အခန်း ၈၃
Vol. 9 Ch. 83
အခန်း (၈၃) ဒီညတော့ အိပ်ပျော်ဖို့ ခက်ခဲဦးမှာပဲ
မမျှော်လင့်ဘဲ မတရားစွပ်စွဲခံလိုက်ရသော စနစ်သည် ချက်ချင်းပင် ပြန်လည်ချေပလေသည်။
[ပိုင်ရှင်... ဘာတွေတွေးနေတာလဲ… ဒီအစောင့်အရှောက်ရုပ်သေးက ပိုင်ရှင်အန္တရာယ်ရှိနေတာကို အာရုံခံမိလို့သာ အလိုအလျောက် ထွက်လာတာပါ..]
လင်းဖန်ကတော့ စနစ်၏ ရှင်းပြချက်ကို လုံးဝမယုံကြည်ပေ။
"အန္တရာယ်ဟုတ်လား… ဘယ်မှာလဲ အဲ့ဒီအန္တရာယ်…။ ငါ့ကြည့်ရသလောက်တော့ ဒီရုပ်သေးကသာ အကြီးမားဆုံး အန္တရာယ်ပဲ…"
"ဒီလောက်ညနက်သန်းခေါင်ကြီးမှာ ငါ့အခန်းထဲကို ဒီလောက်လှပတဲ့ ဝတ်စုံနဲ့ ပေါ်လာတာက ငါ့ကို ပြစ်မှုကျူးလွန်မိအောင် မြှူဆွယ်နေတာ မဟုတ်ဘူးလား….။"
"ငါ ပြောလိုက်မယ်... ငါ အဲဒီအကွက်ထဲ မဝင်ဘူး။ ငါ့ဆီက စိတ်ဝိညာဉ်ကျောက်တုံးတွေကို လိမ်ထုတ်ဖို့ စိတ်ကူးနေရင်တော့ အိပ်မက်ပဲ မက်နေလိုက်တော့….။"
[စနစ်ကို မစွပ်စွဲပါနဲ့… ပိုင်ရှင်ဆီမှာ ကျန်နေသေးတဲ့ စိတ်ဝိညာဉ်ကျောက်တုံးလေးတွေကို မက်မော နေလိမ့်မယ်လို့ ထင်နေတာပါလား..]
[ပိုင်ရှင် အနီးအနားမှာ ကျွမ်းကျင်တဲ့ ကျင့်ကြံသူတစ်ယောက်က စောင့်ကြည့်နေတာ သေချာသလောက် ရှိတယ် ဒါကြောင့် ရုပ်သေးက အလိုအလျောက် ထွက်လာတာပါ]
ဤရှင်းပြချက်က လင်းဖန်ကို ပို၍ပင် ဇဝေဇဝါဖြစ်သွားစေသည်။
"တိုက်ခိုက်ခံရမှ ထွက်လာရမှာ မဟုတ်ဘူးလား… အခု ဘာတိုက်ခိုက်မှုမှ မရှိသေးဘူးလေ…။"
[ပိုင်ရှင်ကို ပစ်မှတ်ထားနေတဲ့သူက မဟာယာနအဆင့် ဒါမှမဟုတ် အတိဒုက္ခအဆင့် ကျင့်ကြံသူ ဖြစ်နိုင် တယ်…]
[အဲဒီလို ကျင့်ကြံသူမျိုးတွေက လှုပ်ရှားတာက အရမ်းမြန်ပြီး နည်းလမ်းပေါင်းစုံရှိတယ်။ အစောင့် အရှောက်ရုပ်သေးသာ ကြိုတင်မထွက်လာရင် သူတို့ရဲ့ တိုက်ခိုက်မှုကို အချိန်မီ တုံ့ပြန်နိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် ကြိုတင်ဖြေရှင်းဖို့ ထွက်လာတာပဲ…]
"ဒါလည်း အဓိပ္ပာယ်မရှိသေးပါဘူး။ အရင်တုန်းက ဦးလေးကျောက်ရဲ့ ဆရာ လျူအန်းရှန်း ပေါ်လာတုန်း ကကျတော့ ဘာလို့ ရုပ်သေးက ထွက်မလာတာလဲ…။"
[အဲဒီတုန်းက လူတွေအများကြီးရှိနေတာလေ လျူအန်းရှန်းရဲ့ အာရုံက သွေးမိစ္ဆာဂိုဏ်းက ရန်သူတွေနဲ့ သူ့တပည့်တွေအပေါ်မှာပဲ ရှိနေတာ ပိုင်ရှင်ကို ဘယ်သူမှ သတိမထားမိကြဘူး။ အခုလိုမျိုး အစွမ်းထက် တဲ့ ကျင့်ကြံသူတစ်ယောက်က ပိုင်ရှင်ကို တိုက်ရိုက်ပစ်မှတ်ထားနေတာနဲ့ အန္တရာယ်ချင်းက အများကြီး ကွာခြားတယ်]
စနစ်က ရှင်းပြပြီးနောက်တွင်မှ လင်းဖန် နည်းနည်း သဘောပေါက်သွားတော့သည်။
