← Chapters

အခန်း ၈၁

Vol. 9 Ch. 81

အခန်း ၈၁

Vol. 9 Ch. 81

အခန်း (၈၁) လမိုက်ညသည် လူသတ်ရန် အကောင်းဆုံးဖြစ်၍ လေပြင်းတိုက်သောအချိန်သည် မီးလောင်တိုက်သွင်းရန်အကောင်းဆုံးအချိန်ဖြစ်၏

အဆင့်နိမ့်စိတ်ဝိညာဉ်ကျောက်တုံးနှင့် အဆင့်လတ်စိတ်ဝိညာဉ်ကျောက်တုံးတို့၏ လဲလှယ်နှုန်းမှာ (၁%) ဖြစ်သော်လည်း လက်တွေ့တွင် အဆင့်လတ်ကျောက်တုံးများက ပို၍တန်ဖိုးရှိလေသည်။ အကယ်၍ ဤလောကရှိ အခြားကုန်သည်များထံတွင် သွားရောက်လဲလှယ်မည်ဆိုပါက ဝန်ဆောင်ခမှာ စနစ် ထက် ပင်ပို၍ များပြားနိုင်ပေသည်။

ကျင့်ကြံမှုအဆင့်မှာ အခြေတည်စိတ်ဝိညာဉ်အဆင့် သို့ ရောက်ရှိနေပြီဖြစ်သော လင်းဖန်သည် စနစ် သိုလှောင်ခန်းအတွင်းသို့ ကြည့်လိုက်သည်။ စနစ်ထဲတွင် အဆင့်နိမ့်စိတ်ဝိညာဉ်ကျောက်တုံး များမှာ သောင်းဂဏန်းခန့်သာ ကျန်တော့သည်ကို မြင်လိုက်ရသောအခါ လင်းဖန် နှလုံးသားထဲမှ တဆစ်ဆစ် နာကျင်သွားရ၏။

"အခုတော့ ငါဟာ တစ်ပြားမှမရှိတဲ့ လူမွဲ ပြန်ဖြစ်သွားပြီပေါ့…."

လီယွမ်ဖေးနှင့် သူ၏ဆရာပေးထားသော စိတ်ဝိညာဉ်ကျောက်တုံးများ၊ သွေးမိစ္ဆာဂိုဏ်းထံမှ လုယက်လာ သော ကျောက်တုံးများအားလုံးမှာ ယခုမူ ကုန်စင်သွားပြီဖြစ်၏ ။ ကံကောင်းသည်မှာ သူ၏လက်ထဲတွင် ထိပ်တန်းဆေးလုံးများနှင့် မှော်ရတနာများစွာ ကျန်ရှိနေသေးသဖြင့် အခြေအနေကို ပြန်လည် လည်ပတ် နိုင်ရန် အခွင့်အရေးရှိပေသေးသည်။

"ဒီကိစ္စကို ဖြေရှင်းပြီးရင်တော့ ငါ့ရဲ့နောက်ထပ်ဦးစားပေးက ငါ့ပစ္စည်းတွေကို ဝယ်မယ့် သားကောင် တစ်ကောင်ကောင်ကို ရှာဖို့ပဲ….။"

အချိန်များမှာ လျင်မြန်စွာ ကုန်ဆုံးသွားပြီး ညနေခင်းသို့ ရောက်ရှိလာခဲ့သည်။ လင်းဖန်သည် ဆိုင်ထဲမှ ထွက်လာပြီး ဂေါင်မိသားစု၏ စံအိမ်ရှိရာသို့ သွားရန် ဦးတည်လိုက်သည်။

လမိုက်ညသည် လူသတ်ရန် အကောင်းဆုံးဖြစ်၍ လေပြင်းတိုက်သောအချိန်သည် မီးလောင်တိုက် သွင်းရန်အကောင်းဆုံးအချိန်ဖြစ်တော့သည်။

မကြာမီမှာပင် ခရမ်းရွှေနတ်နဂါးထီးကို ကိုင်ဆောင်ထားသော လင်းဖန်သည် ဂေါင်မိသားစု၏ စံအိမ် တံခါးဝသို့ ရောက်ရှိလာခဲ့သည်။ ဂေါင်မိသားစုစံအိမ် တံခါးဝရှိ အစောင့်နှစ်ယောက်မှာ ချဉ်းကပ်လာ သော လင်းဖန်ကို မြင်လိုက်ရုံနှင့်ပင် တစ်ခုခုထူးဆန်းနေကြောင်း ခံစားလိုက်ရသည်။

