← Chapters

အခန်း ၆၇

Vol. 7 Ch. 67

အခန်း ၆၇

Vol. 7 Ch. 67

အခန်း (၆၇) ပျံသန်းရေးသင်္ဘော ဆင်းသက်လာခြင်း

ဝမ်ယွီအန်းသည် လင်းဖန်၏ ဆဲဆိုမှုများကို အစပိုင်းတွင် အရေးမလုပ်သော်လည်း လင်းဖန် ပစ်ပေါက် လိုက်သည့် အရာများကို မြင်သောအခါ သူ၏ ယခင် အတွေ့အကြုံကို ချက်ချင်း သတိရသွားသည်။

"အမြန်ရှောင်ကြ…. ဒီဆေးလုံးတွေက အနံ့ဆိုးတွေ ထွက်လာလိမ့်မယ် လုံးဝ အထိမခံနဲ့…"

ထိုသို့ပြောပြီးနောက် ဝမ်ယွီအန်းသည် အဆိပ်ငွေ့ဆေးလုံး၏ ပေါက်ကွဲမှု ဧရိယာအတွင်းမှ လွတ်ကင်း အောင် သူ၏ ကိုယ်ဖျောက်လှုပ်ရှားမှု ပညာရပ်ကို အသုံးပြု၍ ပထမဆုံး ရှောင်တိမ်းလိုက်သည်။ အဆိပ်ငွေ့ဗုံးများ ပေါက်ကွဲသွားသည်နှင့် အလွန်နံစော်သော အဆိပ်ငွေ့များစွာ ထွက်ပေါ်လာတော့ သည်။

အချိန်မီ မရှောင်နိုင်ခဲ့သည့် သွေးမိစ္ဆာဂိုဏ်းဝင် အများအပြားမှာ ထိုအနံ့ဆိုးများကို ခံလိုက်ရသည်။

"ဝေါ့... ထွီ… ဒါတွေက ဘာတွေလဲကွာ။ ဝေါ့..."

"မင်းလို ကောင်စုတ်လေးက ဒီလို ယုတ်မာတဲ့ နည်းလမ်းတွေကို သုံးရဲတယ်ပေါ့ ငါ မင်းကို သတ်ပစ် မယ်…။"

တိုက်ခိုက်ရန် ပြင်နေသော သွေးမိစ္ဆာဂိုဏ်း တပည့်တစ်ဦးကို ဝမ်ယွီအန်းက ချက်ချင်း တားလိုက်သည်။ ထိုအခါမှ လူတိုင်းက ဤကောင်လေး၏ လှည့်ကွက်ထဲသို့ ကျလုနီးပါး ဖြစ်သွားမှန်း သဘောပေါက်သွား ကြသည်။ တစ်ဖက်လူက သူတို့ကို အရင်တိုက်လာအောင် တမင်တကာ ဆွနေခြင်း ဖြစ်ပုံရသည်။

ရန်သူများက သူ၏ လှည့်ကွက်ထဲ ကျမလာသည်ကို မြင်သဖြင့် လင်းဖန်သည် သူတို့၏ စိတ်ရှည်မှုကို စမ်းသပ်ရန်အတွက် အဆိပ်ငွေ့ဆေးလုံးများကိုသာ ဆက်တိုက် ပစ်ပေါက်နေတော့သည်။

ထိုအချိန်တွင် လင်းဖန်၏ တိုက်ခိုက်မှုကို အခွင့်ကောင်းယူကာ ဝမ်ယွီအန်းသည် ချင်းယွင်ဂိုဏ်း တပည့် များထဲမှ ဓားစာခံတစ်ဦးကို ဖမ်းဆီးလိုက်သည်။

"ကောင်လေး... တော်တော့… မင်း အခုချက်ချင်း မရပ်ရင် ငါ ဒီတစ်ယောက်ကို သတ်ပစ်မယ်…။"

ကံဆိုးချင်တော့ သူဖမ်းမိသွားသူမှာ လီယွမ်ဖေး၏ သမီးဖြစ်သူ လီလဲ့ယန် ဖြစ်နေသည်။ လီလဲ့ယန် အဖမ်းခံထားရသည်ကို မြင်ပြီး တစ်ဖက်လူ၏ ခြိမ်းခြောက်မှုကို ကြားရသောအခါ လင်းဖန်မှာ အဆိပ် ငွေ့ဆေးလုံးများ ပစ်ပေါက်ခြင်းကို ရပ်လိုက်ရုံမှတစ်ပါး အခြားမရှိတော့ပေ။

