← Chapters

အခန်း ၆၅

Vol. 7 Ch. 65

အခန်း ၆၅

Vol. 7 Ch. 65

အခန်း (၆၅) နယ်ပယ်ဖြတ်ကျော် ပျံသန်းရေးသင်္ဘော

တစ်ဖက်လူ၏ တုံ့ပြန်မှုကို ကြည့်ခြင်းအားဖြင့် လီယွမ်ဖေးဟူသော တပည့်မှာ အကြီးအကဲလျူ အလွန် တန်ဖိုးထားရသူ ဖြစ်ရပေမည်။ ကျန်းမုဟိုင်၏ ပြောပြချက်အရ ထိုတပည့်မှာ အန္တရာယ်ကြီးစွာ ရင်ဆိုင် နေရသည့်ပုံပေါ်သည်။ ထိုသို့ စိုးရိမ်ပူပန်နေရသဖြင့် လျူအန်းရှန်းအနေဖြင့် သူ၏ စိတ်ဝိညာဉ်စွမ်းအား များကို မထိန်းချုပ်နိုင်ခဲ့ခြင်းမှာ နားလည်ပေးနိုင်စရာပင်။

ယခုအချိန်တွင် ဒေါသထွက်နေ၍ အလကားဖြစ်မည်ကို လျူအန်းရှန်း သိသည်။ သူ၏ ပထမဆုံးဦးစား ပေးမှာ အရှေ့ဘက်ဒေသသို့ အမြန်ဆုံးသွားပြီး တပည့်များ၏ အခက်အခဲကို ဖြေရှင်းပေးကာ ပြန်ခေါ် လာရန်သာ ဖြစ်သည်။

"မိတ်ဆွေ... ငါ့မှာ အရေးတကြီး လုပ်စရာရှိလို့ အခုပဲ သွားရတော့မယ်။ ဒီကိစ္စ ပြီးတာနဲ့ ကျေးဇူးတုံ့ပြန် ဖို့ လက်ဆောင်တွေနဲ့အတူ သေချာပေါက် ပြန်လာခဲ့ပါ့မယ်…။"

ထိုသို့ပြောပြီးနောက် လျူအန်းရှန်းသည် အခြားဂိုဏ်း၏ ပျံသန်းခွင့် စည်းကမ်းများကို ဂရုမစိုက်တော့ဘဲ အင်မော်တယ်တိမ်တိုက်ဂိုဏ်းဆီသို့ တိုက်ရိုက် ပျံသန်းသွားလေတော့သည်။

လေထဲသို့ ပျံတက်သွားသော လျူအန်းရှန်းကို ကြည့်ရင်း ဖိအားများမှ လွတ်မြောက်သွားသော ကျန်းမုဟိုင်က ရေရွတ်လိုက်သည်။

"အကြီးအကဲလျူက အတော်လေး ယဉ်ကျေးတာပဲ၊ ကျေးဇူးတင်ဖို့ လက်ဆောင်တွေတောင် ယူလာဦး မယ်တဲ့…။"

ထိုအခါ ထျန်းယင်းဂိုဏ်းချုပ်က သူ့ကို စိုက်ကြည့်ကာ ပြောလိုက်သည်။

"ကျေးဇူးတုံ့ပြန်မယ်ဆိုတာ လီယွမ်ဖေးဆိုတဲ့ တပည့်လေး ဘေးကင်းကင်း ရှိနေမှဖြစ်မှာ။ မဟုတ်ရင် တော့ ကျေးဇူးတင်ရုံနဲ့တင် ပြီးမှာ မဟုတ်ဘူး…။"

ထိုစကားကို ကြားမှ ကျန်းမုဟိုင်လည်း အခြေအနေကို သဘောပေါက်သွားတော့သည်။ ထို့နောက် လီယွမ်ဖေးဟူသော အခြေတည်စိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူလေး ဘေးကင်းပါစေကြောင်း စိတ်ထဲ မှ ဆုတောင်းနေမိတော့သည်။

တစ်ချိန်တည်းမှာပင် အလွန်တရာ စိုးရိမ်ပူပန်နေသော လျူအန်းရှန်းသည် ဂိုဏ်းသို့ အပြေးအလွှား ပြန်လာခဲ့သည်။ သူသည် မနားတော့ဘဲ အင်မော်တယ်တိမ်တိုက်ဂိုဏ်း၏ အဓိက ခန်းမဆောင်သို့ သွားကာ ဂိုဏ်းချုပ်ကို ရှာလိုက်သည်။

