အခန်း ၇၆
Vol. 8 Ch. 76
အခန်း (၇၆) အဖြူရောင်ဓားသွား သတင်းများ ပျံ့နှံ့လာခြင်း
လင်းဖန်သည် အသစ်သန့်စင်ထားသော အဖြူရောင်ဓားသွားများကို အရောင်းစင်ပေါ်သို့ တင်ရန်ပင် အချိန်မရသေးပေ။ လီချွမ်း၏ မေးမြန်းမှုကို ကြားလိုက်ရချိန်တွင် နောက်ထပ် အရောင်းအဝယ်တစ်ခု လာတော့မည်ကို လင်းဖန် သိလိုက်သည်။ ထို့ကြောင့် သူသည် အသစ်သန့်စင်ထားသော အဖြူရောင် ဓားသွား နှစ်လက်ကို အမြန်ထုတ်၍ ဆိုင်စင်ပေါ်သို့ တင်လိုက်သည်။
ပစ္စည်းများ ပြင်ဆင်နေရင်း တစ်ဖက်လူ၏ မေးခွန်းကိုလည်း ပြန်ဖြေလိုက်သည်။
“သခင်လေးချွမ်းပါလား။ ခင်ဗျားရဲ့ နာမည်ကို ကြားဖူးတာ ကြာပါပြီ။ မှန်ပါတယ် သခင်လေးယွမ် ဒီနေ့ ကျွန်တော့်ဆိုင်ကို လာသွားပါတယ်။ သူဝယ်သွားတာက ဒီလို ဓားမျိုးပါပဲ…။”
လင်းဖန်ထံမှ အတည်ပြုချက် ရလိုက်သည်နှင့် လီချွမ်းမှာ အလွန်ဝမ်းသာသွားပြီး လင်းဖန် တင်လိုက် သော ဓားပျံ နှစ်လက်ကို ချက်ခြင်း ကြည့်လိုက်သည်။ သို့သော် ဓားနှစ်လက်ကို ကြည့်ပြီး နောက် လီချွမ်း အနည်းငယ် အံ့ဩသွားသည်။
“ဆိုင်ရှင်... ဒီဓားနှစ်လက်က အဆင့်ချင်း မတူဘူး ထင်တယ်နော်….။”
တစ်ဖက်လူက ချက်ခြင်း ရိပ်မိသွားသည်ကို မြင်သောအခါ လင်းဖန်က မြှောက်ပင့်ပြောလိုက်သည်။
“သခင်လေးချွမ်းက တကယ့်ကို မျက်စိအမြင်ရှိတာပဲဗျာ။ ဟုတ်ပါတယ်။ ဒီအဖြူရောင်ဓားသွား နှစ်လက်ထဲက တစ်လက်က သခင်လေးယွမ် ဝယ်သွားတဲ့ အဆင့် (၁) မှော်ရတနာမျိုး ဖြစ်ပြီး ကျန်တဲ့ တစ်လက်ကတော့ ပိုမြင့်တဲ့ အဆင့် (၂) မှော်ရတနာပါ…။”
လင်းဖန်၏ စကားကြောင့် လီချွမ်းမှာ အလွန်သဘောကျသွားပြီး ပြုံးလျက် ခေါင်းညိတ်ကာ ဆက်မေး လိုက်သည်။
“ဒီအဆင့် (၂) အဖြူရောင်ဓားသွားက အဆင့် (၁) ထက် ဘာတွေ ပိုထူးခြားလဲ သိပါရစေဦး…။”
လီချွမ်း လာရခြင်း၏ အဓိက အကြောင်းရင်းမှာ ထိုပျံသန်းနိုင်သောဓား၏ ထူးခြားသော စွမ်းရည်များ ကို စိတ်ဝင်စားသောကြောင့် ဖြစ်သည်။ အကယ်၍ အဆင့် (၂) ဖြစ်သွားသော်လည်း ထူးခြားသော အဆင့်မြှင့်တင်မှု မရှိလျှင် သူ့အတွက် အဆင့် (၁) နှင့် ဘာမှ ထူးခြားမည် မဟုတ်ပေ။