လင်းဖန် ရပ်သွားသည်ကို မြင်မှသာ ဝမ်ယွီအန်း၏ မျက်နှာတွင် အောင်နိုင်သူ အမူအရာ ပေါ်လာသည်။ သူ အစောပိုင်းက လက်မပါခဲ့ခြင်းမှာ သူတိုက်ခိုက်လိုက်စဉ် လင်းဖန်က တမင်တကာ ပြေးဝင်လာမည် ကို စိုးရိမ်သောကြောင့် ဖြစ်သည်။

တစ်ဖက်လူ၏ ပြောစကားအရ သူ တိုက်ခိုက်ခံရပါက အစောင့်အရှောက်ရုပ်သေး ပေါ်လာမည်ဖြစ်ရာ ၎င်းမှာ အတော်လေး ဒုက္ခများစေနိုင်သည်။ ထို့ကြောင့် လင်းဖန် ဆေးလုံးများ ပစ်နေစဉ် အာရုံလွဲနေ ခိုက်ကို အခွင့်ကောင်းယူကာ လူတစ်ယောက်ကို ရုတ်တရက် ဖမ်းချုပ်လိုက်ခြင်း ဖြစ်သည်။

လီယွမ်ဖေးနှင့် လျိုယွီဝမ်တို့သည် သူတို့၏ သမီးဖြစ်သူ အဖမ်းခံလိုက်ရသည်ကို မြင်သောအခါ ချက်ချင်းပင် ရှေ့သို့ ပြေးဝင်တိုက်ခိုက်ရန် ပြင်ကြသည်။ ဝမ်ယွီအန်းကမူ သူ့ထံ ပြေးဝင်လာသော ထိုနှစ်ယောက်ကို အရေးပင်မလုပ်ပေ။ သူက သူတို့ကို အလွယ်တကူ သတ်ပစ်ရန် ပြင်နေစဉ် သူတို့၏ နောက်မှ လင်းဖန်ပါ လိုက်လာပြီး တိုက်ခိုက်မှုကို ထိပ်တိုက်ရင်ဆိုင်ရန် အသင့်ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

ဝမ်ယွီအန်းသည် နှုတ်ခမ်းကို အနည်းငယ် တွန့်လိုက်ပြီးနောက် တိုက်ခိုက်မည့် အစီအစဉ်ကို ခေတ္တ ဘေးဖယ်ကာ ခြိမ်းခြောက်စကား ဆိုလိုက်သည်။

"မင်းတို့ တစ်လှမ်းချင်း ထပ်တိုးလာတာနဲ့ ငါ ဒီကောင်မလေးကို အခုချက်ချင်း သတ်ပစ်မယ်…။"

ဝမ်ယွီအန်း၏ စကားကြောင့် လီယွမ်ဖေးနှင့် ဇနီးဖြစ်သူတို့ စိတ်ပူသွားကာ တိုက်ခိုက်မှုကို ချက်ချင်း ရပ်လိုက်ကြသည်။ လင်းဖန်ပါ ရပ်သွားသည်ကို မြင်မှ ဝမ်ယွီအန်း သက်ပြင်းချနိုင်သော်လည်း တစ်ချိန် တည်းမှာပင် အလွန်အမင်း စိတ်ပျက်မိသည်။

*ဒါက ဘာလို အခြေအနေကြီးလဲ… ဂုဏ်သရေရှိတဲ့ ပေါင်းစပ်ခြင်းအဆင့် ကျင့်ကြံသူဖြစ်တဲ့ ငါက ဒီနေ့တော့ ဒီလို ပုရွက်ဆိတ်တွေရှေ့မှာမှ ကြောက်ရွံ့ တွန့်ဆုတ်နေရတယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး..။*

ဘာမှမတတ်နိုင်ပေ။ လင်းဖန် တုံ့ပြန်နိုင်မည့် အချိန်အတွင်းမှာတင် လီယွမ်ဖေးတို့ ဇနီးမောင်နှံကို သူ သတ်နိုင်မည်ဟု ယုံကြည်သော်လည်း လင်းဖန်၏ အစောင့်အရှောက်ရုပ်သေးက အန္တရာယ်ကို မည်သို့ စံသတ်မှတ်ပြီး ဆုံးဖြတ်သည်ကို သူ မသိပေ။

တိုက်ခိုက်မှုက တစ်ဖက်လူကို တိုက်ရိုက်ထိမှသာ ပေါ်လာမည်ဆိုလျှင် သူ မကြောက်ပေ။ သို့သော် တိုက်ခိုက်မှုက တစ်ဖက်လူကို တိုက်ရိုက်မထိဘဲ သူတို့ရှိရာဘက်သို့ ဦးတည်လိုက်ရုံနှင့် အကာအကွယ် စွမ်းရည် ပေါ်လာမည်ဆိုလျှင်တော့ ဒုက္ခပင်။

