အခန်း ၆၄
Vol. 7 Ch. 64
အခန်း (၆၄) စုံစမ်းမေးမြန်းရန် ရောက်ရှိလာခြင်း
"ကျန်းအစ်ကို ကို ဒုက္ခပေးမိပြီဗျာ။ အဲ့ဒီ တတိယတန်းစားဂိုဏ်းက ပုရွက်ဆိတ်တွေက ဂိုဏ်းကြီးရဲ့ အမည်ကို အကာအကွယ်ယူပြီး သုံးရဲတယ်ပေါ့။ သူတို့ကို လူဖြစ်ရတာ နောင်တရသွားအောင် ငါ လုပ်ပေးလိုက်မယ်…။"
သူတို့နှစ်ဦး စကားပြောပြီးနောက် သွေးမိစ္ဆာဂိုဏ်း ဘိုးဘေး ဝမ်ကျိဖူ ၏ လက်ထဲရှိ ဆက်သွယ်ရေး ကျောက်ပြားမှာ ချက်ချင်းပင် ဂျောက် ခနဲဟူသော အသံနှင့်အတူ အက်ကွဲသွားလေတော့သည်။ ရှေ့မှ အက်ကွဲသွားသော ကျောက်ပြားကို ကြည့်ရင်း ဝမ်ကျိဖူ နှမြောတသ ဖြစ်သွားမိသည်။
ဤကဲ့သို့ နယ်ခြားဖြတ်ကျော် ဆက်သွယ်မှုမျိုးသည် ကျောက်ပြားကို အလွန်အမင်း ပျက်စီးစေသည်။ သူနှင့်အတူ နှစ်ပေါင်းမည်မျှကြာအောင်ရှိခဲ့မှန်း မသိသော ဤဆက်သွယ်ရေး ကျောက်ပြားမှာ ယခု တော့ လုံးဝပျက်စီးသွားခဲ့လေပြီဖြစ်သည်။
ဝမ်ကျိဖူ တစ်ယောက် သတင်းပို့ရန်အတွက် အသုံးပြုခဲ့သော ကျောက်ပြားအတွက် နှမြောနေချိန်မှာပင် လျူအန်းရှန်း သည် အရှိန်ပြင်းပြင်းဖြင့် ခရီးနှင်လာခဲ့ပြီးနောက် ထျန်းယင်းဂိုဏ်း တည်ရှိရာသို့ ရောက်ရှိ လာသည်။ လျူအန်းရှန်းသည် သူ၏ ကျင့်ကြံမှုကို တမင်တကာ ဖုံးကွယ်ထားခြင်း မရှိသဖြင့် သူ ဂိုဏ်း တံခါးဝသို့ ရောက်သည်နှင့် ထျန်းယင်းဂိုဏ်းချုပ်က ချက်ချင်း သတိပြုမိသွားလေသည်။
ရောက်လာသူ၏ ကျင့်ကြံမှုအဆင့်ကို ခံစားမိသည်နှင့် ထျန်းယင်းဂိုဏ်းချုပ်သည် အနည်းငယ် စိုးရိမ် ထိတ်လန့်သွားကာ ကိုယ်တိုင် ထွက်၍ ကြိုဆိုရန် အပြေးအလွှား သွားလေတော့သည်။
လက်ထောက်ဂိုဏ်းချုပ်ဖြစ်သူ ကျန်းမုဟိုင်သည်လည်း မနှောင့်နှေးရဲဘဲ ဂိုဏ်းချုပ်နှင့်အတူ လိုက်ပါသွား သည်။ ဂိုဏ်းအပြင်ဘက်ရှိ လျူအန်းရှန်းသည် မဟာယာနအဆင့် ကျင့်ကြံသူနှစ်ဦး သူ့ထံသို့ ပျံသန်းလာ သည်ကို ခံစားမိသော်လည်း ရှေ့သို့ ဆက်မတက်ဘဲ သူတို့ကို လာရောက်ကြိုဆိုရန် ထိုနေရာ၌ပင် စောင့် နေလိုက်သည်။
