အခန်း ၆၂
Vol. 7 Ch. 62
အခန်း (၆၂) သွေးမိစ္ဆာဘိုးဘေး၏ ကျုံးကျိုးမှ မိတ်ဆွေဟောင်း
ဂူတံခါးပွင့်သွားသည်ကို မြင်လျှင် ဝမ်ယွီအန်းသည်လည်း ဂူအတွင်းသို့ အမြန်လျှောက်ဝင်သွားခဲ့သည်။
"တပည့် ဝမ်ယွီအန်း ဘိုးဘေးကို ဂါရဝပြုပါတယ်…။"
ကျင့်ကြံခြင်းဂူအတွင်းသို့ ရောက်သည်နှင့် ဝမ်ယွီအန်းသည် ဂူထဲ၌ တင်ပျဉ်ခွေထိုင်နေသော ဆံပင်ဖြူအဖိုးအို ကို ရိုသေစွာ ဦးချလိုက်သည်။ ရေတွက်၍မရနိုင်သော နှစ်ပေါင်းများစွာ အသက်ရှင်ခဲ့သည့် ဤဆံပင်ဖြူ အဖိုးအိုမှာ အခြားသူမဟုတ် သွေးမိစ္ဆာဂိုဏ်း ကို တည်ထောင်သူ ဘိုးဘေး ဝမ်ကျိဖူ ပင် ဖြစ်သည်။
သူ့ရှေ့တွင် ရိုသေစွာရှိနေသော ဝမ်ယွီအန်းကို ကြည့်ရင်း ဝမ်ကျိဖူက နှေးကွေးစွာ စကားဆိုသည်။
"ထတော့... ဂိုဏ်းမှာ တစ်ခုခု ဖြစ်လို့လား…။"
ဘိုးဘေး၏ စကားကို ကြားရလျှင် ဝမ်ယွီအန်းက အမြန်ထရပ်ကာ သူလာရသည့် အကြောင်းရင်းကို ရှင်းပြလိုက်သည်။
"ဘိုးဘေးက အမြော်အမြင် ကြီးမားလှပါတယ်။ တပည့်အနေနဲ့ ဘိုးဘေးရဲ့ တရားကျင့်ကြံမှုကို နှောင့်ယှက်မိတာက ဂိုဏ်းရဲ့ အဆင့်အတန်း မြင့်တင်ရေးအတွက် အလွန်အရေးကြီးတဲ့ ကိစ္စတစ်ခု ရှိလာလို့ပါ…။"
ဂိုဏ်းအဆင့်တိုးမြှင့်ရေး ဟူသော စကားကို ကြားလိုက်ရချိန်တွင် ဝမ်ကျိဖူ၏ မျက်လုံးများမှာ ချက်ချင်း အရောင်တောက်သွားသည်။
"ဪ... အဲ့ဒါဆိုလည်း ပြောပြပါဦး…။"
ဝမ်ယွီအန်းသည်လည်း အချိန်မဆွဲရဲတော့ဘဲ မကြာသေးမီက ဖြစ်ပျက်ခဲ့သည်များကို အမြန်ပင် အသေး စိတ်ကို ပြန်လည်တင်ပြလိုက်သည်။
"ဘိုးဘေးကို တင်ပြရရင်... ဂိုဏ်းကနေ အတော်လေး ထူးဆန်းတဲ့ ဆေးဆရာတစ်ယောက်ကို မကြာ သေးခင်က ရှာတွေ့ခဲ့ပါတယ်။ သူဖော်စပ်တဲ့ ဆေးလုံးတွေက အံ့မခန်း အာနိသင်တွေ ရှိနေပုံရပါတယ်။ တကယ်လို့ သူ့ရဲ့ လျှို့ဝှက်ချက်တွေကို တပည့်တို့ရအောင်ယူပြီး ဂိုဏ်းက ဆေးဆရာတွေကို လေ့လာ ခိုင်းမယ် ဆိုရင် တပည့်တို့ဂိုဏ်းရဲ့ အင်အားက အဆင့်တစ်ခုကို သေချာပေါက် တက်လှမ်းသွားမှာပါ"
