အခန်း ၈၉
Vol. 9 Ch. 89
အခန်း (၈၉) ကောက်ရိုးဖိနပ်နှင့် အဆိပ်ငွေ့ဆေးလုံးကသာ မှန်ကန်သော အဖြေလား?
ကျောက်ဖေးနောက်သို့ လိုက်ရန် မေ့သွားသည်ကို သတိရသွားသော လင်းဖန်သည် အရှိန်ကို အစွမ်းကုန် မြှင့်ကာ ချက်ချင်းလိုက်လံရှာဖွေတော့သည်။ နောက်ဆုံးတွင် ကျောက်ဖေးကို အမီလိုက်မိသွားသော အခါ သူ၏ဝတ်ရုံမှာ အပေါက်တစ်ပေါက်ဖြစ်ကာ စုတ်ပြတ်နေသည်ကို လင်းဖန် မြင်လိုက်ရသည်။
ယခုအချိန်တွင် ကျောက်ဖေးမှာ သူ၏ကံကြမ္မာကို သူကိုယ်တိုင် လက်လျှော့လိုက်ပုံရပြီး ဘာကိုမျှ ဂရု မစိုက်တော့ဘဲ ငြိမ်သက်နေတော့သည်။ သူ၏ခန္ဓာကိုယ်ကို လေထဲတွင် အရှိန်အတိုင်းသာ လွှတ်ထား လိုက်သည်။ သူ၏အမြင်တွင် ဤပြဇာတ်ကြီး ပြီးဆုံးသွားရန်အတွက် ပြုတ်ကျပြီး ဒဏ်ရာအပြင်းအထန် ရသွားခြင်းက ယခုအခြေအနေထက် ပိုကောင်းလိမ့်မည်ဟု တွေးနေပုံရသည်။
ကျောက်ဖေး၏ မျက်နှာအမူအရာကို မြင်လိုက်ရသောအခါ လင်းဖန်သည် လက်ရှိပြဿနာအတွက် အဖြေတစ်ခု စဉ်းစားမိသွားလေသည်။
*မင်းက ပြုတ်ကျပြီး သေမှာကိုတောင် ဂရုမစိုက်ဘူးဆိုမှတော့ ဝမ်းသွားမှာကိုလည်း ဂရုမစိုက်လောက် တော့ဘူးမလား…*
လင်းဖန် တစ်ခါမှ မစမ်းသပ်ရဲခဲ့သော အဆိပ်ဖြေဆေးလုံး သည် ကျောက်ဖေး၏ လက်ရှိပြဿနာကို ဖြေရှင်းပေးနိုင်ပေသည်။ အစောပိုင်းက သန့်စင်ထားသော အဆိပ်ငွေ့ဆေးလုံးများက လေလည်ခြင်း သည်လည်း အဆိပ်တစ်မျိုးဖြစ်ကြောင်း သက်သေပြခဲ့ပြီးဖြစ်ရာ အဆိပ်ဖြေဆေးလုံးသည် လေလည် ခြင်းအဆိပ်ကို ပျောက်ကင်းစေနိုင်မည်ဖြစ်သည်။
အဆိပ်ဖြေဆေးလုံး သောက်ခြင်းက သူ့အား ဝမ်းလျှောစေနိုင်သော်လည်း ကျောက်ဖေး၏ လက်ရှိ အခြေအနေနှင့်ဆိုလျှင် လေလည်နေရခြင်းထက် ဝမ်းသွားလိုက်ရခြင်းက ပို၍ သက်သာပေလိမ့်မည်။ ဤသို့တွေးပြီး လင်းဖန်သည် အဆိပ်ဖြေဆေးလုံး တစ်လုံးကို ထုတ်ယူကာ ကျောက်ဖေးကို ပေးရန် ပြင်လိုက်သည်။
သို့သော် လင်းဖန် လှုပ်ရှားတော့မည့်ဆဲဆဲမှာပင် ဖြစ်နိုင်ခြေတစ်ခုကို တွေးမိသွားပြီး ထိတ်လန့်သွားကာ လက်များပင် တုန်ရင်သွားခဲ့ရသည်။
