အခန်း ၇၉
Vol. 8 Ch. 79
အခန်း (၇၉) ဆိုင်အကူလေး ထဲကျူး ဒုက္ခိတဖြစ်သွားတာလား
သူ့ထံသို့ ကမ်းပေးလာသော သိုလှောင်အိတ်ကို မြင်လျှင် လင်းဖန်သည် အမြန်ဆွဲယူကာ စနစ်ဟင်းလင်း ပြင်ထဲသို့ ပစ်ထည့်လိုက်လေသည်။ အရေအတွက် မှန်ကန်ကြောင်း အတည်ပြုပြီးနောက် ယန်ဝမ်ကျန်း ကို ယဉ်ကျေးစွာ ပြောလိုက်သည်။
“ဟဲဟဲ.. ရေတွက်နေဖို့ မလိုပါဘူး.. ခင်ဗျား ကျွန်တော့ကို လိမ်မှာမဟုတ်ဘူးဆိုတာ ကျွန်တော်ယုံတယ်.. ဒါဆိုရင် ကျွန်တော်တို့ကြားက ကိစ္စတွေ အားလုံး ပြေလည်သွားပြီပေါ့…။”
လင်းဖန်၏ စကားကို ကြားသောအခါမှ ယန်ဝမ်ကျန်း သက်ပြင်းချနိုင်တော့သည်။ လင်းဖန်က "ပြေလည်သွားပြီ" ဟု ပြောခြင်းမှာ ငွေနှင့် ကုန်ပစ္စည်းကိစ္စသာမက စောစောက စော်ကားမိသည့် အပြစ် ကိုပါ ခွင့်လွှတ်လိုက်ခြင်းဖြစ်ကြောင်း သူ နားလည်၏ ။
သို့သော် လင်းဖန်၏ စကားထဲတွင် ပြဿနာ တစ်ခု ရှိနေသည်ကို ယန်ဝမ်ကျန်း ချက်ချင်း သတိထား မိသွားသည်။
*သူနှင့် ဆိုင်ရှင်ကတော့ ကျေအေးသွားပြီ…. ဒါဆို လျူချွမ်းဖုကကော…..*
ယန်ဝမ်ကျန်း တွေးတောမဆုံးမီမှာပင် လင်းဖန်က တိုက်ရိုက် စကားဆိုလာသဖြင့် အဖြေမှာ ရှင်းလင်း သွားတော့သည်။
“ဒီက... သခင်လေးလျူ မဟုတ်လား… လာပါ.. ဒီမှာပစ္စည်းတချို့ ရွေးပါဦး.. အားလုံးက ပစ္စည်းကောင်း တွေချည်းပါပဲ…။”
တစ်ချိန်လုံး တိတ်ဆိတ်နေသော လျူချွမ်းဖုသည် လင်းဖန်၏ စကားကို ကြားသောအခါ ဘာလုပ်ရမှန်း မသိဘဲ ယန်ဝမ်ကျန်းကို လှည့်ကြည့်လိုက်လေသည်။ ယန်ဝမ်ကျန်းက လင်းဖန်၏ ဆိုလိုရင်းကို မည်သို့ နားမလည်ဘဲ နေမည်နည်း။ သူသည် လျူချွမ်းဖုကို ချက်ချင်း မျက်နှာရိပ်မျက်နှာကဲဖြင့် ပြလိုက်သည်။
“သခင်လေး.. ဒီဆိုင်က ပစ္စည်းတွေက တကယ်ကို ရှားပါးတာပါ.. သခင်လေး ဒီအထိ ရောက်လာမှတော့ လက်ဗလာနဲ့ ပြန်သွားရင် နှမြောစရာကြီး ဖြစ်နေလိမ့်မယ်.. ဒီအဆင့် (၁) မှော်လက်နက်က အနိမ့်စား စိတ်ဝိညာဉ်ကျောက်တုံး တစ်သန်းပဲ ကျတာလေ.. တစ်ခုလောက် ဝယ်သွားပါလား…။”
