အခန်း ၆၈
Vol. 7 Ch. 68
အခန်း (၆၈) အဆင့်မြင့်ကယ်တင်ရှင်
သူတို့အားလုံး စိတ်လှုပ်ရှားနေကြစဉ်မှာပင် ပျံသန်းရေးသင်္ဘော၏ တံခါးပွင့်လာပြီး လျူအန်းရှန်း သည် ထိုထဲမှ ဖြည်းညင်းစွာ ဆင်းသက်လာသည်။ အလွန်ပင် ရင်းနှီးလှသော ထိုပုံရိပ်ကို မြင်လိုက်ရသည်နှင့် လီယွမ်ဖေး၏ အသံမှာ စိတ်လှုပ်ရှားမှုနှင့် မျက်ရည်များ ရောပြွမ်းလျက် ထွက်ပေါ်လာတော့သည်။
"ဆရာ... ဆရာ မသေဘူးဆိုတာ ကျွန်တော် သိနေခဲ့တာပါ။ ဆရာ နောက်ဆုံးတော့ ရောက်လာပြီပဲ။ ဒီနှစ်တွေမှာ ကျွန်တော်တို့ ဘယ်လောက် ဒုက္ခရောက်ခဲ့ရလဲ ဆရာ သိရဲ့လား…။"
လီယွမ်ဖေး၏ စကားများက ဝမ်ယွီအန်းနှင့် ကျန်ရှိနေသော သွေးမိစ္ဆာဂိုဏ်း တပည့်များကို အလွန်အမင်း စိတ်ပျက်အားငယ်သွားစေသည်။ တစ်ချိန်တည်းမှာပင် လင်းဖန်သည် ဗီလိန်များက သူ၏ ဇာတ်ညွှန်း အတိုင်း ဘာကြောင့် မလုပ်ကြသနည်း ဆိုသည်ကို ချက်ချင်း သဘောပေါက်သွားကာ သူ့ဘာသာ ရေရွတ်လိုက်သည်။
*အေးလေ... အဲ့ဒါကြောင့် ငါ့ဇာတ်ညွှန်းအတိုင်း မဖြစ်တာကိုး။ ငါ့ကို အထာကျကျ ကယ်တင်ရှင် လုပ်ခွင့်မပေးတာ ဒါကြောင့်ပဲ။ ကြည့်ရတာ ဒီဇာတ်ကွက်မှာ ငါက ဇာတ်လိုက် မဟုတ်လို့ပဲ…။*
*လီယွမ်ဖေးရဲ့ ဆရာကမှ ဒီပွဲရဲ့ တကယ့်ဇာတ်လိုက်ကြီးပဲ ငါကတော့ ဇာတ်ပို့ပဲ ဖြစ်သွားတော့တယ်…။*
လင်းဖန်သည် လျူအန်းရှန်း၏ အဆင့်မြင့်လှသော ပွဲထွက်လာပုံကို စိတ်ထဲကနေ ခိုးပြီး အားကျနေမိ သည်။
*ဒီပျံသန်းရေးယာဉ်က တော်တော်မိုက်တာပဲ နောက်မှ ငါလည်း တစ်စီးလောက် ဝယ်ကစားဦးမှ။*
ခွဲခွာနေရတာ ကြာပြီဖြစ်၍ ပြောစရာစကားတွေ အများကြီး ရှိနေသင့်သော်လည်း လက်ရှိ အခြေအနေ မှာ လွမ်းချင်းချနေရမည့် အချိန်မဟုတ်ပေ။
"ဆရာ... အဲ့ဒီလူက ကျွန်တော့်သမီးကို ဖမ်းထားတာ သူ့ကို သတ်ပေးပါ…။"
လီယွမ်ဖေးက ပြောရင်း ဝမ်ယွီအန်းရှိရာဘက်သို့ လက်ညှိုးထိုးပြလိုက်သည်။ လီယွမ်ဖေး၏ သတိပေး ချက်ကြောင့် ဝမ်ယွီအန်းသည် သူ့လက်ထဲတွင် ဓားစာခံရှိနေသေးကြောင်း သတိရသွားပြီး တုန်လှုပ်မှု အနည်းငယ် လျော့ပါးသွားသည်။
"စီနီယာ... ဒါတွေအားလုံးက နားလည်မှု လွဲတာပါ။ ကျွန်တော်တို့ ဘယ်သူ့ကိုမှ ဒဏ်ရာမရအောင် မလုပ်ခဲ့ပါဘူး စီနီယာအနေနဲ့ ကျွန်တော်တို့ကို လွှတ်ပေးစေချင်ပါတယ် …။"
ဝမ်ယွီအန်း၏ စကားကို ကြားသောအခါ လျူအန်းရှန်းက တည်ငြိမ်သောအသံဖြင့် ဆိုလိုက်သည်။