မည်သို့ပင်ဆိုစေ တစ်ဖက်လူမှာလည်း အဋ္ဌမတန်းစားဂိုဏ်းဖြစ်ပြီး သူတို့အကြား ရန်ငြိုးရန်စလည်း မရှိပေ။
လျူအန်းရှန်းသည် ဂိုဏ်းထဲသို့ အတင်းအဓမ္မ ကျူးကျော်ဝင်ရောက်ခြင်းကဲ့သို့သော အရှက်ရဖွယ် ကိစ္စမျိုးကို မလုပ်ဆောင်ခဲ့ပေ။
ခဏအကြာတွင် ထျန်းယင်းဂိုဏ်းမှ မဟာယာနကျင့်ကြံသူနှစ်ဦး၏ ဦးဆောင်မှုဖြင့် သူတို့သုံးဦးသည် ဂိုဏ်း၏ ပင်မခန်းမဆောင်သို့ ရောက်ရှိလာကြသည်။ ထိုအခါ ထျန်းယင်းဂိုဏ်းချုပ်က လျူအန်းရှန်းကို စတင်၍ နှုတ်ဆက်စကားဆိုလိုက်သည်။
"ဒါက အင်မော်တယ်တိမ်တိုက်ဂိုဏ်း က မိတ်ဆွေလျူ ဖြစ်ရမယ်။ မိတ်ဆွေလျူရဲ့ ကျင့်ကြံမှုက အတိ ဒုက္ခကို ကျော်ဖြတ်နိုင်တဲ့အထိ မြင့်မားနေတာတောင် ကျင့်ကြံမှုကို တမင်ဖိနှိပ်ထားတယ်လို့ ကြားဖူးပါ တယ်။ မိတ်ဆွေရဲ့ စိတ်ဓာတ်ကို ကျွန်တော် တကယ်ချီးကျူးမိပါတယ်…။"
ထျန်းယင်းဂိုဏ်းချုပ်သည် အင်မော်တယ်တိမ်တိုက်ဂိုဏ်းမှ နာမည်ကြီးပုဂ္ဂိုလ် လျူအန်းရှန်းအကြောင်း ကြားဖူးသည်။ လွန်ခဲ့သော နှစ်အနည်းငယ်က အကြီးအကဲလျူသည် ပထမဆုံးသော အတိဒုက္ခ မိုးကြိုး ကိုပင် ဆွဲဆောင်နိုင်လုနီးပါး ဖြစ်ခဲ့သော်လည်း သူက အောင်မြင်စွာ ဖိနှိပ်ထားနိုင်ခဲ့သည်ဟု ဆိုကြသည်။ ဤသို့ ဖိနှိပ်ထားခြင်းမှာ နှစ်အတော်ကြာခဲ့ပြီဖြစ်ရာ ၎င်းကို ကြားဖူးသူတိုင်း အံ့ဩမှင်သက်ခဲ့ကြရသည်။
အတိဒုက္ခအဆင့် တွင် မိုးကြိုးအတိဒုက္ခ ကိုးကြိမ်ရှိသည်။ မဟာယာနအဆင့်ကို ပြီးဆုံးပြီးနောက် ပထမ ဆုံးသော မိုးကြိုးဒဏ်ကို ကျော်ဖြတ်နိုင်မှသာ အတိဒုက္ခအဆင့် ကျင့်ကြံသူဟု သတ်မှတ်နိုင်သည်။ ထို့နောက် မိုးကြိုးဒဏ် တစ်ကြိမ် ကျော်ဖြတ်နိုင်တိုင်း သူ၏ အင်အားမှာ တစ်ဆင့်ချင်းစီ မြင့်တက်လာ မည်ဖြစ်သည်။
အတိဒုက္ခအဆင့်၏ ပထမဆုံး မိုးကြိုးဒဏ်မှာ အားအနည်းဆုံးဖြစ်ရာ မဟာယာနကျင့်ကြံသူ အများစုမှာ ၎င်းကို ကျော်ဖြတ်နိုင်မည်ဟု ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိကြသည်။ ထို့ကြောင့် လျူအန်းရှန်းက ပထမဆုံး မိုးကြိုးဒဏ်ကို ဖိနှိပ်ထားသည်ဟု ကြားသောအခါ သူတို့ ဘာပြောရမှန်းမသိအောင် ဖြစ်ခဲ့ ရခြင်းဖြစ်သည်။
