အခန်း ၆၉
Vol. 7 Ch. 69
အခန်း (၆၉) သွေးမိစ္ဆာဂိုဏ်း၏ အတိဒုက္ခ
ဤသတင်းကို ကြားရသောအခါ လင်းဖန်သည် အတော်လေး စိတ်ဝင်စားသွားပြီး တွန့်ဆုတ်နေခြင်းမရှိ ဘဲ သဘောတူလိုက်သည်။
ထို့ကြောင့် ချင်းယွင်ဂိုဏ်းမှ လူတိုင်းသည် ပျံသန်းရေးသင်္ဘောကြီးပေါ်သို့ တက်ရောက်ကြလေသည်။ ထို့နောက် လျူအန်းရှန်းသည် သင်္ဘောကို ထျန်းဟော်ဂိုဏ်းနှင့် အင်မော်တယ်စုံတွဲဂိုဏ်းတို့ရှိရာသို့ မောင်းနှင်ကာ ထိုဂိုဏ်းနှစ်ခုမှ တပည့်များကိုပါ သွားရောက်ခေါ်ဆောင်ခဲ့လေသည်။
သင်္ဘောအတွင်းရှိ များပြားလှသော တပည့်များသည် အတွင်းပတ်ဝန်းကျင်ကို စပ်စုကြည့်ရှုနေကြ သည်။ လင်းဖန်မှာမူ ခဏမျှ စပ်စုကြည့်ပြီးနောက် ပျင်းစရာကောင်းသည်ဟု ခံစားလိုက်ရသည်။
အဘယ်ကြောင့်ဆိုသော် ပျံသန်းရေးသင်္ဘော၏ အတွင်းပိုင်းမှာ အလွန်ပင် ရိုးရှင်းလွန်းလှပြီး ဘာမှမ ရှိသောကြောင့်ဖြစ်သည်။ အနားယူချင်လျှင်ပင် ကြမ်းပြင်ပေါ်၌ တင်ပလ္လင်ခွေထိုင်နေရရုံသာရှိပြီး ထိုင်ခုံ လေးတစ်လုံးပင် မရှိချေ။ နောင်တစ်ချိန်တွင် သူကိုယ်တိုင် ဤကဲ့သို့ ပျံသန်းရေးသင်္ဘောမျိုးကို ဖန်တီး ဖြစ်ပါက အတွင်းပိုင်းကို ပိုမိုခမ်းနားအောင် ပြုလုပ်မည်ဟု လင်းဖန် တွေးနေမိသည်။
လင်းဖန်တစ်ယောက် ပျံသန်းရေးသင်္ဘောကို မည်သို့မွမ်းမံမည်ဟု စိတ်ကူးယဉ်နေစဉ်မှာပင် သင်္ဘော သည် ထျန်းဟော်ဂိုဏ်းနှင့် အင်မော်တယ်စုံတွဲဂိုဏ်းမှ လူများကို တင်ဆောင်ကာ သွေးမိစ္ဆာဂိုဏ်းရှိရာသို့ ပျံသန်းသွားလေတော့သည်။
မကြာမီမှာပင် ပျံသန်းရေးသင်္ဘောသည် အလွန်အမင်း သတိဝီရိယရှိနေသော သွေးမိစ္ဆာဂိုဏ်း၏ အထက်ကောင်းကင်သို့ ရောက်ရှိလာသည်။ အချိန်အနည်းငယ်သာ ကြာသေးခြင်းဖြစ်ပြီး သွေးမိစ္ဆာ ဂိုဏ်း၏ ဝိညာဉ်ခန်းမဆောင်ကိုလည်း အမြဲမပြတ် စောင့်ကြည့်နေခြင်း မဟုတ်သဖြင့် ဂိုဏ်းဝင်များမှာ သူတို့၏ ဂိုဏ်းချုပ်နှင့် အဖွဲ့လိုက်ကြီး အသတ်ခံလိုက်ရသည်ကို မသိကြသေးပေ။
