အခန်း ၇၃
Vol. 8 Ch. 73
အခန်း (၇၃) ဝယ်သူရောက်လာပြီ အမြတ်ထုတ်ခြင်း စတင်တော့မည်
နောက်ဆုံးတွင်တော့ လင်းဖန်သည် စိတ်ဝိညာဉ်ကျောက်တုံး တစ်ထောင် ဒဏ်ရိုက်ခံရပြီးနောက် ပြန်လည်လွတ်မြောက်လာခဲ့သည်။ ပထမဆုံး ကြိုးပမ်းမှုမှာတင် ကျရှုံးပြီး ပိုက်ဆံလည်း ကုန်သွား သဖြင့် လင်းဖန်သည် အားကိုးရာမဲ့သော ခံစားချက်ဖြင့် ဆိုင်သို့ ပြန်လာခဲ့လေသည်။
မြို့တော် စည်းကမ်းထိန်းသိမ်းရေးသမားများက လင်းဖန်ကို ဖမ်းဆီးစဉ်တွင် အစောင့်ရုပ်သေးမှာ သခင် ကို ကာကွယ်ရန် ထွက်လာလုနီးပါး ဖြစ်ခဲ့သော်လည်း ကံကောင်းထောက်မစွာဖြင့် လင်းဖန်က အချိန်မီ ပြန်လည်တားဆီးနိုင်ခဲ့သည်။
“ငါ့ကို နောက်နေတာလား။ ဒီနေရာက တောရိုင်းမြေရိုင်း မဟုတ်ဘူး။ ငါသာ မြို့တော်ရဲ့ စည်းကမ်း ထိန်းသိမ်းရေးသမားတွေကို သတ်လိုက်ရင် ဒီမြို့မှာ ဆက်နေလို့ ရဦးမလား။ ဆိုင်ရော ဖွင့်လို့ရပါဦး မလား…။”
စီးပွားရေးလုပ်ရာတွင် သဟဇာတဖြစ်ခြင်းက ချမ်းသာကြွယ်ဝမှုကို ဆောင်ကြဉ်းပေးသည်။ မြို့တော်၌ ရေရှည်စီးပွားရေး လုပ်နိုင်ရန်အတွက် ဒဏ်ငွေကိုပဲ ပေးလိုက်ပါတော့မည်။ အလွန်ဆုံးရှိလှ နောက်ကျ ရင် သုန်ယွဲတော်ဝင်မိသားစုနဲ့ အရောင်းအဝယ်လုပ်တဲ့အခါကျမှ ဈေးတင်ရိုက်လိုက်ရုံပေါ့။
“ထဲကျူး... မင်း ဆိုင်ကို ဆက်စောင့်နေဦး။ ငါ အနောက်ဘက်ခြံထဲမှာ ဆေးလုံးသွားဖော်ဦးမယ်။ ဝယ်သူ လာရင် ငါ့ကို လာခေါ်လိုက်…။”
ထိုသို့ပြောပြီးနောက် လင်းဖန်သည် အနောက်ဘက်ခြံသို့ ဆေးလုံးဖော်ရန် ဝင်သွားခဲ့သည်။
လင်းဖန် ဆေးဖော်နေစဉ်အတွင်းမှာပင် လူနှစ်ယောက်နှင့် သားရဲတစ်ကောင်သည် "ဟင်းလင်းပြင်ဆိုင်" တည်ရှိရာ လမ်းမပေါ်သို့ ရုတ်တရက် ရောက်ရှိလာသည်။ ထိုအုပ်စုကို မြင်သည်နှင့် လမ်းသွားလမ်း လာများက သူတို့၏ အဆင့်အတန်းကို ကြောက်ရွံ့ပုံရပြီး လမ်းဖယ်ပေးကြလေသည်။
ရှေ့ဆုံးမှ ဦးဆောင်လာသူမှာ အစောင့်အဝတ်အစား ဝတ်ဆင်ထားသည့် လူလတ်ပိုင်းတစ်ဦးဖြစ်ပြီး အရည်အသွေးမြင့်ပုံရသော ကြိုးတစ်ချောင်းကို ကိုင်ထားသည်။ ထိုကြိုး၏ အခြားတစ်ဖက်တွင်တော့ ယောင်သားရဲတစ်ကောင် ရှိနေသည်။ ယောင်သားရဲများအကြောင်း နားလည်သူဆိုလျှင် ၎င်းမှာ အခြေခံ အုတ်မြစ်တည်ဆောက်ခြင်းအဆင့်နှောင်းပိုင်းရှိ 'လေပြင်းဝံပုလွေ' ဖြစ်ကြောင်း ချက်ခြင်း သိနိုင်ပေ သည်။
