အခန်း ၆၁
Vol. 7 Ch. 61
အခန်း (၆၁) ကာမအားတိုးဆေးနှင့် စိတ်ဝိညာဉ်ဖြိုခွင်းဆေး
ဆေးလုံးသည် လေထဲတွင် ဝေ့တက်သွားပြီး မြေပြင်ပေါ်သို့ပင် မကျသေးမီမှာတင် ပေါက်ကွဲသွားလေ တော့သည်။ ထို့နောက် ထိုနေရာ၌ အစိမ်းရောင် အခိုးအငွေ့များ ထွက်ပေါ်လာသည်။ ထိုအငွေ့များ ထွက် လာသည်နှင့်တစ်ပြိုင်နက် အလွန်နံစော်သော အနံ့ဆိုးတစ်ခုက ဝမ်ယွီအန်းကို ရိုက်ခတ်လိုက်ရာ သူ့မှာ အန်ချင်စိတ်ကို အတင်းမြိုသိပ်ထားလိုက်ရ၏။
တော်သေးသည်မှာ အခြေတည်စိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သည့်အတွက် သူ၏ တုံ့ပြန်မှု နှင့် ခံနိုင်ရည်မှာ အလွန်အားကောင်းနေသဖြင့် မည်သည့်အသံမျှ ထွက်မလာခဲ့ပေ။
"ဟင်... အဆိပ်ငွေ့က အစိမ်းရောင်လား။ ဒါက မကောင်းဘူးပဲ။ အရောင်က သိပ်သိသာနေတော့ တိုက်ခိုက်တဲ့နေရာမှာ သုံးရင် ရန်သူက ကြိုသိသွားနိုင်တယ်။ ထပ်ပြီး ပြုပြင်ဖို့ လိုဦးမယ်…။"
လင်းဖန် စကားပြောပြီးသည်နှင့် အဆိပ်ငွေ့ဆေးလုံးမှ ထွက်လာသော အနံ့ဆိုးမှာ ဂူဝသို့ ရောက်ရှိလာ သည်။ လင်းဖန်သည် ပျို့တက်လာသဖြင့် အနံ့ဆိုးများ အထဲမဝင်စေရန် ဂူတံခါးကို အမြန်ပိတ်လိုက်ရ သည်။ သူ ယခုအခါ အတော်လေး နောင်တရနေမိသည်။ သူ၏ ဂူရှေ့မှာတင် ဤအဆိပ်ငွေ့ဆေးလုံးကို မစမ်းသပ်ခဲ့သင့်ပေ။
လင်းဖန်၏ ဂူတံခါး ပိတ်သွားပြီးနောက်တွင်မူ အရိပ်ထဲ၌ ပုန်းနေသော ဝမ်ယွီအန်းမှာ အောင့်ထား၍ မရတော့ဘဲ ထိုနေရာမှာတင် ဝေါ့ခနဲ ထိုးအန်ချလိုက်တော့သည်။
"ဝေါ့… ဒါက ဘာဆေးလုံးလဲ။ လေလည်တာတွေနဲ့ လုပ်ထားတာလား။ အုဂ်….။"
ထိုသို့ပြောပြီးနောက် ဝမ်ယွီအန်းသည် ထိုနေရာတွင် တစ်စက္ကန့်မျှပင် ဆက်မနေလိုတော့ဘဲ အမြန်ဆုံး ထွက်ပြေးခဲ့လေတော့သည်။ သို့သော် ဝမ်ယွီအန်းသည် ချင်းယွင်ဂိုဏ်းမှ အရှိန်အဟုန်ဖြင့် ထွက်ပြေးခဲ့ သော်လည်း ထိုအနံ့ဆိုးမှာ သူ့ဆီကနေ မပျောက်သွားခဲ့ဘဲ ကပ်ပါလာဆဲ ဖြစ်သည်။
သူ့ကိုယ်သူ သန့်စင်ခြင်းမှော်မန္တန် အကြိမ်ကြိမ် သုံးသော်လည်း မထူးခြားပေ။ ဤသည်က အဆိပ်ငွေ့ ဆေးလုံး၏ နောက်ထပ် အာနိသင်တစ်ခုပင် ဖြစ်၏။ တစ်ခါ ထိတွေ့မိသွားပါက ထိုအနံ့ကို ဖယ်ရှားရန် အလွန်ခက်ခဲလှသည်။