နောက်ခံမရှိသော တစ်ကိုယ်တော်ကျင့်ကြံသူတစ်ဦးက ပထမဆုံး မိုးကြိုးဒဏ်ကို မကျော်ဖြတ်နိုင်မှာ စိုးရိမ်သဖြင့် ကျင့်ကြံမှုကို ဖိနှိပ်ထားသည်ဆိုလျှင် နားလည်ပေးနိုင်ပါသည်။ သို့သော် သူက အင်မော် တယ်တိမ်တိုက်ဂိုဏ်း၏ အကြီးအကဲတစ်ဦးပင်။ သူ၏ အင်အားနှင့်ဆိုလျှင် ပထမဆုံး အတိဒုက္ခတင် မက ပထမသုံးကြိမ်စလုံးကပင် သူ့အတွက် အန္တရာယ်ရှိလိမ့်မည် မဟုတ်ပေ။
*ပထမဆုံး မိုးကြိုးဒဏ်ကို ကျော်ဖြတ်ပြီး အတိဒုက္ခအဆင့်သို့ တက်လှမ်းရတော့မည့်အချိန်မှာ ဘာဖြစ်လို့ ကျင့်ကြံမှုကို ဖိနှိပ်ပြီး အချိန်ဆွဲနေရတာလဲ…။ တကယ်လို့ ငါသာသူ့နေရာမှာဆိုရင် တစ်စက္ကန့်လေး တောင် အလဟဿ အဖြစ်ခံမည်မှာ မဟုတ်ဘူး…။*
နှိုင်းယှဉ်မှုသည် ပျော်ရွှင်မှုကို ခိုးယူတတ်သည်ဟု ဆိုရမည်။ ဤထျန်းယင်းဂိုဏ်းချုပ်သည် အတိဒုက္ခ အဆင့်၏ ပထမဆုံး မိုးကြိုးဒဏ်ကို ဆွဲဆောင်နိုင်ရန် အိပ်မက်မက်နေသော်လည်း ကံမကောင်းစွာဖြင့် သူ၏ ကျင့်ကြံမှုမှာ ပြည့်စုံခြင်း မရှိသေးသဖြင့် အိပ်မက်သာ မက်နေရသည်။ သူ့ရှေ့မှ လူကမူ သူ အသည်းအသန် လိုချင်နေသော အတိဒုက္ခကို ရင်ဆိုင်ရန် တွန့်ဆုတ်နေသဖြင့် သူ ဘာပြောရမှန်း မသိဖြစ်နေရခြင်းပင်။
"မိတ်ဆွေကလည်း မြှောက်ပင့်လွန်းနေပါပြီ။ လွန်ခဲ့တဲ့ နှစ်တွေက ဖြစ်ပျက်ခဲ့တဲ့ ကိစ္စအချို့ကြောင့် ကျွန်တော့်မှာ အတွင်းစိတ်မိစ္ဆာတွေ ရှိနေလို့ပါ။ ဒီအတွင်းစိတ်မိစ္ဆာတွေကို မဖယ်ရှားနိုင်ဘဲနဲ့တော့ ကျွန်တော် စိတ်အေးလက်အေး အတိဒုက္ခကို မရင်ဆိုင်နိုင်ဘူးလေ…။"
လျူအန်းရှန်း၏ ရှင်းပြချက်ကို ကြားသောအခါ ထျန်းယင်းဂိုဏ်းချုပ်သည်လည်း အတော်လေး အံ့ဩ သွားပြီး ဤအကြောင်းရင်းကြောင့် ဖြစ်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