ဂိုဏ်း၏ အထက်ကောင်းကင်တွင် ထူးခြားသော လှုပ်ရှားမှုကို သတိပြုမိလိုက်သဖြင့် သွေးမိစ္ဆာဂိုဏ်း၏ ဘိုးဘေး ဝမ်ကျောက်ဖူ သည် နောက်တောင်ကုန်းရှိ သူ၏ ကျင့်ကြံရေးနေရာမှ ထွက်လာသည်။ သူ သည် ကောင်းကင်ထက်၌ ဝဲပျံနေသော ပျံသန်းရေးသင်္ဘောကို ကြည့်ကာ လေးနက်သော အမူအရာဖြင့် ဆိုလိုက်သည်။
"ငါ့ရဲ့ သွေးမိစ္ဆာဂိုဏ်းကို ရောက်လာတဲ့ တာအိုမိတ်ဆွေက ဘယ်သူပါလဲ။ ကျေးဇူးပြုပြီး ထွက်လာပြီး ငါနဲ့ တွေ့ဆုံပေးပါ အဲ့ဒီလိုမှမဟုတ်ရင် ငါ့ဂိုဏ်းရဲ့ ကာကွယ်ရေးအစီအရင်ကို အသက်သွင်းလိုက်ရတာ အတွက် ငါ့ကို အပြစ်မတင်နဲ့တော့…။"
သတ္တမတန်းစားဂိုဏ်းတစ်ခုအနေဖြင့် အဆင့်မြင့် ကာကွယ်ရေးအစီအရင်များ ရှိနေသည်မှာ သဘာဝ ပင်ဖြစ်သည်။ သို့သော် ဤကဲ့သို့သော အစီအရင်မျိုးကို အမြဲတမ်း အသက်သွင်းထားပါက ကုန်ကျမည့် အရင်းအမြစ်များမှာ အလွန်များပြားလှသဖြင့် ချမ်းသာကြွယ်ဝခြင်းမရှိသော ဂိုဏ်းအများစုသည် အလွန်အရေးကြီးသည့် အခြေအနေမှလွဲ၍ အသက်သွင်းလေ့မရှိကြပေ။
ဝမ်ကျောက်ဖူ စကားပြောပြီးသည်နှင့် ပျံသန်းရေးသင်္ဘော၏ တံခါးပွင့်လာပြီး လျူအန်းရှန်း ထွက်လာ ခဲ့သည်။ လျူအန်းရှန်းမှာ ဝမ်ကျောက်ဖူ၏ စကားကြောင့် ထိတ်လန့်သွားခြင်း မဟုတ်ဘဲ သူသည် အတိ ဒုက္ခကို ရင်ဆိုင်ရမည် ဖြစ်သဖြင့် ပျံသန်းရေးသင်္ဘောအတွင်း၌ နေ၍မရသောကြောင့် ဖြစ်သည်။
လျူအန်းရှန်း ဆင်းသွားပြီးနောက် ပျံသန်းရေးသင်္ဘောသည် တပည့်များစွာကို တင်ဆောင်ကာ သွေးမိစ္ဆာ ဂိုဏ်းနှင့် ဝေးရာသို့ ပျံသန်းသွားပြီး အဝေးတစ်နေရာမှ လှမ်းကြည့်နိုင်ရန် ရပ်နားလိုက်သည်။
သင်္ဘောသည် သူ့ထံမှ အတော်လေး ဝေးသွားပြီဖြစ်ကြောင်း မြင်ရသောအခါ လျူအန်းရှန်းသည် သူ၏ ကျင့်ကြံမှုကို ဖုံးကွယ်ထားခြင်းမရှိတော့ဘဲ အတိဒုက္ခမိုးကြိုး ကျရောက်လာစေရန် စတင် လှုံ့ဆော် လိုက်တော့သည်။
သွေးမိစ္ဆာဂိုဏ်းမှ ဝမ်ကျောက်ဖူသည် လျူအန်းရှန်း သင်္ဘောပေါ်မှ ဆင်းလာပြီး စကားတစ်လုံးမျှ မပြော သည်ကို မြင်သောအခါ ထပ်မံမေးမြန်းရန် ပြင်လိုက်သော်လည်း သွေးမိစ္ဆာဂိုဏ်း၏ အထက်ကောင်း ကင်တွင် တစ်ခုခု မှားယွင်းနေသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။