အပေါ်သို့ မော့ကြည့်လိုက်လျှင်တော့ လေပြင်းဝံပုလွေ၏ ကျောပေါ်တွင် ထိုင်နေသည့် ခန့်ညားစွာ ဝတ်ဆင်ထားသော လူငယ်လေးတစ်ဦးကို မြင်တွေ့ရမည်ဖြစ်ပြီး သူသည် ထင်ရှားသော မိသားစုကြီး တစ်ခုမှ သခင်လေးတစ်ဦး ဖြစ်သည်မှာ သိသာလှသည်။
ထိုလူငယ်သည် ဝံပုလွေကို စီးနင်းရင်း ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလာရာမှ မကြာမီ လင်းဖန်၏ ဆိုင်ရှေ့သို့ ရောက်ရှိလာခဲ့သည်။
“ဟင်... ဒါ ဆိုင်အသစ်လား။ လွန်ခဲ့တဲ့ ရက်ပိုင်းက လာတုန်းက ဒီဆိုင် မရှိသေးပါဘူး…။”
ဆိုင်လေး၏ ဆွဲဆောင်မှုကြောင့် ထိုလူငယ်သည် ဝံပုလွေပေါ်မှ ချက်ခြင်း ခုန်ဆင်းလိုက်သည်။
“လီကျိုး... ငါနဲ့အတူ ဆိုင်ထဲလိုက်ခဲ့စမ်း။ ဆိုင်အသစ်မှာ ထူးထူးခြားခြား မှော်ပစ္စည်းတွေ ရှိမလား ကြည့်ရအောင်…။”
“ဟုတ်ကဲ့ သခင်လေးယွမ်... ခဏလေး စောင့်ပါ…..။ ကျွန်တော် ဒီသားရဲကို အရင် ချည်ထားလိုက် ပါဦးမယ်…။”
သခင်လေး လီယွမ်၏ အမိန့်ကို ကြားသည်နှင့် လီကျိုးသည် လေပြင်းဝံပုလွေကို လင်းဖန်၏ ဆိုင်အဝင်ဝ တွင် အမြန်ချည်နှောင်လိုက်သည်။ ချည်နှောင်ခံလိုက်ရသော ဝံပုလွေမှာ လိမ္မာပါးနပ်စွာဖြင့် ဝပ်၍ စောင့် နေလေသည်။
ထို့နောက် သူတို့နှစ်ဦး ဆိုင်ထဲသို့ လှမ်းဝင်ခဲ့ကြသည်။
ဆိုင်အပြင်ဘက်ရှိ သံတိုင်ကို စိုက်ကြည့်နေသော ထဲကျူးသည် လူနှစ်ယောက် ဆိုင်ထဲဝင်လာသည်ကို မြင်သည်နှင့် အနောက်ဘက်ခြံသို့ အမြန် လှမ်းခေါ်လိုက်သည်။
“ဆိုင်ရှင်... စျေးဝယ် ရောက်နေပါတယ်…။”
လင်းဖန် နောက်ဖေးမှ ထွက်မလာခင်မှာပင် ထဲကျူးက ဦးဆောင်၍ သူတို့နှစ်ဦးကို ကြိုဆိုလိုက်သည်။
"ကြွပါ ခင်ဗျ။ ဆေးလုံးတွေ ဒါမှမဟုတ် မှော်ရတနာတွေကို ကြည့်ချင်လို့ပါလား..။"
ထဲကျူး၏ နှုတ်ဆက်စကားကို ကြားသောအခါ လီယွမ်က မျက်ခုံးတစ်ချက် ပင့်လိုက်ပြီး မေးလိုက် သည်။
“ဟေ့... မင်းတို့ဆိုင်လေးမှာ လျှို့ဝှက်လက်နက်တွေ ဘာတွေ ရှိလား…။”
“သခင်လေးကလည်း ကျွန်တော့်ကို နောက်နေပါပြီ။ ကျွန်တော်တို့ဆိုင်က သေးပေမဲ့ ဆေးလုံးတွေ၊ မှော်ပစ္စည်းတွေနဲ့ ရတနာတွေ အစုံအလင် ရှိပါတယ် ခင်ဗျ။ ဟောဒီက ဓားကို ကြည့်ပါဦး... ဒါက စစ်မှန်တဲ့ အဆင့် (၁) မှော်ရတနာ 'အဖြူရောင်ဓားသွား' ပါ….။”
ထဲကျူး ရှင်းပြနေစဉ် ဘေးတွင် ရပ်နေသော လီကျိုးသည် သူညွှန်ပြရာ စင်ပေါ်သို့ လှမ်းကြည့်လိုက်ရာ အဖြူရောင်ဓားသွားကို မြင်လိုက်ရသဖြင့် သူ၏ မျက်စိသူငယ်အိမ်များ ကျုံ့သွားရသည်။