*အမှောင်ထဲကနေ ငါ့ကို စောင့်ကြည့်နေတဲ့ အနည်းဆုံး မဟာယာနအဆင့်ရှိတဲ့ ကျင့်ကြံသူတွေ ရှိနေတာပဲ…။*
လင်းဖန် ခန့်မှန်းကြည့်ရသလောက်တော့ ဂေါင်မိသားစု မီးလောင်ပေါက်ကွဲမှုကို လာရောက်စုံစမ်းနေတဲ့ သုန်ယွဲအင်ပါယာ တော်ဝင်မိသားစုက ကျင့်ကြံသူတွေ ဖြစ်နိုင်သည်ဟု ထင်နေမိသည်။
သို့သော် လင်းဖန်၏ ခန့်မှန်းချက်မှာ ယုတ္တိရှိသော်လည်း မှားယွင်းနေခဲ့သည်။
အစောင့်အရှောက်ရုပ်သေးကို အလိုအလျောက် ထွက်ပေါ်လာစေသည့် တရားခံမှာ အခြားသူမဟုတ်ဘဲ လာရောက်လည်ပတ်သည့် လျူမိသားစု၏ မျိုးနွယ်စုခေါင်းဆောင် လျူချွမ်းဖု ပင် ဖြစ်သည်။
စောစောက လင်းဖန်၏ ဆိုင်ရှေ့သို့ ရောက်လာချိန်တွင် ဆိုင်ပိတ်ထားသည်ကို တွေ့ရသဖြင့် သူက ဆိုင်အတွင်းသို့ ခိုးကြည့်ချင်စိတ်ကို မအောင့်နိုင်ခဲ့ပေ။ သူ၏ စိတ်ဝိညာဉ်အာရုံ က ဆိုင်တံခါးဝသို့ ရောက်ရုံရှိသေး ရုတ်တရက် အလွန်အစွမ်းထက်သော အရှိန်အဝါတစ်ခုကို အာရုံခံမိလိုက်သည်။
ဤအရှိန်အဝါမျိုးမှာ အတိဒုက္ခအဆင့် ကျင့်ကြံသူတစ်ဦးတွင်သာ ရှိနိုင်သည့်အရာမျိုးပင်။
ထိုအရှိန်အဝါကို ခံစားလိုက်ရပြီးနောက် လျူချွမ်းဖုမှာ မိမိ၏ စုံစမ်းစစ်ဆေးမှုမှာ မဆင်မခြင်ဖြစ် သွားကြောင်း နားလည်သွားပြီး ထိတ်လန့်တကြားနှင့် နေရာမှ ချက်ချင်း ထွက်ပြေးသွားတော့သည်။
"ညဘက်ကြီး လာလည်တာက တကယ်ကို မယဉ်ကျေးရာ ရောက်သွားပြီ မနက်ဖြန်မှပဲ ပြန်လာခဲ့ပါ တော့မယ်"
လျူချွမ်းဖုမှာ ကြောက်လန့်တကြား ထွက်ပြေးရင်း တိုးတိုးလေး ရေရွတ်သွားလေသည်။
ဟင်းလင်းပြင်ဆိုင်အတွင်းရှိ လင်းဖန်၏ အခန်းထဲတွင် အန္တရာယ်ကင်းသွားပြီဖြစ်သဖြင့် အစောင့် အရှောက်ရုပ်သေးသည် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ တစ်ယောက်တည်း ကျန်ရစ်ခဲ့သည့် အခန်း လွတ်ကြီးကို ကြည့်ရင်း လင်းဖန်မှာ အကြောင်းရင်းမရှိဘဲ နှမြောသလိုလို ခံစားလိုက်ရသည်။
အတွေးဆိုးများကို ရှင်းထုတ်ပစ်လိုက်ပြီး လင်းဖန် အနားယူရန် ပြင်လိုက်သည်။ အိပ်ရာပေါ်လှဲပြီး အိပ်တော့မည့်ဆဲဆဲမှာပင် ဟင်းလင်းပြင်တိုကင် ဆီမှ မက်ဆေ့ခ်ျတစ်ခု ဝင်လာလေသည်။
"ဘယ်သူလဲကွာ…. လူကို အေးအေးဆေးဆေး အိပ်ခွင့်မပေးတော့ဘူးလား…"
စိတ်ပျက်လက်ပျက်ညည်းညူရင်း လင်းဖန် ပြန်ထိုင်လိုက်ရသည်။
ဟင်းလင်းပြင်သားရဲတဲကို စစ်ဆေးကြည့်ရာ လီလဲ့ယန်ထံမှ မက်ဆေ့ခ်ျဖြစ်နေသည်ကို တွေ့ရသဖြင့် လင်းဖန်၏ အိပ်ချင်စိတ်များ ချက်ချင်း ပျောက်ကွယ်သွားလေတော့သည်။
"အို... ဂျူနီယာညီမလေး လဲ့ယန်က နောက်ဆုံးတော့ ငါ့ကို သတိရလာပြီပဲ။ ဒီရက်ပိုင်း ဘာတွေ အလုပ်ရှုပ်နေလို့ ငါ့ဆီ အဆက်အသွယ် မလုပ်တာလဲ…."