လျူချွမ်းဖုသည် မည်မျှပင် ထူအပါစေ ယန်ဝမ်ကျန်း၏ စကားကို ကြားလျှင် သူ ဘာလုပ်ရမည်ကို ချက်ချင်း နားလည်သွားသည်။ ဤသည်မှာ ပြဿနာကို ရှောင်လွှဲရန် ပိုက်ဆံပေးရမည်ဟု ဆိုလိုခြင်းပင် ဖြစ်သည်။
“ကောင်းပြီလေ.. ငါလည်း ဒီကို ဓားဝယ်ဖို့ လာတာပဲ.. ဆိုင်ရှင်.. ငါ့ကိုလည်း တစ်ခု ပေးပါ…။”
လျူချွမ်းဖု စကားအဆုံးတွင် လင်းဖန်သည် စနစ်ဟင်းလင်းပြင်ထဲမှ သူ အရင်က သန့်စင်ထားသော အဆင့် (၁) အဖြူရောင်ဓါးသွားတစ်လက်ကို ထုတ်ယူကာ ကမ်းပေးလိုက်လေသည်။
“အနိမ့်စား စိတ်ဝိညာဉ်ကျောက်တုံး တစ်သန်း ကျသင့်ပါမယ်.. သခင်လေးလျူ ဘယ်လိုပေးချေဖို့ စိတ်ကူးထားပါသလဲ…။”
ငွေပေးချေရမည့် အချိန်ရောက်သောအခါ လျူချွမ်းဖုသည် မိမိထံတွင် ကျောက်တုံးတစ်သန်း မရှိ ကြောင်း သတိရသွားသဖြင့် ယန်ဝမ်ကျန်းကို အကူအညီတောင်းသော အကြည့်ဖြင့် ထပ်မံ ကြည့်လိုက် ရပြန်သည်။ အခြားရွေးချယ်စရာ မရှိတော့သဖြင့် ယန်ဝမ်ကျန်းသည် သူ၏ကိုယ်စား အလယ်အလတ် အဆင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်သောင်းကို ထပ်မံ ထုတ်ပေးလိုက်ရလေတော့သည်။
ကျောက်တုံးများကို ပျော်ရွှင်စွာ လက်ခံပြီးနောက် လင်းဖန်သည် သူ၏ အစောင့်အရှောက်ရုပ်သေးကို ပြန်သိမ်းလိုက်ရင်း စိတ်ထဲမှ တိတ်တဆိတ် မျှော်လင့်နေမိသည်။ အစောင့် ပျောက်သွားသည်နှင့် တစ်ဖက်လူက သူ့အား ပြန်လည် ခြိမ်းခြောက်လာလိမ့်မည်ဟု သူ မျှော်လင့်နေခြင်း ဖြစ်သည်။
သို့သော် လင်းဖန်၏ အကြံမှာ အထမမြောက်ခဲ့ပေ။ ယန်ဝမ်ကျန်းတွင် နောက်ထပ် တိုက်ခိုက်ရန် အစီ အစဉ် လုံးဝမရှိတော့ချေ။
နောက်နေခြင်းမဟုတ်ပေ။.. နတ်မိမယ်၏ ကျင့်ကြံမှုအဆင့်ကို အတိအကျ မသိရသော်လည်း သူမ ပေါ် လာသည့် ပုံစံကို ကြည့်ရုံဖြင့် သူ စော်ကားလို့ရသည့် ပုဂ္ဂိုလ်မျိုးမဟုတ်မှန်း သိသာလှသည်။
တစ်ဖက်လူက ဘာမှ ထပ်မလုပ်တော့သည်ကို မြင်သောအခါ လင်းဖန်က စိတ်ပျက်လက်ပျက်ဖြင့် ပြော လိုက်သည်။
