← Chapters

အခန်း ၈၆

Vol. 9 Ch. 86

အခန်း ၈၆

Vol. 9 Ch. 86

အခန်း (၈၆) နိုက်ထရိုဂျင် အရှိန်မြှင့်တင်စနစ်ပါတဲ့ ကောက်ရိုးဖိနပ်၏ အရှိန်နဲ့ အာသီသ

သူ၏ ကျင့်ကြံခြင်းလမ်းစဉ် ပြန်လည်ကောင်းမွန်လာရန်အတွက် အခွင့်အရေးရှိသေးသည်ဟု ကြား လိုက်ရသောအခါ အရောင်မှိန်နေသော ထဲကျူး၏ မျက်လုံးများထဲတွင် မျှော်လင့်ချက်ရောင်ခြည်လေး များ ချက်ချင်းပင် ပြန်လည်တောက်ပလာတော့သည်။

"တကယ်လားခင်ဗျာ... ကျေးဇူးအများကြီးတင်ပါတယ် ဆိုင်ရှင်။ ကျွန်တော့်ဘဝတစ်လျောက်လုံး ဒီကျေးဇူးကို သေချာပေါက် ပြန်ပေးဆပ်သွားပါ့မယ်….။"

"ကဲ... တော်ပြီ စကားတွေ အများကြီး မပြောနဲ့တော့။ ဆိုင်ကိုပဲ ဂရုစိုက်ထားလိုက်….။"

ထဲကျူးကို နှစ်သိမ့်အားပေးပြီးနောက် လင်းဖန် အနောက်ဘက်ခြံဝန်းကို သွားရန် ပြင်လိုက်သည့် အချိန် မှာပဲ ဆိုင်ထဲကို လူတစ်ယောက် ဝင်လာသည်ကို တွေ့လိုက်ရလေသည်။ ဧည့်သည်လာသည်ဆိုတာနှင့် လင်းဖန် ချက်ချင်းပဲ ရပ်တန့်လိုက်ပြီး ကြိုဆိုဖို့ ပြင်လိုက်၏။

"ကြိုဆိုပါတယ်…။ ဧည့်သည်တော်ကြီးကို ဘယ်လိုခေါ်ရမလဲ။ ဆေးလုံးတွေ ဒါမှမဟုတ် မှော်ရတနာ တွေ ကြည့်ချင်လို့လား…"

ထိုကျင့်ကြံသူသည် အသက် သိပ်ကြီးသည့်ပုံမပေါ်သော်လည်း ရွှေအမြုတေအဆင့်ကျင့်ကြံမှု ရှိနေ ခြင်းကြောင့် အင်အားကြီး မိသားစုတစ်ခုခုက အဖွဲ့ဝင် ဖြစ်ရပေမည်။

"ငါက ကျောက်မိသားစုက ကျောက်ဖေးပါ။ မင်းရဲ့ဆိုင်မှာ ထူးထူးဆန်းဆန်း ပစ္စည်းတွေ အများကြီးရနိုင် တယ်လို့ လီချွမ်းဆီက ကြားလို့ လာခဲ့တာ။ ဘာတွေရှိလဲ….။"

မိတ်ဆွေတစ်ယောက်ရဲ့ မိတ်ဆက်ပေးမှုနဲ့ လာတာဆိုတော့ လင်းဖန်လည်း စိတ်အားထက်သန်စွာနဲ့ ပစ္စည်းများနှင့် စတင်မိတ်ဆက်ပေးလေတော့သည်။

"အများကြီးရှိတာပေါ့…. သခင်လေး လီချွမ်းက မိတ်ဆက်ပေးလိုက်တာဆိုတော့ အဖြူရောင်ဓါးသွား အကြောင်းတော့ ထပ်ပြီးမိတ်ဆက်ပေးစရာ မလိုတော့ဘူး ထင်ပါတယ်…။"