ဆေးဆရာနှင့် ပတ်သက်သည့် အကြောင်းအရာဖြစ်သဖြင့် ဝမ်ကျိဖူလည်း စိတ်ဝင်စားသွားသည်။
"ဟင်း... ဒါဆိုရင်လည်း အဲ့ဒီလူကို ဖမ်းခဲ့လိုက်ရုံပဲပေါ့။ သူ့မှာ တစ်ခုခု အားကိုးစရာ နောက်ခံများ ရှိလို့ လား…။"
ဘိုးဘေး၏ ခန့်မှန်းချက်ကို ကြားပြီးနောက် ဝမ်ယွီအန်းက ခေတ္တစဉ်းစားပြီး သူ၏ ထင်မြင်ချက်ကို ပြောပြသည်။
"ဒီဆေးဆရာက လောလောဆယ် တတိယတန်းစားဂိုဏ်းတစ်ခုမှာ ရှိနေတာပါ။ တပည့် ဒီနေ့ သွား ရောက်စုံစမ်းတဲ့အခါ ကျုံးကျိုး နဲ့ ပတ်သက်တဲ့ သတင်းအချို့ ကြားခဲ့ရပါတယ်။ အဲ့ဒီဂိုဏ်းချုပ်ရဲ့ အမည်က လီယွမ်ဖေး တဲ့ သူက ကျုံးကျိုးက အင်မော်တယ်တိမ်တိုက်ဂိုဏ်းက လာတာလို့ ပြော နေကြတာပါ..."
"ဒါပေမယ့် တပည့်ကတော့ ဒါက အမှန်မဖြစ်နိုင်ဘူးလို့ ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျုံးကျိုးက အင်မော်တယ်တိမ်တိုက်ဂိုဏ်းဆိုတာ နဝမတန်းစားဂိုဏ်းကြီး မဟုတ်လား။ အဲ့ဒီလို ဂိုဏ်းကြီးက ဘာလို့ အရှေ့ဘက်ဒေသလို ဝေးလံခေါင်ဖျားတဲ့ နေရာမှာ အခြေစိုက်မှာလဲ ပြီးတော့ သူတို့မှာ အမြင့်ဆုံး ကျင့်ကြံသူက အခြေတည်စိတ်ဝိညာဉ်အဆင့် အလယ်အလတ်လောက်ပဲ ရှိတာလေ..."
"ဒါပေမယ့်လည်း သေချာအောင်လို့ ဘိုးဘေးအနေနဲ့ ကျုံးကျိုးက သတင်းအချို့ကို စုံစမ်းပေးစေချင် ပါတယ်။ ဘေးကင်းဖို့အတွက်ပါ…။"
ဝမ်ယွီအန်း၏ စကားကို ကြားပြီးနောက် ဝမ်ကျိဖူသည် တစ်ဖက်လူ ဘာကို ဆိုလိုသည်ကို အကြမ်းဖျင်း နားလည်သွားသည်။ ဤသည်မှာ တစ်ဖက်လူ၏ ကျုံးကျိုးနောက်ခံအပေါ် မယုံကြည်မှုနှင့်အတူ စိုးရိမ် စိတ် အနည်းငယ် ရှိနေခြင်းကြောင့် ဖြစ်သည်။
အမှန်အတိုင်း ပြောရလျှင် ဝမ်ယွီအန်း၏ တင်ပြချက်ကို ကြားပြီးနောက် သူကိုယ်တိုင်လည်း တစ်ဖက် လူမှာ ကျုံးကျိုးက ဖြစ်လိမ့်မည်ဟု မယုံကြည်ပေ။ အရင်က ဝမ်ကျိဖူသည် ကျုံးကျိုးတွင် အချိန်အတန် ကြာ လှည့်လည်ခဲ့ဖူးပြီး ဂိုဏ်းကြီးများမှ တပည့်များနှင့်လည်း တွေ့ဆုံခဲ့ဖူးသည်။