"ဪ... မိတ်ဆွေလျူကို အတွင်းစိတ်မိစ္ဆာတွေ ဖြစ်ပေါ်စေတဲ့ အကြောင်းရင်းကို မေးလို့ ရမလား…။"
ထိုမေးခွန်းကို ကြားသောအခါ လျူအန်းရှန်းက သူလာရသည့် ရည်ရွယ်ချက်ကို စတင် ရှင်းပြသည်။
"အတွင်းစိတ်မိစ္ဆာတွေအကြောင်း ပြောရရင် ကျွန်တော် ဒီနေ့ ရောက်လာတာကလည်း အဲ့ဒီ အတွင်း စိတ်မိစ္ဆာတွေနဲ့ ပတ်သက်နေလို့ပါ။ ခင်ဗျားတို့ဂိုဏ်းက မိတ်ဆွေ ကျန်းမုဟိုင် ဒီမှာ ရှိပါသလား..။"
သူတို့နှစ်ဦး စကားပြောနေသည်ကို အသာလေး နားထောင်နေသော ကျန်းမုဟိုင်သည် သူ့အမည်ကို ကြားလိုက်ရချိန်တွင် ရုတ်တရက် အံ့ဩသွားသည်။
*သူတို့က အတွင်းစိတ်မိစ္ဆာတွေအကြောင်း ပြောနေ ကြတာ မဟုတ်လား။ ဘာလို့ ငါ့နမည်ကိုထည့် ပြောတာလဲ။ တစ်ဖက်လူရဲ့ စိတ်မိစ္ဆာက ငါနဲ့များ ပတ်သက်နေလို့လား။ အဲ့ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာ လဲ…။*
ဂိုဏ်းချုပ်က သူ့ကို ဇဝေဇဝါမျက်နှာထားဖြင့် လှည့်ကြည့်လာသည်ကို မြင်သောအခါ ကျန်းမုဟိုင်က အမြန်ပင် စကားဆိုလိုက်သည်။
"မိတ်ဆွေ... ကျွန်တော်က ကျန်းမုဟိုင် ပါ။ ကျွန်တော့်ဆီက ဘာများ လိုချင်လို့ပါလဲ …။"
သူ့ဘေးတွင် စကားမပြောဘဲ ရှိနေသူမှာ ကျန်းမုဟိုင် ဖြစ်ကြောင်း သိလိုက်ရလျှင် လျူအန်းရှန်းက သူ့ဘက်သို့ ချက်ချင်းလှည့်ကာ မေးခွန်းတစ်ခု မေးလိုက်သည်။
"ခင်ဗျား ဒီနေ့ ကျွန်တော့်ရဲ့ အင်မော်တယ်တိမ်တိုက်ဂိုဏ်းက အစောင့်အရှောက် လင်းဆီမှာ လီယွမ်ဖေး ဆိုတဲ့ တပည့်အကြောင်း စုံစမ်းခဲ့တယ်လို့ ကြားပါတယ်။ အဲ့ဒီအမည်ကို ဘယ်ကနေ ကြားခဲ့တာလဲ၊ ပြီးတော့ သူ ဘယ်မှာရှိလဲဆိုတာ ခင်ဗျား သိသလား…။"
လီယွမ်ဖေး ဟူသော အမည်ကို ကြားလိုက်ရချိန်တွင် ကျန်းမုဟိုင် တစ်ယောက် အံ့ဩတုန်လှုပ်သွား တော့သည်။ လင်းရှင်းယွမ်က အင်မော်တယ်တိမ်တိုက်ဂိုဏ်းမှာ အဲ့ဒီလိုလူ မရှိဘူးလို့ ပြောခဲ့သည် မဟုတ်ပါလား။ အခုကျမှ အဘယ်ကြောင့် အင်မော်တယ်တိမ်တိုက်ဂိုဏ်းရဲ့ အကြီးအကဲလျူက ဒီကိစ္စမှာ ပါဝင်လာရသနည်း။