လီချွမ်း၏ မေးခွန်း က လင်းဖန်အတွက် အချက်ကျလှသဖြင့် သူက နှိုင်းယှဉ်၍ရှင်းပြလိုက်သည်။
“သခင်လေးချွမ်းက ကျွန်တော့်ရဲ့ အဖြူရောင်ဓားသွားရဲ့ အစွမ်းကို မြင်လို့ ဒီဆိုင်ကို လာတာ မဟုတ် လား…။”
“ပွင့်ပွင့်လင်းလင်း ပြောရရင် အဆင့် (၁) အဖြူရောင်ဓားသွားက ရွှေအမြုတေအဆင့် ကျင့်ကြံသူတွေ အထိပဲ အစွမ်းပြနိုင်တာပါ။ ဒါပေမဲ့ ဒီအဆင့် (၂) အဖြူရောင်ဓားသွားကတော့ အခြေတည်စိတ်ဝိညာဉ် အဆင့်ကျင့်ကြံသူတွေ အပေါ်မှာပါ အသုံးပြုနိုင်ပါတယ်…။”
လင်းဖန်၏ စကားကို ကြားသောအခါ လီချွမ်းမှာ အတိုင်းမသိ ဝမ်းသာသွားပြီး သူ လာခဲ့မိသည်မှာ မှန်ကန်ကြောင်း ခံစားလိုက်ရသည်။ သူ၏ ငတုံးညီလေး ဓားအကြောင်း ပြောပြတုန်းက ရွှေအမြုတေ အဆင့် အထိသာ အစွမ်းပြနိုင်သည်ဟု ပါခဲ့သည်။
ထိုကန့်သတ်ချက် ရှိနေလျှင်ပင် ရွှေအမြုတေအဆင့်ရှိသော သူ့အတွက် အလွန်ဆွဲဆောင်မှု ရှိနေခဲ့ပြီး သားဖြစ်သည်။ ယခု အခြေတည်စိတ်ဝိညာဉ်အဆင့်ကိုပင် ကိုင်တွယ်နိုင်သည်ဟု ကြားလိုက်ရသဖြင့် သူ မည်သို့ မလှုပ်ရှားဘဲ နေနိုင်မည်နည်း။
“ဆိုင်ရှင်... ဒါ တကယ်ပဲလား…။”
တစ်ဖက်လူ၏ စိတ်လှုပ်ရှားနေသော အမူအရာကို ကြည့်ပြီး လင်းဖန်က "တကယ်ပါ" ဟု အတည်ပြု ပေးလိုက်သည်။
ထို့နောက် လင်းဖန်သည် အဆင့် (၂) အဖြူရောင်ဓားသွားအတွက် ဈေးနှုန်းကို စဉ်းစားရတော့သည်။ စျေးကိုနည်းနည်းလေး တောင်းမိလျှင်လည်း ရှုံးသလို ခံစားရမည် ဖြစ်ပြီး စျေးအများကြီးတင်၍ တောင်းလိုက်လျှင်လည်း တစ်ဖက်လူ မဝယ်နိုင်မှာကို သူ စိုးရိမ်နေမိသည်။
တစ်ချိန်တည်းမှာပင် လီချွမ်းသည်လည်း စျေးနှုန်းကိစ္စကို စဉ်းစားနေသည်။အကယ်၍ သာမန် အဆင့် (၂) မှော်ရတနာဆိုလျှင် သူ စုဆောင်းထားသော ငွေဖြင့် ဝယ်နိုင်သော်လည်း ဤကဲ့သို့ အထူးစွမ်းရည် ပါသော ပစ္စည်းဆိုလျှင်တော့ သေချာ စဉ်းစားရမည်ဖြစ်သည်။
"ဒီအဆင့် (၂) ဓားပျံရဲ့ စျေးနှုန်းက ဘယ်လောက်လဲ ခင်ဗျား…။"
အရေးကြီးသော မေးခွန်း ရောက်လာချိန်တွင် လင်းဖန်က ခဏမျှ စဉ်းစားပြီး အကြံတစ်ခု ရသွားသည်။
