အခန်း ၈၀
Vol. 8 Ch. 80
အခန်း (၈၀) ငါက မြင်းလွှတ်တဲ့သူမှမဟုတ်တာ၊ မင်းကို ဘာလို့ လွှတ်ပေးရမှာလဲ…
ထိုအတွေး လင်းဖန်၏ခေါင်းထဲသို့ ဝင်လာသည်နှင့် တစ်ပြိုင်နက် စနစ်၏ အကြောင်းကြားချက်က ထွက်ပေါ်လာခဲ့သည်။
[ပိုင်ရှင်… သတိပေးချက်တစ်ခုပါ။ ပြိုင်ဘက်က အခြေတည်စိတ်ဝိညာဉ်အဆင့်ပဲ ရှိသေးတာမို့ ပိုင်ရှင် အတွက် ဘာအန္တရာယ်မှ မရှိပါဘူး။ ဒါကြောင့် အစောင့်အရှောက်ရုပ်သေးက ကြားဖြတ်ကာကွယ်မှာ မဟုတ်ပါဘူး။]
စနစ်၏ သတိပေးချက်ကြောင့် လင်းဖန် အံ့အားသင့်သွားပြီး ပြန်မေးလိုက်သည်။
"ဘာလို့လဲ…. သူ့ရဲ့ကျင့်ကြံမှုအဆင့်က ငါ့ထက်မြင့်နေတာလေ။ မင်းပြောချင်တာက ငါက ကိုယ့်ထက် အဆင့်မြင့်တဲ့သူတွေကို ယှဉ်တိုက်နိုင်တယ်လို့ ပြောချင်တာလား…"
[ပိုင်ရှင်ရဲ့ ကျင့်ကြံမှုအဆင့်က ငွေအစစ်အမှန်သုံးပြီး မြှင့်ထားတာပါ။ သူတို့ကတော့ ပင်ပင်ပန်းပန်း ကျင့်ကြံထားရတာပါ။ အကယ်၍ ပိုင်ရှင်က ကိုယ့်ထက်အဆင့်မြင့်တဲ့ ရန်သူတွေကို မနိုင်ဘူးဆိုရင် အဲဒီသုံးလိုက်တဲ့ ငွေတွေအားလုံးက အလကားဖြစ်သွားမှာပေါ့…။]
စနစ်၏ ရှင်းပြချက်ကို ကြားမှ လင်းဖန် သဘောပေါက်သွားတော့သည်။
"ဟုတ်သားပဲ.. ပင်ပင်ပန်းပန်း ဆော့နေတဲ့ ကစားသမား တစ်ယောက်က ငါ့လိုမျိုး ပိုက်ဆံသုံးပြီး အနိုင် ယူနေတဲ့ ကစားသမား တစ်ယောက်ကို ဘယ်လိုလုပ်ယှဉ်နိုင်မှာလဲ….။"
[ပိုင်ရှင်က အရမ်းကပ်စေးနှဲလွန်းလို့ပါ။ ပိုင်ရှင်က ကျင့်ကြံမှုအဆင့်ကိုပဲ ပိုက်ဆံနဲ့ဝယ်ပြီး မြှင့်ထား တာလေ… မန္တန်တွေနဲ့ ကျင့်စဉ်တွေကိုကျတော့ မဝယ်ဘူး။ မဟုတ်ရင် အခြေတည်စိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူတွေ မပြောနဲ့..ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူတွေတောင် ပိုင်ရှင်ကို ယှဉ်နိုင် မှာ မဟုတ်ဘူး…။]
စနစ်၏ စကားကြောင့် လင်းဖန် အနည်းငယ်တော့ မကျေမနပ်ဖြစ်သွားပြီး ချက်ချင်း ပြန်ချေပလိုက်ပြန် သည်။
"ဘယ်သူက ပြောလဲ…. ငါ မန္တန်တွေအတွက် ပိုက်ဆံမသုံးထားဘူးလို့။ ငါ သန့်စင်ခြင်းမန္တန် အတွက် ပိုက်ဆံသုံးထားတယ်လေ…"
[ ဟက်…. ဟုတ်ပါတယ်… ပိုင်ရှင်က သန့်စင်ခြင်းမန္တန်အတွက် ပိုက်ဆံပေးထားတာ မှန်ပါတယ်။ ဒါပေ မဲ့ အဲဒီမန္တန်က တိုက်ခိုက်ရေးမှာ ဘယ်လောက်အစွမ်းထက်မယ်လို့ ပိုင်ရှင် မျှော်လင့်နေတာပါလဲ…]