လင်းဖန် ကိုင်ပြလိုက်သော အဖြူရောင်ဓါးသွားကို ကြည့်ပြီး ကျောက်ဖေးက ခေါင်းညိတ်ပြလိုက်၏။

"အင်း... အဲ့ဒါကိုတော့ ငါ မြင်ဖူးပါတယ်။ တခြား ဘာတွေရှိသေးလဲ….။"

"ရှိတာပေါ့... ဒီကောက်ရိုးဖိနပ်ကို ကြည့်လိုက်ပါ။ ဒါကို နာရွက်ကြီးသူခိုးရဲ့ခြေနင်းတော် လို့ ခေါ်တယ် တကယ့်ကို ရှားပါးရတနာပဲ….။"

ပြောပြောဆိုဆိုနဲ့ လင်းဖန်က ဓါးပျံကို ချလိုက်ပြီး စင်ပေါ်မှာ တင်ထားသော ကောက်ရိုးဖိနပ်တစ်စုံကို ကောက်ကိုင်လိုက်လေသည်။

"သခင်လေး ကျောက်... ကြည့်လိုက်ပါဦး။ ဒီကောက်ရိုးဖိနပ်က အဆင့် (၁) မှော်ရတနာပဲ ရှိသေးပေမဲ့ သူ့ရဲ့ စွမ်းဆောင်ရည်တွေက အရမ်းကို အစွမ်းထက်ပါတယ်….။"

"ပထမအချက်ကတော့ ဒီကောက်ရိုးဖိနပ်ကို ဝတ်ထားရင် မင်းရဲ့ လျင်မြန်မှုနဲ့ အရှိန်ကို မြှင့်တင်ပေး နိုင်တယ်…။"

"ဒုတိယအချက်ကတော့ နိုက်ထရိုဂျင်နဲ့ အရှိန်မြှင့်တင်ပေးနိုင်တဲ့ အစွမ်း ရှိတယ်။ နိုက်ထရိုဂျင် မကုန် မချင်း အရှိန်ကို ဆက်တိုက် မြှင့်တင်နေလို့ ရတယ်….။"

လင်းဖန် ရှင်းပြသည်ကို နားထောင်ပြီးနောက် ကျောက်ဖေးက ဤဖိနပ်က အရှိန်မြှင့်ပေးတဲ့ မှော်ရတနာ မှန်း နားလည်သွားသော်လည်း နိုက်ထရိုဂျင် ဆိုတာကိုတော့ နားမလည်သောကြောင့် မေးလိုက် လေသည်။

"ဆိုင်ရှင်... နိုက်ထရိုဂျင် ဆိုတာ ဘာလဲ။ ဒါက ထူးခြားတဲ့ စိတ်ဝိညာဉ်စွမ်းအား တစ်မျိုးလား။ အဲ့ဒါကို ဘယ်လို ပြန်ဖြည့်ရမှာလဲ….။"

ကျောက်ဖေး၏ မေးခွန်းက လင်းဖန်ကို ဆွံ့အသွားစေခဲ့သည်။

*ဒါကို ဘယ်လို ရှင်းပြရပါ့မလဲ….။*

"အယ်... သခင်လေး ကျောက်၊ နိုက်ထရိုဂျင် ဆိုတာကို အားကစားသမားတွေရဲ့ ခြေဆီနံ့ လိုမျိုးပဲလို့ တွေးကြည့်လိုက်ပါ…။"

သို့ပေမဲ့ လင်းဖန်ပြောသော "ခြေဆီနံ့" ဆိုသည့် စကားလုံးကိုလည်း ကျောက်ဖေး နားမလည်နိုင်မှန်း မေ့သွားလေသည်။ ကျောက်ဖေးက ဇဝေဇဝါ ဖြစ်နေသည်ကို မြင်တော့ လင်းဖန်က နောက်ထပ် ရှင်းပြချက်တစ်ခု ထပ်ပေးလိုက်၏။