*နေလည်းမပူ၊ မိုးလည်းမရွာဘဲ ညဉ့်နက်သန်းခေါင်ယံကြီးမှာ ဘာလို့ ထီးကြီးဆောင်းထားရတာလဲ။*

"ဟေ့ ကောင်လေး... ဒါက ဂေါင်မိသားစု စံအိမ်ပဲ။ မသက်ဆိုင်တဲ့သူဆိုရင် ချက်ခြင်း ထွက်သွားစမ်း…"

အစောင့်၏ စကားကို ကြားသောအခါ လင်းဖန်က ခေါင်းမော့လိုက်ပြီး အေးစက်စွာပင် ပြောလိုက်သည်။

"မင်းတို့က ဂေါင်မိသားစုထဲကို သွားမှာလား။ တိုက်ဆိုင်တာပဲ ငါလည်း အဲ့ဒီကို သွားမလို့ပဲ။ မင်းတို့က ဂေါင်မိသားစုဝင်တွေလား။ တကယ်လို့ မိသားစုဝင် မဟုတ်ဘူးဆိုရင် အခုချက်ခြင်း ထွက်သွားကြတော့ … ဘာလို့လဲဆိုတော့ ဒီည ဒီနေရာမှာ သွေးချောင်းစီးတော့မှာမို့လို့ပဲ….။"

လင်းဖန်၏ စကားဆုံးသည်နှင့် တစ်ပြိုင်နက် အစောင့်နှစ်ယောက်မှာ တစ်ဖက်လူသည် ရန်သူ ဖြစ် ကြောင်း သိရှိသွားပြီး ချက်ခြင်းပင် လှုပ်ရှားလိုက်ကြသည်။ တစ်ဦးက မိသားစုအတွင်းသို့ အချက်ပေး သည့်အနေဖြင့် အချက်ပြလွှတ်လိုက်ပြီး ကျန်တစ်ဦးကမူ ဓားကိုဆွဲထုတ်ကာ လင်းဖန်ထံသို့ ပြေးဝင်ကာ တိုက်ခိုက်လေတော့သည်။

သူ၏ အကြံပြုချက်ကို နားမထောင်သူနှစ်ဦးကို ကြည့်ပြီး လင်းဖန် သက်ပြင်းချလိုက်မိသည်။

"ဟေ့... ငါကတော့ အကျိုးအမြတ် သိပ်မရှိတဲ့ မင်းတို့လို ကံကြမ္မာ လေးတွေကို တကယ်မသတ် ချင်ပါဘူး ငါ့အချိန်တွေကို ဖြုန်းတီးနေရသလိုပဲ…။"

သူ ပြောနေစဉ်မှာပင် ထီးလက်ကိုင်အတွင်းရှိ ခရမ်းရွှေနတ်နဂါးဓားမှာ ချက်ခြင်းပင် ဓားအိမ်မှထွက်လာ ပြီး လင်းဖန်၏ စိတ်ဝိညာဉ်ထိန်းချုပ်မှုအောက်တွင် မျက်တောင်တစ်ခတ်အတွင်း အစောင့်နှစ်ဦး၏ လည်ပင်းကို လှီးဖြတ်လိုက်လေတော့သည်။

အစောင့်များကို ဖြေရှင်းပြီးနောက် လင်းဖန်သည် နတ်နဂါးထီးကို ဆောင်းလျက် ဂေါင်မိသားစုစံအိမ် တံခါးအတွင်းသို့ ဆက်လက်ဝင်ရောက်ခဲ့လေသည်။ နတ်နဂါးဓားမှာမူ သူ၏ စိတ်ဝိညာဉ်ထိန်းချုပ်မှုဖြင့် သူ၏ဘေးတွင် ဝဲပျံနေလျှက်ရှိ၏။

အစောင့်ပေးလိုက်သော အချက်ပြမှုကြောင့် ဖြစ်နိုင်သည်။ လင်းဖန် ဝင်သွားပြီးနောက် ကျင့်ကြံသူ အများအပြား ထွက်လာကြပြီး သူ့အား ဝိုင်းထားလိုက်ကြသည်။ ကံဆိုးကြသည်မှာ ထိုသူများထဲတွင် အမြင့်ဆုံးအဆင့်မှာ ရွှေအမြုတေအဆင့် မျှသာ ရှိကြလေသည်။