ဆက်လက်ပြီး ချေပမပြောနိုင်တော့သဖြင့် လင်းဖန်သည် စနစ်နှင့် စကားပြောခြင်းကို ရပ်ဆိုင်းလိုက် သည်။
*ငါ့ရှေ့က အခြေတည်စိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူက ငါ့ကို မယှဉ်နိုင်မှတော့ ငါ ဘာကို စောင့်နေရ မှာလဲ… သူ့ကို အပြတ်ရှင်းပစ်ယုံပဲပေါ့…။*
ချက်ချင်းပင် လင်းဖန်သည် စနစ်ဟင်းလင်းပြင်ထဲမှ ခရမ်းရွှေနတ်နဂါးထီး ကို ထုတ်ယူလိုက်သည်။
ထိုအချိန်တွင် လင်းဖန်၏ လှုပ်ရှားမှုကို မြင်လိုက်ရသော ချန်ရုန်းချိုင်သည်လည်း စတင်၍တိုက်ခိုက် တော့သည်။ သူသည် လင်းဖန်၏ ဒန်တျန်ကို ပစ်မှတ်ထားကာ ပေါ့ပေါ့ပါးပါးပင် တိုက်ခိုက်လိုက်သည်။
သို့သော် ထိုတိုက်ခိုက်မှုမှာ လင်းဖန်ကို မထိမှန်ခဲ့ပေ။ ခရမ်းရွှေနတ်နဂါးထီးက အလွယ်တကူပင် ကာကွယ်လိုက်နိုင်ပြီး လှိုင်းတွန့်လေးတစ်ခုမျှပင် မဖြစ်ပေါ်ခဲ့ပေ။
ဤမမျှော်လင့်ထားသော အခြေအနေကြောင့် ချန်ရုန်းချိုင်သည် တစ်ခုခုတော့ မှားနေပြီဟု သတိကြီးစွာ ထားမိသွားသည်။
*ငါ့ရဲ့ အခြေတည်စိတ်ဝိညာဉ်အဆင့် တိုက်ခိုက်မှုကို ပုံမှန်ဆို ဘယ်သူမှ မခုခံနိုင်ဘူး…ဒါပေမဲ့ သူကတော့ အေးဆေးပဲ။ သူကိုင်ထားတဲ့ ထီးက တကယ့်ကို ထူးခြားတဲ့ မှော်လက်နက်ပဲဖြစ်ရမယ်…*
အခြားတစ်ဖက်တွင်မူ ရန်သူ၏ တိုက်ခိုက်မှုကို ကာကွယ်ပြီးနောက် လင်းဖန်သည် ငြိမ်မနေတော့ပေ။ သူသည် ခရမ်းရွှေနတ်နဂါးထီးကို ခရမ်းရွှေနတ်နဂါးလှံ အဖြစ် ချက်ချင်းပြောင်းလဲကာ ရန်သူကို တိုက်ခိုက်လိုက်သည်။
လင်းဖန်၏ မှော်လက်နက်က သူ၏တိုက်ခိုက်မှုကို ကာကွယ်လိုက်သည်ကို မြင်ရသဖြင့် ချန်ရုန်းချိုင် လည်း လျှော့မတွက်ရဲတော့ပေ။ သူသည် သူ၏ ပျံသန်းနိုင်သော ဓားကို ထုတ်ယူကာ လင်းဖန်၏ လှံချက် ကို အစွမ်းကုန် ခုခံရန် ပြင်လိုက်သည်။
သို့သော် လင်းဖန်၏ ခရမ်းရွှေနတ်နဂါးလှံသည် တစ်ဖက်လူ၏ဓားနှင့် ထိတွေ့လိုက်သည်နှင့် ဓားမှာ ချက်ချင်းပင် အစိပ်စိပ်အမွှာမွှာ ကြေမွသွားပြီး လှံချက်မှာ ချန်ရုန်းချိုင်၏ ခန္ဓာကိုယ်ကို တိုက်ရိုက် ထိုးဖောက်ဝင်ရောက်သွားလေတော့သည်။
