← Chapters

အခန်း ၇၅

Vol. 8 Ch. 75

အခန်း ၇၅

Vol. 8 Ch. 75

အခန်း (၇၅) သားရဲတွေတောင် လျှောတိုက် ဒူးထောက်ရတာလား

လင်းဖန်သည် သူကိုယ်တိုင်ပင် အင်မတန်စျေးများလှသည်ဟု ယူဆထားသော ဈေးနှုန်းတစ်ခုကို ရုတ်တရက် တောင်းဆိုလိုက်ခြင်းဖြစ်သည်။

*တစ်ဖက်လူက ဈေးနှုန်းကို ကြားတာနဲ့ လန့်သွားပြီး ငါ့ကို လူလိမ်လို့ အော်လိမ့်မယ် အဲ့ဒီအခါကျမှ အခွင့်အရေးယူပြီး ဈေးဆစ်ရင်းနဲ့ နောက်ဆုံး စိတ်ဝိညာဉ်ကျောက်တုံး သောင်းဂဏန်းလောက်နဲ့ ရောင်းလိုက်မယ်*

ဟု သူ တွေးထားခဲ့ခြင်းဖြစ်သည်။

သို့သော် တစ်ဖက်လူ၏ တုံ့ပြန်မှုက လင်းဖန်ကို အံ့အားသင့်သွားစေခဲ့သည်။ လီယွမ်သည် ခဏမျှ စဉ်းစားပြီးနောက် ခေါင်းညိတ်ကာ လင်းဖန် မထင်မှတ်ထားသော စကားကို ပြောလိုက်သည်။

“ဒီလို ထိပ်တန်း မှော်ရတနာမျိုးက ဒီဈေးနဲ့ တန်ပါတယ်…။”

ဘေးတွင် ရပ်နေသော လီကျိုးကလည်း လီယွမ်၏ စကားကို ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်ပြ သည်။ သူတို့အမြင်တွင် သာမန် အဆင့် (၁) မှော်ရတနာဆိုလျှင် ဤဈေးနှင့် မရောင်းနိုင်သော်လည်း လင်းဖန်၏ မှော်ရတနာတွင် အထူးစွမ်းရည် နှစ်ခု ရှိနေသည်။

ရွှေအမြုတေအဆင့်အောက် ကျင့်ကြံသူများ အသုံးပြုနိုင်ခြင်းနှင့် ဗလာလက်ဖြင့် ဓားသွားကို (၁၀၀) ရာခိုင်နှုန်း ဖမ်းရစေခြင်း ဟူသော အစွမ်းများမှာ ဈေးကြီးပေးရန် ထိုက်တန်လှသည်။ အကယ်၍ ဤဓား ကို လေလံတင်မည်ဆိုလျှင် ကျောက်တုံး တစ်သိန်းထက်ပင် ပိုရနိုင်မည်ဟု သူတို့ ယူဆကြသည်။

တစ်ဖက်လူက ဈေးမဆစ်သည့်အတွက် လင်းဖန်မှာ ဘာပြောရမှန်းမသိဘဲ သူတို့ ဆက်ပြောမည့်စကား ကိုသာ စောင့်နေလိုက်တော့သည်။ ခဏအကြာတွင် လီယွမ်က ဘေးက လီကျိုးကို လှည့်ကြည့်လိုက် သည်။

“လီကျိုး... မင်းဆီမှာ စိတ်ဝိညာဉ်ကျောက်တုံး ပါသေးလား။ ငါ့ဆီမှာ ငါးသောင်းကျော်ပဲ ရှိတယ်။ မင်း ငါ့ကို ငါးသောင်းလောက် ခနချေးပါဦး နောက်မှ ပြန်ပေးမယ်…။”

လီကျိုးသည် တုံ့ဆိုင်းနေချင်းမရှိဘဲ စိတ်ဝိညာဉ်ကျောက်တုံး ငါးသောင်းကို ချက်ခြင်း ထုတ်ပေးလိုက် သည်။ ထို့နောက် လီယွမ်သည် စုဆောင်းရရှိသော ကျောက်တုံး တစ်သိန်းကို အသုံးမပြုရသေးသော သိုလှောင်အိတ်တစ်ခုထဲ ထည့်ကာ လင်းဖန်ထံ ကမ်းပေးလိုက်လေသည်။

လင်းဖန်သည် ကျောက်တုံးများကို စနစ်ဟင်းလင်းပြင်ထဲသို့ ပြောင်းထည့်လိုက်ပြီးနောက် ဓားပျံနှင့် သိုလှောင်အိတ်ကို တစ်ဖက်လူထံ လွှဲပြောင်းပေးလိုက်သည်။ မြို့တော်သို့ ရောက်ပြီးနောက် သူ၏ ပထမဆုံး အရောင်းအဝယ်မှာ အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပြီး ၎င်းမှာလည်း အကြီးစား အရောင်း အဝယ်တစ်ခု ဖြစ်ခဲ့သည်ပင်။

