အခန်း ၆၆
Vol. 7 Ch. 66
အခန်း (၆၆) ချင်းယွင်ဂိုဏ်း၏ အကြပ်အတည်း
လင်းဖန်၏ စိတ်ချင်းဆက်သွယ်ပြောဆိုမှုကို ကြားလိုက်ရချိန်တွင် ဝမ်ယွီအန်း၏ မျက်နှာတွင် ထူးဆန်း သော အမူအရာတစ်ခု ပေါ်လာသည်။ လင်းဖန်သည် အဆင့်မြင့်ကျင့်ကြံသူများအကြောင်း နားမလည် သော်လည်း လီယွမ်ဖေးကမူ နားလည်၏။ လင်းဖန်၏ စကားကို ကြားသည်နှင့် သူ မကောင်းသော နိမိတ်ကို ခံစားလိုက်ရသည်။
ကောင်းကင်ထက်မှ ဦးဆောင်လာသော ကျင့်ကြံသူ၏ မျက်နှာပေးကို ကြည့်ပြီးနောက် ဤတစ်ကြိမ် တွင် သူတို့ သေဘေးနှင့် ကြုံရတော့မည်ဟု သူ သိလိုက်သည်။ တစ်ဖက်လူ၏ အမူအရာအရ လင်းဖန်၏ စကားကို သူတို့ ကြားဖြတ်နားထောင်မိသွားပုံရသည်။ ထိုသို့ဆိုလျှင် ရန်သူကို အရင်တိုက်ခိုက်လာ အောင် ဆွပေးမည့် လင်းဖန်၏ အစီအစဉ်မှာ အလုပ်ဖြစ်တော့မည် မဟုတ်ပေ။
လီယွမ်ဖေးက ဤအကြပ်အတည်းကို မည်သို့ဖြေရှင်းရမည်နည်းဟု စဉ်းစားနေစဉ်မှာပင် ဝမ်ယွီအန်းနှင့် အခြားသူများသည် ချင်းယွင်ဂိုဏ်း၏ မြေပြင်ပေါ်သို့ ဆင်းသက်လာကြသည်။ ထိုအချိန်တွင် ရန်သူလာ နေပြီဖြစ်ကြောင်း သိလိုက်ရသော ချင်းယွင်ဂိုဏ်း တပည့်များသည် လင်းဖန်အပါအဝင် လီယွမ်ဖေး၏ အနားသို့ စုရုံးရောက်ရှိလာကြတော့သည်။
ထို့ကြောင့် သွေးမိစ္ဆာဂိုဏ်းဝင်များနှင့် ချင်းယွင်ဂိုဏ်းသားများသည် တစ်ဖက်နှင့်တစ်ဖက် ရင်ဆိုင်လျက် အခြေအနေ တင်းမာသွားတော့သည်။ ချင်းယွင်ဂိုဏ်းဘက်က လူဦးရေ ပိုများသော်လည်း သွေးမိစ္ဆာ ဂိုဏ်းဝင်များ၏ တစ်ဦးချင်း အင်အားမှာမူ အပြတ်အသတ် သာလွန်နေခဲ့သည်။
တစ်ဖက်လူများထဲတွင် အနိမ့်ဆုံးအဆင့်မှာ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် ဖြစ်ပြီး ကျန်လူ များမှာ ဟင်းလင်းပြင် သန့်စင်ခြင်းအဆင့် မှ ပေါင်းစပ်ခြင်းအဆင့် အထိ အဆင့်မျိုးစုံ ပါဝင်နေသည် ပင်။
ထိုအချိန်တွင် သွေးမိစ္ဆာဂိုဏ်းမှ ဝမ်ယွီအန်းသည် မြေပြင်ပေါ်သို့ ဆင်းသက်ပြီးနောက် စကားတစ်လုံးမျှ မပြောသေးဘဲ သူ၏နောက်မှ ဂိုဏ်းဝင်များထံသို့ စိတ်ချင်းဆက်သွယ်ကာ သတင်းများ အဆက်မပြတ် ပို့နေသည်။ ထိုအပြုအမူက လင်းဖန်ကို ဇဝေဇဝါ ဖြစ်သွားစေသည်။
*ဘာလဲ... သူတို့က တိုက်ပွဲမစခင်မှာတင် စစ်မြေပြင်မှာတင် တပ်လှန့်နေကြတာလား…*