သူ၏ ဗဟုသုတအရ ထိုဓား၏ ထူးခြားသော သဘာဝကို ချက်ချင်း သိမြင်လိုက်ပြီး ၎င်းသည် အဆင့် (၁) မှော်လက်နက် အစစ်အမှန်ဖြစ်ကြောင်း အမှန်တကယ် အသိအမှတ်ပြုလိုက်ရသည်။
ဤကဲ့သို့ ဆိုင်ငယ်လေးတွင် မှော်ရတနာ ရောင်းချနေသည်ကို အံ့ဩမိသော်လည်း လီမိသားစုတွင် ထိုကဲ့သို့ အရာများမှာ ရှားပါးလှသည် မဟုတ်ပေ။ သူသည် ခဏမျှ မှင်တက်သွားပြီးနောက် စိတ်ကို ပြန်ထိန်းကာ ပြောလိုက်သည်။
“မင်းကတော့ ကပေါက်ကရတွေ ပြောနေပြန်ပြီ ဆိုင်အကူလေးရာ။ ငါ့သခင်လေးက အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့်ကို အခုမှ ရောက်ကာစပဲ ရှိသေးတယ်။ မှော်ရတနာတွေကို သုံးလို့ မရသေး ဘူး။ ပြီးတော့ ငါတို့မိသားစုက သူ့အတွက် မှော်ရတနာတွေ အဆင်သင့် ပြင်ထားပြီးသား။ သူ ရွှေအမြု တေအဆင့်ကို ရောက်တာနဲ့ ဒီထက်ကောင်းတဲ့ မှော်ရတနာတွေကို သုံးမှာ။ ဒီနေ့ မင်းတို့ဆိုင်ကို လာတာ က ထူးထူးခြားခြား အရာလေးတွေ ရှိမလား လာကြည့်တာ…။”
ထိုအချိန်တွင် ထဲကျူး၏ အော်သံကို ကြားခဲ့သော လင်းဖန်သည် အနောက်ဘက်ခြံမှ ထွက်လာခဲ့သည်။ သူ ဆိုင်ထဲဝင်ဝင်ချင်း တစ်ဖက်လူ ပြောနေသည်ကို ကြားလိုက်ရသဖြင့် စကားကို ချက်ခြင်း ကြားဖြတ် ပြောလိုက်သည်။
“အို... သခင်လေး၊ ခင်ဗျား လာတာ အချိန်ကိုက်ပါပဲ။ ကျွန်တော်တို့ ဆိုင်မှာ သာမန် ပစ္စည်းတွေ သိပ်မရှိ ပေမဲ့ ထူးထူးဆန်းဆန်း အရာတွေကတော့ အများကြီး ရှိပါတယ်…။”
ရုတ်တရက် ထွက်ပေါ်လာသော အသံနှင့် ထူးဆန်းသော စကားများကြောင့် ပတ်ဝန်းကျင်ကို ကြည့်နေ သော လီယွမ်မှာ စိတ်ဝင်စားသွားသည်။ သူသည် ထူးဆန်းအံ့ဩဖွယ်ရာများကို အမြဲ ဝါသနာပါသူ ဖြစ်ပြီး မြို့တော်ရှိ ဆိုင်ပေါင်းစုံကို လည်ပတ်လေ့ရှိသည်။ ယခုကဲ့သို့ ဆိုင်ကို မိတ်ဆက်ပုံမျိုးကိုတော့ သူ တစ်ခါမှ မကြားဖူးသေးပေ။
“အိုး... မင်းဆီမှာ ဘယ်လို ရှားပါးပစ္စည်းတွေ ရှိလို့လဲ။ ငါ့ကို ပြစမ်းပါ။ ငါ့မျက်စိနဲ့ တွေ့လို့ သဘောကျရင် မင်းကို စျေးမဆစ်ဘူးလို့ ငါ ကတိပေးတယ်…။”
ရှေ့က လူငယ်လေးမှာ ပိုက်ဆံ အလွန်ချမ်းသာပုံရသည်ကို မြင်သောအခါ လင်းဖန်သည် စီးပွားရေး အကွက်ကို မြင်သွားလေသည်။ သူ၏ ကုန်သည်စနစ်ကလည်း လက်ယားနေသည်မှာ ကြာပြီဖြစ်ရာ ယခု တော့ စျေးဝယ်ကို ဈေးတင်ရိုက်ရန် အခွင့်အရေး ရပြီဖြစ်သည်။