ထိုအရာက လင်းဖန်ကို အနည်းငယ် စိတ်လှုပ်ရှားသွားစေပြီး မြို့တော်သို့ လာရောက် စီးပွားရှာရန် ဆုံးဖြတ်ခဲ့ခြင်းမှာ မှန်ကန်ကြောင်း သူ သိလိုက်ရသည်။ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ကို ရောက်ကာစ သခင်လေးတစ်ယောက်မှာပင် ဓားတစ်လက်အတွက် ကျောက်တုံး တစ်သိန်း အလွယ် တကူ သုံးစွဲနိုင်ခြင်းမှာ အမှန်တကယ်ပင် ချမ်းသာလွန်းလှသည်။

အဖြူရောင်ဓားသွားကို ရရှိသွားသော လီယွမ်သည် လေပြင်းဝံပုလွေကို စီးကာ ကျေနပ်အားရစွာ ထွက်ခွာသွားတော့သည်။ လင်းဖန်ကတော့ ပစ္စည်းလက်ကျန် ပြန်ဖြည့်ရန်အတွက် အနောက်ဘက်ခြံထဲ သို့ဝင်ကာ ဓားအချို့ ထပ်မံသန့်စင်ရန် ပြင်ဆင်လိုက်သည်။

မကြာမီမှာပင် လီယွမ်သည် မြို့တော်ရှိ လီမိသားစု၏ ကြီးမားလှသော အိမ်တော်ကြီးသို့ ရောက်ရှိလာ သည်။ လီမိသားစုတွင် အတိတ်က မဟာယနအဆင့်အထိ ရောက်ရှိခဲ့သော ဘိုးဘေးတစ်ဦး ရှိခဲ့ဖူးသဖြင့် မြို့တော်တွင် နေရာတစ်နေရာ ရထားခြင်းဖြစ်သည်ဟု ဆိုကြသည်။

အိမ်တော်သို့ ရောက်သည်နှင့် လီယွမ်သည် ဘာမှမပြောဘဲ သူ၏ တတိယအစ်ကိုဖြစ်သူ၏ ခြံဝင်းဆီသို့ တန်းသွားတော့သည်။ ခြံဝင်းတံခါးဝသို့ ရောက်သည်နှင့် သူ၏ အသံက အရင်ဆုံး ဟိန်းထွက်သွားသည်။

“တတိယအစ်ကို ရှိလား။ ဒီနေ့ ကျွန်တော် ပစ္စည်းကောင်းတစ်ခု ရလာတယ်…။”

လီယွမ်၏ တတိယအစ်ကိုဖြစ်သူ လီချွမ်း မှာ ငယ်ရွယ်သော်လည်း ရွှေအမြုတေအဆင့်သို့ ရောက်ရှိနေ ပြီဖြစ်သည်။ လီချွမ်းသည် ခြံဝင်းထဲတွင် ရှိနေပြီး လီယွမ်၏ အော်သံကို ကြားသောအခါ ဇဝေဇဝါဖြင့် လှည့်ကြည့်လိုက်သည်။ လီယွမ်၏ လက်ထဲတွင် အဆင့် (၁) မှော်ဓားတစ်လက် ပါလာသည်ကို မြင်သော အခါ သူက ပြုံးလိုက်ပြီး…

“ဟားဟား... ငါ့ရဲ့ ငတုံးညီလေးရာ အဆင့် (၁) ဓားပျံက ဘာများ ဆန်းလို့လဲ။ ငါ့ဆီမှာလည်း ရှိတာပဲ။ ပြီးတော့ မင်းက အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ပဲ ရှိသေးတာ ဒီမှော်ရတနာကို ကိုင်ထား တာက ဟန်ပြသသက်သက်ပဲ မဟုတ်လား။ မိသားစုရဲ့ အရင်းအမြစ်တွေကို ဖြုန်းတီးနေတာပဲ…။”

အစ်ကိုဖြစ်သူ၏ အထင်အမြင်သေးမှုကို ကြားသောအခါ လီယွမ်သည် မဆိုင်းမတွဘဲ အဖြူရောင်ဓား သွားကို သူ၏ရှေ့တွင် ပျံဝဲပြကာ ၎င်း၏ ဆန်းကြယ်မှုကို သက်သေပြရန် ဆုံးဖြတ်လိုက်သည်။ လီယွမ် သည် သူ မှော်ရတနာကို သုံးနိုင်သည်ကို မြင်ပါက သူ၏အစ်ကို မည်မျှ အံ့ဩသင့်သွားမည်ကို ကြိုတင် မြင်ယောင်ကာ ကျေနပ်နေမိသည်။