*သေစမ်း... လေလည်တာနဲ့အတူ ဝမ်းပါ ထွက်လာရင် ဘယ်လိုလုပ်မလဲ…*
အကယ်၍ ထိုသို့သာ ဖြစ်လာခဲ့လျှင် ဖြစ်ပေါ်လာမည့် မြင်ကွင်းကို တွေးကြည့်ရုံနှင့်ပင် လင်းဖန်၏ ကျောရိုးထဲအထိ စိမ့်တက်သွားရသည်။
*ထားလိုက်ပါတော့... အခုလောလောဆယ် ဒီထက်ကောင်းတဲ့ နည်းလမ်းမရှိတော့ဘူး။ မြည်းမရရင် မြည်းမပေါ့..။*
လင်းဖန်သည် အံကို တင်းတင်းကြိတ်ကာ ကျောက်ဖေးနှင့် အရှိန်တူအောင် လိုက်ပြေးရင်း ဆေးလုံးကို လှမ်းပေးလိုက်သည်။
"သခင်လေးကျောက်... ဒါက အဆိပ်ဖြေဆေးလုံးပဲ။ လေလည်တာ ရပ်သွားအောင် ဒါကို မြန်မြန် သောက်လိုက်…။"
လင်းဖန်၏ စကားကြောင့် ကျောက်ဖေး၏ မှေးမှိန်နေသော မျက်လုံးများတွင် မျှော်လင့်ချက်အရောင် လေး ပြန်လည်တောက်ပလာသည်။ သူသည် အဆိပ်ဖြေဆေးလုံးကို ချက်ချင်း ဆွဲယူကာ ပါးစပ်ထဲ အလောတကြီး ထိုးထည့်လိုက်တော့သည်။
၎င်းကို မြင်သောအခါ လင်းဖန်သည် ကျောက်ဖေး၏ ဓားပျံကို အမြန်ထုတ်ယူကာ လှမ်းပေးလိုက်၏။
"သခင်လေးကျောက်... ဓားပေါ် မြန်မြန်တက်လိုက် မဟုတ်ရင် ပြုတ်ကျတော့မယ်…။"
ခဏအကြာတွင် ကျောက်ဖေးသည် သူ၏ ဓားပျံကို စီးနင်းလျက် လင်းဖန်နှင့်အတူ မြေပြင်ပေါ်သို့ ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့လေသည်။
မြေပြင်သို့ ရောက်သောအခါ ကျောက်ဖေးမှာ လင်းဖန်ကို တစ်ခုခု ပြောရန် ပြင်လိုက်သော်လည်း ရုတ်တရက် သူ၏ ဝမ်းဗိုက်ထဲမှ တစ်စုံတစ်ခုက ရစ်ပတ်မွှေနှောက်လာသလို ခံစားလိုက်ရသည်။
*ငါ ကောင်းကင်မှာ လေအေးတွေ ပါးစပ်ထဲဝင်တာများသွားလို့ ဗိုက်နာတာများလား*
ဟု သူက တွေးနေမိသည်။
ကျောက်ဖေး၏ အခြေအနေကို မြင်သည်နှင့် လင်းဖန် တန်းသိလိုက်သည်။ ချီစုဆောင်းခြင်းဆေးလုံး၏ ဘေးထွက်ဆိုးကျိုး (လေလည်ခြင်း) ကို အဆိပ်ဖြေဆေးလုံးက နှိမ်နင်းပေးလိုက်သော်လည်း အဆိပ်ဖြေ ဆေးလုံး၏ ဘေးထွက်ဆိုးကျိုး (ဝမ်းသွားခြင်း) က ပြန်လည်ပေါ်ထွက်လာခြင်း ဖြစ်သည်။