“ကျွန်တော့်နာမည်က လင်းဖန်ပါ ဒီဆိုင်ရဲ့ ပိုင်ရှင်ပါ။ သခင်လေးရဲ့ နာမည်ကို သိခွင့်ရှိမလား…။”
လီယွမ်က လင်းဖန်၏ မေးခွန်းကို တန်း၍မဖြေဘဲ ဘေးမှ အစောင့်ကို ကြည့်လိုက်သည်။ လီကျိုးက ချက်ခြင်း နားလည်သွားပြီး သူ့ သခင်လေး၏ အဆင့်အတန်းကို ထုတ်ဖော်ပြောလိုက်သည်။
“သခင်လေး ယွမ်က မြို့တော်က လီမိသားစုရဲ့ တိုက်ရိုက်မျိုးဆက် တစ်ယောက်ပဲ။ မင်းက ဒီကို ရောက်ခါစမို့ ထင်တယ်။ ဒီလမ်းတစ်ဝိုက်မှာ သခင်လေးယွမ်ကို မသိတဲ့သူ ဘယ်သူရှိလို့လဲ….။”
လီကျိုး၏ စကားကြောင့် လင်းဖန်သည် ရှေ့က လူငယ်မှာ လီမိသားစုမှ သခင်လေး လီယွမ် ဖြစ်ကြောင်း သိလိုက်ရသည်။
“ဪ... သခင်လေးယွမ် လာရောက် ချီးမြှင့်တာကိုး။ ကျွန်တော့်မှာ အမြင်မတော်တာ ရှိရင် ခွင့်လွှတ်ပါ ခင်ဗျ။ ကျွန်တော် သခင်လေးနဲ့ အခုမှ ဆုံဖူးတာ ဖြစ်ပေမဲ့ ဒီရက်ပိုင်းအတွင်း သခင်လေးရဲ့ ကျော်ကြားမှု ကိုတော့ ခဏခဏ ကြားဖူးပါတယ်…။”
လူတစ်ယောက်ကို သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ စီးပွားရေး လုပ်ရာတွင်တော့ ချိုသာသော စကား များ ပြောရန် လိုအပ်ပေသည်။ တစ်ဖက်လူကို ဈေးတင်ရိုက်နိုင်ရန်အတွက် လင်းဖန်မှာ အရင်ဦးဆုံး မြှောက်ပင့်ပြောပေးရန် ဝန်မလေးပေ။
သေချာပေါက်ပင် လင်းဖန်၏ စကားကို ကြားပြီးနောက် ရှေ့က လူနှစ်ယောက်မှာ မသိမသာ ပြုံးလိုက် ကြပြီး လင်းဖန်၏ စကားကို သဘောကျသွားပုံရသည်။
“ကဲပါ... မသိတာ အပြစ်မဟုတ်ပါဘူး။ မင်းဆီက ရှားပါးပစ္စည်းတွေကို မြန်မြန် ထုတ်ပြစမ်းပါ။ ငါ သဘောကျရင် မင်းရဲ့ ဖောက်သည် ဖြစ်လာမှာပါ…။”
ထိုအခါ လင်းဖန်သည် စင်ပေါ်သို့ အမြန်သွားပြီး အဆင့် (၁) မှော်ရတနာ 'အဖြူရောင်ဓားသွား' ကို ယူလာခဲ့လိုက်သည်။
“သခင်လေး... ထဲကျူး ခုနက မိတ်ဆက်ပေးတဲ့ ဒီဓားက တကယ့် ရှားပါးပစ္စည်းပါပဲ…။”
ထိုစကားကို ကြားသောအခါ မျှော်လင့်ချက်ကြီးစွာ စောင့်နေသော လီယွမ်မှာ ချက်ခြင်း စိတ်ပျက် သွားလေသည်။
*ဟူး... ငါကမှ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ပဲ ရှိသေးလို့ မှော်ရတနာ မသုံးနိုင်သေးဘူးလို့ ပြောနေတာကို၊ မင်းက မှော်ရတနာကိုပဲ လာညွှန်းနေပြန်ပြီ။ ငါ့ရဲ့ နိမ့်ကျတဲ့ ကျင့်ကြံမှုအဆင့်ကို လှောင် ပြောင်နေတာလား...*