"ဪ... နားလည်မှုလွဲတာဆိုရင်လည်း သူ့ကို လွှတ်ပေးလိုက်လေ…။"
လူလွှတ်ပေးဖို့ ဆိုသည်မှာ မဖြစ်နိုင်ပေ။ အနည်းဆုံးတော့ သူ့ဘေးကင်းမှုကို အာမမခံနိုင်မချင်း ဝမ်ယွီအန်းတွင် လူလွှတ်ပေးရန် အစီအစဉ် မရှိပေ။
"စီနီယာ... ကျွန်တော်တို့ ဂိုဏ်းကို ပြန်ရောက်ပြီး လုံးဝ ဘေးကင်းသွားပြီဆိုရင်တော့ သူ့ကို အလိုလို လွှတ်ပေးမှာပါ…။"
ယခုအချိန်တွင် ဝမ်ယွီအန်းသည် သူ၏ မျှော်လင့်ချက်အားလုံးကို ဂိုဏ်း၏ ဘိုးဘေးအပေါ်တွင်သာ ပုံအောထားတော့သည်။ တစ်ဖက်လူက ငါတို့မှာလည်း တူညီတဲ့ မဟာယာနအဆင့် ဘိုးဘေးတွေရှိ တာကို ထောက်ထားပြီး ဒီပဋိပက္ခကို ငြိမ်းချမ်းစွာ ဖြေရှင်းပေးပါစေဟုသာ သူ ဆုတောင်းနေမိသည်။
ဝမ်ယွီအန်းသည် လီလဲ့ယန်ကို ဓားစာခံအဖြစ် အသုံးချနေသည်ကို မြင်သောအခါ လင်းဖန် ဆက်ကြည့် မနေနိုင်တော့ဘဲ လီလဲ့ယန်တွင် ခုခံရေးအဆောင် ရှိနေကြောင်း ချက်ချင်း ပြောလိုက်သည်။
"ဦးလေးလီ... ညီမလေး လဲ့ယန်မှာ ကျွန်တော်ပေးထားတဲ့ ခုခံရေးအဆောင် ရှိတယ် သူ ဘာမှ လုပ်လို့ မရဘူး။ ဒီစီနီယာကို စိတ်ကြိုက် လုပ်ခိုင်းလိုက်ပါ…။"
လင်းဖန်၏ စကားကို ကြားလိုက်ရချိန်တွင် လီယွမ်ဖေး၏ မျက်လုံးများ ဝင်းလက်သွားသည်။ ဟုတ်သား ပဲ ငါ အလောတကြီး ဖြစ်နေလို့ အဲ့ဒါကို မေ့သွားတာ။ ဒါပေမဲ့ ရှောင်လင်းရဲ့ ခုခံရေးအဆောင်က တကယ် ကော စိတ်ချရရဲ့လား။ အခြေတည်စိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူရဲ့ တိုက်ခိုက်မှုကိုကော ခံနိုင်ပါ့မ လား။
လီယွမ်ဖေး၏ မျက်လုံးထဲမှ သံသယကို သတိပြုမိပုံရသော လင်းဖန်က ထပ်မံ အာမခံလိုက်သည်။
"ဦးလေးလီ မစိုးရိမ်နဲ့။ ဒီခုခံရေးအဆောင်က အဆောင်တစ်ခုပဲ ဆိုပေမဲ့ လုံးဝ စိတ်ချရပါတယ်။ အတိ ဒုက္ခအဆင့် ကျင့်ကြံသူတွေရဲ့ တိုက်ခိုက်မှုကိုတောင် ခံနိုင်ရည် ရှိပါတယ်…။"
လင်းဖန်၏ စကားကို ထိုနေရာတွင် ရှိနေသူ အားလုံးက ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။ အထူး သဖြင့် ဝမ်ယွီအန်းသည် လင်းဖန်၏ စကားကို လုံးဝ မယုံကြည်သော်လည်း သူ၏ စိတ်ထဲတွင် ထိတ်လန့် သွားကာ အာရုံများ ထွေပြားသွားတော့သည်။
ထိုခဏအတွင်းမှာပင် သူ့ကို စိုက်ကြည့်နေသော လျူအန်းရှန်းသည် တစ်ဖက်လူ အာရုံလွဲသွားသည့် အခွင့်အရေးကို အရယူကာ တွန့်ဆုတ်ခြင်းမရှိဘဲ တိုက်ခိုက်လိုက်တော့သည်။ မဟာယာနကျင့်ကြံသူ များနှင့် ပေါင်းစပ်ခြင်းအဆင့် ကျင့်ကြံသူများအကြား အဆင့်တစ်ခုသာ ကွာခြားသော်လည်း သူတို့၏ အင်အားမှာမူ ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားလှသည်။