"အဲ့ဒါက... ဖိနပ်ကို အကြာကြီး မလဲဘဲ ဝတ်ထားရင် ထွက်လာတတ်တဲ့ မကောင်းတဲ့ အနံ့အသက် မျိုးပေါ့….။"

ထိုရှင်းပြချက်ကို ကြားမှ ကျောက်ဖေးက သဘောပေါက်သွားလေသည်။ ကျောက်ဖေးက ခေါင်းညိတ် လိုက်ပြီး အနည်းငယ် ရှက်ကိုးရှက်ကန်းဖြစ်ကာ ပြောလိုက်လေသည်။

"ဪ... နားလည်ပြီ။ ငါ့မှာတော့ နိုက်ထရိုဂျင်တွေ အများကြီး ရှိတာပဲ။ ကြည့်ရတာ ဒီမှော်ပစ္စည်းက ငါနဲ့ တော်တော်လေးကို ကိုက်ညီပုံရတယ်။ ဆိုင်ရှင်... ငါ ဒါကို မြန်မြန် စမ်းကြည့်ချင်တယ်…။"

ကျောက်ဖေး၏ စကားကို ကြားလိုက်ရသောအခါ လင်းဖန် တစ်ကိုယ်လုံး တုန်သွားပြီး မသိစိတ်ကနေ နောက်ကို နှစ်လှမ်းလောက် ဆုတ်မိသွားလေသည်။ ဒါပေမဲ့လည်း စီးပွားရေးအတွက်ဆိုပြီး အံကြိတ်ကာ ရှေ့တိုးပြီး ကောက်ရိုးဖိနပ်ကို ကမ်းပေးလိုက်လေသည်။

"ကဲ... သခင်လေး ကျောက် ဒီကောက်ရိုးဖိနပ်ကို ဆိုင်အပြင်ဘက်မှာ သွားဝတ်ကြည့်ရင် မကောင်းဘူး လား….။"

ပြောပြီးတော့မှ တစ်ဖက်လူက အထင်လွဲမည် စိုးသောကြောင့် အကြောင်းပြချက် တစ်ခုကို အမြန် ပေးလိုက်ရ၏။

"သခင်လေး ကျောက်... အထင်မလွဲပါနဲ့ဦး။ ဆိုင်ထဲမှာဆိုရင် ဒီမှော်ရတနာရဲ့ အစွမ်းတွေကို အပြည့်အဝ စမ်းသပ်လို့ မရမှာ စိုးလို့ပါ။ အပြင်မှာဆိုရင် ပိုပြီး အဆင်ပြေလိမ့်မယ်…။"

ကျောက်ဖေးက ဘာမှပြန်မပြောဘဲ ဖိနပ်ကို ကိုင်ကာ ဆိုင်ရှေ့ကို ထွက်သွားလေတော့သည်။

"ကောင်းပြီလေ... ဒါဆိုရင် ဆိုင်အပြင်မှာပဲ စမ်းကြည့်တာပေါ့…။"

တစ်ဖက်လူက စိတ်ဆိုးခြင်းမရှိသည်ကို မြင်တော့မှ လင်းဖန်လည်း သက်ပြင်းချနိုင်တော့ပြီး နောက်မှ ခပ်ခွါခွါနေပြီး လိုက်သွားခဲ့သည်။ ဆိုင်ရှေ့ရောက်တော့ ကျောက်ဖေးက သူ့ဖိနပ်ကို ချွတ်လိုက်ပြီး ကောက်ရိုးဖိနပ်ကို စတင်ဝတ်ဆင်တော့သည်။ သူ ဖိနပ်လဲနေတဲ့အချိန်၌ လင်းဖန်က အသက်ရှူအောင့် ပြီး အသေအချာ စောင့်ကြည့်နေခဲ့လေသည်။