“မိတ်ဆွေတို့.. ငွေနဲ့ ပစ္စည်း ကိစ္စတွေလည်း ပြေလည်သွားပြီဆိုတော့ ငါ မင်းတို့ကို ဆွဲမထားတော့ဘူး.. နောက်တစ်ခါလည်း ထပ်လာခဲ့ကြဦးနော်…။”
လင်းဖန်၏ စကားကို ကြားသောအခါ ယန်ဝမ်ကျန်း စိတ်သက်သာရာ ရသွားပြီး ပြန်လည် နှုတ်ဆက်ကာ လျူချွမ်းဖုကို ဆွဲ၍ ဆိုင်ထဲမှ အမြန် ထွက်ခွာသွားတော့သည်။ သူတို့ ထွက်သွားသည်ကို ကြည့်ရင်း လင်းဖန် မျက်လုံးထဲတွင် နှမြောတသသော အကြည့်များက ပေါ်လွင်နေသည်။
"တကယ်ကို သဘောကောင်းတဲ့ လူတွေပဲ… အချိန်တိုလေးအတွင်းမှာ ငါ့ကို အကျိုးအမြတ်တွေ အများ ကြီး ပေးသွားတာ.. ဒီကမ္ဘာမှာ သခင်လေးလျူလို ကျင့်ကြံသူတွေ အများကြီး ရှိပါစေလို့ ငါ တကယ် ဆုတောင်းပါတယ်…."
"သခင်လေးလျူ အိမ်ပြန်ရောက်ရင် သူ့ထက် ကျင့်ကြံမှု မြင့်တဲ့သူတွေကို ခေါ်လာဦးမလား မသိဘူး.. ဒါဆိုရင် ငါ နောက်တစ်ကြိမ် ချမ်းသာဦးမှာပဲ…."
ထိုမျှော်လင့်ချက်ဖြင့် လင်းဖန်သည် သီချင်းလေးတကြော်ကြော်ဖြင့် နောက်ဖေးသို့ ပြန်ကာ လက်နက် များ ဆက်လက် သန့်စင်နေတော့သည်။
တစ်ဖက်တွင် အိမ်အပြန်လမ်း၌ လျူချွမ်းဖုသည် ခုနက သူခေါ်လာခဲ့သည့် နောက်လိုက်လေး ဂေါင်မြောင်ကို သတိရသွားသည်။ သူလည်း အိမ်ပြန်ပြီး အကူအညီ သွားခေါ်သည် မဟုတ်ပါလား။ ဂေါင်မြောင် ပြဿနာရှာပြီး သူ့အပေါ် အပြစ်ပုံကျလာမည်ကို စိုးရိမ်သဖြင့် လျူချွမ်းဖုသည် ဆက်သွယ် ရေး ကျောက်စိမ်းပြားကို ထုတ်ကာ ဂေါင်မြောင်ထံ သတင်းပို့လိုက်သည်။
“ဂေါင်မြောင်.. ငါ အဲဒီဆိုင်ကို သွားခဲ့ပြီးပြီ… အားလုံး ပြေလည်သွားပြီ.. မင်း ထပ်ပြီး ပြဿနာ သွားမရှာ နဲ့တော့…”
သူ ဆိုင်တွင် ကြုံတွေ့ခဲ့ရသည်များကိုမူ လုံးဝ ထည့်မပြောပေ။ ထိုကဲ့သို့ ရှက်ဖွယ်ကောင်းသော ကိစ္စကို သူ မည်ကဲ့သို့ ပြောပြနိုင်မည်နည်း…။