ထို့နောက် လင်းဖန်က အနည်းငယ် ရှက်ကိုးရှက်ကန်းနှင့် အခြေအနေကို ရှင်းပြလိုက်သည်။
"အမ်... သခင်လေးကျောက် ဒီအဆိပ်ဖြေဆေးလုံးက ခင်ဗျားဗိုက်ထဲက လေတွေကိုတော့ ဖယ်ရှား ပေးလိုက် ပြီ။ ဒါပေမဲ့ ကျန်နေတဲ့ အကြွင်းအကျန်တွေကိုတော့ စွန့်ထုတ်ဖို့ လိုလိမ့်မယ်…။"
"သခင်လေးကျောက်... မြန်မြန် လူသူကင်းဝေးတဲ့ နေရာတစ်ခု ရှာပြီး ဖြေရှင်းလိုက်တော့။ ဪ... ကောက်ရိုး ဖိနပ်ကို ချွတ်ဖို့လည်း မမေ့နဲ့ဦးနော်…။"
ထိုစကားကို ကြားသောအခါ ကျောက်ဖေးမှာ စကားပင် မဆိုနိုင်တော့ဘဲ သူ၏ မျက်နှာမှာလည်း အရောင်မျိုးစုံ ပြောင်းလဲနေတော့သည်။ ထိတ်လန့်ခြင်း၊ ဒေါသထွက်ခြင်း၊ ရှက်ရွံ့ခြင်းနှင့် သည်းမခံနိုင် အောင် စိတ်ပျက်ခြင်းတို့ ဖြစ်ပေါ်ပြီးနောက် နောက်ဆုံးတွင် အဆုံးမရှိသော ဝမ်းနည်းအားငယ်မှု အဖြစ်သို့ ပြောင်းလဲသွားရှာတော့သည်။
ကံဆိုးစွာပင် သူသည် ယခုအချိန်တွင် အလွန်အမင်း အရေးကြီးနေသဖြင့် ဘာစကားမျှ ထပ်မပြောနိုင် တော့ဘဲ ပြဿနာကို ဖြေရှင်းရန် တောအုပ်ငယ်တစ်ခုထဲသို့ အမြန်ပြေးဝင်သွားလိုက်ရတော့သည်။
ကျောက်ဖေး ထွက်သွားပြီးနောက် လင်းဖန်သည် ထိုလူသား ယနေ့ ကြုံတွေ့ခဲ့ရသည်များကို ပြန်တွေး ကာ သနားစိတ် ဝင်လာမိသည်။
"ဟူး... နောင်ကျရင် ထုတ်ကုန်အသစ်တွေကို စမ်းသပ်ဖို့ တခြားတစ်ယောက်ကိုပဲ ရှာရမယ်။ လူတစ်ယောက်တည်းကိုပဲ ဒီလောက်ကြီး နှိပ်စက်နေလို့ မဖြစ်သေးဘူး….။"
ကျောက်ဖေးကို သနားနေပြီးနောက် လင်းဖန်သည် နိုက်ရိုဂျင်အရှိန်မြှင့်တင်မှုကို မည်သို့ ပိုကောင်း အောင် လုပ်ရမည့် နည်းလမ်းကို ဆက်လက်စဉ်းစားနေမိသည်။
*ချီစုဆောင်းခြင်းဆေးလုံးက ထွက်တဲ့ လေက ထိန်းချုပ်လို့ မရဘူး။ ဒါဆို အဆိပ်ငွေ့ဆေးလုံး ဆိုရင် ရော…။*