အဆုံးမဲ့သော ကောင်းကင်ယံထက်တွင် တစ်စုံတစ်ရာသော စွမ်းအင်များ စုစည်းလာနေပုံရပြီး မဟာယာနအဆင့် ကျင့်ကြံသူဖြစ်သည့် သူပင်လျှင် အလွန်ကြီးမားသော ခြိမ်းခြောက်မှုကို ခံစားနေရ သည်။
ထို့နောက် လျူအန်းရှန်းသည် သူ၏ ကျင့်ကြံမှုအဆင့်ကို အပြည့်အဝ ထုတ်ဖော်လိုက်သောအခါ ဝမ်ကျောက်ဖူသည် တစ်ဖက်လူ၏ အဆင့်ကို သိလိုက်ရသလို ကောင်းကင်မှ ကြောက်မက်ဖွယ် စွမ်းအင်များနှင့် ပေါင်းစပ်ကာ ဘာဖြစ်နေသည်ကို ချက်ချင်း သဘောပေါက်သွားတော့သည်။
"အတိဒုက္ခမိုးကြိုးလား….။မင်း... မင်း ငါ့ဂိုဏ်းထဲမှာ အတိဒုက္ခမိုးကြိုးကို ရင်ဆိုင်ချင်နေတာလား…။"
တစ်ဖက်လူ ဘာလုပ်ချင်နေသည်ကို ခန့်မှန်းမိသွားပြီးနောက် ဝမ်ကျောက်ဖူ အံ့ဩတုန်လှုပ်စွာ အော်ဟစ် လိုက်သည်။ သူသည် ဘာမှထပ်မပြောတော့ဘဲ လျူအန်းရှန်းကို ချက်ချင်း တိုက်ခိုက်တော့သည်။
ဝမ်ကျောက်ဖူသည် သူ၏ ဓားပျံကို ထုတ်ယူကာ ပြင်းထန်သော ဓားအရှိန်အဝါဖြင့် လျူအန်းရှန်းထံသို့ ပစ်လွှတ်လိုက်သည်။ သို့သော် ကောင်းကင်ထက်၌ အဆက်မပြတ် စုရုံးနေသော မိုးကြိုးတိမ်တိုက်များ ကိုသာ မော့ကြည့်နေသည့် လျူအန်းရှန်းသည် ဝမ်ကျောက်ဖူ၏ တိုက်ခိုက်မှုကို လှည့်ပင်မကြည့်ပေ။ သူက လက်ကို ဝှေ့ယမ်းလိုက်ရုံမျှဖြင့် ဝမ်ကျောက်ဖူ၏ ဓားစွမ်းအင်ကို ဖယ်ရှား ပစ်လိုက်သည်။
တစ်ဖက်လူ၏ အေးဆေးတည်ငြိမ်လှသော အမူအရာကို မြင်လိုက်ရသဖြင့် ဝမ်ကျောက်ဖူသည် တစ်ဖက်လူ၏ အင်အား မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို သိလိုက်ရသည်။ လက်တွေ့လုပ် ဆောင်မှုဖြင့် တစ်ဖက်လူကို မတားဆီးနိုင်သဖြင့် သူက စကားဖြင့်သာ စည်းရုံးရန် ကြိုးစားတော့သည်။
"တာအိုမိတ်ဆွေ... ငါတို့ သွေးမိစ္ဆာဂိုဏ်းက မင်းကို ဘယ်နေရာမှာ ပြစ်မှားမိလို့လဲ။ ကျေးဇူးပြုပြီး ရှင်းရှင်းလင်းလင်း ပြောပြပေးပါ။ ငါတို့ဘက်က ဘယ်လိုလျော်ကြေးမျိုးမဆို ပေးဖို့ အဆင်သင့်ပါပဲ၊ ကျေးဇူးပြုပြီး သနားညှာတာတဲ့အနေနဲ့ အတိဒုက္ခရင်ဆိုင်ဖို့ တခြားနေရာကိုပဲ ရှာပေးပါ…။"
လျူအန်းရှန်းက ၎င်းကို လျစ်လျူရှုထားသဖြင့် ဝမ်ကျောက်ဖူမှာ နည်းလမ်းအသစ်ဖြင့် ထပ်မံ ဖျောင်းဖျ ပြန်သည်။