ထို့အပြင် လျူအန်းရှန်းမှာ အချိန်မရွေး အတိဒုက္ခအဆင့်သို့ တက်လှမ်းနိုင်သည့် မဟာယာနကျင့်ကြံသူ မဟုတ်ပါလား။ မျက်စိတစ်မှိတ်အတွင်းမှာပင် ပေါင်းစပ်ခြင်းအဆင့် ကျင့်ကြံသူဖြစ်သည့် ဝမ်ယွီအန်းမှာ လျူအန်းရှန်း၏ လက်ချက်ဖြင့် ချက်ချင်း သေဆုံးသွားပြီး ဓားစာခံအဖြစ် ဖမ်းဆီးခံထားရသော လီလဲ့ယန်မှာလည်း ထိခိုက်ဒဏ်ရာ တစ်စုံတစ်ရာမရဘဲ လီယွမ်ဖေး၏ အနားသို့ ဘေးကင်းစွာ ရောက်ရှိ သွားတော့သည်။
သူတို့၏ ဂိုဏ်းချုပ်သည် သူတို့မျက်စိရှေ့မှာတင် ကြောက်မက်ဖွယ်ကောင်းစွာ သေဆုံးသွားသည်ကို မြင်ရသောအခါ သွေးမိစ္ဆာဂိုဏ်းဝင်များသည် ခေါင်းဆောင်မဲ့သွားပြီး ကြောက်စိတ်ကို မထိန်းနိုင်တော့ဘဲ အရပ်လေးပါးသို့ ထွက်ပြေးကြတော့သည်။ သို့သော် မဟာယာနအဆင့် ကျင့်ကြံသူတစ်ဦး၏ လက်ထဲမှ သူတို့ မည်သို့ လွတ်အောင် ပြေးနိုင်ပါမည်နည်း။
လျူအန်းရှန်းသည် အလွန်ကျယ်ပြန့်သော မီးတောက်မှော်ပညာကို ထုတ်လွှတ်လိုက်ရာ သွေးမိစ္ဆာဂိုဏ်း ဝင် အားလုံးမှာ ပြာအဖြစ်သို့ ပြောင်းလဲသွားတော့သည်။ ထို့နောက် အရေးမပါသော ကိစ္စတစ်ခုကို လုပ်လိုက်သည့်အလား လျူအန်းရှန်းသည် လီယွမ်ဖေးဘက်သို့ လှည့်ကာ ပြောလိုက်သည်။
"ကဲ... အခုတော့ ဒီအသေးအဖွဲလေးတွေကို ရှင်းပြီးပြီဆိုတော့ တိတ်ဆိတ်တဲ့နေရာတစ်ခု ရှာပြီး မင်းတို့ ဒီနှစ်တွေမှာ ဘာတွေ ကြုံတွေ့ခဲ့ရလဲဆိုတာ အေးအေးဆေးဆေး ပြောကြတာပေါ့…။"
အကြပ်အတည်း ပြေလည်သွားသဖြင့် လီယွမ်ဖေးလည်း အလွန် စိတ်လှုပ်ရှားနေသည်။ သူက လျူအန်းရှန်းကို ပင်မခန်းမဆောင်ထဲသို့ အမြန် ခေါ်ဆောင်သွားပြီး လင်းဖန်ကိုလည်း လိုက်ခဲ့ရန် ဖိတ်ခေါ်လိုက်သည်။
သို့သော် လင်းဖန်သည် ခွဲခွာနေရသည်မှာ ကြာပြီဖြစ်သော သူတို့သားအမိ သားအဖများ ပြောစရာတွေ အများကြီး ရှိနေမည်ကို သိသဖြင့် ထိုဖိတ်ခေါ်မှုကို ငြင်းပယ်ကာ သူ၏ ကျင့်ကြံခြင်းဂူသို့ တစ်ဦးတည်း ပြန် လာခဲ့သည်။