လီယွမ်ဖေးကမူ တစ်ဖက်လူ၏ ဆိုလိုရင်းကို ခန့်မှန်းမိသည်။ ၎င်းမှာ သွေးမိစ္ဆာဂိုဏ်းဝင်များအား လင်းဖန်ကို အရင်မတိုက်ခိုက်ရန် သတိပေးနေခြင်း ဖြစ်ပေလိမ့်မည်။ ယခုအခါ ဖဲချပ်များ အားလုံး ချပြခံလိုက်ရသဖြင့် လီယွမ်ဖေးမှာ တန်ပြန်ရန် နည်းလမ်းမရှိတော့ဘဲ လောလောဆယ်တွင် အလျှော့ ပေးသည့်အနေဖြင့် စကားဆိုလိုက်သည်။
"စီနီယာတို့ ဒီကို ဘာကိစ္စနဲ့ ကြွလာတာပါလဲ။ တစ်ခုခု နားလည်မှု လွဲနေတာလား ခင်ဗျား။ တကယ်လို့ ကျွန်တော်တို့ဘက်က ပြစ်မှားမိတာရှိရင် ချင်းယွင်ဂိုဏ်းကိုယ်စား ကျွန်တော် တောင်းပန်ပါတယ်…။"
ရောက်လာသူများထဲတွင် ပေါင်းစပ်ခြင်းအဆင့် ရှိသော ဝမ်ယွီအန်း အပြင် ဟင်းလင်းပြင်သန့်စင် ခြင်းအဆင့် နှင့် နတ်ဘုရားအသွင်ပြောင်းခြင်းအဆင့် ကျင့်ကြံသူများလည်း ပါဝင်ရာ အခြေတည်စိတ် ဝိညာဉ်အဆင့် သာရှိသော လီယွမ်ဖေးအတွက် သူတို့ကို စီနီယာဟု ခေါ်ဆိုခြင်းမှာ လွန်သည်ဟု မဆိုနိုင် ပေ။
လင်းဖန်ကမူ လီယွမ်ဖေး၏ ယဉ်ကျေးလွန်းသော စကားများကို ကြားရသောအခါ အတော်လေး မကျေ မနပ် ဖြစ်သွားသည်။
"ဦးလေးလီ... သူတို့ကို ဘာလို့ ဒီလောက် ယဉ်ကျေးပြနေတာလဲ….။"
"မင်းတို့က ဘယ်သူတွေလဲ။ မင်းတို့ မိဘတွေက ဆုံးမမထားဘူးလား။ တခြားဂိုဏ်းကို လာတာတောင် ကြိုတင် အကြောင်းကြားရကောင်းမှန်း မသိဘူးလား…။"
"ကြည့်ရတာတော့ ဝတ်ကောင်းစားလှတွေနဲ့ လူပီသတဲ့ အခြေခံစည်းကမ်းတွေ ကိုတောင် မသိကြ ဘူးလား…။"
လင်းဖန်သည် ရန်သူများ၏ အမုန်းတရားကို ဆွဲဆောင်ရန်အတွက် ဆဲဆိုခြင်းဖြင့် ပထမဆုံး စတင် တိုက်ခိုက်လိုက်သည်။ ရွှေအမြုတေအဆင့် သာရှိသော လင်းဖန်ထံမှ မောက်မာသော စကားများကို ကြားရသောအခါ သွေးမိစ္ဆာဂိုဏ်းဝင်များမှာ အမှန်တကယ်ပင် ဒေါသထွက်သွားကြသည်။ သို့သော် ဂိုဏ်းချုပ်၏ သတိပေးချက်ကို သတိရသဖြင့် တိုက်ခိုက်လိုစိတ်ကို အတင်းအကျပ် ထိန်းထားကြရ သည်။
တစ်ဖက်မှ ဝမ်ယွီအန်းကမူ လင်းဖန်၏ စကားကို ကြားသောအခါ ဒေါသထွက်မည့်အစား ရယ်မော လိုက်သည်။
"ဟဲဟဲ... မင်းတို့လို အမြင့်ဆုံးကျင့်ကြံသူက အခြေတည်စိတ်ဝိညာဉ်အဆင့် အလယ်အလတ်ပဲရှိတဲ့ ဂိုဏ်းအသေးလေးက ငါတို့ဂိုဏ်းရဲ့ အကြီးအကဲကျန်းကို ဘယ်လိုသတ်လိုက်တာလဲဆိုတာ ငါ အမြဲ စဉ်းစားနေခဲ့တာ။ အခုမှပဲ ငါ သဘောပေါက်တော့တယ်…။"
