အခန်း ၇၂
Vol. 8 Ch. 72
အခန်း (၇၂) ဆိုင်အကူလေး ထဲကျူး
ဆိုင်၏ ဆိုင်းဘုတ်ကို ချိတ်ဆွဲပြီးနောက်၌ လင်းဖန်အတွက် လုပ်စရာဟူ၍ ဖောက်သည်များ လာရောက် ရန် စောင့်ဆိုင်းရန်သာ ကျန်ပါတော့သည်။
သို့သော် ခဏကြာ စောင့်ကြည့်ပြီးနောက် လင်းဖန် တစ်ခုကို သတိပြုမိသွားသည်။ သူကိုယ်တိုင် ဆိုင်မှာ အမြဲတမ်း မထိုင်နိုင်သည့်အတွက် အကူတစ်ယောက် ငှားရန် လိုအပ်သည်ဟု တွေးမိကာ ဆိုင်ရှေ့တွင် အလုပ်ခေါ်စာ ကပ်လိုက်လေသည်။
ထိုအလုပ်များကို အဆုံးသတ်ပြီးနောက် လင်းဖန်သည် ဆိုင်ထဲ၌ သက်သောင့်သက်သာ လှဲလျောင်းရင်း ထုတ်လုပ်ရေးဆေးမီးဖိုကို ကြည့်ကာ ဖောက်သည်များလာရောက်မည်ကို စောင့်နေလိုက်တော့သည်။
နောက်ထပ် နှစ်ရက်ခန့်ကြာသွားသည့်တိုင် လင်းဖန်၏ ဆိုင်လေးမှာ ခြောက်ကပ်နေဆဲ ဖြစ်သဖြင့် သူသည် ဆိုင်နေရာ ရွေးချယ်မှု မှားယွင်းသွားလေသလားဟုပင် သံသယ ဝင်လာမိသည်။
နှစ်ရက်မြောက်နေ့ နံနက်ခင်းတွင်တော့ "ဟင်းလင်းပြင်ဆိုင်" ထဲသို့ လူငယ်တစ်ယောက် လှမ်းဝင်လာခဲ့ သည်။ ထိုသူမှာ အသက် (၁၅) နှစ် သို့မဟုတ် (၁၆) နှစ်အရွယ် လူငယ်လေးတစ်ဦး ဖြစ်သည်။ ရိုးရှင်း သော အဝတ်အစားများကို ဝတ်ဆင်ထားပြီး ရုပ်ရည်မှာ ဖြူဖျော့ပိန်ပါးနေကာ အာဟာရ ချို့တဲ့နေသည် မှာ ကြာပြီဖြစ်ကြောင်း သိသာလှသည်။ သူ၏ ကျင့်ကြံမှု အဆင့်မှာလည်း ချီစုဆောင်းခြင်း အဆင့် (၃) သာ ရှိသဖြင့် အလွန်ပင် အားနည်းလှပေသည်။
“ဆိုင်ရှင်... အလုပ်သမား ခေါ်ပါသေးသလား မသိဘူး…။”
ဆိုင်ထဲတွင် လင်းဖန် တစ်ယောက်တည်း ရှိနေသည်ကို မြင်သောအခါ ထိုလူငယ်လေးက ကြောက်ရွံ့ တုန်လှုပ်စွာဖြင့် မေးလိုက်သည်။
မျက်စိမှိတ် အနားယူနေသော လင်းဖန်သည် နှုတ်ဆက်သံ ကြားလိုက်ရသဖြင့် မျက်လုံးကို ဖြည်းဖြည်း ချင်း ဖွင့်ကြည့်လိုက်လေသည်။
ခြေသံကို စကြားကြားချင်းတွင်တော့ ပိုက်ဆံ လာပေးမည့် ဖောက်သည်ဟု ထင်မှတ်ခဲ့သော်လည်း တကယ်တမ်းတွင်တော့ ပိုက်ဆံလာခထုတ်မည့် အလုပ်သမား ဖြစ်နေခဲ့သည်။