ထိုအချိန်တွင် သတင်းစကားကို ရရှိသော ဂေါင်မြောင်သည် သူ၏ မိသားစုမှ အခြေတည်စိတ်ဝိညာဉ် အဆင့် ကျင့်ကြံသူတစ်ဦးနှင့်အတူ လင်းဖန်၏ ဆိုင်အနီးသို့ ရောက်နေပြီဖြစ်သည်။ လျူချွမ်းဖု၏ သတင်းကို ကြားပြီးနောက် ဂေါင်မြောင် မျက်မှောင်ကြုတ်သွားသည်။ သူ အလွန် မကျေနပ်သော်လည်း သခင်လေးလျူ၏ အမိန့်ကို မဖီဆန်ရဲပေ။
“ဟုတ်ကဲ့ သခင်လေးလျူ.. နောင်မှာလည်း တစ်ခုခု လိုအပ်ရင် ကျွန်တော့ကို ခေါ်လိုက်ပါဦး…။”
လျူချွမ်းဖုကို ပြန်လည်သတင်းပို့ပြီးနောက် ဂေါင်မြောင်သည် ချက်ချင်းထွက်မသွားသေးဘဲ ရပ်နေ လိုက်သည်။ သူ၏ အမြင်တွင် သခင်လေးလျူတွင် သိက္ခာရှိသလို သူ့တွင်လည်း သိက္ခာ ရှိသည် မဟုတ် ပါလား။ ဆိုင်ထဲတွင် ဒူးထောက်ခဲ့ရသည့်အတွက် သူ၏ သိက္ခာကို ပြန်မဆယ်ရပါက မည်သို့ စိတ်အေး နိုင်မည်နည်း။
သခင်လေးလျူက သူ့ကို သွားခွင့်မပြုသော်လည်း သူ ကိုယ်တိုင် မပါဘဲ ဘေးကနေ နေ၍ သူ ခေါ်လာ သည့် အခြေတည်စိတ်ဝိညာဉ်အဆင့် အကြီးအကဲကို လက်စားချေခိုင်းလျှင် ရသည် မဟုတ် ပါလား။ ဆုံးဖြတ်ချက် ချပြီးနောက် ဂေါင်မြောင်သည် ဘေးရှိ ကျင့်ကြံသူကို ပြောလိုက်သည်။
“ဆရာကြီးချန်.. ကျွန်တော် ကိုယ်တိုင် ရုပ်လုံးထွက်ပြဖို့က အဆင်မပြေဘူး.. ဆရာကြီး အရှေ့က ဟင်းလင်းပြင်ဆိုင်ကို သွားပြီး အထဲက လူတွေကို ဒုက္ခိတ ဖြစ်အောင် လုပ်ပေးလိုက်ပါ…။”
ဂေါင်မြောင်၏ ညွှန်ကြားချက်ကို ကြားသော် ချန်ရုန်းချိုင် က ခေါင်းညိတ်ကာ ဆိုင်ဆီသို့ ဦးတည်သွား တော့သည်။ ဂေါင်မြောင်ကမူ သူ၏ မိသားစုရှိရာသို့ လာလမ်းအတိုင်း ပြန်လှည့်သွားခဲ့သည်။
ဟင်းလင်းပြင်ဆိုင်အတွင်း၌ ကောင်တာနောက်မှ တံခါးဝကို ငေးကြည့်နေသော ထဲကျူးသည် ကျင့်ကြံ သူတစ်ဦး ဆိုင်ထဲသို့ လျှောက်လာသည်ကို မြင်သည်နှင့် တက်တက်ကြွကြွ ထရပ်ကာ ကြိုဆိုရန် ပြင်လိုက်သည်။ တစ်ချိန်တည်းမှာပင် နောက်ဖေးတွင် လက်နက် သန့်စင်နေသော လင်းဖန်ကိုလည်း အကြောင်းကြားလိုက်သည်။
“ကြွပါ.. ဘာများ အလိုရှိပါသလဲ… ကျွန်တော်တို့ဆိုင်မှာ မှော်ရတနာတွေ၊ ဆေးလုံးတွေ စုံစုံလင်လင် ရှိပါတယ်….”