ပိုဆိုးသည်မှာ အစောင့်အရှောက်ရုပ်သေးသည် တစ်စုံတစ်ရာသော အကွာအဝေးအတွင်း သူ ခံနိုင်ရည် ရှိသည့် အတိုင်းအတာထက် ကျော်လွန်သော တိုက်ခိုက်မှု ဖြစ်ပေါ်လာပါက အလိုအလျောက် ပေါ်လာ ခြင်းမျိုး ဖြစ်နေလျှင် သူ ဘာမှ လုပ်နိုင်မည် မဟုတ်တော့ပေ။ ထိုသို့သော မရေရာမှုများကြောင့် ဝမ်ယွီအန်းမှာ တွန့်ဆုတ်နေခြင်း ဖြစ်သည်။

"ကောင်လေး... ဒီကောင်မလေးကို အသက်ရှင်စေချင်ရင် ငါနဲ့ စိတ်ဝိညာဉ်စာချုပ် ချုပ်စမ်း။ မင်းက ငါတို့ သွေးမိစ္ဆာဂိုဏ်းရဲ့ ဆေးဆရာ ဖြစ်လာမယ်ဆိုရင် ငါ သူ့ကို လွှတ်ပေးမယ်…။"

"ပြီးတော့ ချင်းယွင်ဂိုဏ်းက တခြားကျင့်ကြံသူတွေလည်း ငါတို့ သွေးမိစ္ဆာဂိုဏ်းထဲကို ကိုယ့်သဘောနဲ့ ကိုယ် ဝင်မယ်ဆိုတဲ့ စာချုပ် ချုပ်မယ်ဆိုရင် သူတို့လည်း အသက်ရှင်ခွင့် ရလိမ့်မယ်…။"

ဝမ်ယွီအန်း၏ စကားကို ကြားသောအခါ လင်းဖန် ခေတ္တမျှ စဉ်းစားပြီးနောက် စကားဆိုလိုက်သည်။

"ငါ့ကို စဉ်းစားဖို့ အချိန်ပေးပါဦး…။"

အပေါ်ယံကြည့်လျှင် သွေးမိစ္ဆာဂိုဏ်းထဲ ဝင်မဝင် စဉ်းစားမည်ဟု ဆိုလိုသော်လည်း လက်တွေ့တွင်မူ ချင်းယွင်ဂိုဏ်းကို ဤအကြပ်အတည်းမှ ကယ်တင်ရန် နည်းလမ်းရှိမရှိ သူ စဉ်းစားနေခြင်း ဖြစ်သည်။ မှန်ပါသည် ၎င်းမှာ ချင်းယွင်ဂိုဏ်းအတွက်သာ အကြပ်အတည်း ဖြစ်ပြီး သူ့အတွက်မူ တစ်ဖက်လူ မည်မျှပင် အင်အားကြီးပါစေ ဘာအန္တရာယ်မှ မရှိပေ။ ဘာပဲဖြစ်ဖြစ် သူ့ဘေးမှာ အစောင့်အရှောက် ရုပ်သေး ရှိနေသရွေ့ တစ်ဖက်လူက သူ့ကို မတိုက်ခိုက်ရဲပေ။

ယခုအခါ လင်းဖန်သည် လက်ရှိအကြပ်အတည်းကို ဖြေရှင်းရန် သင့်တင့်သော ပစ္စည်းများကို ရှာဖွေရန် စနစ်အရောင်းဆိုင် ထဲသို့ စိတ်ဝိညာဉ်ဖြင့်ကြည့်နေသည်။ ဆိုင်ထဲရှိ အဖိုးတန်ပစ္စည်းများကို ကြည့်ရင်း လင်းဖန်မှာ သူ ဝယ်နိုင်မည့် အနေအထား မရှိကြောင်း သိသဖြင့် လီယွမ်ဖေး၏ ရတနာတိုက်ထဲတွင် စိတ်ဝိညာဉ်ကျောက်တုံး လုံလုံလောက်လောက် ရှိပါစေဟုသာ ဆုတောင်းနေမိတော့သည်။