ထိုဂိုဏ်းကြီးများမှ တပည့်များထံမှ သူသိခဲ့ရသည်မှာ ထိုဂိုဏ်းကြီးများသည် ကျုံးကျိုးပြင်ပရှိ အခြား ဒေသများတွင် အင်အားချဲ့ထွင်ရန် စိတ်မဝင်စားကြခြင်းပင် ဖြစ်သည်။ ထို့ကြောင့် သူသည်လည်း ဝမ်ယွီအန်းကဲ့သို့ပင် တစ်ဖက်လူမှာ အင်မော်တယ်တိမ်တိုက်ဂိုဏ်း၏ အမည်ကို တစ်နေရာရာကနေ ကြားဖူးပြီး သူတစ်ပါးကို ခြောက်လှန့်ရန် အသုံးချနေခြင်းသာ ဖြစ်မည်ဟု ယူဆသည်။
သို့သော်လည်း ပို၍သေချာစေရန် ဝမ်ကျိဖူသည် ကျုံးကျိုးရှိ သူ၏ မိတ်ဆွေအား ဆက်သွယ်ကာ စုံစမ်း ရန် ဆုံးဖြတ်လိုက်သည်။ မရှိဘူးဟု မယုံကြည်ခြင်းထက် ရှိနိုင်သည်ဟု ယုံကြည်ထားခြင်းက ပို၍ ဘေးကင်းပါသည်။
ကျုံးကျိုးမှ ထိုနဝမတန်းစား ဂိုဏ်းကြီးများသည် သူတို့ စော်ကားနိုင်သည့် အရာမျိုး မဟုတ်ပေ။ သံသယ အနည်းငယ်မျှ ရှိနေလျှင်ပင် ကိုယ်တိုင် စုံစမ်းကြည့်ရန် ထိုက်တန်ပါသည်။
"ဒီကိစ္စကို ငါ သိပြီ။ မင်း ပြန်ပြီး ငါ့သတင်းကို စောင့်နေလိုက်။ ငါ ကျုံးကျိုးက မိတ်ဆွေဟောင်းတွေကို ဆက်သွယ်ပြီး စုံစမ်းခိုင်းလိုက်မယ်….။"
ထိုသို့ပြောပြီးနောက် ဝမ်ကျိဖူက မျက်လုံးမှိတ်ကာ စကားစဖြတ်လိုက်သဖြင့် ဝမ်ယွီအန်းသည်လည်း ဘိုးဘေး၏ ကျင့်ကြံခြင်းဂူမှ လိမ္မာပါးနပ်စွာ ဆုတ်ခွာခဲ့လေသည်။
ဝမ်ယွီအန်း ထွက်သွားပြီးနောက် ဝမ်ကျိဖူသည် သူ၏ သိုလှောင်လက်စွပ်ထဲတွင် ရှာဖွေလိုက်ရာ နောက်ဆုံး၌ ကြာမြင့်စွာကတည်းက မေ့လျော့နေခဲ့သော ဆက်သွယ်ရေး ကျောက်ပြား တစ်ခုကို ရှာတွေ့ ခဲ့သည်။ ဤဆက်သွယ်ရေး ကျောက်ပြားမှာ ရှေးကျပြီး ရိုးရှင်းသော ပုံစံရှိသော်လည်း ၎င်းမှာ သာမန် အရာ မဟုတ်သည်မှာ ထင်ရှားသည်။
နယ်နိမိတ်များကို ဖြတ်ကျော်ကာ ကျုံးကျိုးနှင့် အရှေ့ဘက်ဒေသကို ဆက်သွယ်နိုင်သည့် ဆက်သွယ်ရေး ကျောက်ပြားမျိုးမှာ ထျန်းယွမ်တိုက်ကြီး ပေါ်တွင် ရှားပါးလှသည်။ သို့သော် ဝမ်ကျိဖူ၏ ကျောက်ပြားကို ကြည့်ရသည်မှာ အက်ကြောင်းများဖြင့် ပြည့်နေပြီဖြစ်ရာ ၎င်းကို ထပ်မံအသုံးပြုရန် အကြိမ်ရေ သိပ်မ ကျန်တော့ကြောင်း သိသာလှသည်။