အဆိပ်ငွေ့ဆေးလုံးထဲမှ အဆိပ်အတောက်များသည် ဤ အခြေတည်စိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူကို မထိခိုက်စေနိုင်သော်လည်း ပါလာသော အနံ့ဆိုးကြီးကိုမူ သူ ဘာမှမတတ်နိုင်ပေ။ ထိုအနံ့ဆိုးကို ဖယ်ရှား ရန် မည်သို့မျှ မတတ်နိုင်သဖြင့် ဝမ်ယွီအန်းမှာ ထိုအနံ့ဆိုး ကျန်ရစ်ခဲ့နိုးဖြင့် ပျံသန်းနှုန်းကိုသာ ပို၍ မြှင့်တင်လိုက်ရတော့သည်။
တစ်ချိန်တည်းမှာပင် လင်းဖန်သည် အဆိပ်ငွေ့ဆေးလုံးများကို သိမ်းဆည်းပြီးနောက် ပေါင်းစပ်မှု အသစ် များကို စတင်လေ့လာပြန်သည်။ ဤတစ်ကြိမ်တွင်မူ သူသည် အဆာရှောင်ဆေး ၏ ပါဝင်ပစ္စည်းများနှင့် အဆိပ်ဖြေဆေးလုံး၏ ပါဝင်ပစ္စည်းများကို ပေါင်းစပ်ကာ အံ့ဖွယ်အာနိသင်တစ်ခုခု ထွက်လာမလားဟု စမ်းသပ်ကြည့်သည်။
တစ်မိနစ်အကြာတွင် ဆေးလုံး အလုံးငါးဆယ် ထွက်လာသည်။ အဆိပ်ငွေ့ဆေးလုံးတုန်းက အတွေ့ အကြုံရှိထားသဖြင့် လင်းဖန်သည် စနစ်၏ အသိပေးချက်ကို မစောင့်တော့ဘဲ စစ်ဆေးခြင်း လုပ်ဆောင် ချက်ကို ချက်ချင်း သုံးလိုက်သည်။
ကာမအားတိုးဆေး(မြည်းတံဆိပ်): ဆေးဆရာတစ်ဦး၏ ရုတ်တရက် ပေါ်လာသော စိတ်ကူးဖြင့် ဖော်စပ်ထားသော ဆေးလုံး။
ရလဒ်: သိတဲ့လူတွေကတော့ သိကြမှာပါ…။
လင်းဖန်သည် ကာမအားတိုးဆေးလုံး၏ တိုတောင်းလှသော ဖော်ပြချက်ကို ဖတ်ပြီးနောက် ဆွံ့အသွား သည်။ ငါ ကြိုသိသင့်တာ... စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံး အလကားကုန်သွားပြီ။
စနစ်က ဆေးလုံးအာနိသင်ကို အသေးစိတ် မဖော်ပြထားသော်လည်း လင်းဖန်သည် ဆေးလုံးအမည်ကို မြင်သည်နှင့် နားလည်သွားသည်။ သို့သော် ဤကဲ့သို့သော ကာမအားတိုးဆေးမျိုးမှာ ဆန်းသစ်သည့် အရာ မဟုတ်ပေ။ လင်းဖန် သိသလောက်ဆိုလျှင် ဤကမ္ဘာတွင် ဤကဲ့သို့သော ဆေးမျိုး ရှိပြီးသားဖြစ် သည်။
ကာမအားတိုးဆေးလုံး အလုံးငါးဆယ်ကို သိမ်းဆည်းပြီးနောက် လင်းဖန်သည် ဤဆေးမျိုးကို ထပ်မံ ဖော်စပ်တော့မည် မဟုတ်ကြောင်း တွေးလိုက်သည်။ သူ့အတွက် လိုအပ်မည် မဟုတ်သောကြောင့် ဖြစ်သည်။
"ငါ့လို ထူးချွန်တဲ့လူက လက်ကလေးတစ်ခါ ဝေ့လိုက်ရုံနဲ့ နတ်မိမယ်လေးတွေရဲ့ နှလုံးသားကို အလွယ် တကူ သိမ်းပိုက်နိုင်တာပဲ။ ဒီလို နည်းလမ်းတွေ သုံးဖို့ မလိုပါဘူး….။"
[ဟဲဟဲ….အုဂ်…. ပိုင်ရှင် မျက်နှာတော်တော်ပြောင်တာပဲ.. ။]