ကျန်းမုဟိုင်သည် အတွေးလွန်နေသဖြင့် ချက်ချင်း ပြန်လည်မဖြေကြားနိုင်ဘဲ ခေတ္တမျှ မှင်သက်နေ မိသည်။ ထိုမြင်ကွင်းကို မြင်သောအခါ ထျန်းယင်းဂိုဏ်းချုပ်က မျက်မှောင်ကြုတ်လိုက်ပြီး သူ့ကို သတိပေးလိုက်သည်။
"လက်ထောက်ဂိုဏ်းချုပ် ကျန်း... မင်း တစ်ခုခု သိထားရင် မိတ်ဆွေလျူကို အမှန်အတိုင်း ပြောပြ လိုက်ပါ…။"
ဂိုဏ်းချုပ်၏ သတိပေးချက်ကို ကြားမှ ကျန်းမုဟိုင် သတိပြန်ဝင်လာပြီး အတိဒုက္ခအဆင့်သို့ တက်လှမ်း ရန် ခြေတစ်လှမ်းသာ လိုတော့သည့် အင်မော်တယ်တိမ်တိုက်ဂိုဏ်း အကြီးအကဲလျူမှာ သူ့အဖြေကို စောင့်နေဆဲဖြစ်ကြောင်း သဘောပေါက်သွားသည်။
"မိတ်ဆွေလျူ... လီယွမ်ဖေး ဆိုတဲ့ အမည်ကို ကျွန်တော် အရှေ့ဘက်ဒေသက မိတ်ဆွေဟောင်းတစ် ယောက်ဆီကနေ ပထမဆုံး ကြားဘူးတာပါ။ လွန်ခဲ့တဲ့ နှစ်တွေက သူက ကျွန်တော့်အပေါ် ကျေးဇူး ရှိခဲ့ဖူးလို့ သူက စုံစမ်းခိုင်းတာကို ကျွန်တော် ငြင်းမရလို့ မိတ်ဆွေလင်းကို မေးမြန်းခဲ့တာပါ။ အဲ့ဒီ နောက်ပိုင်းမှာတော့ အဲ့ဒီ အရှေ့ဘက်ဒေသကလူနဲ့ ကျွန်တော် ဘာမှ မပတ်သက်တော့ပါဘူး…။"
ကျန်းမုဟိုင်သည် စကားစသည်နှင့် ဒုက္ခရောက်မည်ကို စိုးရိမ်သဖြင့် ဝမ်ကျိဖူနှင့် ပတ်သက်မှုကို ချက်ချင်း ဖြတ်တောက်ပစ်လိုက်သည်။ ထို့နောက် လျူအန်းရှန်းက သူ့ကို ဆက်ပြောရန် စောင့်ဆိုင်း နေသည်ကို မြင်သဖြင့် သူ ဆက်ပြောပြသည်။
"လီယွမ်ဖေး ဆိုတဲ့လူက အရှေ့ဘက်ဒေသက တတိယတန်းစားဂိုဏ်းတစ်ခုရဲ့ ဂိုဏ်းချုပ်လို့ သိရပါ တယ်။ သူက အခြေတည်စိတ်ဝိညာဉ်အဆင့် ရှိပြီး သူကိုယ်သူ အင်မော်တယ်တိမ်တိုက်ဂိုဏ်းရဲ့ တပည့်လို့ အမည်ခံထားတာပါ။ ကျွန်တော့်ရဲ့ မိတ်ဆွေဟောင်းက အဲ့ဒါ အမှန်လား၊ အမှားလား ဆိုတာ မသေချာလို့ ကျွန်တော့်ကို စုံစမ်းခိုင်းတာပါ…။"
လျူအန်းရှန်းသည် ကျန်းမုဟိုင်၏ စကားကို နားထောင်ရင်း သံသယအချို့ ဝင်လာသည်။
"မင်းရဲ့ မိတ်ဆွေဟောင်းက ဘာဖြစ်လို့ သူ့အကြောင်းကို စုံစမ်းချင်ရတာလဲ…။"
ကျန်းမုဟိုင်သည် ခေတ္တမျှ တွန့်ဆုတ်နေပြီးမှ အမှန်အတိုင်း ဖြေလိုက်သည်။