"အဲ့ဒီတုန်းကလည်း ဒီနည်းလမ်းကိုပဲ သုံးခဲ့တာ ထင်တယ် ဟုတ်လား…။"
ဝမ်ယွီအန်း၏ စကားကြောင့် လင်းဖန် ဇဝေဇဝါ ဖြစ်သွားစဉ် ဘေးရှိ လီယွမ်ဖေးကမူ ခါးသီးစွာ ပြုံးနေ မိသည်။ ထို့နောက် ဝမ်ယွီအန်းက ဆက်လက် သုံးသပ်ပြသည်။
"ငါ့အထင်တော့ အကြီးအကဲကျန်းက မင်းတို့ရဲ့ ကျင့်ကြံမှုအဆင့်တွေကို ကြည့်ပြီး ပေါ့ဆသွားတာ ဖြစ်ရ မယ်။ အဲ့ဒီနောက်မှာ ဒီကောင်လေးက ရိုင်းရိုင်းစိုင်းစိုင်း စိန်ခေါ်စကားတွေ ပြောပြီး အကြီးအကဲ ကျန်း ဒေါသထွက်လာအောင် ဆွခဲ့တာပေါ့။ အဲ့ဒီအခါမှာ အကြီးအကဲကျန်းက ဒေါသတကြီးနဲ့ အရင်ဝင်တိုက် ခဲ့တာ ဖြစ်လိမ့်မယ်…။"
"သူက လုံးဝ ပေါ့ဆနေပြီး ဒေါသအရမ်းထွက်နေတဲ့အချိန်မို့ သတိအရှိဆုံး အနေအထားမှာ မရှိဘူး။ အဲ့ဒါကြောင့် ဒီကောင်လေးရဲ့ အစောင့်အရှောက်ရုပ်သေးက နောက်ကနေ ချောင်းမြောင်းတိုက်ခိုက် နိုင်ခဲ့တာပေါ့…။"
"မင်းရဲ့ အစောင့်အရှောက်ရုပ်သေးက အနည်းဆုံးတော့ အခြေတည်စိတ်ဝိညာဉ်အဆင့် တော့ ရှိမှာပဲ မဟုတ်လား။ ဟားဟားဟား... ဒါပေမဲ့ အဲ့ဒါက အရေးမကြီးပါဘူး…။"
"ဘာလို့လဲဆိုတော့ ငါက အကြီးအကဲကျန်းလို စိတ်လိုက်မာန်ပါ လုပ်တတ်တဲ့သူ မဟုတ်ဘူး။ မင်းရဲ့ လှည့်ကွက်ထဲကို ငါ လုံးဝ မကျစေရဘူး"
ဝမ်ယွီအန်း၏ စကားကို ကြားပြီးနောက် လင်းဖန်က လီယွမ်ဖေးကို ဇဝေဇဝါဖြင့် ကြည့်လိုက်သည်။ သူက ဒီလူက အစောင့်အရှောက်ရုပ်သေးအကြောင်း ဘယ်လိုသိသွားတာလဲ၊ ဘယ်သူ့ဆီက သတင်း ပေါက်ကြားသွားတာလဲ ဟု မေးနေသကဲ့သို့ပင်။
လီယွမ်ဖေးမှာမူ အလွန်အမင်း စိတ်ပျက်အားငယ်သွားပြီးနောက် ကွဲအက်သောအသံဖြင့် လင်းဖန်ကို ပြောလိုက်သည်။
"ရှောင်လင်း... မင်း ခုနက ငါ့ကို စိတ်ချင်းဆက်သွယ်ပြီး ပြောတာကို သူ ကြားဖြတ်နားထောင်လိုက်တာ ဖြစ်ရမယ်…။"
လီယွမ်ဖေး၏ ရှင်းပြချက်ကို ကြားမှ လင်းဖန် စိတ်ထဲကနေ "ဟာ... သွားပြီ" ဟု ရေရွတ်မိသည်။
*ဒီစိတ်ချင်းဆက်သွယ်တာကိုပါ ချောင်းနားထောင်လို့ ရတာလား… ဒါက ဖြစ်နိုင်လို့လား…*
"ဟက်... သိသွားတော့ကော ဘာဖြစ်လဲ။ ချင်းယွင်ဂိုဏ်းရဲ့နောက်ကွယ်မှာ ဘယ်လိုအင်အားမျိုး ရှိနေ လဲဆိုတာ မင်းတို့ သိရဲ့လား။ တကယ်လို့ မင်းတို့ တစ်ခုခု လုပ်ရဲရင် အကျိုးဆက်ကို ထည့်စဉ်းစားပြီး ပြီလား….။"