ကျင့်ကြံခြင်းဂူသို့ ပြန်ရောက်ပြီးနောက် လင်းဖန်သည် သူ၏ နောက်ထပ်ခြေလှမ်းများအတွက် စတင် စဉ်းစား တော့သည်။ ယခုအခါ ဦးလေးလီ၏ ဆရာ ရောက်လာပြီဖြစ်ရာ ၎င်းမှာလည်း ကြီးမားလှသော ပျံသန်း ရေးမှော်လက်နက်ကြီးဖြင့် ဖြစ်သဖြင့် ချင်းယွင်ဂိုဏ်း တပည့်များအနေဖြင့် အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့် ရောက်သည်အထိ စောင့်နေစရာ မလိုတော့ပေ။
*ကြည့်ရတာ ချင်းယွင်ဂိုဏ်း၊ ထျန်းဟော်ဂိုဏ်း နဲ့ အင်မော်တယ်စုံတွဲဂိုဏ်း ကလူတွေအားလုံး မကြာခင် မှာ အတူတူ ထွက်ခွာကြတော့မှာပဲ။ အဲ့ဒီအချိန်ကျရင် ဒီဂိုဏ်းအလွတ်ကြီးထဲမှာ တစ်ယောက်တည်း ကျန်နေခဲ့ဖို့က အဓိပ္ပာယ် မရှိတော့ဘူး…။*
ချင်းယွင်ဂိုဏ်းသားတွေ ထွက်သွားပြီးရင် သူလည်း ခရီးထွက်ရမည့်အချိန် ရောက်ပြီဖြစ်သည်။ ဤ ကမ္ဘာသို့ ရောက်ကတည်းက ဤနေရာလေးမှာတင် အောင်းနေခဲ့ရခြင်းမှာ မဟုတ်သေးပေ။ အပြင်ဘက် လောကကြီး၏ ထူးဆန်းအံ့သြဖွယ်ရာများကို သွားရောက်ကြည့်ရှုရမည့် အချိန်တန်ပြီဖြစ်သည်။
လင်းဖန် ဆုံးဖြတ်ချက် ချလိုက်သည်။ သူ၏ သုံးဘီးဆိုင်ကယ်ကို စီးပြီး အနောက်ဘက်သို့ ခရီးစဉ်တစ်ခု အဖြစ် ထွက်ခွာရန် ဆုံးဖြတ်လိုက်သည်။ သူ၏ နောက်ဆုံးပန်းတိုင်မှာ ဒဏ္ဍာရီလာ စည်ကားလှသော ကျုံးကျိုး ဗဟိုတိုက်ကြီးပင်ဖြစ်သည်။
မှန်ပါသည်။ သူတို့က တစ်ချိန်လုံး ခရီးသွားနေမည် မဟုတ်ဘဲ လမ်းတစ်လျှောက် တွေ့သမျှ ကျင့်ကြံသူ များနှင့် စီးပွားရေး လုပ်ဆောင်သွားမည် ဖြစ်သည်။ ဆေးလုံးများနှင့် မှော်လက်နက်များကို ရောင်းချ သည့် တရားဝင် စီးပွားရေး ဖြစ်စေ၊ လုယက်သည့် စီးပွားရေး ဖြစ်စေ သူ လုပ်ရမည်သာ ဖြစ်သည်။ ခရီးသွားရင်း စီးပွားရေးလုပ်သွားမည်ဆိုလျှင် ကျုံးကျိုးသို့ ရောက်သည့်အချိန်တွင် သူ၏ ကျင့်ကြံမှု အဆင့်မှာလည်း အတော်လေး မြင့်မားနေလောက်ပြီ ဖြစ်သည်။
အစီအစဉ်တစ်ခု ရှိသွားပြီဖြစ်သဖြင့် လင်းဖန်သည် ကုန်ပစ္စည်းများ ပိုမိုစုဆောင်းနိုင်ရန် စိတ်အေးလက် အေးဖြင့် ဆေးလုံးများကို ဆက်လက် သန့်စင်နေတော့သည်။
ချင်းယွင်ဂိုဏ်း၏ ပင်မခန်းမဆောင်အတွင်းမှာမူ လျူအန်းရှန်း၊ လီယွမ်ဖေးနှင့် အခြားသူများသည် အချိန်အတော်ကြာအောင် စကားပြောခဲ့ကြသည်။ ထိုအချိန်တွင် ကော်ထျန်း နှင့် ကျောက်ချင်းဟယ် တို့သည်လည်း လီယွမ်ဖေး၏ သတင်းစကားကို ရရှိပြီးနောက် ချင်းယွင်ဂိုဏ်းသို့ အပြေးအလွှားနှင့် ရောက်ရှိလာခဲ့ကြသည်။
