အခန်း ၇၀
Vol. 7 Ch. 70
အခန်း (၇၀) ခွဲခွာရတော့မည့် အချိန်အခါ
ထိုသို့ဖြစ်ပြီးနောက် လျူအန်းရှန်းသည် ဘာမှထပ်မစဉ်းစားတော့ဘဲ ပျံသန်းရေးသင်္ဘောတံခါးကို ဖွင့်ပေးကာ လီယွမ်ဖေးနှင့် အခြားသူများကို သွေးမိစ္ဆာဂိုဏ်း၏ အရင်းအမြစ်များကို သွားရောက်သိမ်း ယူရန် ပြောလိုက်လေသည်။
သွေးမိစ္ဆာဂိုဏ်းဝင်များအားလုံးမှာ အစောပိုင်းက အတိဒုက္ခမိုးကြိုးအတွင်းမှာတင် သေဆုံးကုန်ကြပြီ ဖြစ်သည်။ သွေးမိစ္ဆာဂိုဏ်း၏ အကာအကွယ်အစီအရင် အမျိုးမျိုးမှာလည်း ဤမိုးကြိုးဒဏ်ကို မခံနိုင်ဘဲ အကုန်လုံး ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။ ယခုအခါ သွေးမိစ္ဆာဂိုဏ်းတွင် သူတို့ကို ခြိမ်းခြောက်နိုင်မည့်အရာ ဘာမှမရှိတော့ပေ။
ထို့ကြောင့် သွေးမိစ္ဆာဂိုဏ်းအတွင်း၌ ရတနာရှာဖွေပွဲကြီးတစ်ခု စတင်တော့သည်။ လုယက်ခြင်းကို ဝါသနာပါသော လင်းဖန်သည်လည်း ဤကဲ့သို့ အထင်ကရ လုယက်နိုင်မည့် အခွင့်အရေးကို လက်လွှတ် မခံဘဲ ချင်းယွင်ဂိုဏ်းသားများနှင့်အတူ အရင်းအမြစ်များကို အားမနာတမ်း လိုက်လံသိမ်းဆည်းလေ တော့သည်။
မကြာမီမှာပင် လူအုပ်ကြီးသည် သွေးမိစ္ဆာဂိုဏ်းတစ်ခုလုံးကို နှံ့နှံ့စပ်စပ် ရှာဖွေပြီးနောက် ယူစရာတန်ဖိုးရှိ သည့်အရာ ဘာမှမကျန်တော့ပေ။ ထို့နောက် လျူအန်းရှန်းသည် သူ၏ အတိဒုက္ခအဆင့် ကျင့်ကြံမှုကို အသုံးပြု၍ သွေးမိစ္ဆာဂိုဏ်း၏ သက်သေအထောက်အထားများကို ဖျောက်ဖျက်သည့် လုပ်ငန်းစဉ်ကို ဆက်လက်လုပ်ဆောင်ခဲ့လေသည်။
ကြီးမားသော အဆောက်အအုံများမှာ လျူအန်းရှန်း၏ ဓားစွမ်းအင်ကို မခံနိုင်သလို၊ အဆောက်အအုံ ပစ္စည်းများမှာလည်း လျူအန်းရှန်း၏ မီးတောက်မှော်ပညာကို မတွန်းလှန်နိုင်ခဲ့ကြပေ။ နောက်ဆုံးတွင် သတ္တမတန်းစားဂိုဏ်းဖြစ်သော သွေးမိစ္ဆာဂိုဏ်း၏ ပင်မဌာနချုပ်မှာ အပျက်အစီးပုံများအဖြစ် လုံးဝ ပြောင်းလဲသွားပြီး ရေတွက်၍မရသော ဂိုဏ်းတပည့်များ၏ အလောင်းများမှာလည်း ထိုအောက်တွင် မြုပ်နှံခြင်း ခံလိုက်ရလေတော့သည်။
အချိန်တိုအတွင်း လူသတ်မှုများစွာ ပြုလုပ်ခဲ့ခြင်းက လျူအန်းရှန်း၏ ကျင့်ကြံမှုကို ထိခိုက်မလား သို့မဟုတ် အတွင်းစိတ်မိစ္ဆာများ ဝင်လာမလား ဆိုသည်မှာ သူ စိုးရိမ်စရာ မဟုတ်ပေ။ သူ့အမြင်အရ ဤကျင့်ကြံသူများကို ချေမှုန်းလိုက်သည်မှာ အတိဒုက္ခမိုးကြိုးသာဖြစ်ရာ သူနှင့် ဘာမှမဆိုင်ပေ။ လက်တွေ့တွင်လည်း ထိုအတိုင်းပင် ဖြစ်သည်။