အမှန်အတိုင်း ပြောရလျှင် လီယွမ်၏ အသက်အရွယ်နှင့် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်မှာ ဝေးလံခေါင်သီသော ချင်းယွင်ဂိုဏ်းတွင်ဆိုလျှင် နိမ့်ကျသည်ဟု မဆိုနိုင်သော်လည်း ယခုနေရာမှာ ကျုံးကျိုး ၏ သုန်ယွဲအင်ပါယာ မြို့တော်ကြီး မဟုတ်ပါလား။ မိသားစုကြီးမှ ဒုတိယမျိုးဆက် လူငယ် များထဲတွင် လီယွမ်၏ ကျင့်ကြံမှုအဆင့်မှာ အနိမ့်ဆုံးဖြစ်သဖြင့် ၎င်းမှာ သူ၏ စိတ်မလုံခြုံမှု တစ်ခု ဖြစ်နေခဲ့သည်။
လီယွမ်၏ မျက်နှာပျက်သွားသည်ကို လင်းဖန်က သတိပြုမိသွားပုံရပြီး စကားကို အမြန် ဆက်လိုက် သည်။
“သခင်လေးယွမ် စိတ်မပူပါနဲ့။ ဒီပစ္စည်းက မှော်ရတနာဆိုတာ မှန်ပေမဲ့ ရွှေအမြုတေအဆင့် ကျင့်ကြံသူ တွေပဲ သုံးနိုင်တယ်ဆိုတဲ့ ကန့်သတ်ချက် မရှိပါဘူး။ ဒါက အဆောင်လက်ဖွဲ့တစ်ခုလိုပါပဲ။ သခင်လေးလို အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ပဲ ဖြစ်ဖြစ် ချီစုဆောင်းခြင်းအဆင့် (၃) ပဲ ရှိတဲ့ ကျွန်တော့်ရဲ့ ဆိုင်အကူလေးပဲ ဖြစ်ဖြစ် ဒါကို သုံးလို့ ရပါတယ်…။”
လင်းဖန်၏ စကားကို ကြားသောအခါ ထိုနေရာရှိ လူအားလုံးမှာ မျက်လုံးပြူးသွားကြပြီး မယုံကြည် နိုင်သော အမူအရာများ ဖြစ်သွားကြသည်။ ဆိုင်အကူလေး ထဲကျူးပင်လျှင် အံ့ဩသွားရသည်။ စင်ပေါ် မှ အချက်အလက်မှာ ဤဓားသည် အဆင့် (၁) မှော်ရတနာ ဖြစ်ကြောင်းသာ ဖော်ပြထားပြီး ထူးခြားချက် ကို ရေးမထားပေ။ ထို့ကြောင့် ဤအဖြူရောင်ဓားသွားတွင် ထိုကဲ့သို့ ဆန်းကြယ်သော အစွမ်းရှိသည်ကို သူ လုံးဝ သိရှိခဲ့ခြင်းမရှိပေ။
ထိုအခိုက်အတန့်တွင် လီယွမ်သည် အလွန်အမင်း စိတ်လှုပ်ရှားသွားသည်။ အကယ်၍ ဆိုင်ရှင် ပြော သည်မှာ အမှန်ဖြစ်ပါက ဤဓားကို ဝယ်ယူလိုက်ခြင်းဖြင့် သူ၏ သူငယ်ချင်းများ ရှေ့တွင် သိသိသာသာ မျက်နှာပွင့်သွားမည် ဖြစ်သည်။
*မင်းတို့ရဲ့ ကျင့်ကြံမှုအဆင့်က ငါ့ထက် မြင့်နေလည်း ဘာဖြစ်လဲ။ မင်းတို့ မှော်ရတနာ သုံးနိုင်လား။ ငါကတော့ သုံးနိုင်တယ်ဟေ့။*
ရွှေအမြုတေအဆင့်ထက် ကျော်လွန်သော မိသားစုကြီးမှ မျိုးဆက်များကတော့ လီယွမ်၏ အသိုင်း အဝိုင်းထဲတွင် မရှိပေ။ သူတို့သည် သူ၏ ရွှေအမြုတေအဆင့်ရှိသော အစ်ကိုများ၏ အသိုင်းအဝိုင်း တွင်သာ ရှိကြသဖြင့် လီယွမ်မှာ သူတို့နှင့် ယှဉ်ရန်ပင် အရည်အချင်း ပြည့်မီခြင်းမရှိသေးပေ။