“အစ်ကိုချွမ်း... ကျွန်တော့်ကို အထင်မသေးပါနဲ့ဦး။ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်က မှော်ရတနာ သုံးလို့မရဘူးလို့ ဘယ်သူပြောလဲ။ ကြည့်နေလိုက်…။”

ထိုသို့ပြောပြီးနောက် လီယွမ်သည် စိတ်ဝိညာဉ်စွမ်းအားကို ဓားထဲသို့ ထည့်သွင်းကာ လေထဲသို့ ပစ်လွှတ် လိုက်သည်။ သေချာပေါက်ပင် လီယွမ်က မှော်ရတနာကို အသုံးပြုနိုင်သည်ကို မြင်သောအခါ လီချွမ်း၏ မျက်နှာမှာ အံ့ဩတုန်လှုပ်သွားသည်။

သို့သော် ထိုအံ့ဩမှုမှာ ချက်ခြင်းပင် ထိတ်လန့်မှုအဖြစ်သို့ ပြောင်းလဲသွားသည်။ အဘယ်ကြောင့် ဆိုသော် သူ၏ ခန္ဓာကိုယ်မှာ ရုတ်တရက် သူ၏ ထိန်းချုပ်မှုအောက်တွင် မရှိတော့သလို ခံစားလိုက်ရ သောကြောင့် ဖြစ်သည်။ ဘာဖြစ်နေမှန်း သူ စဉ်းစားမရသေးခင်မှာပင် သူသည် လီယွမ်၏ ရှေ့သို့ လျှော တိုက် ဒူးထောက်သွားကာ ဓားသွားကို လက်ဝါးနှစ်ဖက်ဖြင့် ညှပ်၍ ဖမ်းလိုက်မိလေတော့သည်။

ဤမြင်ကွင်းကြောင့် လီချွမ်းမှာ လုံးဝကို ကြောင်အသွားရသည်။ ဘေးနားက လီယွမ်မှာလည်း အံ့ဩနေ မိသည်။ သူက သူ့အစ်ကိုအပေါ် အစွမ်း မသုံးရသေးပါဘဲနှင့် ဘာကြောင့် သူ့အစ်ကိုက ဒူးထောက်သွားရ သနည်း။

*ငါ ဘာလုပ်ရမလဲ။ အစ်ကို့ကို ငါ့ရှေ့မှာ ဒူးထောက်ခိုင်းလိုက်မိပြီ ဒီဓားရဲ့ အစွမ်းပြယ်သွားရင် ငါ့ကို သူ သတ်တော့မှာပဲ…။*

“အစ်ကို... ကျွန်တော် ရှင်းပြပါရစေ ဒါက မတော်တဆပါ….။”

လီယွမ် ပြောနေစဉ်မှာပင် ဓား၏ စွမ်းရည်မှာ ကုန်ဆုံးသွားသည်။

ထိုအခါမှ လီချွမ်းသည် ကြောင်တောင် တောင်ဖြစ်နေရာမှ သတိပြန်ဝင်လာခဲ့သည်။

သူက သူ့ညီလေးရှေ့မှာ တကယ့်ကို ဒူးထောက်မိလိုက်တာလား။

ဤသည်က တကယ့်ကို လက်ခံနိုင်စရာ မရှိသော အရှက်ကွဲမှုပင်။

“မင်း... ဒီကောင်လေး ဒီနေ့တော့ မင်းကို မင်းအမေတောင် မှတ်မိမှာ မဟုတ်တဲ့အထိ ငါ အရေခွံနွှာ ပစ်မယ်…။”

လီချွမ်းသည် သူ ဘာကြောင့် မထိန်းနိုင်ဘဲ ဒူးထောက်သွားရသလဲဆိုသည်ကိုပင် မစဉ်းစားတော့ဘဲ လီယွမ်ကို အစ်ကိုဖြစ်သူ၏ မေတ္တာကို အပြည့်အဝ ပေးဆပ်ရန်သာ စိတ်အားထက်သန်နေတော့သည်။ ​လီယွမ်သည်လည်း အစ်ကိုဖြစ်သူ၏ စကားကို ကြားသည်နှင့် လှည့်​ပြေးလေတော့သည်။

လီချွမ်းက သူ့ကို ခဏခဏ ရိုက်လေ့ရှိပြီး ဘယ်တုန်းကမှလည်း လက်တွန့်ခဲ့သူ မဟုတ်ပေ။

*ဒီနေ့တော့ ငါ ပြဿနာအကြီးကြီး ရှာမိပြီ ရိုက်ခံရရင် ရက်အတော်ကြာ အိပ်ရာထဲ လဲနေရမှာပဲ…*