ဆက်သွယ်ရေး ကျောက်ပြားကို ထုတ်ယူပြီးနောက် ဝမ်ကျိဖူက စိတ်ဝိညာဉ်စွမ်းအား အနည်းငယ် ထည့်သွင်းလိုက်ရာ ကျောက်ပြားမှာ ချက်ချင်းပင် အလင်းရောင်များထွက်လာတော့သည်။
တစ်ချိန်တည်းမှာပင် ကျုံးကျိုးရှိ အဋ္ဌမတန်းစားဂိုဏ်းဖြစ်သည့် ထျန်းယင်းဂိုဏ်း အတွင်း၌ သူ၏ ကျင့်ကြံခြင်းဂူတွင် တင်ပျဉ်ခွေထိုင်နေသော ဆံပင်ဖြူအဖိုးအိုတစ်ဦးမှာ ရုတ်တရက် အံ့ဩစွာ ရေရွတ်လိုက် သည်။
"ဟင်... နယ်ခြားဖြတ်ကျော် ဆက်သွယ်ရေး ကျောက်ပြားက လှုပ်ခတ်နေပါလား။ ဘယ်ကမိတ်ဆွေ ဟောင်းများပါလိမ့်…။"
ကျန်းမုဟိုင် အမည်ရှိသော ဤအဖိုးအိုမှာ အဋ္ဌမတန်းစား ထျန်းယင်းဂိုဏ်း၏ လက်ထောက် ဂိုဏ်းချုပ် ဖြစ်ပြီး သူ၏ ကျင့်ကြံမှုမှာ မဟာယာနအဆင့် အလယ်အလတ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ဇဝေဇဝါဖြစ်နေစဉ်မှာပင် ကျန်းမုဟိုင်သည် သူ၏ သိုလှောင်လက်စွပ်ထဲမှ ဆက်သွယ်ရေး ကျောက်ပြား တစ်ခုကို ထုတ်လိုက်၏။
"ဟေ့... ဝမ်အိုကြီး… နှစ်တွေအများကြီးကြာမှ ဘာကိစ္စရှိလို့ ငါ့ကို လာဆက်သွယ်တာလဲ….။"
ထို့နောက် ကျောက်ပြားထဲမှ ဝမ်ကျိဖူ၏ အသံ ထွက်ပေါ်လာသည်။
"ကျန်းအစ်ကို... မတွေ့ရတာ ကြာပြီနော်။ နေကောင်းရဲ့လား….။"
"ဟားဟား... ကောင်းပါ့…. ငါလည်း ကျုံးကျိုးက အဋ္ဌမတန်းစားဂိုဏ်းမှာ လက်ထောက်ဂိုဏ်းချုပ် ဖြစ်လာသလို မဟာယာနအဆင့် အလယ်အလတ်ကိုလည်း ရောက်သွားပြီလေ….။"
အခြားတစ်ဖက်မှ ကျန်းမုဟိုင်၏ စကားကို ကြားလိုက်ရချိန်တွင် ဝမ်ကျိဖူ၏ မျက်နှာတွင် မနာလိုသော အရိပ်အယောင်များ ပေါ်လာသည်။ သူတို့ စတင်တွေ့ဆုံစဉ်က ဝမ်ကျိဖူ၏ ကျင့်ကြံမှုမှာ အမြဲတမ်း တစ်ဖက်လူထက် သာလွန်ခဲ့သည်။ ယခုမူ ကျန်းမုဟိုင်က မဟာယာနအလယ်အလတ်သို့ ရောက်နေပြီ ဖြစ်သော်လည်း သူကမူ မဟာယာနအစောပိုင်းအဆင့်မှာတင် ရုန်းကန်နေရဆဲ ဖြစ်သည်။