စနစ်၏ လှောင်ပြောင်မှုကို လျစ်လျူရှုကာ လင်းဖန်သည် နောက်ထပ် ပေါင်းစပ်မှုတစ်ခုကို စတင်လေ့ လာခဲ့သည်။ ဒဏ်ရာပျောက်ဆေးလုံး နှင့် အဆိပ်ဖြေဆေးလုံး တို့ကို ပေါင်းစပ်လျှင် မည်သည့်ဆေးမျိုး ထွက်လာမည်နည်း။ လင်းဖန်သည်လည်း ဤမေးခွန်းကို အတော်လေး စိတ်ဝင်စားနေသည်။
ပထမ ပေါင်းစပ်မှု နှစ်ခုစလုံးက ဘေးထွက်ဆိုးကျိုးများကို သီးခြားထုတ်ယူပြီး ၎င်းတို့၏ အာနိသင်ကို ပိုမိုပြင်းထန်အောင် လုပ်ပေးခြင်းဖြစ်သည်။ နှာခေါင်းသွေးယိုတာကို ပိုပြင်းအောင် လုပ်ပေးရင်ကော ဘာထူးမှာလဲ။
စပ်စုချင်စိတ်ဖြင့် လင်းဖန်သည် အသေးစားအားဖြည့်ဆေးလုံး နှင့် အဆိပ်ဖြေဆေးလုံးတို့၏ ပါဝင် ပစ္စည်းများကို ထုတ်လုပ်ရေးအဖွဲ့ ဆေးမီးဖိုထဲသို့ ထည့်လိုက်သည်။ မိနစ်အနည်းငယ်အကြာတွင် ဆေးမီးဖိုထဲ၌ ဆေးလုံး အလုံးငါးဆယ် ငြိမ်သက်စွာ ရှိနေခဲ့ပြန်သည်။
လင်းဖန် စစ်ဆေးလိုက်သည့်အခါ ဆေးလုံးအချက်အလက်များ သူ၏ရှေ့တွင် ပေါ်လာတော့သည်။
စိတ်ဝိညာဉ်ဖြိုခွင်းဆေးလုံး (မြည်းတံဆိပ်): ဆေးဆရာတစ်ဦး၏ ရုတ်တရက် ပေါ်လာသော စိတ်ကူးဖြင့် ဖော်စပ်ထားသော ဆေးလုံး။
အာနိသင်: စိတ်ဝိညာဉ်စွမ်းအား ထည့်သွင်းပြီး ပစ်ထုတ်လိုက်ပါက စိတ်ဝိညာဉ်စွမ်းအားကို ဖြိုခွဲစေ သော မြူခိုးများ ဖြစ်ပေါ်လာမည်။ ထိုမြူခိုးအတွင်းရှိနေသော ကျင့်ကြံသူ၏ ခန္ဓာကိုယ်ထဲမှ စိတ်ဝိညာဉ် စွမ်းအားများသည် အလွန်လျင်မြန်စွာ ပျောက်ကွယ်သွားလိမ့်မည်။
သူ၏ မျှော်လင့်ထားသည်ထက် အများကြီး သာလွန်နေသော ဆေးလုံးအာနိသင်ကို မြင်လိုက်ရသဖြင့် လင်းဖန် အလွန်ဝမ်းသာသွားခဲ့သည်။
*နှာခေါင်းသွေးယိုတဲ့ ဘေးထွက်ဆိုးကျိုးကို ပိုပြင်းအောင် လုပ်ပေးတာပဲ ဖြစ်မယ်လို့ ထင်ထားတာ။ တကယ်တမ်းကျတော့ မိစ္ဆာစွမ်းအားတွေကို နှိမ်နင်းနိုင်တဲ့ အာနိသင် ဖြစ် နေတာပဲ…။*
အသေးစားအားဖြည့်ဆေးလုံး၏ အာနိသင်မှာ မိမိ၏ စိတ်ဝိညာဉ်စွမ်းအားကို ပြန်လည် ဖြည့်တင်းပေး ရန် ဖြစ်သည်။ သို့သော် အဆိပ်ဖြေဆေးလုံး၏ ပါဝင်ပစ္စည်းများ ပေါင်းစပ်လိုက်သည့်အခါ ရန်သူ၏ စိတ်ဝိညာဉ်စွမ်းအားကို ကုန်ဆုံးစေသော စိတ်ဝိညာဉ်ဖြိုခွင်းဆေးလုံး အဖြစ် ပြောင်းလဲသွားခြင်းမှာ လင်းဖန် မမျှော်လင့်ထားသော ကိစ္စဖြစ်နေသည်။