တိုးတိုးလေး ပြောပြီးသည်နှင့် လင်းဖန် ချက်ချင်းပင် ဟင်းလင်းပြင်ဈေးကွက် ထဲသို့ ဝင်လိုက်သည်။
ဟင်းလင်းပြင်ဈေးကွက်အတွင်းတွင် လီလဲ့ယန်က စောင့်ဆိုင်းနေနှင့်ပြီဖြစ်သည်။ သူမက ဟင်းလင်းပြင် ဈေးကွက်၏ ပတ်ဝန်းကျင်ကို အလွန်စိတ်ဝင်တစားဖြင့် လေ့လာကြည့်ရှုနေလေသည်။ လင်းဖန်လည်း ဈေးကွက်ထဲသို့ ရောက်ရောက်ချင်း ယခင်နှင့်မတူဘဲ ထူးခြားပြောင်းလဲနေသည်ကို သတိပြုမိလိုက် သည်။
သူ နောက်ဆုံးအကြိမ် ဈေးကွက်ထဲ ဝင်ခဲ့စဉ်က ရွှေအမြုတေအဆင့်သာ ရှိသေးသည်။ ယခု သူသည် အခြေတည်စိတ်ဝိညာဉ်အဆင့်သို့ ရောက်ရှိသွားပြီဖြစ်ရာ ဈေးကွက်၏ ပတ်ဝန်းကျင်ကလည်း သူ၏ ကျင့်ကြံမှုအဆင့်နှင့်အညီ တိုးတက်ပြောင်းလဲသွားပုံရသည်။
ပထမဆုံးအနေဖြင့် ဈေးကွက်၏ အကျယ်အဝန်းမှာ ယခင်ကထက် များစွာ ပိုမိုကျယ်ဝန်းလာခဲ့သည်။ ထို့နောက် စိတ်ဝိညာဉ်ချီစွမ်းအား၏ သိပ်သည်းမှုမှာလည်း ပိုမိုအားကောင်းလာရာ လင်းဖန် အသက် တစ်ချက်ရှူလိုက်တိုင်း ချီစွမ်းအားအမြောက်အမြားကို ရှူရှိုက်မိသလို ခံစားရသည်။ ပတ်ဝန်းကျင် အလှအပကလည်း အရင်ကထက် အဆပေါင်းများစွာ ပိုမိုသာယာနေတော့သည်။
"စီနီယာအစ်ကိုလင်း... ဒီနေရာက တကယ်ကို ဆန်းကြယ်တာပဲနော်… ကျွန်မတို့ တစ်ယောက်နဲ့ တစ်ယောက် အဝေးကြီးမှာ ရှိနေကြတာတောင် ဒီလိုမျိုး တွေ့လို့ရနေသေးတယ်…"
လီလဲ့ယန်၏ စကားသံကြောင့် လင်းဖန် ပတ်ဝန်းကျင်ကို လေ့လာနေခြင်းမှ ရပ်တန့်သွားသည်။
"ဟဲဟဲ... ဂျူနီယာညီမလေး လဲ့ယန် တစ်ရက်လောက် မတွေ့ရတာက သုံးနှစ်လောက် ကြာသွားသလိုပဲ ကျုံးကျိုးမှာ နေရတာ အဆင်ပြေရဲ့လား…"
စကားပြောရင်း လင်းဖန် လေ့လာကြည့်လိုက်ရာ လီလဲ့ယန်၏ ကျင့်ကြံမှုမှာ အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့် နှောင်းပိုင်းသို့ ရောက်ရှိနေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။
*ဘယ်လိုလုပ်ပြီး ဒီလောက်မြန်မြန် တိုးတက်သွားတာလဲ.. ငါအခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကနေ အခု အခြေတည်စိတ်ဝိညာဉ်အဆင့်အထိ တက်လာတဲ့ အရှိန်ကိုတော့ မမီပေမဲ့ ငါ့မှာက စနစ် ရဲ့ အကူအညီ ရှိနေတာလေ။*