သွေးမိစ္ဆာဂိုဏ်းကို ရှင်းလင်းပြီးနောက် လူအုပ်ကြီးသည် မိမိတို့၏ ဂိုဏ်းများသို့ တိုက်ရိုက် ပြန်လာခဲ့ ကြသည်။ လျူအန်းရှန်းက သူတို့ကို ပြင်ဆင်ရန် သုံးရက် အချိန်ပေးခဲ့သည်။ သုံးရက်ကြာလျှင် ဂိုဏ်းသုံး ဂိုဏ်း ပြန်လည်ဆုံတွေ့ပြီး ကျုံးကျိုး ဗဟိုနယ်မြေ သို့ အတူတူ ထွက်ခွာကြမည်ဖြစ်သည်။
ချင်းယွင်ဂိုဏ်းရှိ လင်းဖန်၏ ကျင့်ကြံရေးလိုဏ်ဂူအတွင်း လီလဲ့ယန်သည် ဝမ်းနည်းနေသော အမူအရာ ဖြင့် လင်းဖန်ကို မေးလိုက်သည်။
"စီနီယာအစ်ကိုလင်း... ရှင် ကျွန်မတို့နဲ့အတူ ကျုံးကျိုးကို တကယ် မလိုက်ဘူးလားဟင်။ ဖေဖေက ပြောတယ် ကျုံးကျိုးက အရမ်းစည်ကားပြီး စီးပွားရေးလုပ်လို့လည်း အရမ်းကောင်းတယ်တဲ့…။"
လီလဲ့ယန်၏ စကားကို ကြားသောအခါ လင်းဖန် ခေတ္တမျှ စဉ်းစားပြီးနောက် ဟင်းလင်းပြင်တိုကင် တစ်ခုကို ထုတ်ပေးလိုက်လေသည်။
"ညီမလေး လဲ့ယန်... အစ်ကို ကျုံးကျိုးကို လာမှာပါ၊ ဒါပေမဲ့ အခုတော့ မဟုတ်သေးဘူး။ ဒီဟင်းလင်းပြင် တိုကင်ကို ယူထားပါ။ ဒါရှိရင် ညီမ ကြိုက်တဲ့အချိန်မှာ ဈေးကွက်ထဲကို ဝင်လာလို့ရတယ် ပြီးတော့ အန္တရာယ်ရှိတဲ့အခါ ပုန်းအောင်းဖို့လည်း သုံးလို့ရတယ်။ ဒါ့အပြင် ဒီတိုကင်မှာ အသံပို့စနစ်လည်း ပါဝင် ပြီး ဘယ်နေရာမှာမဆို သုံးလို့ရတယ်…။"
လင်းဖန်ထံမှ ဟင်းလင်းပြင်တိုကင်ကို ရရှိသောအခါ လီလဲ့ယန်သည် ၎င်းကို သူမ၏ ရင်ခွင်ထဲသို့ ချက်ချင်း သိမ်းဆည်းလိုက်သည်။
"ညီမ နောက်ပိုင်း အစ်ကို့ဆီ လာလည်ချင်ရင် ဈေးကွက်ထဲဝင်ပြီး တွေ့လို့ရတယ်ပေါ့ ဟုတ်လား…။"
"ဒါပေါ့... အစ်ကို့ရဲ့ ဟင်းလင်းပြင်ကုန်သည် ဆိုတဲ့ နာမည်က ပိုကြီးလာရင် အစ်ကိုက ဟင်းလင်းပြင် ဈေးကွက်မှာပဲ အမြဲတမ်း နေထိုင်သူ ဖြစ်လာနိုင်တယ်။ အဲ့ဒီအခါကျရင် ညီမ အစ်ကို့ကိုရှာဖို့ ဈေးကွက် ထဲကို အချိန်မရွေး လာခဲ့လို့ရတယ်…။"
သူတို့နှစ်ဦး အချိန်အတော်ကြာ စကားပြောနေကြပြီး လင်းဖန်ထံသို့ လီယွမ်ဖေးဆီမှ သတင်းစကား ရောက်လာသောအခါမှ လီလဲ့ယန်မှာ မခွဲချင်ခွဲချင်ဖြင့် ထွက်ခွာသွားလေတော့သည်။
သတင်းရရှိပြီးနောက် လင်းဖန်သည် ချင်းယွင်ဂိုဏ်း၏ ပင်မခန်းမသို့ ရောက်ရှိလာပြီး လီယွမ်ဖေးနှင့် တွေ့ဆုံသည်။ လီယွမ်ဖေးတို့ ဇနီးမောင်နှံအပြင် အတိဒုက္ခအဆင့် ကျင့်ကြံသူ လျူအန်းရှန်းလည်း ခန်းမထဲတွင် ရှိနေသည်။