ဆိုင်ထဲသို့ ဝင်လာသော ချန်ရုန်းချိုင်သည် ချီစုဆောင်းခြင်းအဆင့် အဆင့် (၃) သာ ရှိသေးသည့် ဆိုင်ဝန်ထမ်းကို မြင်သောအခါ ဆွံ့အသွားရသည်။
*ဒါ သခင်လေး သင်ခန်းစာ ပေးခိုင်းတဲ့ လူလား…. ဒီလောက် ကျင့်ကြံမှု နိမ့်တဲ့သူကို ငါ့လို အခြေတည် စိတ်ဝိညာဉ်အဆင့် တစ်ယောက်က ကိုင်တွယ်ဖို့ လိုလို့လား….*
စိတ်ထဲတွင် ညည်းတွားနေသော်လည်း သခင်လေး၏ အမိန့်အတိုင်း လုပ်ရပေမည်။
“ငါ ဘာလိုချင်တာလဲ ဟုတ်လား…. ဟား.. မင်းလို ပုရွက်ဆိတ်လောက်ပဲ ရှိတဲ့ ကျင့်ကြံမှုအဆင့်ကို ဖျက်ဆီးပစ်ဖို့ စိတ်ဝိညာဉ်ကျောက်တုံး ဘယ်လောက် ပေးရမလဲ….”
တစ်ဖက်လူ၏ ရန်လိုသော စကားကို ကြားသောအခါ ထဲကျူးသည် သူတို့ ပြဿနာလာရှာခြင်း ဖြစ် ကြောင်း နားလည်သွားသဖြင့် စကားကို ရပ်လိုက်ပြီး လင်းဖန် ရောက်လာသည်အထိ စောင့်ရန် ပြင် လိုက်သည်။ တစ်ဖက်လူ တိတ်ဆိတ်သွားသည်ကို မြင်သော် ချန်ရုန်းချိုင်သည် စကားများများ မပြော တော့ပေ။
သူသည် စိတ်ဝိညာဉ် စွမ်းအင်များကို ချက်ချင်း ထုတ်လွှတ်လိုက်ပြီး ထဲကျူး၏ ဒန်တျန် ဆီသို့ တိုက်ရိုက် ဦးတည် တိုက်ခိုက်လိုက်သည်။ ချီစုဆောင်းခြင်းအဆင့် (၃) သာ ရှိသော ထဲကျူး သည် အခြေတည်စိတ် ဝိညာဉ်အဆင့်၏ စွမ်းအားကို မည်သို့ ခံနိုင်ရည် ရှိပါမည်နည်း။ သူသည် ချက်ချင်း လွင့်ထွက်သွားကာ စင်ကို ရိုက်မိပြီး အပိုင်းပိုင်း အပြတ်ပြတ် ဖြစ်သွားလေတော့သည်။
ထဲကျူး၏ သတင်းစကားကို ရရှိပြီးနောက် ဆိုင်ထဲသို့ လျှောက်လာသော လင်းဖန်သည် ဆိုင်အတွင်းမှ ဆူညံသံများကို ကြားရသဖြင့် ခြေလှမ်းများကို အရှိန်မြှင့်လိုက်သည်။ ဆိုင်ထဲသို့ ဝင်ဝင်ချင်း သူ ပထမ ဆုံး မြင်လိုက်ရသည်မှာ မြေပြင်ပေါ်တွင် အသက်ငင်နေသော ထဲကျူးပင် ဖြစ်သည်။
ထိုအခိုက်တွင် လင်းဖန်သည် ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေသော ဆေးလုံးများနှင့် မှော်ရတနာများကို ဂရုမစိုက်နိုင်တော့ပေ။ သူသည် အမြန် ပြေးသွားကာ အသေးစားအားဖြည့်ဆေးလုံး တစ်လုံးကို ထဲကျူး၏ ပါးစပ်ထဲသို့ တိုက်ကျွေးလိုက်သည်။ ကံကောင်းသည်မှာ ဤဆေးလုံးသည် ပါးစပ်ထဲ ရောက် သည်နှင့် အရည်ပျော်ကာ စွမ်းအင်အဖြစ် ပြောင်းလဲသွားခြင်း ဖြစ်သည်။ သို့မဟုတ်ပါက ထဲကျူး၏ လက်ရှိ အခြေအနေနှင့် ဆေးမျိုရန်ပင် ခက်ခဲပေလိမ့်မည်။