သူ၏ ဂျူနီယာညီလေး အပြေးအလွှား ရောက်လာသည်ကို မြင်သောအခါ အင်မော်တယ်တိမ်တိုက် ဂိုဏ်းချုပ် လီချန်းချင်းမှာ ချက်ချင်းပင် ဇဝေဇဝါ ဖြစ်သွားသည်။

"ညီလေး... ဘာဖြစ်လို့လဲ။ မင်းရဲ့ ကျင့်ကြံမှုကို မဖိနှိပ်နိုင်တော့လို့လား…။"

လျူအန်းရှန်းက သူလာရသည့် အကြောင်းရင်းကို အမြန်ရှင်းပြလိုက်သည်။

"စီနီယာအစ်ကို... ဂိုဏ်းရဲ့ နယ်ပယ်ဖြတ်ကျော် ပျံသန်းရေးသင်္ဘော တစ်စီးလောက် ငှားပေးပါဦး။ ကျွန်တော် အရှေ့ဘက်ဒေသကို သွားရမယ်…။"

လျူအန်းရှန်း၏ စကားကြောင့် လီချန်းချင်း မျက်မှောင်ကြုတ်သွားသည်။

"မင်းက အချိန်မရွေး အတိဒုက္ခကို ရင်ဆိုင်ရတော့မယ့်သူလေ။ ဂိုဏ်းမှာ မနေဘဲ အရှေ့ဘက်ဒေသ ကို ဘာသွားလုပ်မှာလဲ…။"

"အစ်ကိုကြီး... အရှေ့ဘက်ဒေသမှာ ကျွန်တော့်တပည့်ရဲ့ သဲလွန်စကို ရှာတွေ့ခဲ့လို့ပါ။ သူတို့ကို သွားခေါ် ရမယ်…။"

ဤရှင်းပြချက်ကို ကြားသောအခါ လီချန်းချင်းလည်း အတော်လေး အံ့ဩသွားသည်။

"ရှာတွေ့ပြီဆိုရင်တော့ ညီလေးဟဲကို မင်းအတွက် သွားခိုင်းလိုက်မယ်။ မင်းကတော့ ဂိုဏ်းထဲမှာပဲ စိတ်အေးလက်အေး စောင့်နေပါ"

လျူအန်းရှန်းက သူ၏ စီနီယာအဆိုပြုချက်ကို သဘောမတူပေ။

"အစ်ကိုကြီး သိတဲ့အတိုင်း ဒါက ကျွန်တော့်ရဲ့ အတွင်းစိတ်မိစ္ဆာ ဖြစ်နေတာပါ။ ကျွန်တော့်ဘာသာ ကျွန်တော်ပဲ သွားပါရစေ။ ဂိုဏ်းထဲမှာ ထိုင်စောင့်နေရတာက ကျွန်တော့်အတွက် အရမ်း ညှဉ်းပန်း နှိပ်စက်ရာ ကျလွန်းပါတယ်…။"

ခေတ္တမျှ စဉ်းစားပြီးနောက် ဖျောင်းဖျ၍ မရနိုင်မှန်း သိသဖြင့် လီချန်းချင်းက သဘောတူလိုက်သည်။

"ကောင်းပြီလေ... ဒါဆိုလည်း မင်းရဲ့ ကျင့်ကြံမှုအဆင့်ကို သတိထားဦး။ အတိဒုက္ခ မိုးကြိုးဒဏ်ကို မတော်တဆ ခံရတာမျိုး မဖြစ်စေနဲ့။ ပထမအဆင့် အတိဒုက္ခက အားနည်းတယ် ဆိုပေမယ့် ပေါ့ဆလို့ မရဘူး…။"

ထို့နောက် လီချန်းချင်းသည် လက်ဝါးခန့်သာရှိသော ပျံသန်းရေးသင်္ဘောငယ်လေးကို သူ၏ သိုလှောင် လက်စွပ်ထဲမှ ထုတ်၍ လျူအန်းရှန်းအား ပေးလိုက်သည်။ ဤသည်မှာ အသူရာမီးတောက်ဂိုဏ်း၏ နယ်ပယ်ဖြတ်ကျော် ပျံသန်းရေးသင်္ဘော ဖြစ်သည်။