လင်းဖန်သည် ထိုသူတို့ကို လှည့်ပင်မကြည့်ပေ။ သူ၏ဘေးရှိ ခရမ်းရွှေနတ်နဂါးဓားက ထိုသူများကို တစ်ယောက်ပြီးတစ်ယောက် သတ်ဖြတ်သွားခဲ့လေသည်။

"လင်းဖန်သည် ဂေါင်မိသားစုအိမ်တော်၏ အနက်ရှိုင်းဆုံးနေရာသို့ ခြေလှမ်းကျဲကြီးများဖြင့် တိုးဝင် သွားစဉ် လမ်းတစ်လျှောက်တွင် တားဆီးရန် ရောက်ရှိလာသော အစောင့်အကြပ်များမှာ ဒီရေပမာ များပြားလှ၏။ သို့သော်လည်း သူ၏ခြေလှမ်းများမှာ တုန့်ဆိုင်းသွားခြင်းမရှိဘဲ သူဖြတ်သန်းသွားရာ လမ်းတစ်လျှောက်တွင် သွေးစက်များဖြင့် ရဲရဲနီကာ အသက်မဲ့ခန္ဓာများမှာလည်း အရွက်ကြွေသဖွယ် နောက်ကွယ်တွင် ပြန့်ကျဲကျန်ရစ်ခဲ့လေတော့သည်။

ဤသို့ဖြင့် လင်းဖန်သည် ခြေဆယ်လှမ်းလျှင် လူတစ်ယောက်နှုန်းဖြင့် မရေတွက်မရနိုင်သော လူများကို သတ်ဖြတ်ပြီးနောက် ဂေါင်မိသားစု၏ အဆင့်မြင့်ကျင့်ကြံသူများ နောက်ဆုံးတွင် ထွက်လာခဲ့သည်။

ဤတစ်ကြိမ်တွင် အခြေတည်စိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူ သုံးဦးနှင့် နတ်ဘုရားအသွင်ပြောင်းခြင်း အဆင့် ကျင့်ကြံသူ ရှစ်ဦး ပါဝင်လေသည်။ ဤသည်မှာ ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူ များကို ဖယ်ထုတ်လျှင် ဂေါင်မိသားစု၏ အဆင့်မြင့် တိုက်ခိုက်ရေးအင်အားစု အားလုံးပင် ဖြစ်သည်။

"မင်းက ဘယ်သူလဲ။ ငါတို့ဂေါင်မိသားစုထဲကို ကျူးကျော်ဝင်ရောက်ပြီး ဒီလောက်တောင် လူအများ ကြီးကို သတ်ရဲရအောင် ငါတို့ ဂေါင်မိသားစုမှာ အားကိုးမယ့်သူ မရှိဘူးလို့ ထင်နေတာလား…."

တစ်ဖက်လူ၏ စကားကို ကြားသောအခါ လင်းဖန်မှာ စကားပင်ပြန်မပြောနိုင်တော့ပေ။

"ငါ တကယ်နားမလည်ဘူး မင်းတို့ ဘာလို့ စောစောကတည်းက ထွက်မလာတာလဲ..ဘာလို့ အခုမှ လာမေးနေတာလဲ…"

"လာသမျှလူတွေက ငါ့ကို မြင်တာနဲ့ စကားတစ်ခွန်းမှမပြောဘဲ သတ်ဖို့ပဲ ကြိုးစားနေကြတာ။ ငါ့ကိုငါ ကျိန်ပြောရဲပါတယ်… ငါ တကယ်ပဲ ဒီလောက်အများကြီး သတ်ဖို့ ရည်ရွယ်ချက်မရှိခဲ့ပါဘူး…."

"ခင်ဗျားတို့ကလည်း တကယ်ပါပဲ ဘာလို့ စောစောစီးစီး မထွက်လာကြတာလဲ။ ငါ ဒီလောက် လူအများ ကြီးကို သတ်ပြီးမှ ထွက်လာရသလား…။"

