ဝင် ပစ္စည်းများ မရှိသဖြင့် အဆင့် (၁) ဆေးလုံး လေးမျိုးမှအပ တခြားဆေးလုံး ကို တစ်ခါမှ မဖော်စပ်ဖူးသေးပေ။

ယနေ့တွင် လင်းဖန်သည် သူရှိထားသော ဆေးဖက်ဝင် အပင်များကို ပြန်လည် စီစဉ်ကြည့်ပြီး ဆေးနည်း အသစ်နှင့် ဆေးလုံးအသစ်များကို ဖော်စပ်နိုင်မလားဟု စမ်းကြည့်ရန် ဆုံးဖြတ်လိုက်သည်။

လင်းဖန် ပထမဆုံး စဉ်းစားမိသည့် ပေါင်းစပ်မှုမှာ ချီစုဆောင်းခြင်းဆေးလုံး၏ ပါဝင်ပစ္စည်းအချို့နှင့် အဆိပ်ဖြေဆေးလုံး၏ ပါဝင်ပစ္စည်းအချို့ကို ပေါင်းစပ်ခြင်းဖြစ်သည်။ သူ့မှာ ဤဆေးဖက်ဝင် အပင် နှစ်မျိုး အများဆုံး ရှိသဖြင့် အလဟဿ ဖြစ်သွားလျင်တောင် ဤအပင်နှစ်မျိုးကို အရင်စမ်းသုံးရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

ထို့အပြင် လင်းဖန်တွင် ဤဆေးဖက်ဝင် ပစ္စည်းနှစ်မျိုး ပေါင်းစပ်မှုနှင့် ပတ်သက်၍ ကိုယ်ပိုင် ယူဆ ချက်လည်း ရှိသည်။ လင်းဖန်သည် ဆေးမီးဖိုထဲသို့ ဆေးဖက်ဝင် အပင်များ ထည့်နေစဉ် သူ၏ အကြံ ဉာဏ်ကို စနစ်အား ကြွားလုံးထုတ်လိုက်သည်။

"ချီစုဆောင်းခြင်းဆေးလုံးရဲ့ ဘေးထွက်ဆိုးကျိုးက နံစော်တဲ့ လေလည်တာပဲလေ အဆိပ်ဖြေဆေးလုံး မှာကျတော့ အဆိပ်ဖြေတဲ့ အာနိသင်ရှိတယ်။ တကယ်လို့ အဆိပ်ဖြေနိုင်တယ်ဆိုရင် ဒီနံစော်တဲ့ လေလည်တာကိုလည်း ဖြေပေးနိုင်မှာ မဟုတ်လား။ တကယ်လို့ ဒီနှစ်ခုကို ပေါင်းလိုက်ရင် လေမလည် စေတဲ့ ချီစုဆောင်းခြင်းဆေးလုံးကို ဖော်စပ်နိုင်မှာပေါ့…။"

"ဟားဟား... မင်းလို အူကြောင်ကြောင် စနစ်ကြီး ငါ့ရဲ့ အကြံဉာဏ်ကို ဘယ်လိုထင်လဲ။ ငါက တကယ့် ပါရမီရှင်ပဲ…။"

စနစ်က ဘာမှ ပြန်မပြောဘဲ တိတ်ဆိတ်နေသည်။ လင်းဖန် ဆေးဖက်ဝင် အပင်များ ထည့်ပြီးနောက် 'ထုတ်လုပ်ရေးအဖွဲ့ ဆေးမီးဖို' တွင် အလိုအလျောက် ဆေးဖော်စပ်မှု စတင်တော့သည်။

တစ်မိနစ်အကြာတွင် ဆေးလုံးဖော်စပ်မှု ပြီးဆုံးသွားသည်။ လင်းဖန် ဆေးမီးဖိုကို ဖွင့်လိုက်သည့်အခါ ဆေးလုံး အလုံးငါးဆယ် ငြိမ်သက်စွာ ရှိနေသည်ကို တွေ့လိုက်ရသည်။

"ဘုရားရေ... အလုံးငါးဆယ်တောင်လား။ ငါဖန်တီးထားတဲ့ ဆေးနည်းဆိုတော့ ထုတ်လုပ်မှုနှုန်းက တိုးလာတာပဲ…။"

သို့သော် တောက်လျှောက် တိတ်ဆိတ်နေသည့် စနစ်က ရုတ်တရက် စကားပြောလာသည်။

[ပိုင်ရှင်... အရှင်ဖော်စပ်ထားတဲ့ ဆေးလုံးရဲ့ အချက်အလက်ကို အရင်ဆုံး စစ်ဆေးကြည့်ဖို့ ကျွန်တော် အကြံပြုချင်ပါတယ်။]

စနစ်၏ စကားကို ကြားသောအခါ လင်းဖန်၏ ပထမဆုံး အတွေးမှာ စနစ်က သူ့ဆီမှ စိတ်ဝိညာဉ် ကျောက်တုံးတွေကို ထပ်ပြီး လိမ်ယူချင်နေပြန်ပြီဟူ၍ ဖြစ်သည်။ သို့သော်လည်း ချီစုဆောင်းခြင်း ဆေးလုံး စားပြီးတုန်းက အတွေ့အကြုံကို ပြန်စဉ်းစားမိပြီးနောက် လင်းဖန်သည် စနစ်၏ စကားကို နားထောင်ရန် ဆုံးဖြတ်လိုက်သည်။ ဘာပဲဖြစ်ဖြစ် ဆေးလုံးအချက်အလက် စစ်ဆေးတာက စိတ်ဝိညာဉ် ကျောက်တုံး တစ်တုံးတည်း မဟုတ်ပါလား သူ့မှာ ငွေမရှားတော့ပေ။