လင်းဖန်သည် သူ အစောပိုင်းက သန့်စင်ထားသော အဆိပ်ငွေ့ဆေးလုံးများတွင် လေလည်ခြင်း အာနိသင် အမြောက်အမြား ပါဝင်ကြောင်း ရုတ်တရက် သတိရသွားသည်။ အဆိပ်ငွေ့ဆေးလုံး၏ မူလ သန့်စင်ပုံမှာ ချီစုဆောင်းခြင်းဆေးလုံး၏ ကျင့်ကြံမှုအာနိသင်ကို ဖယ်ထုတ်ကာ လေလည်စေသည့် ဘေးထွက်ဆိုးကျိုးကိုသာ ချန်ထားခြင်း မဟုတ်ပါလား။
ချီစုဆောင်းခြင်းဆေးလုံးအစား အဆိပ်ငွေ့ဆေးလုံးကို သုံးရန် လင်းဖန်၏ အကြံဉာဏ်ကို စနစ်က ချက်ချင်း ဝေဖန်တော့သည်။
[ပိုင်ရှင်... အဆိပ်ငွေ့ဆေးလုံးထဲမှာ လေလည်တာအပြင် အဆိပ်တွေပါတာကိုရော ထည့်မစဉ်းစား တော့ဘူးလား]
[အကယ်လို့ ကျင့်ကြံမှုအဆင့်နိမ့်တဲ့သူက အဆိပ်ငွေ့ဆေးလုံးကို သုံးပြီး အရှိန်မြှင့်မယ်ဆိုရင် သူ ထွက်မပြေးနိုင်ခင်မှာတင် အဆိပ်မိပြီး သေသွားနိုင်တယ် မဟုတ်ဘူးလား ]
စနစ်၏ သံသယကို လင်းဖန်က ခပ်အေးအေးပင် ပြုံးကာ တုံ့ပြန်လိုက်သည်။
"ဟဲဟဲ... မင်းကလည်း ဟာသပဲ။ အဆိပ်ဖြေဆေး ရှိနေတာကို မေ့သွားတာလား… အဆိပ်ငွေ့ဆေးလုံးကို သုံးတဲ့အခါ အဆိပ်ဖြေဆေးလုံးကိုပါ တွဲသောက်လိုက်ရင် အဆိပ်မိမှာ စိုးရိမ်စရာ မလိုတော့ဘူးပေါ့…။"
[...ဒါဆို နောက်ဆုံးတော့လည်း ဝမ်းလျှောပြီး လဲကျမယ့် ဘေးကနေ မလွတ်နိုင်ဘူးပေါ့ ဟုတ်လား…။]
"ဒါက ဘာဖြစ်လို့လဲ… နိုက်ထရိုဂျင်အရှိန်ကို သုံးတယ်ဆိုတာ အသက်အန္တရာယ် ကြုံနေလို့ ထွက်ပြေးတဲ့ အချိန်မှာ သုံးတာလေ။ သေမလား၊ အီးထွက်မလား ဆိုတာက ရွေးချယ်စရာတောင် လိုဦးမလား…။"
[ဟုတ်ကဲ့ပါ... ပိုင်ရှင် ပြောတာ မှန်ပါတယ်။ ဆက်ပြီး စဉ်းစားပါဦး။]
စနစ်က ငြင်းချက်မထုတ်နိုင်တော့သည်ကို မြင်သောအခါ လင်းဖန်သည် မြားတစ်စင်းတည်းနှင့် ငှက်လေးကောင်ပစ်မည့် သူ၏ စီမံကိန်းကို ဂုဏ်ယူစွာ ဆက်လက်ဖော်ထုတ်လေသည်။
"နားရွက်ကြီးသူခိုးကောက်ရိုးဖိနပ်၊ ချီစုဆောင်းခြင်းဆေးလုံး၊ အဆိပ်ငွေ့ဆေးလုံးနဲ့ အဆိပ်ဖြေဆေးလုံး ... ဒီလေးမျိုးကို နောင်ကျရင် ပက်ကေ့ချ် အလိုက် တွဲရောင်းလို့ရပြီ။ ကြည့်ရတာ ငါ့မှာလည်း စီးပွားရေး ပါရမီလေး ပါလာသားပဲ…။"