ထိုတိုက်ခိုက်မှုမှာ ချန်ရုန်းချိုင်၏ ဒန်တျန်ကို ထိမှန်သွားသဖြင့် နောက်ဆုံးတွင် ချန်ရုန်းချိုင်သည် ထဲကျူး ၏ လမ်းစဉ်အတိုင်းပင် ဒန်တျန် ကွဲအက်သွားကာ သူ၏ အခြေတည်စိတ်ဝိညာဉ်အဆင့် ကျင့်ကြံမှုများ မှာလည်း စတင် ကျဆင်းလာတော့သည်။
ကံကောင်းထောက်မစွာဖြင့် အခြေတည်စိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူများအတွက် အသက်အန္တရာယ် ရှိသော နေရာမှာ ဒန်တျန်တစ်ခုတည်း မဟုတ်တော့ပေ..။ သူတို့၏ ရှေးဟောင်းစိတ်ဝိညာဉ် မှာလည်း အလွန်အစွမ်းထက်ပေသည်။
အခုနေသာ ထွက်မသွားခဲ့လျှင် အသက်အန္တရာယ်ရှိမည်ကို သိသဖြင့် သူသည် သူ၏ အစွမ်းထက်သော ရှေးဟောင်းစိတ်ဝိညာဉ် ကို အသုံးပြုကာ ထွက်ပြေးရန် ချက်ချင်းပြင်ဆင်လိုက်သည်။
သို့သော် သူ ထွက်ပြေးရန် ကြိုးစားနေစဉ်မှာပင် ကြိုးတစ်ချောင်းက လေထဲမှ ရုတ်တရက် ပျံဝဲလာကာ သူ့အား တင်းကျပ်စွာ ချုပ်နှောင်ခြင်းကို ခံလိုက်ရလေတော့သည်။
မှန်ပေသည်။ လင်းဖန်သည် တစ်ဖက်လူ၏ ဒန်တျန်ကို ဖျက်ဆီးပြီးနောက် သူကိုယ်တိုင် သန့်စင်ထား သော 'အင်မော်တယ်ချုပ်နှောင်ကြိုး’ ကို အသုံးပြုလိုက်ခြင်းပင် ဖြစ်သည်။
ဤအင်မော်တယ်ချုပ်နှောင်ကြိုးမှာ ချင်းယွင်ဂိုဏ်းမှ စီနီယာအစ်ကို ဝူ ပိုင်ဆိုင်သော ကြိုးမျိုးကဲ့သို့ မဟုတ်ဘဲ တကယ့် အဆင့် (၃) မှော်ရတနာ ဖြစ်သည်။
စီနီယာအစ်ကို ဝူ၏ အင်မော်တယ်ချုပ်နှောင်ကြိုးကို မြင်ပြီးကတည်းက လင်းဖန်သည် တစ်ခုလောက် သန့်စင် ချင်နေခဲ့ခြင်း ဖြစ်သည်။ သို့သော် သန့်စင်ပြီးကတည်းက အသုံးပြုရန် အခွင့်အရေး မရခဲ့ပေ။ ယနေ့တော့ အသုံးတည့်သွားခဲ့လေပြီ။
အင်မော်တယ်ချုပ်နှောင်ကြိုး (မြည်းတံဆိပ်): အဆင့် (၃) မှော်လက်နက်။
စွမ်းဆောင်ရည်: ပစ်မှတ်ကို အလိုအလျောက် လိုက်လံချည်နှောင်ပြီး ထွက်ပြေးမရအောင် ပြုလုပ်ပေး သည်။ အခြေတည်စိတ်ဝိညာဉ်အဆင့်နှင့် အောက် ကျင့်ကြံသူများကို ထိရောက်မှုရှိသည်။
ဘေးထွက်ဆိုးကျိုး: အနီးအနားတွင် ပိုင်ရှင်နှစ်သက်သော ဆန့်ကျင်ဘက်လိင်ရှိနေပါက ထိုသူကို အလိုအလျောက် ပစ်မှတ်အဖြစ် ထိန်းချုပ်၍မရဘဲ ရွေးချယ်ချုပ်နှောင်သွားလိမ့်မည်။