“သခင်လေးချွမ်း... ဒီလိုလုပ်ရင် ဘယ်လိုလဲ။ ကျွန်တော်က ဆေးလုံးတွေ သန့်စင်ဖို့ နဲ့ လက်နက်တွေ သန့်စင်ဖို့ အတွက် ပစ္စည်းတချို့ လိုနေတာ။ အဲ့ဒီပစ္စည်းတွေရဲ့ တန်ဖိုးက အနည်းဆုံး နှစ်သိန်းဖိုးလောက် ရှိမယ်ဆို ရင် သခင်လေးကို ဒီဓား ပေးလိုက်ပါ့မယ်…။”
လင်းဖန်၏ စကားကို ကြားသည်နှင့် လီချွမ်းက ချက်ခြင်း သဘောတူလိုက်သည်။ အဘယ်ကြောင့် ဆိုသော် တန်ဖိုးအရ သူ အမြတ်ထွက်နေသောကြောင့် ဖြစ်သည်။
ထျန်းယွမ်တိုက်ကြီးတွင် သာမန် ဆေးလုံးများနှင့် မှော်ရတနာများ၏ စျေးနှုန်းမှာ ပွင့်လင်းမြင်သာမှု ရှိပြီး တိကျသော စျေးနှုန်းများ ရှိကြသည်။ သို့သော် ထိုကဲ့သို့ အထူးစွမ်းရည်ပါသော ဆေးလုံးများနှင့် မှော်ရတနာများ၏ စျေးနှုန်းမှာမူ ခန့်မှန်းရ ခက်လှသည်။
ထို့အပြင် တူညီသော အထူးစွမ်းရည်ပါသော ပစ္စည်းဖြစ်နေသော်လည်း လူတစ်ဦးနှင့်တစ်ဦးအတွက် တန်ဖိုးထားပုံချင်း ကွာခြားနိုင်သေးသည်။ လင်းဖန်၏ အဖြူရောင်ဓားသွား မှာ ထိုကဲ့သို့ အထူးအမျိုး အစားထဲတွင် ပါဝင်လေသည်။
အကယ်၍ ဤဓားကို လေလံတင်မည်ဆိုလျှင် ဒီနေ့ သုံးသိန်း ရနိုင်သလို မနက်ဖြန် ငါးသိန်းလည်း ဖြစ်သွားနိုင်သည်။ အတိအကျ သတ်မှတ်ထားသော စျေးနှုန်းမရှိပေ။ အကယ်၍ အတိဒုက္ခအဆင့် ကျင့်ကြံသူတစ်ဦးသာ တွေ့သွားပါက သူ၏ အချစ်တော် မျိုးဆက်သစ်များအတွက် စိတ်ဝိညာဉ် ကျောက်တုံး တစ်သန်းအထိ ပေး၍ ဝယ်ယူချင်ဝယ်ယူပေလိမ့်မည်။
"ဆိုင်ရှင်... ဒါဆို သဘောတူပြီနော်။ ကျွန်တော့်လက်ထဲမှာ အခုလောလောဆယ် ကုန်ကြမ်းတွေ အများ ကြီး မရှိသေးပေမဲ့ ကတိကဝတ်စာချုပ် တစ်စောင်တော့ ရေးပေးခဲ့ပါ့မယ်။ ဆိုင်ပြင်ထွက်သွားရင် ကျွန်တော် ကတိဖျက်မှာကို ခင်ဗျား စိတ်ပူစရာ မလိုတော့ဘူးပေါ့…။"
လင်းဖန်က စာချုပ်ချုပ်ဆိုမည့် အကြံကို ငြင်းပယ်လိုက်သည်။ သူက တစ်ဖက်လူကို ကတိဖျက်စေ ချင်နေခြင်း ဖြစ်သည်။ ထိုအခါမှသာ သူက အိမ်တိုင်ရာရောက် ကြွေးသွားတောင်းနိုင်မည်ဖြစ်ပြီး တစ်ဖက်လူက ပြန်လည် ခုခံတိုက်ခိုက်လာလျှင်လည်း သူ့အတွက် အမြတ်အစွန်းကြီးကြီး ရနိုင်မည် မဟုတ်ပါလား။
“သခင်လေးချွမ်း... ဘာတွေ ပြောနေတာလဲဗျာ။ မြို့တော်က လီမိသားစုရဲ့ ဂုဏ်သိက္ခာကို ကျွန်တော် ယုံကြည်ပါတယ်။ စာချုပ်တွေ ဘာတွေ မလိုပါဘူး…။”