လင်းဖန်၏ စိုးရိမ်မှုကို ကြားရသောအခါ လီလဲ့ယန်၏ မျက်နှာတွင် အပြုံးများ ဝေဆာသွားသည်။
“ကျုံးကျိုးက ပတ်ဝန်းကျင်က အရမ်းကောင်းတာပဲ ရှင်။ ကျွန်မရဲ့ ဆရာက ကျွန်မကို ဂိုဏ်းထဲက စိတ်ဝိညာဉ်စမ်းရေတွင်းမှာ ရက်အနည်းငယ်လောက် ကျင့်ကြံခိုင်းလို့ အခုဆို ကျွန်မ ရွှေအမြုတေ အဆင့်ကို ရောက်တော့မှာ…။”
“ဒါ့အပြင် ကျုံးကျိုးက အရမ်းစည်ကားတာပဲ… စီနီယာအစ်ကိုလင်းသာ အဲဒီကို လာရင် စီးပွားရေးတွေ သေချာပေါက် ကောင်းမှာပဲ...”
ထို့နောက် လီလဲ့ယန်က သူမ ကျုံးကျိုးတွင် မြင်ခဲ့တွေ့ခဲ့သမျှ အကြောင်းအရာများကို လင်းဖန်အား စိတ်အားထက်သန်စွာ ပြောပြနေတော့သည်။ သူမသည် မြင်သမျှ အရာအားလုံးကို လင်းဖန်အား ပြောပြ ချင်နေပုံရသည်။ အထူးသဖြင့် ရယ်စရာကောင်းသည့် အကြောင်းအရာများ ပြောသည့်အခါ လီလဲ့ယန် မှာ ရယ်လွန်းသဖြင့် ခါးပင် မတ်မတ်မထားနိုင်တော့ပေ။
ကောင်းလှပါသည်ဆိုသော သူမ ဝတ်ထားသည့် ရင်စီးမှာ လင်းဖန် ကိုယ်တိုင် ပြုလုပ်ပေးထားသော ထိပ်တန်းအဆင့် ရင်စီး ဖြစ်နေ၍သာ တော်တော့သည်။ မဟုတ်လျှင် ထိုကဲ့သို့ ခါးလိပ်အောင် ရယ်နေပါ က ကိုယ်ဟန်ချက်ပျက်ပြီး မြေပြင်ပေါ် လဲကျသွားနိုင်ပေသည်။
ရင်စီးအကြောင်း တွေးမိသောအခါမှ ထိုရင်စီးမှာ တကယ်တော့ အဆောင်ရတနာ အဆင့်သာ ရှိသေး သည်ကို လင်းဖန် သတိရသွားသည်။
*အင်း... ငါနဲ့ ရင်းနှီးတဲ့ ဒီဂျူနီယာညီမလေးရဲ့ ပစ္စည်းကို အဆင့်မြှင့်ပေးဖို့ အချိန်တန်ပြီ…။*
"ဂျူနီယာညီမလေး လဲ့ယန်... အခုတလော ငါ့ရဲ့ လက်နက်သန့်စင်တဲ့ ပညာက တော်တော်လေး တိုး တက်လာပြီ။ မင်းရဲ့ အဆောင်ရင်စီးကို ငါ ပြန်ပြီး အဆင့်မြှင့်တင်ပေးမယ်လေ…။"
လင်းဖန်၏ စကားကို ကြားသောအခါ လီလဲ့ယန်၏ မျက်ဝန်းများ တောက်ပသွားပြီး ချက်ချင်းပင် လက်ခံလိုက်သည်။
လီလဲ့ယန်က ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ အဝေးမှ တောင်ကုန်းလေးတစ်ခုကို လှမ်းမြင်လိုက် သဖြင့် ပြောလိုက်သည်။
"စီနီယာအစ်ကိုလင်း... ကျွန်မ ဟိုးတောင်ကုန်း နောက်ဘက်ကိုသွားပြီး ရင်စီးကို လဲလိုက်ဦးမယ်။ ခဏစောင့်နေဦးနော်…။"