အဆိပ်ငွေ့ဆေးလုံး (မြည်းတံဆိပ်): ဆေးဆရာတစ်ဦး၏ ရုတ်တရက် စိတ်ကူးပေါက်မှုကြောင့် ဖော်စပ် ထားသော ဆေးလုံး။

အာနိသင်: စိတ်ဝိညာဉ်စွမ်းအား ထည့်သွင်းပြီး ပစ်ပေါက်လိုက်ပါက ချက်ချင်း ပေါက်ကွဲသွားမည်ဖြစ်ပြီး အလွန်နံစော်သော အဆိပ်ငွေ့များကို ထုတ်လွှတ်မည်ဖြစ်သည်။

"ဟာ... ဒါက... ဒါက ငါ မျှော်လင့်ထားတာ မဟုတ်ဘူးလေ။ ချီစုဆောင်းခြင်းဆေးလုံးရဲ့ အာနိသင်တွေ ပျောက်သွားပြီး ဘေးထွက်ဆိုးကျိုးတွေပဲ ကျန်ခဲ့တာလား…။"

သူဖော်စပ်လိုက်သည့် ဆေးလုံးအသစ်၏ အာနိသင်ကို ကြည့်ပြီး လင်းဖန်သည် စနစ်၏ စကားကို နား ထောင်ကာ ကြိုတင် စစ်ဆေးခဲ့မိသည့်အတွက် အလွန်ဝမ်းသာသွားသည်။ မဟုတ်လျင် ဤဆေးလုံးကို တစ်ယောက်ယောက်က စားလိုက်မိပါက အသက်ပင် ရှင်ပါဦးမည်လား မသေချာနိုင်ပေ။

[ပိုင်ရှင်က တကယ့်ကို ပါရမီရှင် ဆေးဆရာပါပဲ။ ဒီလို တိုက်ခိုက်ရေးမှာ သုံးလို့ရတဲ့ ဆေးလုံးမျိုးကို ဖော်စပ်နိုင်တာ တကယ်ကို ချီးကျူးစရာပါပဲ။]

စနစ်၏ အချိန်အခါ မဟုတ်သော ချီးကျူးစကားကြောင့် လင်းဖန် မျက်နှာပူသွားရသည်။

"အဲ... ငါ မူလက ထင်ထားတာနဲ့ ကွဲလွဲနေပေမယ့် ဒီလို အခြေအနေမျိုး ဖြစ်လာနိုင်တယ်ဆိုတာကို ငါ ကြိုတွေးထားပြီးသားပါ။ ဒါကြောင့်လည်း အောင်မြင်တယ်လို့ ပြောလို့ရတာပေါ့…။"

ထိုသို့ပြောပြီးနောက် လင်းဖန်သည် အဆိပ်ငွေ့ဆေးလုံး တစ်လုံးကို ထုတ်ယူကာ ၎င်း၏ အာနိသင်ကို စမ်းသပ်ရန် ပြင်လိုက်သည်။ ထိုအချိန်တွင် ဂူအပြင်ဘက်မှ ချောင်းနားထောင်နေသော ဝမ်ယွီအန်းသည် ဂူထဲမှ ရယ်သံများနှင့် "ဒုက္ခပဲ" ဟူသော အော်သံများကို ကြားရသဖြင့် ထူးဆန်းသော မျက်နှာပေး ဖြစ်သွားသည်။

*ဒီလို ထူးထူးဆန်းဆန်း ဆေးလုံးတွေကို ဖော်စပ်နိုင်တဲ့ ဆေးဆရာက တကယ်ပဲ သာမန်လူ မဟုတ်ဘူး။ သူက ဂူထဲမှာ တစ်ယောက်တည်း စကားပြောရတာ ကြိုက်တာလား။ ဘာဖြစ်လို့ အမြဲတမ်း ဆူညံ နေတာလဲ…။*

*ဒါပေမယ့် သူပြောတာကို ကြည့်ရတာ နောက်ထပ် ဆေးနည်းတစ်ခုကို ထပ်ပြီး ဖော်ထုတ်လိုက် ပုံရတယ်။ ဒီဆေးဖော်စပ်တဲ့ ပါရမီရှင်ကို ငါတို့ ဂိုဏ်းထဲကို မရရအောင် ခေါ်ရမယ်…။*

သူ နောက်ထပ် အစီအစဉ်ကို စဉ်းစားနေစဉ်မှာပင် လင်းဖန်၏ ဂူတံခါး ပွင့်လာသည်။ ထို့နောက် လင်းဖန် သည် ဆေးလုံးတစ်လုံးကို ကိုင်ကာ ဂူအပြင်ဘက်သို့ ပစ်ထုတ်လိုက်သည်ကို တွေ့လိုက်ရသည်။

ကံဆိုးချင်တော့ ထိုဆေးလုံးသည် ဝမ်ယွီအန်း ပုန်းအောင်းနေသည့် နေရာဆီသို့ တည့်တည့်မတ်မတ် ကျလာလေတော့သည်။

All Chapters