လင်းဖန်၏ စကားကို ကြားသောအခါ ဝမ်ယွီအန်းက မထီမဲ့မြင် ပြုံးလိုက်သည်။
"ချင်းယွင်ဂိုဏ်းရဲ့ နောက်ခံ အင်အားစု ဟုတ်လား။ မင်း ဆိုလိုတာက ကျုံးကျိုးက နဝမတန်းစားဂိုဏ်း ဖြစ်တဲ့ အင်မော်တယ်တိမ်တိုက်ဂိုဏ်း ကို ပြောတာလား…။"
ထိုစကားကြောင့် လင်းဖန်၊ လီယွမ်ဖေးနှင့် အခြားသူများအားလုံး ထိတ်လန့်သွားကြသည်။
"ခင်ဗျား... ဘယ်လိုသိတာလဲ။ သိသိကြီးနဲ့တောင် ဘာလို့ တစ်ခုခု လုပ်ရဲနေသေးတာလဲ။ အင်မော်တယ် တိမ်တိုက်ဂိုဏ်းရဲ့ ဂုဏ်သိက္ခာကို စိန်ခေါ်ချင်တာလား….။"
ဝမ်ယွီအန်းသည် ထူးထူးခြားခြား စိတ်ရှည်လက်ရှည်ဖြင့် အံ့ဩနေသော လင်းဖန်အား ရှင်းပြလိုက် သည်။
"ကောင်လေး... မင်းက တကယ်ပဲ အူကြောင်ကြောင် နိုင်တာပဲ။ မင်း သူတို့ရဲ့ လိမ်ညာမှုကို မသိဘဲ အယုံ သွင်းခံလိုက်ရတာပဲ။ ငါတို့ ကျုံးကျိုးမှာ စုံစမ်းပြီးပြီ။ အင်မော်တယ်တိမ်တိုက်ဂိုဏ်းမှာ လီယွမ်ဖေးဆိုတဲ့ တပည့် မရှိသလို အရှေ့ဘက်ဒေသမှာလည်း ဘယ်တုန်းကမှ အင်အားစု တည်ထောင်ခဲ့တာ မရှိဘူး။ ဒါကို အင်မော်တယ်တိမ်တိုက်ဂိုဏ်းရဲ့ အစောင့်အရှောက် တစ်ယောက်ကိုယ်တိုင် ပြောခဲ့တာ…။"
"သူတို့ မင်းကို တော်တော်လိမ်ထားတာပဲ။ ငါ့အထင်တော့ ဒီညီလေးအနေနဲ့ ဒီလို တတိယတန်းစား ဂိုဏ်းကို အားကိုးနေမယ့်အစား ငါတို့ သွေးမိစ္ဆာဂိုဏ်းထဲကို ဝင်လိုက်တာက ပိုကောင်းလိမ့်မယ်…။"
ယခုအခါ လင်းဖန်နှင့် အခြားသူများသည် တစ်ဖက်လူက အင်မော်တယ်တိမ်တိုက်ဂိုဏ်းနှင့် ပတ်သက် မှုကို မည်သို့သိသွားသနည်းဆိုသည်ကို ဇဝေဇဝါ ဖြစ်နေခဲ့ကြသလို တစ်ဖက်လူ စုံစမ်းရရှိသော သတင်း များက ဘာကြောင့် ဤသို့ ထွက်ပေါ်လာရသနည်း ဆိုသည်ကိုလည်း နားမလည်နိုင် ဖြစ်နေကြသည်။
သို့သော် ထိုအရာများက အရေးမကြီးတော့ပေ။ အနည်းဆုံးတော့ တစ်ဖက်လူ၏ သဘောထားအရ အင်မော်တယ်တိမ်တိုက်ဂိုဏ်း၏ အရှိန်အဝါကို အသုံးချ၍ မရတော့သည်မှာ သေချာသွားပြီဖြစ်သည်။ တစ်ဖက်လူကိုယ်တိုင် စုံစမ်းထားခြင်း ဖြစ်သဖြင့် သတင်းက မှားနေပါစေဦး သူတို့ကတော့ အမှန်ဟု ထင်နေကြမည်ဖြစ်သည်။ မည်မျှပင် ပြောဆိုပါစေ သူတို့ ယုံကြည်မည်မဟုတ်ပေ။