သို့သော် ဆိုင်အကူတစ်ယောက် ရှိခြင်းကလည်း ကောင်းပေသည်။ သူ အပြင်သွားပြီး ကြော်ငြာနေစဉ် အတွင်း ဆိုင်ကို စောင့်ကြည့်ပေးနိုင်မည် မဟုတ်ပါလား။ တစ်ဖက်လူ၏ ကျင့်ကြံမှု အဆင့်ကိုတော့ လင်းဖန် ဂရုမစိုက်ပါ။ ဆိုင်စောင့်ဖို့အတွက်ပဲမို့ ကျင့်ကြံမှုအဆင့်သည် မြင့်နေရန် မလိုပေ။
“ငါ မင်းကို အလုပ်ခန့်မယ် ဒါပေမဲ့ တစ်ခုတော့ ကြိုပြောထားရမယ်... မင်းရဲ့ ကျင့်ကြံမှုအဆင့်က အရမ်း နိမ့်နေတော့ တစ်လကို စိတ်ဝိညာဉ်ကျောက်တုံး (၅၀) ပဲ ပေးနိုင်မယ်…။”
တစ်ဖက်လူက လစာနှင့် ပတ်သက်ပြီး ဈေးဆစ်လိမ့်မည်ဟု လင်းဖန် ထင်ထားခဲ့သည်။
သို့သော် လင်းဖန် အံ့အားသင့်သွားရသည်မှာ ထိုလူငယ်၏ အာရုံသည် လစာပေါ်တွင် မရှိဘဲ "အလုပ်ခန့် မည်" ဟူသော စကားကို ကြားလိုက်ရချိန်၌ သူ၏ မျက်နှာတွင် အလွန်အမင်း ဝမ်းသာသွားသည့် အရိပ် အယောင်များ ပေါ်လာခြင်းပင် ဖြစ်သည်။
"ကျေးဇူးတင်ပါတယ် ဆိုင်ရှင်။ ကျွန်တော့်ကို အမြဲတမ်းနေထိုင်ခွင့် နေရာလေး တစ်ခုလောက် ပေးလို့ ရမလား…။ လစာ မပေးရင်တောင် ရပါတယ်။ ကျွန်တော့်ကို ဒီမှာနေဖို့ နေရာလေး တစ်ခုပဲ ပေးပါ"
လူငယ်လေး၏ စကားကြောင့် လင်းဖန်မှာ ပို၍ပင် ဇဝေဇဝါ ဖြစ်သွားရသည်။
"အမြဲတမ်းနေထိုင်ခွင့်ဆိုတာ ဘာလဲ…။ အဲဒါက ဘာကို ပြောတာလဲ…."
လင်းဖန်က ထိုသို့မေးလိုက်တော့ ကောင်လေးကပါ ကြောင်သွားလေသည်။
“အာ... ဒီမြို့တော်ထဲက ဆိုင်တိုင်းမှာ အမြဲတမ်းဝန်ထမ်းတွေအတွက် နေရာသတ်မှတ်ချက် ရှိတယ် လေ။ အဲဒီနေရာ ရသွားပြီဆိုရင် မြို့တော်ကို တစ်ရက်ကို စိတ်ဝိညာဉ်ကျောက်တုံး (၁၀၀) ပေးနေစရာ မလိုတော့ဘူးလေ…။"
လူငယ်လေး၏ စကားမှာ လင်းဖန်အတွက် မိုးကြိုးပစ်ချလိုက်သလို ဖြစ်သွားပြီး ရင်ထဲမှာ ဆစ်ခနဲ နာကျင်သွားရလေသည်။
*ဒါကို ဘာလို့ ဘယ်သူမှ စောစောစီးစီး မပြောကြတာလဲ။ ဒါဆို လွန်ခဲ့တဲ့ နှစ်ရက်လုံးလုံး ငါ တစ်ရက်ကို ကျောက်တုံး (၁၀၀) ပေးခဲ့တာတွေက အလကား ဖြစ်သွားတာပေါ့...*
မမျှော်လင့်ဘဲ ကျောက်တုံး (၂၀၀) ဆုံးရှုံးလိုက်ရသဖြင့် လင်းဖန်မှာ ဒေါသထွက်လွန်း၍ တုန်ရင်နေ တော့ သည်။
ကံကောင်းသည်မှာ သူသည် ချမ်းသာသူတစ်ယောက် ဖြစ်နေသဖြင့် ထိုဆုံးရှုံးမှုကို ခဏအတွင်း မေ့ပစ် နိုင်လိုက်၏။ စိတ်ကို ပြန်ထိန်းပြီးနောက် လင်းဖန်သည် သူ့ကို မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်နေသော လူငယ်လေးကို ပြန်ကြည့်လိုက်ရာ ယခင်ကထက် ပို၍ အမြင်ကြည်လင်လာခဲ့သည်။