လင်းဖန်၏ စကားကြောင့် လီချွမ်းမှာ လင်းဖန်အပေါ် ပို၍ပင် စိတ်ရင်းစေတနာ ကောင်းသူဟု ထင်မြင် သွားပြီး နောင်တွင် လင်းဖန်အတွက် ပစ္စည်းကောင်းများ ပိုရှာပေးမည်ဟု ဆုံးဖြတ်လိုက်သည်။
စကားစမြည် ပြောဆိုပြီးနောက် လီချွမ်းသည် အဆင့် (၂) အဖြူရောင်ဓားသွားကို ယူဆောင်ကာ "ကြွေးမြီတောင်ပုံရာပုံ" နှင့်အတူ ဟင်းလင်းပြင်ဆိုင်မှ ထွက်ခွာသွားတော့သည်။ လင်းဖန်ကတော့ တစ်ရက်တည်းနှင့် အကြီးစား အရောင်းအဝယ် နှစ်ခု ပြီးမြောက်သွားသဖြင့် သီချင်းလေး တအေး အေးနှင့် အနောက်ဘက်ခြံသို့ ပြန်သွားပြီး ထဲကျူးကိုသာ ဆိုင်စောင့်ရန် ထားခဲ့လိုက်သည်။
အိမ်သို့ ပြန်ရောက်သောအခါ လီချွမ်းသည် လင်းဖန်ကို ကတိပေးထားသော ပစ္စည်းများ ရရှိရန်အတွက် အသိုင်းအဝိုင်းထဲမှ လူများကို ဆက်သွယ်တော့သည်။ မိသားစုထံ တိုက်ရိုက် အကူအညီမတောင်းရ ခြင်းမှာ လီမိသားစု၏ စည်းကမ်းကြောင့် ဖြစ်သည်။ လီမိသားစုသည် မိသားစုဝင်များကို ကျင့်ကြံခြင်း ကိစ္စများတွင် ကိုယ့်အားကိုယ်ကိုးရန် အမြဲ တိုက်တွန်းလေ့ရှိသောကြောင့်ဖြစ်သည်။
မျိုးနွယ်စုမှ ခွဲတမ်းချပေးသော အရင်းအမြစ်များမှလွဲ၍ ကျန်လိုအပ်ချက်များကို သူတို့ဘာသာ ဖြေရှင်း ရလေ့ ရှိသည်။ အကယ်၍ လုံးဝ ဖြေရှင်းမရနိုင်သော ကိစ္စမျိုး ကြုံမှသာ မျိုးနွယ်စုက ဝင်ရောက် ကူညီ ပေးခြင်း ဖြစ်သည်။ ထို့ကြောင့် လီချွမ်းသည် ကုန်ကြမ်းပစ္စည်း လဲလှယ်ခြင်းကဲ့သို့သော ကိစ္စအသေး အမွှားလေးအတွက် မိသားစုကို အကူအညီ မတောင်းချင်ပေ။
နောက်ရက်များတွင် လီချွမ်းသည် မြို့တော်ရှိ မိသားစုအသီးသီးမှ အဖွဲ့ဝင်များနှင့် တွေ့ဆုံကာ ကုန်ကြမ်း ပစ္စည်း လဲလှယ်ရန် အကြံပြုခဲ့သည်။ ထိုသို့ လုပ်ဆောင်နိုင်ရန် သူသည် သူ၏လက်ထဲတွင် ရှိနေသော ဆေးလုံးများနှင့် မှော်ရတနာများကိုပင် အလဲအလှယ် လုပ်ခဲ့ရလေသည်။
ထိုမိသားစုဝင်များသည်လည်း အသုံးသင့်သော ဆေးလုံးများနှင့် မှော်ရတနာများ ရရှိမည်ဖြစ်သဖြင့် ကုန်ကြမ်းများနှင့် လဲလှယ်ရန် ဝမ်းသာအားရ သဘောတူကြသည်။ ထို့ကြောင့် လီချွမ်းသည် ရက် အနည်းငယ်အတွင်း ကုန်ကြမ်းပစ္စည်း အမြောက်အမြားကို ရရှိခဲ့လေသည်။