မနာလိုစိတ် အနည်းငယ် ရှိနေသော်လည်း ယခုအချိန်မှာ မနာလိုရမည့် အချိန်မဟုတ်ပေ။ အကြောင်းမှာ သူသည် တစ်ဖက်လူကို အကူအညီ တောင်းရန် လိုအပ်နေသောကြောင့် ဖြစ်သည်။
"ဂုဏ်ယူပါတယ် ကျန်းအစ်ကို… ဒီလောက်မြန်မြန် မဟာယာနအလယ်အလတ်ကို ရောက်သွားတာပဲ။ ဒီအတိုင်းဆိုရင် အစ်ကိုကြီးက မကြာခင် အတိဒုက္ခအဆင့် ကို ရောက်ပြီး အင်မော်တယ် ဖြစ်တော့မှာ ပေါ့….။"
ဝမ်ကျိဖူ၏ ချီးကျူးမှုကို ကြားရသဖြင့် ကျန်းမုဟိုင်သည် စိတ်ကြည်လင်သွားပြီး နှိမ့်ချစွာ ပြန်ပြော လိုက်သည်။
"အတိဒုက္ခအဆင့်ဆိုတာ အဲ့ဒီလောက် မလွယ်ပါဘူး။ ငါက မဟာယာနနှောင်းပိုင်း ရောက်ဖို့တောင် အများကြီး လိုသေးတာ။ ဝမ်အိုကြီး... မင်းရဲ့ ဂုဏ်ပြုစကားက စောလွန်းပါသေးတယ်။ ဒါနဲ့ ဝမ်အိုကြီး... ငါ့ဆီက ဘာအကူအညီများ လိုချင်လို့လဲ….။"
ကျန်းမုဟိုင်သည် တစ်ဖက်လူ၏ နယ်ခြားဖြတ်ကျော် ဆက်သွယ်မှုမှာ အလကား စကားပြောရန် မဟုတ် ကြောင်း သဘာဝအတိုင်းပင် သိလေ သည်။ တစ်ဖက်လူက သူ၏ မာနကို ကျေနပ်အောင် ပြောဆိုခဲ့ သဖြင့် တစ်ဖက်လူအတွက် အန္တရာယ်မရှိသော ကိစ္စအသေးအမွှားလေးများကို သူ ကူညီပေးနိုင်လေ သည်။ မည်သို့ပင်ဆိုစေ သူတို့နှစ်ယောက်မှာ အတူတူ အခက်အခဲတွေကို ကျော်ဖြတ်ခဲ့ကြဖူးသဖြင့် သံယောဇဉ် အတန်အသင့် ရှိကြသည်။
"ကျန်းအစ်ကို... အကူအညီလေးတစ်ခု တောင်းစရာ ရှိလို့ပါ။ ကျန်းအစ်ကိုအနေနဲ့ သတင်းအချက် အလက်လေး အချို့ စုံစမ်းပေးဖို့ ကျွန်တော် တောင်းဆိုချင်ပါတယ်…။"
"ဪ... ဘယ်လိုသတင်းမျိုးလဲ…။"
ထို့နောက် ဝမ်ကျိဖူက ဆက်ပြောသည်။
"ကျန်းအစ်ကို သိတဲ့အတိုင်း ကျွန်တော်က အရှေ့ဘက်ဒေသမှာ သတ္တမတန်းစား အင်အားစုတစ်ခုကို တည်ထောင်ထားပါတယ်။ မကြာခင်က ကျွန်တော့်ရဲ့ တပည့်တွေနဲ့ တတိယတန်းစား ဂိုဏ်းငယ်လေး တစ်ခု ပဋိပက္ခ ဖြစ်ခဲ့ကြတယ်။ မူလကတော့ ဒါက ကိစ္စကြီးမဟုတ်ပေမယ့် တစ်ဖက်လူက သူတို့က ကျုံးကျိုးက အင်မော်တယ်တိမ်တိုက်ဂိုဏ်း က လာတာလို့ ပြောနေကြလို့ပါ…။"