"ရှောင်လင်း... မင်း ထပ်ပြီး မစဉ်းစားတော့ဘူးလား။ မင်းလို ပါရမီရှိတဲ့လူက ကျုံးကျိုးမှာဆိုရင် ပိုကောင်းတဲ့ အနာဂတ် ရှိနိုင်တယ်လေ…။"
တွေ့ဆုံသည်နှင့် လီယွမ်ဖေးက လင်းဖန်ကို ကျုံးကျိုးသို့ လိုက်ခဲ့ရန် တိုက်တွန်းတော့သည်။ အားလုံးက လင်းဖန်ကို ကျုံးကျိုးတွင် စီးပွားရေးချဲ့ထွင်စေရန် ခေါ်ချင်နေကြပုံရသည်။
"ဦးလေးလီ... ကျွန်တော် မလိုက်သေးပါဘူး။ ကျွန်တော် ဒီကို ရောက်လာတာက အတွေ့အကြုံယူဖို့ပါ။ အရှေ့ဘက်ဒေသမှာ ကျွန်တော့်ရဲ့ လေ့ကျင့်မှုတွေ မပြီးသေးဘူး။ ဒီမှာ အဝကြည့်ပြီးပြီဆိုရင်ကျွန်တော် ကျုံးကျိုးကို သေချာပေါက် လာခဲ့မှာပါ…။"
လင်းဖန် ကျုံးကျိုးသို့ မလိုက်သေးသည့် အဓိကအကြောင်းရင်းမှာ အရှေ့ဘက်ဒေသတွင် နာမည်မကြီး သေးသောကြောင့် ဖြစ်သည်။ လင်းဖန်၏ ရည်မှန်းချက်မှာ ဟင်းလင်းပြင်ကုန်သည် ဆိုသည့် သူ၏ အမည်ကို ထျန်းယွမ်တိုက်ကြီး တစ်ခုလုံး ပျံ့နှံ့သွားစေရန်ဖြစ်သည်။ သူသည် ကျုံးကျိုး၏ အရှေ့၊ အနောက်၊ တောင်၊ မြောက် ဒေသအားလုံးကို သွားရောက်ရန် စီစဉ်ထားသည်။ ယခု အရှေ့ဘက်ဒေသကို ရောက်နေသဖြင့် အကုန်လုံးကို အရင်လှည့်ပတ်ကြည့်ခြင်းက ပိုကောင်းပြီး နောက်မှ တကူးတကကြီး ပြန်လာနေစရာ မလိုတော့ပေ။
လင်းဖန်ကို ဖျောင်းဖျ၍ မရမှန်း သိလိုက်ရသဖြင့် လီယွမ်ဖေးက လက်လျှော့လိုက်သည်။
"ရှောင်လင်း... မင်းမှာ အစီအစဉ် ရှိပြီးသားဆိုတော့ ဦးလေး ဘာမှ ထပ်မပြောတော့ပါဘူး။ မင်းက ဆေးသန့်စင်တာ၊ လက်နက်ပြုပြင်တာနဲ့ စီးပွားရေးလုပ်တာကို ဝါသနာပါမှန်း ဦးလေးသိပါတယ်။ ဒီမှာ ဦးလေးဆီမှာရှိတဲ့ ဆေးဖက်ဝင်အပင်တွေနဲ့ လက်နက်လုပ်တဲ့ ပစ္စည်းတွေ အကုန်လုံး ရှိတယ်။ အဲ့ဒါတွေ အကုန်လုံးကို မင်းကို ပေးလိုက်မယ်…။"
ထိုသို့ပြောပြီး လီယွမ်ဖေးသည် လင်းဖန်အား သိုလှောင်လက်စွပ် တစ်ကွင်းကို ကမ်းပေးလိုက်သည်။ လက်စွပ်ကို မြင်လိုက်ရသောအခါ လင်းဖန် အလွန်အမင်း စိတ်လှုပ်ရှားသွားသည်။ သူ၏ လက်မှာ အလို အလျောက် ဆန့်ထွက်သွားပြီး လက်စွပ်ကို လှမ်းယူလိုက်သော်လည်း ပါးစပ်ကမူ အားနာစကား ဆိုနေ သေးသည်။
"ဪ... ဦးလေးလီ... ဒါက... ကျွန်တော် ဒါကို လက်မခံဝံ့ပါဘူး။ ဒါပေမဲ့ ဦးလေးလီ ပေးတာဆိုတော့ လည်း ကျွန်တော် ယူလိုက်ပါ့မယ်။ လူကြီးပေးတဲ့ ဆုကို ငြင်းတာက မကောင်းဘူး မဟုတ်လား…။"