သင့်တော်မည့် ပစ္စည်းတစ်ခုကို ရွေးချယ်ပြီးနောက် လင်းဖန်က ပြောလိုက်သည်။

"ဒီလိုလုပ်မယ်လေ ငါ ချင်းယွင်ဂိုဏ်းချုပ်နဲ့ အရင် ဆွေးနွေးကြည့်ဦးမယ်။ ပြီးမှ မင်းကို အဖြေပေး မယ်လေ ဟုတ်ပြီလား။ ဘာပဲဖြစ်ဖြစ် မင်းလက်ထဲမှာ အရေးကြီးတဲ့ ဓားစာခံ ရှိနေတာပဲ ငါတို့ ဘာလှည့်ကွက်မှ သုံးရဲမှာ မဟုတ်ပါဘူး…။"

လင်းဖန် ဤသို့ပြောရခြင်း၏ ရည်ရွယ်ချက်မှာ လက်ရှိအကြပ်အတည်းကို ဖြေရှင်းရန် စနစ်ပစ္စည်း ဝယ်ယူနိုင်ဖို့ လီယွမ်ဖေးထံမှ စိတ်ဝိညာဉ်ကျောက်တုံးများကို သွားယူရန် ဖြစ်သည်။ လီလဲ့ယန်၏ ဘေးကင်းမှုအတွက်မူ စိုးရိမ်စရာ မရှိပေ။ သူမ ဝတ်ထားသည့် အဆင့်မြင့်ရင်စီးအတွင်းခံ ရှိနေသဖြင့် လင်းဖန်မှာ အလွန်အမင်း စိုးရိမ်မနေခြင်း ဖြစ်သည်။

လင်းဖန်သည် တစ်ဖက်လူက သူ၏ အဆိုပြုချက်ကို သဘောတူမည်ဟု ထင်ခဲ့သော်လည်း တစ်ဖက်လူ ၏ အဖြေက သူ့ကို စိတ်ပျက်သွားစေသည်။

"ကောင်လေး... လှည့်ကွက်တွေ သုံးဖို့ မကြိုးစားနဲ့။ အခုချက်ချင်း ဆုံးဖြတ်ချက်ပေးစမ်း ငါတို့ သွေးမိစ္ဆာ ဂိုဏ်းထဲကို ဝင်ပြီး အေးအေးဆေးဆေး နေမလား ဒါမှမဟုတ် ဒီကောင်မလေး သေသွားတာကို ထိုင်ပြီး ကြည့်နေမလား…။"

ရန်သူက သူ၏ အစီအစဉ်အတိုင်း မဖြစ်လာသည်ကို မြင်သောအခါ လင်းဖန်မှာ ဘာပြောရမှန်း မသိ တော့ပေ။

*ဒီလူတွေမှာ ဗီလိန်တစ်ယောက်ရဲ့ အသိတရားလေးတောင် မရှိကြဘူးလား။ ဇာတ်ညွှန်းအတိုင်း လုံးဝ မလိုက်နာကြဘူး…။*

*ပုံမှန် ဇာတ်လမ်းဆိုလျှင် ဗီလိန်က ငါ့ရဲ့ အကြံကို သဘောတူရမယ်။ ပြီးရင်ငါက စိတ်ဝိညာဉ်ကျောက် တုံးတွေရမယ်။ စနစ်က ပစ္စည်းတွေနဲ့ လဲလှယ်ပြီး ဗီလိန်တွေကို အပြတ်ရှင်းပြရမည် မဟုတ်ဘူးလား။ ဒီလို ဇာတ်ကွက်မျိုးက ဇာတ်လိုက်အတွက် လူစွမ်းကောင်း လုပ်ပြရမယ့် အခိုက်အတန့် မဟုတ်ဘူး လား…။*

လင်းဖန်သည် အထာကျကျ ကယ်တင်ရှင်လုပ်မည့် အခွင့်အရေးကို ဆုံးရှုံးလိုက်ရသဖြင့် သူ၏ စိတ်ထဲ တွင် သွေးမိစ္ဆာဂိုဏ်းချုပ်ကို သေလူအဖြစ် စာရင်းသွင်းလိုက်တော့သည်။

လင်းဖန် စိတ်ပျက်နေချိန်မှာပင် ပျံသန်းရေးသင်္ဘောကို မောင်းနှင်လာသော လျူအန်းရှန်းသည် သူ ခန့်မှန်းထားသော လမ်းကြောင်းအတိုင်း ချင်းယွင်ဂိုဏ်း အနီးသို့ နောက်ဆုံးတွင် ရောက်ရှိလာသည်။ ချင်းယွင်ဂိုဏ်းကို အနီးကပ် မြင်လိုက်ရသောအခါ လျူအန်းရှန်း အလွန်အမင်း စိတ်လှုပ်ရှားသွားသည်။ ချက်ချင်းပင် သူ၏ ပြင်းထန်လှသော စိတ်ဝိညာဉ်စွမ်းအား ဖြင့် အဝေးရှိ ချင်းယွင်ဂိုဏ်းဆီသို့ လှမ်းကြည့်လိုက်သည်။