အကယ်၍ ဒီကောင်လေးသာ မပြောပြလျှင် သူ စိတ်ဝိညာဉ်ကျောက်တုံး ဘယ်နှတုံးလောက် ထပ်ပြီး အလဟဿ ပေးနေရဦးမည်လဲ မသိနိုင်ပေ။
"အော်... အဲဒါကို ပြောတာလား။ နေရာတွေ အများကြီး ရှိပါသေးတယ်။ မင်းမြင်တဲ့အတိုင်း ငါ့ဆိုင်မှာ ငါတစ်ယောက်တည်း ရှိတာကိုး…။"
လင်းဖန်၏ အဖြေကို ကြားသောအခါ လူငယ်လေးမှာ အတိုင်းမသိ ဝမ်းသာသွားပြီး သူ့ကိုယ်သူ ဝမ်းသာ အားရဖြင့် စတင်မိတ်ဆက်လေတော့သည်။
“ကျွန်တော့်နာမည်က ကျောက်ဖျင်အန်းပါ နာမည်ပြောင်ကတော့ ထဲကျူးလို့ ခေါ်ပါတယ်။ ဆိုင်ရှင် ခိုင်းစရာရှိတာ မှန်သမျှကို ခိုင်းနိုင်ပါတယ်….”
လူငယ်လေး၏ မိတ်ဆက်မှုက လင်းဖန်၏ စိတ်ဝင်စားမှုကို ဆွဲဆောင်လိုက်သည်။
*ဖျင်အန်း…၊ထဲကျူး.. ဒီနာမည်တွေက ကျင့်ကြံခြင်း ဝတ္ထုတွေထဲက ဇာတ်လိုက်တွေရဲ့ နာမည်နဲ့ ဆင်နေ ပါလား။ ဒီကောင်လေးက ဇာတ်လိုက်များ ဖြစ်နေမလား...*
လင်းဖန်က စမ်းသပ်သည့်အနေဖြင့် မေးလိုက်သည်။
“ထဲကျူး၊ မင်းက ဘာလို့ မြို့တော်မှာ ဒီလောက်တောင် နေချင်နေရတာလဲ။ မင်း မြို့တော်မှာ ဘယ်သူနဲ့ နေတာလဲ…။”
လင်းဖန်၏ အတွေးအရ တစ်ဖက်လူက အတည်တကျ နေထိုင်ခွင့်ကို အသည်းအသန် လိုချင်နေခြင်းမှာ သူသည် မြို့တော်သား မဟုတ်ကြောင်း သိသာနေသည်။ ချီစုဆောင်းခြင်း အဆင့် (၃) သာ ရှိသည့် လူငယ်လေးတစ်ဦးအဖို့ မြို့ဝင်ကြေး တစ်ရက် ကျောက်တုံး (၁၀၀) ကို ရှာဖွေရန် မလွယ်ကူလှပေ။
နောက်ကွယ်မှာ တစ်ခုခုများ ရှိနေမလား။
ကျောက်ဖျင်အန်းသည် လင်းဖန် မေးမည်ကို ကြိုသိနေသကဲ့သို့ပင် တုံ့ဆိုင်းခြင်းမရှိဘဲ ရှင်းပြလာသည်။
"ဆိုင်ရှင်... ကျွန်တော် မြို့တော်ကို လာတာက ကျွန်တော့်ဆရာရဲ့ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးဖို့ပါ။ ဆရာက မြို့တော်ကြီးက ဘယ်လောက်တောင် အံ့သြဖို့ကောင်းလဲ၊ အခွင့်အရေးတွေ ဘယ်လောက်များ လဲ ဆိုတာ အမြဲပြောပြလေ့ရှိတယ်။ ဆရာက စိတ်ဝိညာဉ်ကျောက်တုံးတွေ အများကြီးရှာပြီး ကျွန်တော့် ကို မြို့တော်မှာ ခေါ်ထားပြီး ကျင့်ကြံစေချင်ခဲ့တာ…။"