"တာအိုမိတ်ဆွေ... မင်းသာ ဒီနေရာမှာ အတိဒုက္ခကို ရင်ဆိုင်လိုက်ရင် ငါ့သွေးမိစ္ဆာဂိုဏ်းက ကျင့်ကြံသူ ထောင်ပေါင်းများစွာရဲ့ ကျင့်ကြံခြင်းလမ်းစဉ်တွေ အကုန်လုံး ပြတ်တောက်သွားလိမ့်မယ်။ မင်းကို ကြည့်ရတာ မိစ္ဆာကျင့်ကြံသူလည်း မဟုတ်ဘဲနဲ့ ဘာလို့ ဒီလောက် ယုတ်မာရက်စက်တဲ့ အလုပ်မျိုးကို လုပ်ရတာလဲ…။"
လျူအန်းရှန်းသည် ဤစကားများအပေါ်တွင်လည်း တုံ့ပြန်ခြင်းမရှိဘဲ ကိုယ်ကျင့်တရားဖြင့် ဖိအားပေး ခြင်းကို လုံးဝ ဂရုမစိုက်သည့် အမူအရာမျိုး ပြသနေသည်။
တစ်ဖက်လူက လုံးဝ အလျှော့မပေးမှန်း သိလိုက်ရသဖြင့် ဝမ်ကျောက်ဖူ၏ မျက်နှာမှာ ဒေါသကြောင့် ပြာနှမ်းသွားတော့သည်။ သူ ထပ်မံပြောဆိုရန် ပြင်နေစဉ်မှာပင် ကောင်းကင်ရှိ မိုးကြိုးတိမ်တိုက်များ သည် စွမ်းအင်စုစည်းမှု ပြီးဆုံးသွားပုံရပြီး ပထမဆုံးသော မိုးကြိုးစက်ကွင်းမှာ အောက်ရှိ လျူအန်းရှန်း ထံသို့ တိုက်ရိုက် ကျရောက်လာတော့သည်။
၎င်းကို မြင်လိုက်ရသဖြင့် လျူအန်းရှန်းနှင့် အတော်လေး ဝေးရာတွင် ရှိနေသော ဝမ်ကျောက်ဖူသည် ပိုမို ဝေးရာသို့ ထပ်မံ ပျံသန်းပြေးသွားသည်။ တစ်ဖက်လူက အတိဒုက္ခကို စတင်ရင်ဆိုင်နေပြီ ဖြစ်သဖြင့် ယခုအချိန်တွင် ဘာပြောပြော နောက်ကျသွားပြီဖြစ်သည်။
ထို့အပြင် လျူအန်းရှန်း အတိဒုက္ခ ရင်ဆိုင်နေသည်ကို ခန့်မှန်းမိချိန်မှ ပထမဆုံး မိုးကြိုးကျလာချိန်အထိ အချိန်မှာ အလွန်တိုတောင်းလှသဖြင့် တပည့်များကို ဘေးလွတ်ရာ ရှောင်ခိုင်းရန်ပင် အချိန်မရလိုက်ပေ။
သူ အပင်ပန်းခံ တည်ထောင်ထားသော ဂိုဏ်းကြီးမှာ အတိဒုက္ခမိုးကြိုးအောက်တွင် ပျက်စီးတော့မည်ကို မြင်လိုက်ရသဖြင့် ဝမ်ကျောက်ဖူသည် ဒေါသများဖြင့် ပြည့်နှက်သွားတော့သည်။
ထို့နောက် သူသည် အဝေးရှိ ပျံသန်းရေးသင်္ဘောဆီသို့ ကြည့်လိုက်သည်။ လျူအန်းရှန်းမှာ အတိဒုက္ခကို ရင်ဆိုင်နေရသဖြင့် အာရုံမစိုက်နိုင်သည့် အချိန်တွင် ကလဲ့စားချေရန် သူ ပြင်ဆင်လိုက်သည်။