ခဏမျှ စစ်ဆေးကြည့်ပြီးနောက် ထဲကျူး၏ ဒန်တျန်မှာ လုံးဝ ပျက်စီးသွားပြီ ဖြစ်ကြောင်း လင်းဖန် သိလိုက်ရသည်။ အသေးစားအားဖြည့်ဆေးလုံးသည် ဒဏ်ရာများကို ပျောက်ကင်းစေနိုင်သော်လည်း ပျက်စီးသွားသော ဒန်တျန်ကိုမူ ပြန်မပြုပြင်နိုင်ပေ။ ဤသည်မှာ ချန်ရုန်းချိုင်က အစွမ်းကုန် မတိုက်ခိုက် ဘဲ လျှော့၍တိုက်ခဲ့ခြင်းကြောင့် ဖြစ်လာသော ရလဒ်ဖြစ်သည်။ ဂေါင်မြောင်က လူကို ဒုက္ခိတဖြစ်အောင် ပဲ လုပ်ခိုင်းထားသဖြင့် သူ တိုက်ရိုက် မသတ်ခဲ့ခြင်း ဖြစ်သည်။
လင်းဖန်သည် ထဲကျူး၏ ဒဏ်ရာများကို စစ်ဆေးနေစဉ် ချန်ရုန်းချိုင်က ဘေးမှ အသာကြည့်နေသည်။ လင်းဖန်ထံမှ ထွက်ပေါ်နေသော စွမ်းအင်များအရ သူသည်လည်း အခြေတည်စိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူ ဖြစ်ကြောင်း… ဤသူမှာ သခင်မလေး၏ အဓိက ပစ်မှတ် ဖြစ်နိုင်ကြောင်း သူ အတည်ပြု လိုက်သည်။
“မင်းက ဒီဆိုင်ရဲ့ ဆိုင်ရှင် ဖြစ်မှာပေါ့.. အခြေတည်စိတ်ဝိညာဉ်အဆင့်ပဲ.. မဆိုးပါဘူး.. ဒါပေမယ့် မင်းကိုယ်မင်း ဂရုစိုက်ထားဦး.. ဘာလို့လဲဆိုတော့ မကြာခင် မင်းလည်း သူလို ဖြစ်သွားမှာမို့လို့ပဲ…။”
ချန်ရုန်းချိုင်၏ စကားကြောင့် လင်းဖန်၏ အာရုံသည် ထဲကျူးထံမှ သူ့ဆီသို့ ရောက်လာသည်။ ယခု အချိန်တွင် လင်းဖန်၏ မျက်နှာမှာ အလွန် မာကျောခက်ထန်နေပြီ ဖြစ်နေပြီး ပုံမှန် တည်ငြိမ်အေးဆေး နေသော အမူအရာများ ပျောက်ကွယ်နေပြီ ဖြစ်သည်။
ဤသည်မှာ ကျင့်ကြံခြင်းလောကသို့ ရောက်ရှိလာပြီးနောက် လင်းဖန် ပထမဆုံးအကြိမ် အမှန်တကယ် ဒေါသထွက်ခြင်း ဖြစ်သည်။ တစ်ဖက်လူ တိုက်ခိုက်လာပြီး သူ၏ အစောင့်အရှောက်ရုပ်သေးများ ထွက် ပေါ်လာလျှင် ၎င်းတို့ကို လောလောဆယ် ပြန်သိမ်းမည် မဟုတ်ဟု သူ ဆုံးဖြတ်လိုက်သည်။
ယခုတစ်ကြိမ်တွင်မူ တစ်ဖက်လူ၏ မျိုးနွယ်စုတစ်ခုလုံးကို စုံစမ်းထောက်လှမ်းပြီး အမြစ်ပြတ် သုတ် သင်ရှင်းလင်းသွားသည်အထိ သူ ရပ်တန့်တော့မည် မဟုတ်ပေ…..။