ချင်းယွင်ဂိုဏ်းအတွင်းရှိ လီယွမ်ဖေးနှင့် လျိုယွီဝမ်တို့ကို မြင်လိုက်ရချိန်တွင် လျူအန်းရှန်းသည် သူတို့၏ ရင်းနှီးသော မျက်နှာများကြောင့် ချက်ချင်းပင် အံ့ဩတုန်လှုပ်သွားကာ ရေရွတ်လိုက်သည်။

"ဒါ တကယ်ပဲ မင်းတို့တွေပဲ ငါ့ရဲ့ တပည့်ကောင်းလေးတွေ ဝမ်အာလည်း ပါတာပဲ။ ဟင်... သူတို့ ဘာလုပ်နေကြတာလဲ…။"

လျူအန်းရှန်း စူးစမ်းလိုက်ရာတွင် ချင်းယွင်ဂိုဏ်းအတွင်း၌ လူအုပ်ကြီးနှစ်စု ရင်ဆိုင်နေကြသည်ကို တွေ့လိုက်ရသဖြင့် ချက်ချင်းပင် သံသယ ဖြစ်သွားသည်။ သို့သော် ထျန်းယင်းဂိုဏ်းမှ ကျန်းမုဟိုင် အစောပိုင်းက ပြောခဲ့သော စကားများကို သတိရသွားပြီး ဘာဖြစ်နေသည်ကို ချက်ချင်း သဘော ပေါက်သွားတော့သည်။

"ငါ့ရဲ့ အင်မော်တယ်တိမ်တိုက်ဂိုဏ်း တပည့်တွေကိုတောင် မင်းတို့က လက်ဖျားနဲ့ ထိရဲတယ်ပေါ့… ငါ့ရဲ့ ဒေါသကို ပြေလျော့စေဖို့ မင်းတို့မှာ အသက်ဘယ်နှချောင်း ရှိလဲဆိုတာ ငါ ကြည့်ချင်သေးတယ်…။"

ထိုသို့ပြောပြီးနောက် ပျံသန်းရေးသင်္ဘောသည် အရှိန်ကို ရုတ်တရက် မြှင့်လိုက်ပြီး ချင်းယွင်ဂိုဏ်း၏ အထက်ကောင်းကင်သို့ ချက်ချင်း ရောက်ရှိလာတော့သည်။

"ငါ့ရဲ့ အင်မော်တယ်တိမ်တိုက်ဂိုဏ်း တပည့်တွေကို ဒုက္ခပေးရဲတဲ့ ဒီပုရွက်ဆိတ်တွေက ဘယ်ကနေ ရောက်လာတာလဲ…။"

ထိုအချိန်တွင် စိတ်ပျက်လက်ပျက် ဖြစ်နေသော လင်းဖန်သည် သူ၏ ခေါင်းပေါ်ရှိ ကြီးမားလှသော အရာဝတ္ထုကြီးကို ရုတ်တရက် မြင်လိုက်ရသောအခါ သူ၏ စိတ်ပျက်မှုများမှာ အံ့အားသင့်မှုအဖြစ်သို့ ပြောင်းလဲသွားသည်။

လီယွမ်ဖေးသည်လည်း အင်မော်တယ်တိမ်တိုက်ဂိုဏ်း၏ နယ်ပယ်ဖြတ်ကျော် ပျံသန်းရေးသင်္ဘောကို အလိုလိုပင် မှတ်မိလိုက်သည်။ လင်းဖန်နှင့် အခြားသူများက မမှတ်မိသော်လည်း သူကတော့ မှတ်မိ သည်။ ဤသည်မှာ သူတို့၏ အင်မော်တယ်တိမ်တိုက်ဂိုဏ်းမှ ပျံသန်းရေးသင်္ဘော ဖြစ်ပေသည်။

*အင်မော်တယ်တိမ်တိုက်ဂိုဏ်းက သူတို့ကို နောက်ဆုံးတော့ သတိရသွားပြီလား… သူတို့ကို အိမ်ပြန် ခေါ်ဖို့ ရောက်လာတာလား…*

ယခုအချိန်တွင် လီယွမ်ဖေးနှင့် လျိုယွီဝမ်တို့သည် ဤအကြပ်အတည်းကို ကျော်လွှားနိုင်ပြီဖြစ်ကြောင်း သိလိုက်ရသဖြင့် အလွန်အမင်း ဝမ်းသာပီတိ ဖြစ်သွားကြလေတော့သည်။

All Chapters