တကယ်တော့ အဓိကက အသက်အောင့်ထားဖို့ပင်။

ကျောက်ဖေး ဖိနပ်လဲပြီးသည်နှင့်တပြိုင်နက် ချက်ချင်းပဲ စမ်းသပ်ကြည့်လိုက်လေတော့သည်။

"ဝိုး... ငါ့ရဲ့ လှုပ်ရှားမှုက တကယ်ကို ပိုပြီး ပေါ့ပါးသွက်လက်လာတာပဲ။ အခု နိုက်ထရိုဂျင်အရှိန်မြှင့် စနစ်ကို စမ်းကြည့်လိုက်ဦးမယ်…။"

ကျောက်ဖေး၏ စကားကို ကြားသည်နှင့် လင်းဖန် တစ်ခုခုကို ရုတ်တရက် သတိရသွားပြီး အမြန် လှမ်းတားလိုက်ရ၏။

"သခင်လေး ကျောက်... နိုက်ထရိုဂျင် အရှိန်မြှင့်စနစ်ကို မသုံးပါနဲ့ဦး..."

သို့သော်လည်း လင်းဖန် စကားမဆုံးခင်မှာပင် ကျောက်ဖေး၏ ခြေထောက်အောက်မှ ထူးဆန်းသော ဓာတ်ငွေ့များက ရုတ်တရက် ပန်းထွက်လာတော့သည်။ အလွန်လျှင်မြန်သော အရှိန်အဟုန်ဖြင့် ကျောက်ဖေးသည် အဝေးကို လျှပ်စီးကဲ့သို့ မြန်မြန်ဆန်ဆန် ပြေးထွက်သွားလေတော့သည်။

ယခုလို ရုတ်တရက်ကြီး ဖြစ်သွားသည်ကို ကြည့်ပြီး လင်းဖန် ကြောင်အမ်းအမ်း ဖြစ်ကျန်ခဲ့လေတော့ သည်။ သို့ပေမဲ့ ရုတ်တရက် ကြီးမားသော ပြဿနာတစ်ခုကို သတိရသွားပြီး မသိစိတ်ကနေ အော်လိုက် မိလေတော့သည်။

"ဟာ... သွားပြီ…ဟေ့...မင်း ပိုက်ဆံ မပေးရသေးဘူးလေ… ပိုက်ဆံ မပေးရသေးဘူးဟ….။"

တစ်ဖက်လူက ပိုက်ဆံမပေးရသေးဘဲ ထွက်သွားသည်ကို သိလိုက်ရသည်နှင့် လင်းဖန်ချက်ခြင်းပင် စနစ်သိုလှောင်ခန်းထဲမှ သုံးချောင်းထောက်စက်ဘီးကို ချက်ချင်း ထုတ်ယူလိုက်တော့၏။ ထို့နောက် စက်ဘီးပေါ် ခုန်တက်ပြီး ဟိုလူ ပြေးသွားသော ဘက်ကို အတင်းလိုက်လေတော့သည်။

လိုက်နေရင်းမှာပင် လင်းဖန် တတွတ်တွတ် ရေရွတ်သွားသည်။

"ငါ့ကို ငွေမပေးဘဲ ထွက်ပြေးချင်တာလား။ ဟဲဟဲ... ငါ့ဆီမှာတော့ ငွေမပေးဘဲ ထွက်ပြေးလို့ မရဘူး ကွ…။"

ဤသို့ဖြင့် မြို့တော်၏ လမ်းမများပေါ်၌ ရင်ခုန်စိတ်လှုပ်ရှားစရာ ကောင်းသော အရှိန်ပြိုင်ပွဲကြီး တစ်ခု စတင်လေတော့တယ်။ ထိုကောက်ရိုးဖိနပ်၏ နိုက်ထရိုဂျင် အရှိန်မြှင့်စနစ်က တကယ်ကို အစွမ်းထက် လှသည်။

လင်းဖန် သုံးချောင်းထောက်စက်ဘီးကို နင်းနေသော်လည်း ပျံသန်းခြင်းမပြုနိုင်သောကြောင့် တစ်ဖက် လူကို အမှီမလိုက်နိုင်ဘဲ ဖြစ်နေခဲ့သည်။ ဤသည်ကလည်း မြို့ထဲတွင် ပျံသန်းပါက ဒဏ်ရိုက်ခံရမည် စိုးသောကြောင့် လင်းဖန်က မပျံရဲခြင်းကြောင့်လည်း ပါပေသည်။