"ကျွန်တော့်ကို သတင်းမေးတဲ့လူရဲ့ အဆိုအရ အဲ့ဒီဂိုဏ်းနှစ်ခုကြားမှာ ပဋိပက္ခအချို့ ဖြစ်နေပုံရပါတယ် အဲ့ဒါကြောင့် သူတို့က အမှန်တရားကို စုံစမ်းချင်နေတာပါ…။"
ကျန်းမုဟိုင်၏ စကားဆုံးသည်နှင့် သူ၏ ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဉ်စွမ်းအားများမှာ ပြင်းထန်စွာ လှုပ်ခတ်သွားသည်ကို ခံစားလိုက်ရသည်။ ကျန်းမုဟိုင်၏ စကားကြောင့် သူ့ရှေ့မှ မိတ်ဆွေလျူ၏ စိတ် တွင် ကြီးမားသော လှုပ်ခတ်မှု ဖြစ်သွားစေပြီး သူ ဖိနှိပ်ထားသော ကျင့်ကြံမှုမှာ အနည်းငယ် မတည် မငြိမ် ဖြစ်သွားသည်မှာ သိသာလှသည်။
"မိတ်ဆွေကျန်း... အဲ့ဒီ မိတ်ဆွေဟောင်းကို တစ်ချက်လောက် ပြန်ဆက်သွယ်ပေးလို့ ရမလား။ ကျွန်တော် သူ့ကို ဆွေးနွေးစရာ အချို့ ရှိလို့ပါ…။"
လျူအန်းရှန်း၏ စကားနှင့် ပတ်ဝန်းကျင်မှ စိတ်ဝိညာဉ်စွမ်းအား လှုပ်ခတ်မှုများကို ခံစားရသောအခါ ကျန်းမုဟိုင် မငြင်းရဲတော့ဘဲ ဆက်သွယ်ရေး ကျောက်ပြားကို အမြန် ထုတ်လိုက်သည်။ သို့သော် ကျန်းမုဟိုင်က ကျောက်ပြားကို အသက်သွင်းလိုက်သော်လည်း အချိန်အတော်ကြာသည်အထိ တစ်ဖက် လူထံမှ မည်သည့် တုံ့ပြန်မှုမျှ မရရှိခဲ့ပေ။
ဤမျှော်လင့်မထားသော အခြေအနေကြောင့် ကျန်းမုဟိုင်၏ မျက်နှာမှာ အတော်လေး ပျက်သွားတော့ သည်။
"မိတ်ဆွေလျူ... ဆက်သွယ်လို့ မရတော့ဘူး။ တစ်ဖက်လူရဲ့ ကျောက်ပြားက အရမ်းဟောင်းနေပုံရပြီး ပြီးခဲ့တဲ့ အခေါက်က နယ်ခြားဖြတ်ကျော် ဆက်သွယ်မှုအပြီးမှာပဲ သုံးမရတော့တာ ထင်တယ်…။"
ကျန်းမုဟိုင်၏ စကားကို ကြားလိုက်ရချိန်တွင် လျူအန်းရှန်း၏ မှော်စွမ်းအားများမှာ ချက်ချင်းပင် အရှိန် ပြင်းစွာ ထွက်ပေါ်လာပြီး ခန်းမဆောင်အတွင်းရှိ ကုလားထိုင်အချို့မှာ ထိုစွမ်းအားများ အောက်တွင် ပြာအဖြစ်သို့ ပြောင်းလဲသွားတော့သည်။ ဘေးတွင် ရှိနေသော ထျန်းယင်းဂိုဏ်းချုပ် သည်လည်း ဤအခြေအနေကို မြင်သော်လည်း မည်သည့်စကားမျှ မဆိုရဲခဲ့ပေ။