"ခင်ဗျားတို့မှာ အားကိုးစရာလူမရှိလို့ ငါက အနိုင်ကျင့်နေတယ်လို့ လာမေးနေသေးတယ်.. ခင်ဗျားတို့မှာ လူရှိမရှိ ငါမသိဘူးလို့ ထင်နေလား။ ငါ ဒီလောက်တောင် လူတွေသတ်ထားတာ ခင်ဗျားတို့ကို ဒီအတိုင်း လွှတ်ပေးမယ်လို့ ထင်နေလား။ ခင်ဗျားတို့မှာ အားကိုးစရာလူ ရှိခဲ့ရင်တောင် အဲဒီလူကို ဒီအတိုင်း လွှတ် ပေးထားမှာမဟုတ်ဘူး….။"

လင်းဖန်၏ စကားများကို ကြားသောအခါ အခြေတည်စိတ်ဝိညာဉ်ကျင့်ကြံသူများမှာ ဒေါသထွက်သွား ကြသည်။ မှန်ပါသည် ဂေါင်မိသားစုမှာ ယခင်က အလွန်အင်အားကြီးမားခဲ့သော်လည်း ယခုမူ လင်းဖန် က သတ်ဖြတ်ခဲ့သဖြင့် တစ်မိသားစုလုံးတွင် လူမကျန်သလောက် ဖြစ်နေပြီဖြစ်သည်။

"ဟမ့်... အကြောင်းပြချက်က ဘာပဲဖြစ်ဖြစ် ဒီနေ့ ငါ့ဂေါင်မိသားစုကို ကျူးကျော်ဝင်ရောက်လာတဲ့ အတွက် မင်းရဲ့အသက်ကို ဒီမှာပဲ ထားခဲ့ရလိမ့်မယ်…။"

ထိုသို့ပြောပြီးနောက် အခြေတည်စိတ်ဝိညာဉ်ကျင့်ကြံသူ သုံးဦးသည် လင်းဖန်ကို ချက်ခြင်း တိုက်ခိုက် တော့သည်။

"ကြည့်စမ်း... ကြည့်စမ်း... မင်းတို့က စကားပြောဖို့ ရည်ရွယ်ချက်မရှိဘဲနဲ့ ခုနက ဘာလို့ အပိုတွေ လာမေးနေတာလဲ…"

ထိုသို့ဆိုကာ လင်းဖန်သည် ချက်ခြင်းပင် သတ်ဖြတ်ခြင်းကို စတင်လေတော့သည်။ ဤအခြေတည်စိတ် ဝိညာဉ်ကျင့်အဆင့် ကျင့်ကြံသူများကို သတ်ပြီးလျှင်တော့ သူတို့၏ ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူများ ထွက်လာရတော့မည် မဟုတ်ပါလား။

နှစ်ဖက်စလုံး ရင်ဆိုင်မိပြီးနောက် တစ်ကြိမ်တိုက်ခိုက်ရုံဖြင့် ဂေါင်မိသားစုမှ အခြေတည်စိတ်ဝိညာဉ် အဆင့် ကျင့်ကြံသူတစ်ဦးမှာ လင်းဖန်၏ ဓားချက်အောက်တွင် အသက်ပျောက်သွားခဲ့ရသည်။

လင်းဖန် ဆက်လက်သတ်ဖြတ်ရန် ပြင်နေစဉ်မှာပင် ဂေါင်မိသားစု၏ အနက်ရှိုင်းဆုံးနေရာမှ ကျင့်ကြံသူ တစ်ဦး ရုတ်တရက် ပျံသန်းထွက်လာခဲ့သည်။ စိတ်ဝိညာဉ်စွမ်းအား ရိုက်ခတ်မှုအရ တစ်ဖက်လူမှာ ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူဖြစ်ရကြောင်းသိလိုက်သည်။ ထိုသူမှာ ဂေါင်မိသားစု၏ အကြီးအကဲ ဂေါင်ချုန်းရှန်း ပင် ဖြစ်သည်။

ဂေါင်ချုန်းရှန်း ရောက်ရှိလာသောအခါ လင်းဖန်သည် သူ့ကိုကြည့်ပြီး တစ်ဖက်လူ ဘာကြောင့် ထွက်လာ ရန် နောက်ကျနေရသနည်းဆိုသည်ကို နားလည်သွားသည်။ ယခုအချိန်တွင် ဂေါင်ချုန်းရှန်းသည် အားအင်ကုန်ခမ်းနေဟန်ရှိပြီး နှုတ်ခမ်းထောင့်တွင်လည်း သွေးများ စီးကျနေသည်။ သူ၏ ကျင့်ကြံမှု အဆင့်မှာလည်း ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့် အထွတ်အထိပ်နှင့် ပေါင်းစည်းခြင်းအဆင့် ကြားတွင် လှုပ်ခတ်နေသည်။