ဤသို့ဖြင့် လီယွမ်က ရှေ့ကပြေး လီချွမ်းက နောက်ကလိုက်ရင်း အိမ်တော်ကြီးထဲတွင် ပတ်ပြေးနေ ကြတော့သည်။ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ရှိသော လီယွမ်မှာ ရွှေအမြုတေအဆင့် ရှိသော လီချွမ်းကို ဘယ်လိုမှ ယှဉ်နိုင်မည်မဟုတ်ပေ။

လီချွမ်းက သူ့ကို အမီလိုက်တော့မည်ကို မြင်သောအခါ လီယွမ်သည် အရှိန်လျှော့လိုက်ပြီး လှည့်၍ ဓား ကို လွှဲခုတ်လိုက်သည်။ ရလဒ်ကတော့ ရှင်းနေပါသည်။ လီချွမ်းသည် နောက်တစ်ကြိမ် လျှောတိုက် ဒူးထောက်ကာ ဓားကို လက်ဗလာဖြင့် ဖမ်းလိုက်ရပြန်သည်။

လီချွမ်းကို ခဏမျှ ထိန်းချုပ်ထားနိုင်စဉ် လီယွမ်က ထပ်ပြေးပြန်သည်။ လီချွမ်းက ပြန်လွတ်လာလျှင် ထပ်လိုက်သည်။ ဤသို့ဖြင့် တစ်ယောက်ပြေး တစ်ယောက်လိုက်ရင်း လီယွမ်က ဓားကို လွှဲခုတ်လိုက်၊ လီချွမ်းက လျှောတိုက် ဒူးထောက် ဖမ်းလိုက်နှင့် သံသရာလည်နေကြသည်။

မကြာမီမှာပင် ကျင့်ကြံမှုအဆင့် နိမ့်ပါးသော လီယွမ်မှာ ဓားကို ခဏခဏ သုံးလိုက်ရသဖြင့် စိတ်ဝိညာဉ် စွမ်းအား ကုန်ခန်းသွားလေသည်။ ထိုအခါ လီချွမ်းက အခွင့်အရေးကို လက်မလွှတ်ဘဲ လီယွမ်ကို ဖမ်းဆီးကာ အကောင်းဆုံး ပညာပေးတော့သည်။ နာရီဝက်ခန့်အတွင်း လီယွမ်၏ အော်သံများက အဆက်မပြတ် ထွက်ပေါ်နေခဲ့တော့သည်။

နောက်ပိုင်းတွင် လီချွမ်း၏ အတင်းအကျပ် မေးမြန်းမှုကြောင့် လီယွမ်သည် ဤဓားကို မည်သို့ ရရှိခဲ့ ကြောင်း အသေးစိတ် ပြောပြလိုက်ရသည်။ သတင်းကို ကြားသည်နှင့် လီချွမ်းသည် ထိုဆိုင်ကို စိတ်ဝင် စားသွားပြီး စိတ်ဝိညာဉ်ကျောက်တုံးများ ယူဆောင်ကာ "ဟင်းလင်းပြင်ဆိုင်" သို့ သွားရန် ပြင်ဆင်လိုက် တော့သည်။

မကြာမီမှာပင် အနောက်ဘက်ခြံ၌ လက်နက်သန့်စင်နေသော လင်းဖန်သည် ထဲကျူး၏ ခေါ်သံကို ကြားရပြန်သဖြင့် ဆိုင်ထဲသို့ ထွက်လာခဲ့သည်။ ဆိုင်ထဲသို့ ဝင်လိုက်သည်နှင့် လီယွမ်နှင့် အလွန်တူသော စျေးဝယ်တစ်ဦးကို တွေ့လိုက်ရသဖြင့် လင်းဖန် တစ်စုံတစ်ခုကို ရိပ်မိလိုက်သည်။

သေချာပေ၏.. ။ ဝယ်သူ၏ စကားက လင်းဖန်၏ သံသယကို အတည်ပြုပေးလိုက်သည်။

“ဆိုင်ရှင်... ငါက လီယွမ်ရဲ့ အစ်ကို လီချွမ်းပါ။ ဒီနေ့ သူ မင်းဆီက ဓားပျံ တစ်လက် ဝယ်သွားတယ် မဟုတ်လား…။”

လီချွမ်းသည် ပြောရင်းဆိုရင်း ဆိုင်ထဲမှစင်ပေါ်သို့ ဝေ့ဝဲကြည့်လိုက်သည်။ လီယွမ် ယူသွားသော ဓားမျိုး ကို ရှာနေခြင်း ဖြစ်သော်လည်း သူ မြင်လိုက်ရသည်မှာ သေနတ်တစ်လက်၊ ကောက်ရိုးဖိနပ်တစ်စုံနှင့် အခြားသော ထူးဆန်းသည့် ပစ္စည်းများသာ ဖြစ်ပြီး ဓားပျံကိုတော့ အရိပ်အယောင်မျှပင် မတွေ့ရ တော့ပေ။

All Chapters