ယခုအခါ လက်ဝါးခန့်သာ ရှိသော်လည်း အသက် သွင်းလိုက်ပါက လူပေါင်း ထောင်ချီ တင်ဆောင်နိုင် သည်။ ပို၍ အရေးကြီးသည်မှာ ဤသင်္ဘောသည် အလွန်မြန်ခြင်းပင်။ ကျုံးကျိုးမှ အရှေ့ဘက်ဒေသသို့ ဤသင်္ဘောဖြင့် သွားပါက အချိန်အများကြီး မကြာတော့ပေ။

သင်္ဘောကို ရရှိပြီးနောက် လျူအန်းရှန်း အချိန်မဆွဲတော့ပေ။ ဂိုဏ်းမှ ထွက်သည်နှင့် သင်္ဘောကို ချက် ချင်းပင် အသက်သွင်းကာ အရှေ့ဘက်ဒေသသို့ ဦးတည် ထွက်ခွာသွားခဲ့တော့သည်။

တစ်ချိန်တည်းမှာပင် အရှေ့ဘက်ဒေသရှိ သွေးမိစ္ဆာဂိုဏ်းအတွင်း၌ သွေးမိစ္ဆာဘိုးဘေး ဝမ်ကျိဖူ သည် လည်း သူစုံစမ်းရရှိသော သတင်းများကို ဝမ်ယွီအန်းအား ပြောပြလိုက်သည်။ သတင်းရရှိ ပြီး နောက် ဝမ်ယွီအန်းသည် မည်သည့် တွန့်ဆုတ်မှုမျှ မရှိတော့ဘဲ ချင်းယွင်ဂိုဏ်းကို တိုက်ခိုက်ရန် စတင်ပြင်ဆင် တော့သည်။

ချင်းယွင်ဂိုဏ်းအတွင်းရှိ လင်းဖန်နှင့် အခြားသူများမှာမူ အင်အားကြီးရန်သူ၏ တိုက်ခိုက်မှုကို ရင်ဆိုင် ရတော့မည် ဖြစ်ကြောင်း မသိကြသေးပေ။ ထို့အတူ အင်အားကြီးသော စစ်ကူများလည်း လာနေပြီ ဖြစ်ကြောင်း မသိကြပေ။ မေးစရာရှိသည်မှာ ရန်သူက အရင်ရောက်မလား၊ မဟာမိတ်က အရင်ရောက် မလား ဆိုသည်ပင်။

တစ်ရက်အကြာတွင် သွေးမိစ္ဆာဂိုဏ်းချုပ် ဝမ်ယွီအန်းသည် ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့် အကြီး အကဲ အချို့နှင့် အဆင့်ဆင့်သော တပည့်များကို ဦးဆောင်ကာ ချင်းယွင်ဂိုဏ်းဆီသို့ ခန့်ညားထည်ဝါစွာ ချီတက်လာခဲ့သည်။ ချင်းယွင်ဂိုဏ်း၏ အင်အားမှာ ဂိုဏ်းချုပ်တစ်ယောက်တည်းနှင့်ပင် အပြတ်အသတ် သုတ်သင်နိုင်သော်လည်း သူတို့လို ဂိုဏ်းကြီးများမှာ အဆောင်အယောင်နှင့် ဂုဏ်ပကာသနကို အလေး ထားကြ၏။

ရန်သူက မည်မျှပင် အားနည်းပါစေ သင့်တင့်လျောက်ပတ်သော အခမ်းအနားကို ထိန်းသိမ်းရမည် မဟုတ်ပါလား။ ချင်းယွင်ဂိုဏ်းသို့ ရောက်သောအခါ သူတို့ကို အရင်ဆုံး ခြောက်လှန့်မည် သူတို့ကို ကြောက်ရွံ့စိတ်ဖြင့် နောင်တရအောင် လုပ်ပြီးမှ ထိုစိတ်အခြေအနေဖြင့် သေဆုံးစေမည်။ ဤသည်က သူတို့ ဖြစ်ချင်သော ရလဒ်ပင်။