အချို့က လီချွမ်းကို ဘာကြောင့် ကုန်ကြမ်းတွေ ဒီလောက် အများကြီး လိုနေတာလဲဟု မေးကြသည်။ အစပိုင်းတွင် လီချွမ်းက ဝေဝေဝါးဝါးသာ ဖြေခဲ့သော်လည်း မေးသူ များလာသောအခါ နောက်ဆုံးတွင် ဇာတ်ကြောင်းစုံကို ပြောပြလိုက်ရလေတော့သည်။
ထိုဟင်းလင်းပြင်ဆိုင်အကြောင်းမှာ မကြာမီ အားလုံး သိသွားကြမည်ကို သူ နားလည်ထားသည်။ သူ၏ မိသားစု တစ်စုတည်းကသာ ဓားကို ပိုင်ဆိုင်ရန် မဖြစ်နိုင်တော့သဖြင့် ထိုလူများကို အကူအညီပေးလိုက် ခြင်းကပင် ဟင်းလင်းပြင်ဆိုင် အတွက် ကြော်ငြာပေးရာ ရောက်သွားပြီး နှစ်ဖက်စလုံးက သူ့ကို ကျေးဇူးတင်ကြမည် ဖြစ်သည်။ သူက စကားပြောရုံတင်မကဘဲ အဖြူရောင်ဓားသွား၏ အစွမ်းကိုပါ လူအများရှေ့တွင် လက်တွေ့ ပြသလိုက်သည်။
သူတို့၏ အခြေတည်စိတ်ဝိညာဉ်အဆင့် အစောင့်အရှောက်များမှာပင် အဖြူရောင်ဓားသွား၏ အစွမ်း ကြောင့် လျှောတိုက် ဒူးထောက်ကာ ဓားကို ဖမ်းလိုက်ရသည်ကို မြင်သောအခါ အားလုံးပင် အကြီး အကျယ် ထိတ်လန့်သွားကြသည်။
ထိုလူများထဲတွင် လီမိသားစုနှင့် အင်အားချင်း တူသော လျူချွမ်းဖု လည်း ပါဝင်လေသည်။ သူသည် လီချွမ်း ပြောပြသော ဆိုင်တည်နေရာကို လျှို့ဝှက် မှတ်သားထားပြီး အခွင့်အရေးကို ဦးအောင် ယူရန် ဆုံးဖြတ်လိုက်သည်။
သူ့အမြင်တွင် လီချွမ်းသည် အလွန် မိုက်မဲလှသည်။ ဤကဲ့သို့ ကောင်းမွန်သော ပစ္စည်းရှိနေလျှင် ထိုဆိုင် ကို အမြန်ဆုံး သူတို့နှင့် ပူးပေါင်းဆောင်ရွက်ရန် ဖိအားပေးရမည့်အစား သတင်းကို အလွယ်တကူ ဖြန့် လိုက်ခြင်းမှာ မိုက်မဲ လှသည်ဟု ယူဆလေသည်။
အကယ်၍ သူသာဆိုလျှင် မြို့တော်မှ မိသားစုဝင်တစ်ဦး၏ အရှိန်အဝါကို သုံးကာ ဆိုင်ရှင်ကို ခြိမ်း ခြောက်ပြီး ဤပစ္စည်းများကို သူ့မိသားစု တစ်ခုတည်းကိုသာ ရောင်းရန် စာချုပ်ချုပ်မည် ဖြစ်သည်။ ထို့ကြောင့် သူသည် လီချွမ်း နောင်တရသွားစေရန် ထိုအစီအစဉ်ကို အကောင်အထည်ဖော်ရန် ပြင်ဆင် လိုက်တော့သည်။
*ငါသာ အောင်မြင်သွားရင် မိသားစုက ငါ့ကို ဆုချမှာ သေချာတယ် အဲ့ဒီအခါကျရင် ငါ့ရဲ့ ရာထူးကလည်း တဟုန်ထိုး တက်လာတော့မှာပဲ…*