လျူအန်းရှန်းကို မြင်လိုက်ရချိန်တွင် ကော်ထျန်း၊ ကျောက်ချင်းဟယ်နှင့် အခြားသူများသည်လည်း ဝမ်းသာအားရဖြင့် ငိုယိုကာ နှုတ်ဆက်ကြပြန်သည်။ ယခုအခါ သူ၏ တပည့်ရင်း သုံးယောက်နှင့် ဂျူနီယာနှစ်ယောက်ဖြစ်သော လျိုယွီဝမ်နှင့် လျိုယွီကျင့် တို့အားလုံး အသက်ရှင်လျက် ဘေးကင်းနေ သည်ကို မြင်လိုက်ရသဖြင့် လျူအန်းရှန်း၏ အတွင်းစိတ်မိစ္ဆာများမှာ လုံးဝ ပျောက်ကွယ်သွားတော့ သည်။
သူ၏ စိတ်ထဲမှ ပဋိပက္ခများ ပြေလည်သွားပြီးနောက် လျူအန်းရှန်း၏ အတိဒုက္ခမှာ မထိန်းချုပ်နိုင် အောင် ဖြစ်လာပြီး ချင်းယွင်ဂိုဏ်း၏ အထက်ကောင်းကင်တွင် မိုးကြိုးတိမ်တိုက် အမြောက်အမြား စုရုံးလာတော့သည်။ အတိဒုက္ခ မိုးကြိုးမှာ အချိန်မရွေး ကျရောက်တော့မည့်အလား ဖြစ်နေသည်။
ဤအခြေအနေကို သိလိုက်ရသောအခါ လျူအန်းရှန်း မကောင်းသော နိမိတ်ကို ခံစားလိုက်ရသည်။ ဤ နေရာမှာ သူ၏ တပည့်များ၏ ဂိုဏ်းဖြစ်ပြီး၊ ကျင့်ကြံမှု အလွန်နိမ့်ပါးသော တပည့်များစွာ ရှိနေသဖြင့် သူ၏ မိုးကြိုးအတိဒုက္ခ၏ ဖိအားကို သူတို့ ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
*ကြည့်ရတာ အတိဒုက္ခကို ရင်ဆိုင်ဖို့ သင့်တော်တဲ့နေရာတစ်ခုကို အမြန်ဆုံး ရှာရတော့မယ်…။*
ခေတ္တမျှ စဉ်းစားပြီးနောက် လျူအန်းရှန်းတွင် ရဲတင်းသော အကြံတစ်ခု ရလာသည်။
*ဟို သွေးမိစ္ဆာဂိုဏ်း က ငါ့တပည့်တွေကို ဒုက္ခပေးနေတာ မဟုတ်လား။ ငါကတော့ သွေးမိစ္ဆာဂိုဏ်းကို အနှေးနဲ့အမြန် သွားရ မှာပဲဆိုတော့ တစ်ခါတည်း ဒီမိုးကြိုးအတိဒုက္ခကို သယ်သွားပြီး အတိဒုက္ခကို ရင်ဆိုင်ရင်း သူတို့ဂိုဏ်းကိုပါ ဖျက်ဆီးပစ်လိုက်တာက ပိုကောင်းလိမ့်မယ်။*
ဤသို့တွေးပြီး လျူအန်းရှန်းက လီယွမ်ဖေးနှင့် အခြားသူများအား သူ၏အကြံကို ပြောပြကာ တပည့် များကို စုစည်း၍ သွေးမိစ္ဆာဂိုဏ်းသို့ လိုက်ခဲ့ရန်နှင့် သူ၏ အတိဒုက္ခ ကျော်ဖြတ်ပုံကို ကြည့်ရှုရန် ပြော လိုက်သည်။ ဘေးကင်းရေးအတွက်မူ မစိုးရိမ်ရပေ သူတို့ကို ပျံသန်းရေးသင်္ဘောထဲကနေ ကြည့်ခိုင်း ထားမည်ဆိုပါက မည်သည့်အန္တရာယ်မှ ရှိလိမ့်မည် မဟုတ်ပေ။
သူတို့ဆရာ၏ ညွှန်ကြားချက်ကို ရသည်နှင့် လီယွမ်ဖေးနှင့် အခြားနှစ်ဦးမှာ ချက်ချင်းပင် အလုပ်စကြ တော့သည်။ မကြာမီမှာပင် ဆေးလုံးဖော်စပ်နေသော လင်းဖန်ထံသို့လည်း လီယွမ်ဖေးဆီမှ ဖိတ်ကြား ချက် ရောက်လာသည်။
"ရှောင်လင်း... ငါ့ဆရာက အတိဒုက္ခကို ရင်ဆိုင်တော့မယ်။ မင်းလည်း အခမ်းအနားကို အတူတူ လိုက်ကြည့်ချင်လား…။"