ထိုအချိန်တွင် အင်မော်တယ်ချုပ်နှောင်ကြိုးဖြင့် ချည်နှောင်ခံထားရသော ချန်ရုန်းချိုင်သည် သူ၏ ရှေးဟောင်းစိတ်ဝိညာဉ်ပါ အချုပ်နှောင်ခံလိုက်ရသဖြင့် စိတ်ဝိညာဉ်ဖြင့် ထွက်ပြေးရန် အစီအစဉ်မှာ လည်း ပျက်ပြားသွားရတော့သည်။
ချန်ရုန်းချိုင်မှာ ခုခံနိုင်စွမ်းမရှိတော့သည်ကို မြင်ရသဖြင့် လင်းဖန်က သူ၏ နောက်ကြောင်းကို စတင် စစ်ဆေးမေးမြန်းတော့သည်။
"ပြောစမ်း၊ မင်းကို ဘယ်သူလွှတ်လိုက်တာလဲ… အမှန်အတိုင်းဖြေရင် မင်းကို လွှတ်ပေးဖို့ ငါ စဉ်းစားပေး မယ်…။"
ခုခံနိုင်စွမ်းမရှိတော့သော ချန်ရုန်းချိုင်သည် ဂေါင်မိသားစုကို သစ္စာဖောက်ရမည့် အကျိုးဆက်များကို ဂရုမစိုက်နိုင်တော့ဘဲ ဖြစ်ကြောင်းကုန်စင်ကို မချွင်းမချန်ဘဲ ပြောပြလေတော့သည်။
တစ်ဖက်လူ ဘာမှ မချွင်းချန်ထားခဲ့ကြောင်း အတည်ပြုပြီးနောက် လင်းဖန်သည် ခရမ်းရွှေနတ်နဂါးလှံ ကို မြှောက်ကာ တစ်ဖက်လူ၏ နှလုံးသားတည့်တည့်ကို ချိန်ရွယ်လိုက်ပြီး အမြန်ဆုံး သေဆုံးသွားစေရန် ပြင်လိုက်သည်။
လင်းဖန်၏ အပြုအမူကို မြင်လိုက်ရသဖြင့် ချန်ရုန်းချိုင်မှာ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
"မင်း... မင်း ကတိဖျက်နေတာပဲ… ငါ့ကို လွှတ်ပေးဖို့ စဉ်းစားပေးမယ်လို့ ပြောခဲ့တယ်မဟုတ်လား…။"
တစ်ဖက်လူ၏ စကားကို ကြားသောအခါ လင်းဖန် စကားပင် မပြောနိုင်တော့ပေ။
*ငါက အရင်က မြင်ဖူးတဲ့ ဇာတ်လမ်းထဲက စကားတစ်ခွန်းကို တုပပြီး နောက်ပြောင်လိုက်တာကို တစ်ဖက်လူက ဘယ်လိုဖြစ်ပြီး အတည်ကြီး ယုံသွားရတာလဲ… သူလည်း မြည်းကန်ခံထားရတာလား။*
*ဘယ်ဇာတ်လမ်း ဒါမှမဟုတ် ဘယ်ဝတ္ထုထဲမှာများ ဒီစကားကို ပြောပြီးရင် တကယ်လွှတ်ပေးခဲ့တာ ရှိလို့လဲ….*
"အော်... ငါ စဉ်းစားပြီးသွားပြီ။ ငါက မြင်းလွှတ်တဲ့သူမှ မဟုတ်တာ မင်းကို ဘာလို့ လွှတ်ပေးရမှာလဲ…။"
(မှတ်ချက် - စဉ်းစားပေးမည်ဟု ပြောခြင်းမှာ စဉ်းစားရုံသာဖြစ်ပြီး လွှတ်ပေးမည်ဟု ကတိမပေးခဲ့ခြင်း ကို ဆိုလိုသည်။)
ထိုသို့ပြောပြီးနောက် လင်းဖန်သည် သူ၏လက်ထဲမှ ခရမ်းရွှေနတ်နဂါးလှံကို တစ်ဖက်လူ၏ နှလုံးသား ထဲသို့ တိုက်ရိုက် ထိုးစိုက်လိုက်လေတော့သည်။
တစ်ဖက်လူ အသက်ပြန်ရှင်မလာစေရန်အတွက် လင်းဖန်သည် စနစ်ဆိုင်မှ အဆင့်မြင့် မီးတောက် အဆောင်ကို ဝယ်ယူကာ တစ်ဖက်လူကို နေရာတင်ပင် ပြာဖြစ်သွားအောင် မီးရှို့လိုက်သည်။