လျူအန်းရှန်း သင်္ဘောပေါ်မှ ဆင်းလာစဉ်က သင်္ဘောအတွင်း၌ ကျင့်ကြံမှု အလွန်နိမ့်ပါးသော လူများစွာ ပါဝင်နေသည်ကို သူ မြင်ခဲ့သည်။ မင်းက ငါ့ဂိုဏ်းကို ဖျက်ဆီးချင်မှတော့ မင်းရဲ့ သင်္ဘောပေါ်က လူတွေ ကို ငါ ရှင်းပစ်တာအတွက်လည်း ငါ့ကို အပြစ်မတင်နဲ့တော့။
သို့သော် နိမ့်ပါးသော နောက်ခံမှ တက်လာသည့် ဝမ်ကျောက်ဖူသည် ဤကဲ့သို့သော ကြီးမားလှသော နယ်ပယ်ဖြတ်ကျော် ပျံသန်းရေးသင်္ဘောများအကြောင်း ကြားဖူးရုံသာရှိပြီး ၎င်းတို့၏ ကာကွယ်ရေးစွမ်း ရည်ကိုမူ သိရှိခြင်းမရှိပေ။
သူ သင်္ဘောရှေ့သို့ ရောက်ရှိလာပြီး သူတတ်သမျှ နည်းလမ်းမျိုးစုံဖြင့် တိုက်ခိုက်သော်လည်း သင်္ဘောကို အစင်းရာလေးပင် ထင်အောင် မလုပ်နိုင်ခဲ့ပေ။ သင်္ဘောအတွင်းရှိ လူများသည် မသိရသော ဒြပ်စင်များ ဖြင့် ပြုလုပ်ထားသည့် ပြတင်းပေါက်များမှတစ်ဆင့် အပြင်ဘက်ရှိ ဝမ်ကျောက်ဖူ၏ အစွမ်းမရှိသော ဒေါသများကို ကြည့်ကာ လှောင်ရယ်ကြတော့သည်။
သင်္ဘောအတွင်းမှ ထွက်ပေါ်လာသော လှောင်ပြောင်သံမျိုးစုံမှာ ဝမ်ကျောက်ဖူ၏ နားထဲသို့ ရောက်ရှိလာ သဖြင့် သူ ပို၍ပင် ဒေါသထွက်သွားသည်။ ချီစုဆောင်းခြင်းနှင့် အခြေခံအုတ်မြစ်တည်ဆောက်ခြင်း အဆင့်လောက်သာ ရှိသည့် ပုရွက်ဆိတ်တစ်အုပ်က သူ့မျက်နှာကို ကြည့်ပြီး ဘယ်တုန်းက ဒီလောက် ရဲရဲတင်းတင်း လှောင်ရဲသွားကြသနည်း.။
သို့သော် သူ မည်မျှပင် ဒေါသထွက်ပါစေ ဤပျံသန်းရေးသင်္ဘောကိုမူ သူ ဘာမှမတတ်နိုင်ပေ။ ထိုအချိန် တွင် မဟာယာနအဆင့် ရှိသော ဤကျင့်ကြံသူသည် မိမိကိုယ်ကိုယ် ယုံကြည်မှုများ ပျောက်ဆုံးကာ အလွန်အမင်း စိတ်ပျက်အားငယ်သွားပုံရသည်။ သူ၏ တစ်ဘဝလုံး ကျင့်ကြံခဲ့သမျှမှာ ပြက်လုံးတစ်ခု ဖြစ်သွားသည်ဟု သူ ခံစားလိုက်ရသည်။
* မဟာယာနအဆင့် အထိ ကျင့်ကြံခဲ့ရင်တောင် ဘာထူးမှာလဲ..။ ပုရွက်ဆိတ်တစ်အုပ်ကိုတောင် မင်း ဘာမှ မလုပ်နိုင်သေးဘူး မဟုတ်လား…။*
ဤကြီးမားလှသော စိတ်ဒဏ်ရာကြောင့် မဟာယာနကျင့်ကြံသူသည် ရှေ့တွင် ရှိနေသော အန္တရာယ်များ ကိုပင် မေ့လျော့သွားပြီး တစ်ဖက်လူ အတိဒုက္ခ မပြီးဆုံးမီ တစ်ယောက်တည်း ထွက်ပြေးရန်ပင် မရွေး ချယ်ခဲ့တော့ပေ။ သို့မဟုတ်လျှင်လည်း တစ်ဖက်လူ၏ အင်အားအရ အတိဒုက္ခအဆင့် သို့ ရောက်သွား ပြီးနောက် ဤနယ်ပယ်ဖြတ်ကျော် ပျံသန်းရေးသင်္ဘောနှင့်ဆိုလျှင် သူ မည်သည့်နေရာသို့ ပြေးပါစေ အလကားဖြစ်မည်ကို သူ သိနေခြင်းကြောင့်လည်း ဖြစ်နိုင်သည်။