[အင်း... ပိုင်ရှင်ကတော့ နှိမ့်ချလွန်းနေပြန်ပါပြီ…။]
စနစ်၏ ခပ်ရွဲ့ရွဲ့ တုံ့ပြန်မှုကို လင်းဖန် ဂရုမစိုက်တော့ဘဲ သူ၏ စီးပွားရေးစီမံကိန်းများကိုသာ ဆက်လက် စဉ်းစားနေမိသည်။
"အဖြူရောင်ဓားသွားက အခုတလော အရမ်းခေတ်စားနေတာဆိုတော့ အဲဒါနဲ့ပတ်သက်တဲ့ တခြား ပစ္စည်းတွေကိုလည်း အမြန်ထုတ်ရမယ် ဒါမှ ပိုက်ဆံပိုရမှာ။ တခြား မှော်ရတနာတွေနဲ့ ဆေးလုံးတွေကို လည်း ကုန်ကြမ်းရတာနဲ့ ချက်ချင်း သန့်စင်ရမယ်…။"
လင်းဖန် တစ်ယောက်တည်း စကားပြောနေစဉ်မှာပင် ကျောက်ဖေးသည် တောအုပ်ထဲမှ ပြန်ထွက်လာ ခဲ့သည်။ ကျောက်ဖေးက သူ့ဆီသို့ လျှောက်လာသည်ကို မြင်သောအခါ လင်းဖန်က နောက်သို့ တဖြည်း ဖြည်း ဆုတ်သွားမိသည်။
ဤအပြုအမူကြောင့် ကျောက်ဖေး၏ မျက်နှာမှာ ပို၍ပင် နာကြည်းအားငယ်သွားရသည်။ အကယ်၍ လျူချွမ်းကသာ သူ့ကို ဒီဆိုင်ရှင်ရဲ့ ကျင့်ကြံမှုက အနည်းဆုံး အခြေတည်စိတ်ဝိညာဉ်အဆင့်မှာ ရှိတယ် ဟု မပြောထားခဲ့လျှင် သူသည် လင်းဖန်ကို အခုပင် ထုရိုက်လိုက်မိပေလိမ့်မည်။
"ဆိုင်ရှင်... ဒီနေ့ ငါ နေလို့ သိပ်မကောင်းလို့ သွားနှင့်တော့မယ်။ နောက်မှပဲ လာလည်တော့မယ်။ နှုတ်ဆက်ပါတယ်ဗျာ…။"
ထိုသို့ပြောပြီး ကျောက်ဖေးသည် မြို့တော်ဘက်သို့ အမြန်ပြေးထွက်သွားလေတော့သည်။ ကျောက်ဖေး ထွက်သွားပြီးနောက် လင်းဖန်လည်း ထိုနေရာတွင် မနေတော့ဘဲ မြို့တော်သို့ ပြန်လာခဲ့သည်။
မကြာမီမှာပင် လင်းဖန် ဆိုင်သို့ ပြန်ရောက်သောအခါ ဆိုင်ရှေ့တွင် ရပ်နေသော အဘိုးအိုတစ်ဦးကို တွေ့လိုက်ရသည်။ ထိုအဘိုးအိုက လင်းဖန်ဘက်သို့ လှည့်ကြည့်လိုက်သည်နှင့် အစောင့်အရှောက် ရုပ်သေးမှာ လင်းဖန်ကို ကာကွယ်ရန် အလိုလို ထွက်ပေါ်လာခဲ့သည်။
ဤအခြေအနေကို ကြည့်ခြင်းဖြင့် တစ်ဖက်လူမှာ အနည်းဆုံး နတ်ဘုရားအသွင်ပြောင်းခြင်းအဆင့် (သို့မဟုတ်) အတိဒုက္ခအဆင့် အထက်ရှိ ကျင့်ကြံသူတစ်ဦး ဖြစ်ရမည်ဟု လင်းဖန် ချက်ချင်း သိလိုက် သည်။ ဤသူမှာ လျူမိသားစု၏ ဘိုးဘေးဖြစ်သူ လျူဘန်ရှန်း ပင် ဖြစ်သည်။