ထိုအအချိန်အတွင်း လီယွမ်ဖေး၏ ဆရာဖြစ်သူ လျူအန်းရှန်းသည်လည်း ပျံသန်းရေးသင်္ဘောဖြင့် အရှေ့ဘက်ဒေသသို့ ရောက်ရှိလာခဲ့သည်။ သင်္ဘောအတွင်း၌ လျူအန်းရှန်းသည် တင်ပျဉ်ခွေထိုင်ကာ တပည့်ဖြစ်သူ၏ တည်နေရာကို တွက်ချက်နေခဲ့သည်။

လီယွမ်ဖေးတို့နှင့် အလှမ်းမဝေးတော့သဖြင့် လျူအန်းရှန်း၏ တွက်ချက်မှုမှာ သဲလွန်စများ ပိုမိုရရှိ လာပြီး တပည့်များရှိရာ နေရာအတိအကျကို သိရှိနိုင်လာခဲ့သည်။ ထို့နောက် လျူအန်းရှန်းသည် သင်္ဘော ကို အရှိန်မြှင့်ရန် တိုက်တွန်းကာ သူခန့်မှန်းရရှိသော နေရာသို့ ဦးတည်လိုက်သည်။

ချင်းယွင်ဂိုဏ်းအတွင်း၌ လင်းဖန်သည် ဆေးလုံးတစ်သုတ်ကို ဖော်စပ်ပြီးနောက် လတ်ဆတ်သော လေကိုရှူရန် ဂူအပြင်ဘက်သို့ ထွက်လာခဲ့သည်။ လင်းဖန်သည် မျက်စိညောင်းသက်သာစေရန် အဝေးသို့ လှမ်းကြည့်လိုက်သည်။ သို့သော် အဝေးတွင် မည်းမည်းအစက်အပြောက်များစွာသည် ချင်းယွင်ဂိုဏ်းဘက်သို့ ပျံသန်းလာသည်ကို တွေ့လိုက်ရသဖြင့် လင်းဖန်မှာ မျက်စိမှားသလားဟုပင် ထင်သွားသည်။

ထို့နောက် လင်းဖန် မျက်လုံးကို ပွတ်ပြီး ပြန်ကြည့်လိုက်ရာ ထိုအစက်အပြောက်များမှာ ပိုကြီးလာပြီး လူရိပ်လူယောင်များ ပေါ်လာသည်ကို တွေ့လိုက်ရသည်။ ဤမြင်ကွင်းကို မြင်သောအခါ လင်းဖန် အလွန် ဇဝေဇဝါ ဖြစ်သွားပြီး ဤလူစုကြီး ချင်းယွင်ဂိုဏ်းသို့ လာရခြင်း၏ ရည်ရွယ်ချက်ကို တွေးတောနေ မိသည်။

သို့သော် လင်းဖန် စဉ်းစားမဆုံးမီမှာပင် ထိုလူစုမှာ ချင်းယွင်ဂိုဏ်း၏ အထက်ကောင်းကင်သို့ ရောက်ရှိ လာပြီး တစ်ဂိုဏ်းလုံးကို ဟိန်းထွက်သွားစေသော အသံကြီး ထွက်ပေါ်လာတော့သည်။

"အောက်တန်းစား ချင်းယွင်ဂိုဏ်းက ငါတို့ဂိုဏ်းရဲ့ လက်အောက်ခံ အင်အားစုဖြစ်တဲ့ ချန်မိသားစုကို ဖျက်ဆီးပြီး ငါတို့ဂိုဏ်းရဲ့ အကြီးအကဲတွေကို လုပ်ကြံရဲတယ်ပေါ့….။ချင်းယွင်ဂိုဏ်းချုပ် ဘယ်မှာလဲ။ အခုချက်ချင်းထွက်လာပြီး ဦးညွတ်အရိုသေပေးစမ်း….။"

ထိုဟိန်းသံကြီးမှာ ချင်းယွင်ဂိုဏ်း၏ ထောင့်တိုင်းသို့ ပဲ့တင်ထပ်သွားရာ ဂူများအတွင်း ကျင့်ကြံနေသော တပည့်များအားလုံး ကျင့်ကြံခြင်းကို ရပ်ဆိုင်းကာ အပြင်သို့ ထွက်လာကြတော့သည်။