နောက်ထပ် အချိန်အနည်းငယ်အတွင်း ဝမ်ကျောက်ဖူသည် ပျံသန်းရေးသင်္ဘောရှေ့တွင် ရပ်ကာ သူ၏ ဂိုဏ်းအထက်တွင် အတိဒုက္ခများကို တစ်ခုပြီးတစ်ခု အလွယ်တကူ ကြံ့ကြံ့ခံနေသော လျူအန်းရှန်းကို ငေးကြည့်နေမိသည်။ သူ ဘာတွေ တွေးနေသည်ကိုတော့ မည်သူမျှ မသိနိုင်ပေ။
မကြာမီမှာပင် သွေးမိစ္ဆာဂိုဏ်း၏ အထက်တွင် မိုးကြိုးများ ထပ်မံ ကျရောက်ခြင်း မရှိတော့ဘဲ လျူအန်းရှန်းသည် အတိဒုက္ခအဆင့် သို့ အောင်မြင်စွာ ရောက်ရှိသွားလေတော့သည်။
အတိဒုက္ခအဆင့်သို့ ရောက်သွားသော လျူအန်းရှန်းသည် သူ၏ ကျင့်ကြံမှုကို လုံးဝ ဖုံးကွယ်ထားခြင်း မရှိဘဲ ဝမ်ကျောက်ဖူ၏ အနားသို့ တိုက်ရိုက် ရောက်ရှိလာသည်။ ရှေ့မှ အသက်မဲ့နေသော ဝမ်ကျောက်ဖူ ၏ မျက်လုံးများကို ကြည့်ကာ လျူအန်းရှန်းသည် ဤနေရာသို့ ရောက်ကတည်းက ပထမဆုံးသော စကားကို ဆိုလိုက်သည်။
"တခြားသူရဲ့ ဂိုဏ်းကို ဖျက်ဆီးဖို့ မင်း ရွေးချယ်ခဲ့တုန်းက မင်းရဲ့ ဂိုဏ်းလည်း တစ်နေ့မှာ အဖျက်ဆီး ခံရမယ်ဆိုတာကို မင်း တွေးထားသင့်တယ်။ ဒါက လောကနိယာမပဲ။ ဒီလောက် အခက်အခဲလေး ကိုတောင် မင်း မကျော်ဖြတ်နိုင်ရင် အင်မော်တယ်ဖြစ်ဖို့ ကျင့်ကြံနေတာကော ဘာထူးမှာလဲ။ ကျင့်ကြံ ခြင်း အရင်းအမြစ်တွေကို အလဟဿ မဖြစ်စေဖို့အတွက် မင်း အမြန်ဆုံး လူဝင်စားပြီး နောက်ဘဝမှာ သာမန်လူပဲ လုပ်လိုက်ပါတော့…။"
ထိုသို့ပြောပြီးနောက် လျူအန်းရှန်းသည် ငိုင်နေသော ဝမ်ကျောက်ဖူကို ချက်ချင်းပင် တိုက်ခိုက်သတ် ဖြတ်လိုက်တော့၏။ ဝမ်ကျောက်ဖူကို သတ်ပြီးနောက် လျူအန်းရှန်းသည် ဇဝေဇဝါဖြင့် သူ့ဘာသာ ရေရွတ်လိုက်သည်။
"အတိဒုက္ခ ရင်ဆိုင်နေရတဲ့ ငါကတောင် အတွင်းစိတ်မိစ္ဆာတွေရဲ့ နှောင့်ယှက်မှုကို မခံရဘဲနဲ့ ဘေးကနေ ကြည့်နေတဲ့ မင်းကမှ အတွင်းစိတ်မိစ္ဆာတွေ ဝင်သွားတာလား…။ ဒီအတွင်းစိတ်မိစ္ဆာတွေက လူရွေးတာ မှားသွားတာလား…။"