သို့ပေမဲ့ ထိုအရာက လင်းဖန်ကို အခက်မတွေ့စေနိုင်ပေ။ အရှိန်မလောက်ဘူးဆိုသည်ကို သိသည်နှင့် လင်းဖန် စက်ဘီးပေါ်မှာ မတ်တပ်ရပ်ပြီး အားကုန် နင်းပါတော့သည်။ သုံးချောင်းထောက်စက်ဘီးသည် ရုတ်တရက် အရှိန်မြင့်လာပြီး နောက်ဆုံးမှာတော့ ထိုလူ၏ ပြေးနေသောအရှိန်ကို အမှီလိုက်နိုင်သွား တော့သည်။

ယခုအချိန်တွင် လင်းဖန်နဲ့ ကျောက်ဖေးတို့၏ အရှိန်များက အလွန်ပင် ကြောက်စရာကောင်းသော အဆင့်ကို ရောက်နေပြီဖြစ်သည်။ လမ်းပေါ်ရှိ လမ်းသွားလမ်းလာများသည် သူတို့ကို လုံးဝ မမြင်ရဘဲ လေပြင်းတစ်ချက် တိုက်သွားသလိုပဲ ခံစားလိုက်ရ၏။

ဥပမာ ကျောက်ဖေးက လမ်းလျှောက်နေသော ကျင့်ကြံသူတစ်ယောက် ဘေးကနေ ဖြတ်ပြေးသွား သောအခါ အဲ့ဒီလူသည် နားထဲမှာ ဝူးခနဲ အသံကိုပဲ ကြားလိုက်ရပြီး... "ဘာကြီး ဖြတ်သွားတာလဲ" ဆိုပြီး အံ့ဩနေစဉ်မှာပင် လင်းဖန်က ဝှစ်ခနဲ ထပ်ပြီး ဖြတ်သွားခြင်းပင်။

လင်းဖန်က ဇွဲမလျှော့ဘဲ လိုက်နေသောကြောင့် ကျောက်ဖေးနဲ့ တဖြည်းဖြည်း နီးကပ်လာပြီး အမှီလိုက် နိုင်တော့မည့် အချိန်မှာပင် ရှေ့မှ ပြေးနေသော ကျောက်ဖေးက ဂါဝန်ရှည်ဝတ်ထားသည့် အမျိုးသမီး ကျင့်ကြံသူတစ်ယောက် ဘေးကနေ ဖြတ်သွားခဲ့သည်။ အလွန်လျှင်မြန်လွန်းသော အရှိန်ကြောင့် ထွက်လာသော လေဟုန်က ထိုအမျိုးသမီး၏ ဂါဝန်ကို လှန်တက်သွားစေခဲ့၏။

အတင်းလိုက်နေသော လင်းဖန်သည် ထိုအမျိုးသမီး၏ ခြေတံရှည်ရှည်လေးများကို မြင်လိုက်ရသည်နှင့် ချက်ချင်း ကျွီခနဲ ဘရိတ်ကိုအုပ်လိုက်ပြီး သူမ၏ဘေး၌ ရပ်လိုက်၏။ လင်းဖန်ရဲ့ မျက်လုံးတွေက တောက်ပသွားပြီး ခြေတံများကို ငေးကြည့်နေမိတော့သည်။ သို့သော်လည်း ထိုအမျိုးသမီး ကျင့်ကြံသူ က မြန်မြန်ဆန်ဆန်ပင် ဂါဝန်ကို ပြန်ဖုံးလိုက်သောကြောင့် လင်းဖန် နှမြောတသ ဖြစ်သွားခဲ့ရလေသည်။