"ဒါကြောင့် တစ်ဖက်လူ ပြောတာ အမှန်လားဆိုတာကို ကျန်းအစ်ကိုကတစ်ဆင့် သိချင်တာပါ။ တကယ် လို့ သူတို့က ကျုံးကျိုးက အင်မော်တယ်တိမ်တိုက်ဂိုဏ်းက တကယ် လာတာဆိုရင်တော့ ကျွန်တော် ကိုယ်တိုင် သွားပြီး တောင်းပန်ရမှာပေါ့။ ဘာပဲဖြစ်ဖြစ် အင်မော်တယ်တိမ်တိုက်ဂိုဏ်းဆိုတာ ကျွန်တော့် လို ဂိုဏ်းငယ်လေးက စော်ကားရဲဝံ့တဲ့ ဂိုဏ်းမျိုး မဟုတ်ဘူးလေ…။"
ဝမ်ကျိဖူ၏ ပြောစကားကို ကြားပြီးနောက် ကျန်းမုဟိုင်သည် သူ၏ မိတ်ဆွေဟောင်းမှာ အလွန်အမင်း သတိကြီးလွန်းနေသည်ကို ချက်ချင်း သိလိုက်သည်။ ဘာပဲဖြစ်ဖြစ် သူက မဟာယာန ကျင့်ကြံသူတစ်ဦး မဟုတ်လား ဒါတောင် တတိယတန်းစား ဂိုဏ်းလေးတစ်ခုကိုတောင် ကြောက်ရွံ့တုန်လှုပ်နေရသေး သည်။
တစ်ဖက်လူ ပြောသည့် အင်မော်တယ်တိမ်တိုက်ဂိုဏ်း ဆိုသည်ကိုလည်း သူ လုံးဝ မယုံကြည်ပေ။ ဘာပဲဖြစ်ဖြစ် ထျန်းယွမ်တိုက်ကြီး၏ အရပ်လေးမျက်နှာ အရှေ့၊ အနောက်၊ တောင်၊ မြောက် က လူ အားလုံးဟာ ကျုံးကျိုးကို ရောက်အောင် လုယက်တိုးဝှေ့နေကြသည်ပင်။ ကျုံးကျိုးက အင်အားစုတွေ အပြင်ကို ထွက်ပြီး အခြေစိုက်တယ်ဆိုသည်က မရှိသလောက်ပါပင်။
သူ့အမြင်တွင်မူ ၎င်းမှာ တစ်စုံတစ်ယောက်က သတင်းအချို့ ကြားဖူးနားဝရှိပြီး သူတစ်ပါး အာဏာကို သုံးကာ ဗိုလ်ကျနေခြင်းသာ ဖြစ်လိမ့်မည်။ သူ၏ မိတ်ဆွေဟောင်းမှာ ကျုံးကျိုး၏ အခြေအနေကို နားမလည်သောကြောင့်သာ ဖြစ်သည်။ မဟုတ်လျှင် ကျုံးကျိုးရှိ မည်သည့်ကျင့်ကြံသူမဆို တစ်ဖက်လူ ပြောသည်ကို ယုံကြည်မည် မဟုတ်ပေ။
"ဝမ်အိုကြီး... အခုအချိန်မှာ အဲ့ဒါက လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စပဲ။ အင်မော်တယ်တိမ်တိုက်ဂိုဏ်းလို ထိပ်တန်းဂိုဏ်းကြီးက အရှေ့ဘက်ဒေသလို နေရာမျိုးကို လှည့်တောင် ကြည့်မှာ မဟုတ်ဘူး။ ဒါပေမယ့် မင်း အရမ်းစိုးရိမ်နေတော့လည်း ငါ စုံစမ်းပေးပါ့မယ်။ ငါ့မှာ အင်မော်တယ်တိမ်တိုက်ဂိုဏ်းက အစောင့် အရှောက် အဖြစ် တာဝန်ယူနေတဲ့ မိတ်ဆွေဟောင်းတစ်ယောက် ရှိနေတာ ကံကောင်းတာပဲ….။"