ထို့နောက် ဆိုင်ထဲမှ တံမြက်စည်းကို ယူကာ ပြာများကို ဆိုင်တံခါးအပြင်ဘက်သို့ လှဲထုတ်ပစ်လိုက် သည်။ လေတစ်ချက် အဝှေ့တွင် ထိုပြာများမှာလည်း လေထဲသို့ လွင့်စင်ပျောက်ကွယ်သွားတော့သည်။
ချန်ရုန်းချိုင်ကို သတ်လိုက်ခြင်းမှာ အစပြုခြင်းမျှသာ ရှိသေးသည်။ လင်းဖန်သည် ဤကိစ္စ၏ နောက် ကွယ်မှ စေခိုင်းသူ မည်သူ့ကိုမျှ လွှတ်ပေးရန် ရည်ရွယ်ချက် မရှိပေ။
မှောင်မည်းပြီး လေတိုက်သော ညတစ်ညတွင် လင်းဖန်သည် ဂေါင်မိသားစုဆီသို့ သေချာပေါက် သွားပါ လိမ့်မည်။ ဂေါင်မိသားစုကို ရှင်းလင်းပြီးနောက် လျူမိသားစုဆီသို့လည်း သွားရန် လိုအပ်သည်။ ဂေါင်မြောင်ကို သူတို့က ခေါ်လာခဲ့ခြင်း ဖြစ်သဖြင့် လျူသခင်လေးသည်လည်း တာဝန်ရှိပေသည်။
ချန်ရုန်းချိုင်၏ ဝန်ခံချက်အရ လင်းဖန်သည် ဂေါင်မိသားစု တည်ရှိရာနေရာနှင့် ဂေါင်မိသားစုတွင် အင်အားအကောင်းဆုံးသူမှာ ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးသာ ဖြစ်ကြောင်း သိလိုက်ရသည်။
*ငါ့ရဲ့ အခု အခြေတည်စိတ်ဝိညာဉ်အဆင့် ကျင့်ကြံမှုနဲ့ဆိုရင် ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့်ကို ယှဉ်နိုင် မှာ မဟုတ်ဘူး။ ဒါ့အပြင် ထဲကျူးက သတိမေ့နေတုန်းပဲ။ သူ့ရဲ့ ဒန်တျန်ကို ပြန်ပြုပြင်ဖို့ဆိုရင် ငါက နတ်ဘုရားအသွင်ပြောင်းခြင်းအဆင့် ကို ရောက်ဖို့လိုသလို အဆင့် (၅) ဆေးလုံးကိုလည်း သန့်စင်ဖို့ လိုလိမ့်မယ်ထင်တယ်…။*
*ကြည့်ရတာ ငါ့ရဲ့ ကျင့်ကြံမှုအဆင့်ကို ပိုက်ဆံနဲ့ မြှင့်ရမယ့် အချိန်ရောက်ပြီ ထင်တယ်…။*
*ဦးလေးလီတို့ဆီက ရခဲ့တဲ့ စိတ်ဝိညာဉ်ကျောက်တုံးတွေက ငါ့ကို အခြေတည်စိတ်ဝိညာဉ်အဆင့်အထိ ရောက်စေဖို့ လုံလောက်ပေမယ့် ငါက စီးပွားရေးလုပ်ဖို့အတွက် ကျောက်တုံးအချို့ ချန်ထားချင်လို့ ရွှေအမြုတေအဆင့်မှာပဲ ရပ်ထားခဲ့တာ…။*
စနစ်မှ ပစ္စည်းများဝယ်ပြီး ဆေးလုံးများနှင့် လက်နက်များ သန့်စင်လိုက်ခြင်းကြောင့် ကျောက်တုံး တော်တော်များ ကုန်သွားခဲ့သော်လည်း လျူသခင်လေးဆီက ရလိုက်သော ကျောက်တုံးများက ထို အရှုံးကို ပြန်ကာမိနိုင်ခဲ့သည်ပင်။