ထိုအခါကျမှ လင်းဖန်လည်း သူသည် "Fast and Furious" ရုပ်ရှင်ကားထဲ ရောက်နေမှန်း သတိရသွား ခဲ့သည်။ တကယ်ကိုပဲ အရှိန် လည်း ရှိသလို အခုအာသီသလည်း ရှိနေပြီမဟုတ်ပါလား။

တစ်ချိန်တည်းမှာပဲ လင်းဖန် ရုတ်တရက် ဘရိတ်အုပ်လိုက်သောကြောင့် အမှီလိုက်နိုင်တော့မည့် ကျောက်ဖေးနှင့် ခပ်ဝေးဝေးတွင် ပြတ်ကျန်ခဲ့ပြန်လေသည်။ ဤသည်ကို သိလိုက်ရသော လင်းဖန်က သူ့နဖူးကိုသူ ပြန်ရိုက်ပြီး ညည်းတွားလေတော့သည်။

"ဒီကောင်လေး... ငါ့ကို အရှိန်လျော့သွားအောင် ညစ်ပတ်တဲ့ နည်းလမ်းတွေ သုံးနေတာပေါ့လေ။ ခြေတံ ရှည်ရှည်လေးတွေကို သုံးပြီး ငါ့ကို နှောင့်နှေးအောင် လုပ်တယ်ပေါ့….။"

"မင်း ထပ်လုပ်ကြည့်ဦးပေါ့ကွာ….။"

ထိုသို့ ပြောပြီးသည်နှင့် ဘေးမှ အမျိုးသမီး ကျင့်ကြံသူ ဘာမှမလုပ်နိုင်ခင်မှာပဲ လင်းဖန်ဟာ အဝေးကို အရှိန်နဲ့ ပြန်ထွက်သွားလေသည်။ အမျိုးသမီး ကျင့်ကြံသူကတော့ ရှက်လည်းရှက် ဒေါသများလည်း ထွက်ပြီး ထိုနေရာမှာပင် ကျန်ခဲ့လေတော့သည်။

လမ်းတစ်လျှောက်တွင် ဂါဝန်ဝတ်ထားသော အမျိုးသမီး ကျင့်ကြံသူများ ခဏခဏ တွေ့နေရခြင်း ကြောင့် လင်းဖန်ဟာ ဆက်တိုက် နှောင့်ယှက်ခံနေရသည်။ သို့ပေမဲ့ လင်းဖန်၏ အမြင်မှာတော့ ဤသည် က သူ့ပြဿနာ မဟုတ်ဘဲ တစ်ဖက်လူက ကောက်ကျစ်လွန်းလို့လို့ဟုသာ မြင်နေ၏။

အကြိမ်ကြိမ် ဘရိတ်အုပ်ပြီးနောက်၌ လင်းဖန်က ကျောက်ဖေးကို စပြီး ဗြစ်တောက်ဗြစ်တောက် ပြောလေတော့သည်။

"ဟာ... ဒီကောင့်ရဲ့ ခြေဆီနံ့က အဲ့ဒီလောက်တောင် များနေတာလား။ အရှိန်မြှင့်စနစ်ကို သုံးနေတာ ဒီလောက်ကြာပြီ အခုထိ မရပ်နိုင်သေးဘူး…။"

ဗြစ်တောက်ဗြစ်တောက် ပြောပြီးနောက်၌ လင်းဖန်သည် သူ၏ စိတ်ဝိညာဉ်ကျောက်တုံးများအတွက် ဇွဲမလျှော့ဘဲ ဆက်လိုက်ရပါတော့သည်။ လင်းဖန်နှင့် ကျောက်ဖေးတို့၏ အရှိန်ပြင်းပြေးပွဲလိုက်ပွဲကြီး သည် နောက်ဆုံးတွင်တော့ မြို့တော်လှည့်ကင်းတပ်ဖွဲ့များ၏ အာရုံစိုက်ခြင်းကို ခံရလေတော့သည်။

All Chapters