ဤသို့ဆိုလျှင် ဤဆေးလုံး၏ အရောင်းအားမှာ နောင်တွင် အတော်လေး မြင့်မားလာပေလိမ့်မည်။ စဉ်းစားကြည့်ပါလေ ကျင့်ကြံသူတစ်ဦးသည် တိုက်ပွဲတွင် ဤဆေးလုံးကို သုံးလိုက်ပါက ရန်သူသည် စိတ်ဝိညာဉ်စွမ်းအား မရှိဘဲ သူ့ကို မည်သို့ ယှဉ်နိုင်တော့မည်နည်း။
ဆေးဖက်ဝင် ပစ္စည်းများ၏ ကန့်သတ်ချက်ကြောင့် ဤဆေးလုံးမှာ ရွှေအမြုတေအဆင့် အောက်ရှိ ကျင့်ကြံသူများအတွက်သာ ထိရောက်မှုရှိသော်လည်း ဤမျှနှင့်ပင် လုံလောက်နေပါပြီ။ ဘာပဲဖြစ်ဖြစ် သူရှိနေသော ဤဝေးလံခေါင်ဖျားသော အရပ်တွင် ရွှေအမြုတေအဆင့်အောက် ကျင့်ကြံသူများသာ အများစုရှိနေသည် မဟုတ်ပါလား။
ထို့အပြင် နောင်တစ်ချိန်တွင် ပိုမိုအဆင့်မြင့်သော ဆေးဖက်ဝင် အပင်များကို ရှာတွေ့ပြီး အဆင့်မြင့် စိတ်ဝိညာဉ်ဖြိုခွင်းဆေးလုံး ကို ဖော်စပ်နိုင်လျှင် ကျင့်ကြံသူများအကြား အလုအယက် ဝယ်ယူကြ မည်မှာ အသေအချာပင်။
သို့သော် ထိုအရာများက နောင်ရေးသာ ဖြစ်သည်။ ယခုလောလောဆယ်တွင် သူရှိထားသော အနိမ့်စား ဆေးဖက်ဝင် အပင်များကို ဆေးလုံးအဖြစ် ဖော်စပ်ပြီး စိတ်ဝိညာဉ်ကျောက်တုံးများ ရအောင် ရောင်းချ ရန်သာ လိုအပ်သည်။
ထို့နောက် လင်းဖန်သည် အခြားအတွေးများကို ဖယ်ထုတ်ကာ ထုတ်လုပ်ရေးအဖွဲ့ ဆေးမီးဖိုကြီးပမာ ဆေးလုံးများကို မနားတမ်း ဖော်စပ်တော့သည်။
လင်းဖန် ဆေးဖော်စပ်ခြင်းတွင် စိတ်နှစ်ထားစဉ်မှာပင် သွေးမိစ္ဆာဂိုဏ်းချုပ် ဝမ်ယွီအန်းသည် ခရီးရှည်နှင် ပြီးနောက် ဂိုဏ်းသို့ ပြန်ရောက်လာခဲ့သည်။ ဂိုဏ်းသို့ ပြန်ရောက်သည့်တိုင်အောင် ဝမ်ယွီအန်း၏ ကိုယ် ပေါ်မှ အနံ့ဆိုးမှာ ပျောက်ကွယ်မသွားသေးပေ။ သူ၏ ပုံရိပ်ကို မထိခိုက်စေရန် ဝမ်ယွီအန်းသည် ရုပ်ဖျက် ကာ သူ၏ ကျင့်ကြံခြင်းဂူသို့ တိတ်တဆိတ် ပြန်သွားခဲ့သည်။
ကျင့်ကြံခြင်းဂူသို့ ရောက်သည်နှင့် သူ၏ ဝတ်စုံများကို ချွတ်ကာ မီးရှို့ပစ်လိုက်သည်။ ထို့နောက် ရေချိုး ပြီး ဝတ်စုံအသစ် လဲလိုက်မှသာ ထိုအနံ့ဆိုးမှ လုံးဝ လွတ်မြောက်သွားတော့သည်။ ဤအလုပ်များ ပြီးသွား သောအခါ ဝမ်ယွီအန်းသည် ယခုခရီးစဉ်မှ ရရှိခဲ့သော သတင်းအချက်အလက်များကို ပြန်လည် သုံးသပ် ကြည့်သည်။