ထိုနေရာသို့ ရောက်သောအခါ ထဲကျူး၏ မျက်နှာမှာ ချက်ခြင်း ညှိုးငယ်သွားပြီး ဆက်ပြောလေသည်။
"ဒါပေမဲ့ လွန်ခဲ့တဲ့ တစ်ပတ်လောက်က ဆရာက လျှို့ဝှက်နယ်မြေတစ်ခုကို သွားရှာဖွေရင်း ပြန်မလာ တော့ဘူး။ ဆရာနဲ့အတူ သွားခဲ့တဲ့သူတွေကပဲ ဆရာ့ရဲ့ သိုလှောင်အိတ်ကို ကျွန်တော့်ဆီ ပြန်ပေးခဲ့ ကြ တယ်…။"
"အဲဒီလူပြောတာက ဆရာ့ရဲ့ နောက်ဆုံးဆန္ဒက မြို့တော်ကို နောက်ဆုံးတစ်ခေါက်လောက် သွားချင်တာ တဲ့။ ဒါကြောင့် ဆရာ့ရဲ့ ဆန္ဒကို ဆောင်ယူပြီး ကျွန်တော် ဒီကို ရောက်လာတာပါ…။"
ထဲကျူး၏ ပုံပြင်မှာ ဆုံးသွားပြီ ဖြစ်သော်လည်း သူ၏ မျက်နှာတွင်တော့ လွမ်းဆွတ်ဝမ်းနည်းနေသည့် အငွေ့သက်များ ကျန်ရှိနေသေး၏။
သို့သော် သူ့ကို စောင့်ကြည့်နေသော လင်းဖန်ကတော့ စိတ်ထဲမှ တွေးလိုက်မိသည်။
*ငါကတော့ မင်းပြောတာကို တစ်ခွန်းမှ မယုံဘူး ကောင်လေးရ...*
မည်သို့ပင် ဖြစ်စေ သူပြောသည်မှာ အမှန်ဖြစ်စေ၊ အမှားဖြစ်စေ လင်းဖန်အတွက်တော့ အရေးမကြီးပါ။ ထို့ကြောင့် ဘာမှ ထပ်မမေးတော့ဘဲ အမှန်ဟုသာ မှတ်ယူလိုက်သည်။
အကယ်၍ ဒီကောင်လေးက နောက်ကြောင်း မရှင်းဘဲ ပြဿနာအကြီးအကျယ် တက်နေသည့်တိုင် အတိဒုက္ခအဆင့် ရုပ်သေးရုပ်ကို ပိုင်ဆိုင်ထားသော လင်းဖန်အဖို့ ကြောက်စရာ မရှိပေ။ ရင်ထဲတွင်ပင် အနည်းငယ် မျှော်လင့်မိသေးသည်။
အဘယ်ကြောင့်ဆိုသော် ပြဿနာတက်မှသာ သူ၏ အစောင့်ရုပ်သေးကို သုံးပြီး ရန်သူ့ထံမှ အကျိုး အမြတ်များကို ထပ်မံ သိမ်းပိုက်နိုင်မည် မဟုတ်ပါလား။
“ထဲကျူး၊ သေတဲ့သူကတော့ သေပြီးသွားပြီပဲ။ မင်းလည်း အရမ်း ဝမ်းနည်းမနေပါနဲ့တော့။ အခုကစပြီး ငါ့ဆိုင်မှာ အေးအေးဆေးဆေး နေလို့ရပြီ…။”
လင်းဖန်က သူပြောသည်ကို ယုံကြည်ပုံရသဖြင့် ကျောက်ဖျင်အန်းမှာ သက်ပြင်းချလိုက်နိုင်တော့သည်။
“ကျေးဇူးတင်ပါတယ် ဆိုင်ရှင်။ အခု ကျွန်တော် လုပ်စရာ အလုပ်ရှိပြီလား။ ကျွန်တော်က အလုပ်လုပ်ရင် အရမ်း သွက်လက်ပါတယ် …။”
ထိုသို့ဖြင့် ကျောက်ဖျင်အန်းသည် "ဟင်းလင်းပြင်ဆိုင်" ၏ တရားဝင် ဝန်ထမ်းတစ်ဦး ဖြစ်လာလေတော့ သည်။