ထိုအခြေအနေကို ကြည့်ရသည်မှာ သူသည် ပေါင်းစည်းခြင်းအဆင့်သို့ တက်လှမ်းရန် ကြိုးစားနေစဉ်မှာ နှောင့်ယှက်ခံလိုက်ရခြင်း ဖြစ်ဟန်တူသည်။ အကယ်၍ ထိုသို့ဆိုလျှင် ခုနက အခြေတည်စိတ်ဝိညာဉ် ကျင့်ကြံသူများမှာ သူ့ကို ကာကွယ်ပေးနေခြင်းသာ ဖြစ်ပေလိမ့်မည်။

*အမယ်လေး... ငါက ဒီကလေးတွေကို အထင်လွဲသွားတာပဲ။ သူတို့က မျိုးနွယ်စုထဲမှာ လူတွေ အရမ်း များနေလို့ ငါ့ကို လာလျှော့ခိုင်းတယ်လို့ ထင်နေမိတာ…။*

လင်းဖန် စိတ်ထဲမှ တွေးလိုက်မိသည်။

ယခုအချိန်တွင် ဂေါင်ချုန်းရှန်းမှာ ပေါင်းစည်းခြင်းအဆင့်သို့ တက်လှမ်းရန် ပျက်ကွက်ခဲ့ရသဖြင့် သူ၏ မကျေနပ်ချက် ဒေါသအားလုံးကို လင်းဖန်ထံသို့ ပုံချလိုက်တော့သည်။ ထို့ကြောင့် သူရောက်သည်နှင့် သူ၏ ဒဏ်ရာများကို ဂရုမစိုက်တော့ဘဲ လင်းဖန်ကို ချက်ခြင်း တိုက်ခိုက်လေတော့သည်။

ဂေါင်ချုန်းရှန်း၏ တိုက်ခိုက်မှုက သူ၏ အစောင့်အရှောက်ရုပ်သေး ကို ထွက်လာအောင် မပြုလုပ် နိုင်သည်ကို မြင်သောအခါ လင်းဖန်က တစ်ဖက်လူသည် သူ့အတွက် အန္ဓရာယ်ရှိသောခြိမ်းခြောက်မှု မဖြစ်နိုင်ကြောင်း သိလိုက်ရသည်။

*ဒီလိုဆိုရင်တော့ သူ့ကို လေ့ကျင့်ဖော်အဖြစ် သုံးပြီး တိုက်ပွဲအတွေ့အကြုံ ယူရတာပေါ့…။*

ချက်ခြင်းပင် လင်းဖန်သည် ဘယ်လက်တွင် ခရမ်းရွှေနတ်နဂါးထီးကို ကိုင်ကာ ညာလက်တွင် ခရမ်းရွှေ နတ်နဂါးဓားကို ကိုင်လျက် ပြိုင်ဘက်နှင့် ရင်ဆိုင်တိုက်ခိုက်လိုက်သည်။

ဂေါင်ချုန်းရှန်း၏ တိုက်ခိုက်မှုအားလုံးကို ခရမ်းရွှေနတ်နဂါးထီးဖြင့် အသေအချာ ခုခံနိုင်ခဲ့ပြီး လင်းဖန်၏ ခရမ်းရွှေနတ်နဂါးဓားမှာမူ ပြိုင်ဘက်၏ ကိုယ်ပေါ်တွင် ဒဏ်ရာတစ်ခုပြီးတစ်ခု ထင်ကျန်စေခဲ့သည်။ ဂေါင်ချုန်းရှန်းမှာ ကျင့်ကြံမှုအဆင့်တက်ရန် ပျက်ကွက်ခဲ့သည့် ဒဏ်ရာများကြောင့် အားနည်းနေပြီး သားဖြစ်ရာ နောက်ဆုံးတွင် လင်းဖန်ကို မယှဉ်နိုင်ဘဲ လင်းဖန်၏ ဓားချက်တစ်ချက်အောက်တွင် သေဆုံးသွား ခဲ့ရလေတော့သည်။

ဂုဏ်သိက္ခာကြီးမားလှသော ဂေါင်မိသားစု၏ အကြီးအကဲ၊ ပေါင်းစည်းခြင်းအဆင့်သို့ တက်လှမ်းရန် နီးစပ်နေသော ကျင့်ကြံသူကြီးမှာ သေခါနီးအချိန်အထိ လင်းဖန်နှင့် သူတို့ကြားတွင် မည်သည့်ရန်ငြိုးရှိ သည်ကိုပင် သိရှိမသွားရှာပေ။