ထိုအချိန်အတွင်း ချင်းယွင်ဂိုဏ်းချုပ် လီယွမ်ဖေးသည်လည်း သူ၏ ဂူမှ ထွက်လာခဲ့ပြီးဖြစ်သည်။ ယခု အခါ ချင်းယွင်ဂိုဏ်းအထက်တွင် ဝဲပျံနေသော လူအုပ်ကြီးနှင့် ခေါင်းဆောင်များထံမှ ထွက်ပေါ်နေသော ကြီးမားလှသည့် ဖိအားများကို ခံစားလိုက်ရသဖြင့် သူ့မှာ အင်အားမဲ့သလို ခံစားလိုက်ရသည်။

သို့သော် လင်းဖန်၏ အတိဒုက္ခအဆင့် အစောင့်အရှောက်ရုပ်သေးကို သတိရသွားပြီးနောက် လီယွမ်ဖေး စိတ်အေးသွားကာ လင်းဖန်ထံသို့ စိတ်ချင်းဆက်သွယ်၍ သတင်းပို့လိုက်သည်။

"ရှောင်လင်း... သွေးမိစ္ဆာဂိုဏ်းက ကလဲ့စားချေဖို့ ရောက်လာပြီ။ အခုကစပြီး မင်းရဲ့ အစောင့်အရှောက် ရုပ်သေးကိုပဲ အားကိုးရတော့မယ်…။"

လီယွမ်ဖေး၏ စကားကို ကြားသောအခါ လင်းဖန်သည် သူ၏ ရုပ်သေးမှာ သူအန္တရာယ်ရှိမှသာ ထွက်လာ နိုင်ပြီး သူတစ်ပါးကို အရင်သွားမတိုက်နိုင်သည်ကို သတိရသွားသဖြင့် လီယွမ်ဖေးကို ချက်ချင်း သတိ ပေးလိုက်သည်။

"ဦးလေးလီ... ကျွန်တော့်ရဲ့ အစောင့်အရှောက်ရုပ်သေးက ကျွန်တော် အန္တရာယ်ရှိမှပဲ ပေါ်လာမှာပါ။ စိတ်မလောပါနဲ့ဦး။ ကျွန်တော် သူတို့ကို အရင် သွားဆွလိုက်မယ် သူတို့ ကျွန်တော့်ကို အရင်တိုက်အောင် လုပ်လိုက်မယ်။ သူတို့ ကျွန်တော့်ကို စတိုက်တာနဲ့ ကိစ္စတွေက အများကြီး ပိုလွယ်သွားလိမ့်မယ်…။"

ဤသတိပေးချက်မှာ အလွန်လိုအပ်ပါသည်။ မည်သို့ဖြစ်စေ လီယွမ်ဖေးတို့အဖွဲ့က စိတ်လိုက်မာန်ပါ သွားတိုက်ခိုက်ပြီး တစ်ဖက်လူက သူတို့ကို အရင်တိုက်လိုက်လျှင် လင်းဖန်လည်း တားဆီးနိုင်တော့မည် မဟုတ်ပေ။

သို့သော် လင်းဖန်သည် ဤကမ္ဘာမှ အဆင့်မြင့်ကျင့်ကြံသူများအကြောင်းကို သိရှိမှု အလွန်နည်းပါးနေ သေးသည်။ သူ မသိသည်မှာ သူ၏ ရွှေအမြုတေအဆင့် ကျင့်ကြံမှုဖြင့် စိတ်ချင်းဆက်သွယ် ပြောဆို သမျှကို အဆင့်မြင့်ကျင့်ကြံသူများက အလွယ်တကူ ကြားဖြတ်နားထောင်နိုင်သည်ဟူသော အချက်ပင်။

ထိုအတောအတွင်း ပေါင်းစပ်ခြင်းအဆင့် ကျင့်ကြံမှု ရှိသော ဝမ်ယွီအန်းသည် ဆေးဆရာဖြစ်သူ လင်းဖန်ကို အနီးကပ် စောင့်ကြည့်နေခဲ့သည်။ လင်းဖန်က လီယွမ်ဖေးအား စိတ်ချင်းဆက်သွယ် ပြောဆို လိုက်သည်ကို ဝမ်ယွီအန်းက သူ၏ ကျင့်ကြံမှုဖြင့် သဘာဝအတိုင်း ချောင်းမြောင်း နားထောင်လိုက်လေ တော့သည်။

All Chapters