လင်းဖန်၏ အမူအရာကို ကြည့်ပြီး လီယွမ်ဖေးက ရယ်မောလိုက်သည်။ ထိုအချိန်တွင် သူတို့ဘေး၌ ရှိနေသော လျူအန်းရှန်းကလည်း ဝင်ပြောလိုက်သည်။
"လူငယ်လေး... လွန်ခဲ့တဲ့ ရက်ပိုင်းက စိတ်ဝိညာဉ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက် ရောက် လာတာကို မင်းရဲ့ အကာအကွယ်ကြောင့် အကြပ်အတည်းကနေ လွတ်မြောက်ခဲ့ရတယ်လို့ ငါ ကြားခဲ့ တယ်။ ငါ့တပည့်တွေရဲ့ အသက်ကို ကယ်ပေးခဲ့တဲ့အတွက် ဒါက ငါ့ဘက်က ကျေးဇူးတင်တဲ့ အထိမ်း အမှတ် လက်ဆောင်လေးပါ…။"
လျူအန်းရှန်းကလည်း သိုလှောင်လက်စွပ်တစ်ကွင်းကို ကမ်းပေးလိုက်ရာ လင်းဖန်မှာ တစ်ပွင့်တည်းနဲ့ နှစ်သီးစားသလို အံ့ဩဝမ်းသာသွားရသည်။
"ဪ... စီနီယာကြီး... ဒါက အရမ်းအားနာစရာကြီးပါ။ အမှန်အတိုင်း ပြောရရင် ဒီကိစ္စက ကျွန်တော်နဲ့ လည်း သက်ဆိုင်နေတာပါ။ သူတို့ရဲ့ မူလပစ်မှတ်က တကယ်တော့ ကျွန်တော်ပါ။ အမှန်ဆို ဦးလေးလီ တို့ကို ဒုက္ခထဲ ဆွဲသွင်းမိသလို ဖြစ်သွားတာက ကျွန်တော်ပါ…။"
ဟုတ်ပါသည်။ လင်းဖန်က ထိုသို့ပြောနေသော်လည်း လက်ကတော့ ငြိမ်မနေပေ။ လျူအန်းရှန်းထံမှ လက်စွပ်ကို ရိုရိုသေသေဖြင့် အမြန် လှမ်းယူလိုက်သည်။ အစောပိုင်းက လျူအန်းရှန်းသည် တပည့်များ နှင့် စကားပြောစဉ် လင်းဖန်အကြောင်း တော်တော်များများ သိခဲ့ရသည်။ လင်းဖန် သူတို့ကို မည်သို့ ကူညီခဲ့သည်ကို ကြားခဲ့ရသဖြင့် ယနေ့တွင် ဤလက်ဆောင်ကို ပေးခဲ့ခြင်း ဖြစ်သည်။
အခြားအကြောင်းရင်းများမှာ လင်းဖန်၏ နောက်ကွယ်မှ မသိရသော နောက်ခံအင်အားနှင့် လင်းဖန် ကိုယ်တိုင်၏ အလားအလာကြောင့်လည်း ဖြစ်သည်။ ဆေးဆရာများနှင့် လက်နက်ဖန်တီးသူများသည် မည်သည့်နေရာသို့သွားသည်ဖြစ်စေ မိတ်ဆွေဖွဲ့ထားသင့်သော တန်ဖိုးရှိသူများ မဟုတ်ပါလား။
လျူအန်းရှန်းထံမှ ရက်ရောသော လက်ဆောင်ကို ရရှိပြီးနောက် လင်းဖန်လည်း ပြန်လည်ပေးဆပ်သင့် သည်ဟု ခံစားရသဖြင့် သူ ပေးနိုင်သည့် တစ်ခုတည်းသောအရာဖြစ်သော ဟင်းလင်းပြင်တိုကင်ကို ထုတ်ပေးလိုက်လေသည်။
"စီနီယာကြီး... ဒါက ကျွန်တော့်ရဲ့ ဟင်းလင်းပြင်ဈေးကွက် တိုကင်ပါ။ ဒါရှိရင် ဈေးကွက်ထဲကို အချိန် မရွေး ဝင်လာလို့ရပြီး အသံပို့စနစ်လည်း ပါဝင်ပါတယ်။ စီနီယာကြီးအနေနဲ့ ဒါကို လက်ခံပေး မယ်လို့ မျှော်လင့်ပါတယ်…"