*အခြေတည်စိတ်ဝိညာဉ်အဆင့်ကို ပြန်မြှင့်လိုက်တာကတော့ လုံလောက်မှာပါ ဒါပေမဲ့ မြှင့်ပြီးသွားရင် တော့ ငါတော့ ထပ်ပြီး မွဲပြာကျသွားဦးမှာပဲ…။*
*ဂေါင်မိသားစုနဲ့ လျူမိသားစုဆီက ငါ့ရဲ့ အရှုံးတွေကို ပြန်ရနိုင်လိမ့်မယ်လို့ပဲ မျှော်လင့်ရတာပေါ့….။*
ဆုံးဖြတ်ချက် ချပြီးနောက် လင်းဖန် ဆိုင်ပိတ်လိုက်ပြီး ထဲကျူးကို နောက်ဖေးရှိ အခန်းထဲသို့ ခေါ်သွား ကာ အနားယူခိုင်းထားလိုက်သည်။
ထိုသို့လုပ်ဆောင်ပြီးနောက် လင်းဖန်သည် သူ၏ ကျင့်ကြံမှုအဆင့် အချက်အလက်များကို ချက်ချင်း စစ်ဆေးလိုက်သည်။
ပိုင်ရှင် လင်းဖန်: အခြေတည်စိတ်ဝိညာဉ်အဆင့် (အစောပိုင်း)
အဆင့်တက်ရန် လိုအပ်ချက်: (၀/၂၀,၀၀၀ အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး)
"အသုံးမကျတဲ့ စနစ်ရေ... ငါ့ရဲ့ ကျင့်ကြံမှုကို မြှင့်လိုက်စမ်း…။"
လင်းဖန်၏ အမိန့်ကို ရသည်နှင့် စနစ်သည် ချက်ချင်း စတင်၍ အလုပ်စလုပ်လေတော့သည်။
[ကောင်းပါပြီ…. ပိုင်ရှင်က အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး (၂၀,၀၀၀) သုံးလိုက်ပါပြီ။ ဂုဏ်ယူပါတယ် ပိုင်ရှင်… အခြေတည်စိတ်ဝိညာဉ်အဆင့် (အလယ်ပိုင်း) ကို ရောက်ရှိသွားပါပြီ။]
[အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး (၃၀,၀၀၀) ထပ်မံအသုံးပြုလိုက်ပါပြီ။ ဂုဏ်ယူပါ တယ် ပိုင်ရှင်… အခြေတည်စိတ်ဝိညာဉ်အဆင့် (နှောင်းပိုင်း) ကို ရောက်ရှိသွားပါပြီ…။]
[အကယ်၍ ပိုင်ရှင်ဆီမှာ အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး မလောက်ဘူးဆိုရင် အနိမ့် စားစိတ်ဝိညာဉ်ကျောက်တုံးတွေကို အလိုအလျောက် ပြောင်းလဲပေးမှာ ဖြစ်ပါတယ်။ ဝန်ဆောင်ခ ကတော့ (၁%) ပေးရမှာ ဖြစ်ပါတယ်…။]
[အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး (၄၀,၀၀၀) ထပ်မံအသုံးပြုလိုက်ပါပြီ။ ဂုဏ်ယူပါ တယ် ပိုင်ရှင်… အခြေတည်စိတ်ဝိညာဉ်အဆင့် (အထွတ်အထိပ်) ကို ရောက်ရှိသွားပါပြီ။]
ဝန်ဆောင်ခ (၁%) ပေးရသောကြောင့် လင်းဖန် ဒေါသထွက်သွားသော်လည်း သူ ဘာမှ မတတ်နိုင်ပေ…. သူ့မှာ အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးတွေ လုံလုံလောက်လောက်မရှိမှတော့ သူ ဘာများတတ်နိုင်ပါမည်နည်း….