“ဆိုင်ထဲမှာတော့ လုပ်စရာ သိပ်မရှိပါဘူး။ မင်းက ဆိုင်ကိုပဲ စောင့်ကြည့်ပေးဖို့ပါပဲ။ ဖောက်သည်တွေ လာရင် ကြိုဆိုလိုက်။ စင်ပေါ်က ဆေးလုံးတွေ၊ မှော်ပစ္စည်းတွေမှာ ဈေးနှုန်းတွေ ကပ်ထားပြီးသား။ မှတ်ထားရမှာက ငါတို့ဆိုင်က ပစ္စည်းတွေကို စျေးဆစ်လို့ မရဘူး…။”
လင်းဖန်၏ ညွှန်ကြားချက်များကို ထဲကျူးက ခေါင်းတငြိမ့်ငြိမ့်ဖြင့် သေချာ မှတ်သားထားလိုက်သည်။
ထို့နောက်တွင်တော့ လင်းဖန်သည် အနောက်ဖေးခြံထဲသို့ တစ်ယောက်တည်း ဝင်သွားပြီး တစ်ခုခုကို စတင် ပြင်ဆင်လေတော့သည်။ သူ၏ ဆိုင်မှာ လူမလာခြင်းမှာ နာမည်မကြီးသေးသောကြောင့်ဟု တွေးမိကာ ကြော်ငြာ ဆိုင်းဘုတ်တစ်ခု ပြုလုပ်ပြီး မြို့ထဲပတ်ကာ ကြော်ငြာရန် စီစဉ်လိုက်သည်။
မကြာမီမှာပင် လင်းဖန်သည် ဆိုင်းဘုတ်ကို အပြီးသတ်လုပ်ဆောင်ပြီးနောက် ထဲကျူးကို ဆိုင်သေချာ စောင့်ရန် မှာကြားကာ လမ်းပေါ်သို့ ထွက်လာခဲ့သည်။
လမ်းမပေါ် ရောက်သောအခါ လင်းဖန်သည် သူ၏ သုံးဘီးစက်ဘီး ၏ ကို စနစ်ထဲမှ ထုတ်ယူလိုက်ပြီး ဆိုင်းဘုတ်ကို ချိတ်လိုက်လေသည်။
ထို့နောက် ဆေးပုလင်းများနှင့် မှော်လက်နက် အချို့ကိုပါ စက်ဘီးပေါ်တွင် တင်လိုက်လေသည်။
အသင့်ဖြစ်ပြီဆိုသည်နှင့် လင်းဖန်သည် စက်ဘီးပေါ်သို့ လွှားခနဲ တက်လိုက်ပြီး ဖြည်းဖြည်းချင်း စတင် နင်းလိုက်သည်။
မကြာခင်မှာပင် မြို့တော်၏ လမ်းမများပေါ်တွင် လင်းဖန်၏ အော်ဟစ်သံများ ပဲ့တင်ထပ်သွားတော့ သည်။
“သတင်းကောင်း... သတင်းကောင်း…။ ဟင်းလင်းပြင်ဆိုင်ကြီး အခုပဲ ဖွင့်လှစ်လိုက်ပါပြီ။ ဆေးလုံးတွေ၊ မှော်လက်နက်တွေ၊ မှော်ရတနာတွေ... မိတ်ဆွေတို့ လိုချင်တာ အကုန်ရနိုင်ပါတယ်ခင်ဗျာ…”
“ဆေးလုံးနဲ့ မှော်ရတနာဆိုရင်တော့ ဟင်းလင်းပြင်ဆိုင်က အကောင်းဆုံးပါပဲ….။”
“ဟင်းလင်းပြင်ဆိုင်က ဆေးလုံးတွေကို တွေ့တာနဲ့ အမြန်သာ ဝယ်ထားလိုက်ကြပေတော့ဗျို့…။”
“...”
အော်ဟစ်ကြော်ငြာပြီး မကြာမီမှာပင် လင်းဖန်သည် လမ်းပေါ်တွင် ဆူညံသံများ ပြုလုပ်ကာ စည်းကမ်း ဖောက်ဖျက်မှုဖြင့် မြို့တော် ကင်းလှည့်အရာရှိများ၏ ဖမ်းဆီးခေါ်ဆောင်သွားခြင်းကို ခံလိုက်ရလေတော့ သည်။