အကြီးအကဲ သေဆုံးသွားပြီဖြစ်သဖြင့် ကျန်ရှိနေသော အခြေတည်စိတ်ဝိညာဉ်ကျင့်ကြံသူများမှာ ဆက်လက်ခုခံရန် စိတ်မကူးတော့ပေ။

"စီနီယာ... ကျေးဇူးပြုပြီး ကျွန်တော်တို့ အသက်ကို ချမ်းသာပေးပါ။ စီနီယာ ခိုင်းတာမှန်သမျှ လုပ်ပါ့မယ် ကျွန်တော်တို့ကို အသက်ချမ်းသာပေးပါ…။"

တစ်ဖက်လူက သူ့ကို ထပ်မံ အသနားခံနေသည်ကို ကြားသောအခါ လင်းဖန် စကားပင်မပြောနိုင်တော့ ပေ။

"တကယ်တော့ ငါက မင်းတို့နဲ့ ကြီးကြီးမားမား ရန်ငြိုးမရှိပါဘူး။ မင်းတို့ ဂေါင်မိသားစုဝင်တစ်ယောက် ဖြစ်တဲ့ ဂေါင်မြောင် က ငါ့ဆိုင်ကို လာပြီး ငါ့ရဲ့ ဆိုင်အကူလေးရဲ့ ကျင့်ကြံမှုကို ဖျက်စီးပစ်ခဲ့လို့ ငါက သူ့အတွက် လက်စားလာချေတာပဲ….။"

လင်းဖန်က အကြောင်းအရင်းကို ရှင်းပြလိုက်သောအခါ ကျန်ရှိနေသော ကျင့်ကြံသူများမှာ ငိုချင်စိတ်ပင် ပေါက်သွားတော့သည်။ ဤကဲ့သို့ ကြေကွဲစရာ ဖြစ်ရပ်ဆိုးကြီးမှာ ဆိုင်အကူ တစ်ယောက်ကြောင့် ဖြစ်ခဲ့ ရသည်တဲ့လား။

*ငါတို့ အကြီးအကဲကတော့ တကယ့်ကို မတရား သေဆုံးခဲ့ရတာပဲ သူ့ရဲ့ မျိုးဆက်တွေကြောင့် သစ္စာ ဖောက်ခံရပြီး သေခဲ့ရတာပဲ…။*

ထိုသို့ တွေးမိရင်း ကျင့်ကြံသူတစ်ဦးက တိုက်ရိုက်ပင် ပြောလိုက်သည်။

"စီနီယာ... ကျွန်မ သွားပြီး အဲ့ဒီတိရစ္ဆာန်ကောင်ကို ဖမ်းလာခဲ့ပါ့မယ် ပြီးရင် စီနီယာ စိတ်ကြိုက် အပြစ် ပေးဖို့ လက်ထဲအပ်ပါ့မယ်…"

လင်းဖန် ကိုယ်တိုင် ရှာဖွေနိုင်သော်လည်း တစ်ဖက်လူက လုပ်ပေးမည်ဟု ဆိုသဖြင့် သူကိုယ်တိုင် လိုက်ရှာရန်လည်း ပျင်းနေသောကြောင့် သဘောတူလိုက်သည်။

"အဲ့ဒါက ပိုကောင်းတာပေါ့။ မင်းတို့ အစကတည်းက ဒီလိုလုပ်ခဲ့ရင် ဒီလောက် လူတွေအများကြီး သေမှာ မဟုတ်ဘူး…။"

ထိုသို့ ပြောလိုက်သည်နှင့် ကျင့်ကြံသူမှာ မျက်စိမျက်နှာပျက်စွာဖြင့် ဂေါင်မြောင်ရှိရာ စံအိမ်ဆီသို့ ချက်ခြင်း ပျံသန်းသွားတော့သည်။ မကြာမီမှာပင် မျက်နှာတစ်ခုလုံး ဖူးရောင်နေသော ဂေါင်မြောင်ကို ထိုကျင့်ကြံသူက ကြက်ကလေးတစ်ကောင်သကဲ့သို့ ဖမ်းခေါ်လာခဲ့လေတော့သည်။

All Chapters