လျူဘန်ရှန်းသည် လင်းဖန်၏ ဘေးတွင် ရုတ်တရက် ပေါ်လာသော အမျိုးသမီးကျင့်ကြံသူ (ရုပ်သေး) ကို မြင်သောအခါ ထိတ်လန့်သွားပြီး အမြန် ပြောလိုက်သည်။
"ဂါရဝပြုပါတယ် စီနီယာ... ကျွန်တော့်မှာ ရန်လိုတဲ့စိတ် မရှိပါဘူး။ ဒီလူငယ်လေးကို တောင်းပန်ဖို့ လာခဲ့တာပါ…။"
တစ်ဖက်လူ၏ စကားကို ကြားသောအခါ လင်းဖန်သည် ထိုသူမှာ မည်သူဖြစ်မည်ကို ခန့်မှန်းမိသွား သည်။ မြို့တော်တွင် သူနှင့် ပြဿနာဖြစ်ထားသည်မှာ လျူမိသားစုနှင့် ဂေါင်မိသားစုသာ ရှိသည်။ တစ်ဖက်လူ၏ ကျင့်ကြံမှုအဆင့်အရ သူသည် လျူမိသားစု၏ ဘိုးဘေးဖြစ်ရမည်။
"လျူမိသားစုက စီနီယာ ဖြစ်ရမယ်။ အထဲကို ကြွပါဦး….။"
လင်းဖန်သည် တစ်ဖက်လူက တောင်းပန်ရန် လာခြင်းဖြစ်သဖြင့် လက်ဗလာနှင့်တော့ လာမည်မဟုတ်ဟု တွေးတောရင်း ဆိုင်ထဲသို့ ဖိတ်ခေါ်လိုက်သည်။ တစ်ဖက်လူမှာ လင်းဖန်၏ အစောင့်အရှောက်ကို အလွန် ကြောက်ရွံ့နေပုံရသည်။
ဆိုင်ထဲသို့ ရောက်သည်နှင့် လျူဘန်ရှန်းက သူ၏ စေတနာကို ထပ်မံပြသခဲ့သည်။
"ကျွန်တော့်မိသားစုက လူငယ်တစ်ယောက် ခင်ဗျားရဲ့ဆိုင်ကို မသိဘဲ စော်ကားခဲ့တယ်လို့ ကြားလို့ မနေ့ညကတည်းက တောင်းပန်ဖို့ လာမလို့ပါ။ ဒါပေမဲ့ ညကြီးမင်းကြီး လာတာက မယဉ်ကျေးရာ ရောက်မှာစိုးလို့ ပြန်သွားခဲ့တာပါ…။"
"ဒါ့အပြင် ဂေါင်မိသားစုက တပည့်တစ်ယောက်ရဲ့ လုပ်ရပ်ကြောင့်လည်း ခင်ဗျား စိတ်ဆိုးသွားတယ်လို့ သိရလို့ မနေ့ညကပဲ ဂေါင်မိသားစုတစ်ခုလုံးကို ကျွန်တော် သုတ်သင်ပယ်ရှင်းပေးလိုက်ပါပြီ…။"
လျူဘန်ရှန်း၏ စကားများကို လင်းဖန် သဘောကျနေသော်လည်း နောက်ဆုံးစကားကို ကြားလိုက်ရ သောအခါတွင်မူ သူ မှင်သက်သွားရတော့သည်။
"ဘာ….။ ခင်ဗျားက ဂေါင်မိသားစုကို သုတ်သင်လိုက်ပြီ ဟုတ်လား… သူတို့က ကျွန်တော့်ကို စိတ်ဝိညာဉ် ကျောက်တုံးတွေ ပေးဖို့ ကျန်သေးတယ်လေ။ အခု သူတို့ မရှိတော့ရင် အဲဒီကြွေးတွေကို ဘယ်သူက ဆပ်မှာလဲ….။"