လျူအန်းရှန်းသည် လင်းဖန် ကမ်းပေးသော တိုကင်ကို အမြန်လှမ်းယူလိုက်သည်။ သူ၏ တပည့်များဆီ တွင် ဤတိုကင်မျိုးကို မြင်ဖူးထားသလို ၎င်း၏ ဆန်းကြယ်သော စွမ်းအင်များကိုလည်း သိရှိထားရာ မည်သို့ စိတ်မဝင်စားဘဲ နေပါမည်နည်း။
"ဟားဟား... လူငယ်လေး... ဒါဆိုရင်တော့ ငါ လက်ခံလိုက်ပါ့မယ်။ အမှန်အတိုင်း ပြောရရင် မင်းရဲ့ ဟင်းလင်းပြင်ဈေးကွက်ကို ငါ တကယ်ပဲ စပ်စုချင်နေခဲ့တာ…။"
သူ အစောပိုင်းက လီယွမ်ဖေးတို့၏ တိုကင်များကို အသုံးပြုပြီး ဝင်ကြည့်ရန် ကြိုးစားခဲ့သော်လည်း တစ်စုံတစ်ရာသော အကြောင်းပြချက်ကြောင့် ဝင်၍မရသဖြင့် စိတ်ပျက်နေခဲ့ရသည်။ ယခုအခါ ကိုယ်ပိုင်တစ်ခု ရပြီဖြစ်ရာ သူ၏ စပ်စုမှုကို နောက်ဆုံးတော့ အဖြေရှာနိုင်တော့မည် ဖြစ်သည်။
တစ်ဖက်လူက တိုကင်ကို လက်ခံသည်ကို မြင်ပြီးနောက် လင်းဖန်သည် တစ်ခါသုံး ဟင်းလင်းပြင်တိုကင် အချို့ကို ထုတ်ယူကာ လီယွမ်ဖေးအား ပေးလိုက်သည်။
"ဦးလေးလီ... ဒီတိုကင်တွေကိုလည်း ယူထားပါ။ ဦးလေးတို့ဆီက တိုကင်တွေနဲ့ မတူတာက ဒါတွေက တစ်ခါသုံးတွေပါ။ ဆိုလိုတာက တစ်ခါပဲ သုံးလို့ရမယ်။ ကျွန်တော်နဲ့ အရောင်းအဝယ် လုပ်ချင်တဲ့လူတွေ ရှိရင် သူတို့ကို ဒီတိုကင်တွေ ပေးလိုက်လို့ ရပါတယ်…။"
လင်းဖန်သည် ကျုံးကျိုးတွင် သူ၏လုပ်ငန်းကို အရောင်းမြှင့်တင်ပေးရန် လီယွမ်ဖေးနှင့် ထားခဲ့သော ကတိကို မေ့မသွားကြောင်း ရှင်းလင်းလှသည်။ လီယွမ်ဖေးတို့ ကိုင်ဆောင်ထားသော သက်တမ်းရှည် တိုကင်များမှာ ရွှေရောင်ဖြစ်ပြီး ဤတစ်ခါသုံး တိုကင်များမှာ မီးခိုးရောင်ဖြစ်သဖြင့် ရောထွေးသွားမည် ကို စိုးရိမ်စရာ မလိုပေ။
"ဟားဟား... လူငယ်လေး မစိုးရိမ်ပါနဲ့။ မင်း ကျုံးကျိုးကို မရောက်လာခင်မှာ ဦးလေးက အားလုံးကို အဆင်ပြေအောင် လုပ်ပေးထားပါ့မယ်…။"
ခဏမျှ စကားပြောပြီးနောက် လင်းဖန်သည် သူ၏ ကျင့်ကြံခြင်းဂူသို့ ပြန်လာခဲ့လေတော့သည်။
သုံးရက်ဆိုသော အချိန်မှာ လျင်မြန်စွာ ကုန်ဆုံးသွား၏။ အရင်းအမြစ် အမြောက်အမြား ရရှိထားသော လင်းဖန်သည် ဤသုံးရက်အတွင်း သူ၏ လိုဏ်ဂူထဲ၌ပင် အောင်းနေကာ ဆေးလုံးများနှင့် လက်နက်များ ကို ဖော်စပ်နေခဲ့ပြီး ထူးဆန်းအံ့သြဖွယ် ကောင်းသော ဆေးလုံးများ မှော်လက်နက်များနှင့် ရတနာများ စွာကိုလည်း သန့်စင်ခဲ့လေသည်။