ပထမဆုံး အတည်ပြုနိုင်သည်မှာ ထိုဆေးဆရာမှာ တကယ့်ကို ပါရမီရှင်တစ်ဦး ဖြစ်သည်ဟူသော အချက်ပင်။ သူဖော်စပ်သော ဆေးလုံးများမှာ အနည်းငယ် ထူးဆန်းသော်လည်း အာနိသင်မှာ အံ့မခန်း ဖြစ်လှသည်။ အကယ်လို့ ထိုကဲ့သို့သော ဆေးဆရာမျိုးကို သူတို့ သွေးမိစ္ဆာဂိုဏ်းက အသုံးချနိုင်လျှင် သူတို့ဂိုဏ်းကို အဋ္ဌမတန်းစားဂိုဏ်းအဖြစ် အဆင့်မြှင့်တင်မည့် အစီအစဉ်တွင် အဓိက အခန်းကဏ္ဍမှ ပါဝင်လာလိမ့်မည်။
ဒုတိယအချက်မှာ ချင်းယွင်ဂိုဏ်းတွင် ကြားခဲ့ရသော နဝမတန်းစားဂိုဏ်းနှင့် ပတ်သက်သည့် သတင်း ဖြစ်သည်။ ဒါကလည်း ထိုဆေးဆရာကို အရေးယူခြင်း ရှိ၊ မရှိ ဆုံးဖြတ်ရန် အရေးကြီးသော အချက်ဖြစ် သည်။ တကယ်လို့ တစ်ဖက်လူက နဝမတန်းစား အင်မော်တယ်တိမ်တိုက်ဂိုဏ်း၏ အားကိုးရာကို ရထား သည်ဆိုပါက အရင်က ဖြစ်ပျက်ခဲ့သမျှကို ဘာမှမဖြစ်ခဲ့သလို သူတို့ ဟန်ဆောင်နေလိုက်ရုံသာ ရှိသည်။
အကယ်၍ မဟုတ်ဘူးဆိုခဲ့ပါက သူတို့ သွေးမိစ္ဆာဂိုဏ်းက ရက်စက်စွာ သတ်ဖြတ်ဖို့ ဝန်လေးနေမည် မဟုတ်ပေ။ တစ်ဖက်လူ ပြောစကားက အမှန်လား၊ အမှားလား ဆိုတာကို ခွဲခြားရန် ဝမ်ယွီအန်းမှာ အစီအစဉ် ရှိပြီးသားဖြစ်သည်။
သူတို့ သွေးမိစ္ဆာဂိုဏ်း၏ ဘိုးဘေးသည် ငယ်စဉ်က ကျုံးကျိုးတွင် ကျင့်ကြံခဲ့ဖူးပြီး ထိုနေရာတွင် မိတ်ဆွေအချို့ ရှိခဲ့သည်။ ထိုမိတ်ဆွေများနှင့် အလွန်ရင်းနှီးမှု မရှိသော်လည်း သတင်းအချက်အလက် မေးမြန်းခြင်းကဲ့သို့သော ကိစ္စအသေးအမွှားလေးများကိုတော့ ငြင်းဆန်လိမ့်မည် မဟုတ်ပေ။
ဤသို့ တွေးမိပြီးနောက် ဝမ်ယွီအန်းသည် ဂိုဏ်း၏ တောင်နောက်ဘက်ရှိ ဘိုးဘေး အနားယူရာ နေရာသို့ တိုက်ရိုက် ပျံသန်းသွားတော့သည်။ မကြာမီမှာပင် သွေးမိစ္ဆာဂိုဏ်း၏ တောင်နောက်ဘက်သို့ ရောက်ရှိ လာပြီး ဘိုးဘေး၏ ကျင့်ကြံခြင်းဂူအနားသို့ ရောက်သောအခါ ဝမ်ယွီအန်းသည် လမ်းလျှောက်၍သာ သွားတော့ သည်။ ဤအချင်းအရာက ဘိုးဘေးအပေါ် ထားရှိသော ရိုသေမှုပင် ဖြစ်သည်။
ဘိုးဘေး အနားယူရာ ဂူရှေ့သို့ ရောက်သောအခါ ဝမ်ယွီအန်းက တိုက်ရိုက် လျှောက်တင်လိုက်သည်။
"ဘိုးဘေး... တပည့် ဝမ်ယွီအန်း တွေ့ဆုံခွင့် တောင်းခံပါတယ်။ ဘိုးဘေးရဲ့ တရားကျင့်ကြံမှုကို နှောင့်ယှက်မိတဲ့အတွက် တောင်းပန်ပါတယ်…။"
ဝမ်ယွီအန်း ပြောပြီး မကြာမီမှာပင် သူ၏ရှေ့ရှိ ဂူတံခါးမှာ ရုတ်တရက် ပွင့်လာတော့သည်။