လင်းဖန်က သူမ အရင်က လဲခဲ့သည့် ဝတ်စုံဖြူလေးကို စနစ်သိုလှောင်ခန်းထဲတွင် အမြန်ရှာဖွေလိုက် သည်။ သို့သော် လင်းဖန် ထုတ်မပေးနိုင်ခင်မှာပင် လီလဲ့ယန်က အဝေးသို့ ပြေးထွက်သွားပြီး မျက်စိ ရှေ့မှ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
"ဟေ့... ဂျူနီယာညီမလေး လဲ့ယန်၊ မင်း လဲဖို့ အပိုအဝတ်အစား မယူသွားရသေးဘူးလေ…"
အဝေးသို့ ရောက်သွားပြီဖြစ်သော လီလဲ့ယန်မှာ လင်းဖန်၏ စကားကို မကြားပုံရဘဲ လှည့်မကြည့် တော့ပေ။
တစ်ဖက်လူမှာ အဝေးသို့ ရောက်သွားပြီဖြစ်သဖြင့် လိုက်မမီတော့ဟု ယူဆကာ လင်းဖန် လိုက်မသွား တော့ပေ။
"ထားလိုက်ပါတော့... သူမ အဆင်ပြေသလိုပဲ လုပ်ပါစေ…"
ထိုအချိန်တွင် စနစ်၏ အသံက မဆီမဆိုင် ထွက်ပေါ်လာသည်။
[ပိုင်ရှင်... အခြေတည်စိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်က အခြေခံအုတ်မြစ်တည်ဆောက် ခြင်းအဆင့် ကျင့်ကြံသူနောက်ကို မမီဘူးလား… နောက်နေတာလား]
[ဒါ့အပြင် ဒါက ဟင်းလင်းပြင်ဈေးကွက်လေ... ပိုင်ရှင်ရဲ့ စိတ်အာရုံကိုသုံးပြီး ဘယ်နေရာကိုမဆို ချက်ချင်း ရောက်သွားလိုက်လို့ရတယ်]
စနစ်၏ စကားကို ကြားသောအခါ လင်းဖန် ချက်ချင်းပင် ဒေါသထွက်သွားသည်။
"ဒီအသုံးမကျတဲ့ကောင်... ငါ မင်းကို သတိပေးမယ် ကိုယ့်အလုပ်ကိုယ်ပဲ လုပ်စမ်းပါ…။"
[ဟင်း… ဒီလူကတော့ တကယ်ကို ကယ်မရတော့တဲ့ လူပဲ…]
စနစ်၏ နောက်ဆုံးစကားက လင်းဖန်ကို ရုတ်တရက် သတိဝင်သွားစေသည်။ စနစ်၏ စကားထဲမှ အချက်အလက်များကို သူ ပြန်စဉ်းစားမိသွားသည်။
*ဟုတ်သားပဲ... ဒီဟင်းလင်းပြင်ဈေးကွက်က ငါ့ရဲ့ ဟင်းလင်းပြင်သားရဲတဲထဲမှာ ရှိနေတာပဲ။ ဒါကြောင့် အတွင်းပိုင်း အာရုံခံကြည့်ရှုနိုင်တဲ့ စွမ်းရည်က အလုပ်လုပ်နေတုန်းပဲ…။*
မိမိ၏ စိတ်ဝိညာဉ်အာရုံနှင့် ပေါင်းစပ်လိုက်ပါက ဈေးကွက်အတွင်းရှိ မည်သည့်နေရာ၊ မည်သည့် ပတ်ဝန်းကျင်ကိုမဆို အချိန်မရွေး ကြည့်ရှုနိုင်ပေသည်။
"ဟေ့...စနစ်... ဒီဈေးကွက်ထဲမှာ မက်မွန်ပင်တွေ ရှိလား…။"
"ဒီလောက် လှပတဲ့ ပတ်ဝန်းကျင်မှာ မက်မွန်ပင်လေးတွေ စိုက်ထားသင့်တယ်လေ….။"
"ထားလိုက်ပါတော့... ငါ့ဘာသာငါပဲ ရှာကြည့်တော့မယ်….။"