"ကောင်းပြီ... အင်မော်တယ်တိမ်တိုက်ဂိုဏ်းကို ထားလိုက်ပါဦး။ ကျွန်တော့်ရဲ့ အစောင့်အရှောက် ရုပ်သေးကိုကော ခင်ဗျားတို့ မကြောက်ဘူးလား။ ပြီးတော့ ကျွန်တော့်မှာ ဒီလိုရုပ်သေးရှိနေမှတော့ ကျွန်တော့်မှာလည်း နောက်ခံတစ်ခုခု ရှိနေမယ်လို့ မထင်မိဘူးလား…။"
လင်းဖန်၏ စကားကို နားထောင်ပြီးနောက် ဝမ်ယွီအန်းမှာ အရာအားလုံးကို ထိန်းချုပ်ထားနိုင်သည့် အလား တည်ငြိမ်နေဆဲဖြစ်သည်။
"ကောင်လေး... မင်းမှာ ဒီလိုရုပ်သေးရှိတာကို ငါသာ ဒီနေ့မတိုင်ခင် သိခဲ့ရင် ငါနောက်ထပ် အချိန် အနည်းငယ်လောက် စုံစမ်းနေဦးမှာပါ။ ဒါပေမဲ့ ငါတို့ ဒီကို ရောက်နေပြီ ဒီအဆင့်အထိ ရောက်လာမှ တော့ ညှိနှိုင်းဖို့ နေရာ ရှိသေးတယ်လို့ မင်း ထင်နေတာလား….။"
"မင်းမှာ နောက်ခံရှိတယ်ဆိုရင်ကော ဘာဖြစ်လဲ။ ဒီမှာရှိတဲ့သူအားလုံးကို သတ်ပြီး နှုတ်ပိတ်လိုက်ရင် ဘယ်သူ သိမှာလဲ။ မင်းပြောတဲ့ ရုပ်သေးကိုလည်း ဟဲဟဲ... ငါ တကယ်ပဲ နည်းနည်းတော့ သတိထားမိ ပါတယ်။ ဒါပေမဲ့ ငါတို့ သွေးမိစ္ဆာဂိုဏ်းမှာ အဲ့ဒါကို ကိုင်တွယ်ဖို့ နည်းလမ်း ရှိပြီးသားပါ…။"
ဝမ်ယွီအန်း၏ အမြင်တွင်မူ သူကိုယ်တိုင် ထိုရုပ်သေးကို မကိုင်တွယ်နိုင်လျှင်တောင် ဂိုဏ်း၏ ဘိုးဘေးရှိ နေသည် မဟုတ်ပါလား။ သူက ချင်းယွင်ဂိုဏ်းကို ဖျက်ဆီးပြီးသည်နှင့် ဂိုဏ်းဘိုးဘေးကို အကြောင်း ကြားကာ ဤကောင်လေး၏နောက်ကွယ်မှ ရုပ်သေးကို ရှင်းခိုင်းမည်။ ထို့နောက် အစအန ဖျောက်ပစ် မည်ဟု ဆုံးဖြတ်ထားပြီးဖြစ်သည်။
*သူ့မှာ ဘယ်လိုနောက်ခံပဲ ရှိရှိ ဘယ်သူ ဂရုစိုက်တော့မှာလဲ…*
တစ်ဖက်လူက လုံးဝ အလျှော့မပေးမှန်း သိလိုက်ရသောအခါ လင်းဖန် ဘာလုပ်ရမှန်း မသိဖြစ်သွား သည်။ ယခုအခါ တစ်ဖက်လူက သူ၏ အစောင့်အရှောက်ရုပ်သေး၏ အားနည်းချက်ကို သိထားသဖြင့် စကားဖြင့် ဆွပြီး အရင်တိုက်ခိုက်လာအောင် လုပ်မည့် အစီအစဉ်မှာ အလုပ်မဖြစ်တော့ပေ။
"အဲ့ဒီလိုဆိုရင်တော့ ငါ့ကို လူမဆန်ဘူးလို့ အပြစ်မတင်နဲ့တော့။"
"သွေးမိစ္ဆာဂိုဏ်းက မအေဘေးတွေ... မင်းတို့အားလုံး သေဖို့သာ ပြင်ထားကြတော့…။"
လင်းဖန်သည် ပါးစပ်က ဆဲဆိုနေစဉ်မှာပင် သူ၏ လက်များကလည်း အငြိမ်မနေဘဲ သူ အရင်က ဖော်စပ်ထားသော အဆိပ်လုံးများကို သွေးမိစ္ဆာဂိုဏ်း ကျင့်ကြံသူများရှိရာသို့ ပစ်ပေါက်လိုက်လေ တော့သည်။