အခန်း ၉၁
Vol. 10 Ch. 91
အခန်း (၉၁) ကောင်းကင်ယံပျံဝဲဝတ်ရုံ နှင့် "ခွေးတစ်ကောင်လို အရိုက်ခံရခြင်း" ဆိုသည်မှာ ရိုးရိုးစကားစုတစ်ခုသက်သက်ပဲလား
မိမိ၏ ပြောင်သလင်းခါနေသော ဦးခေါင်းကို ကိုင်ကြည့်ရင်း ထဲကျူး တစ်ယောက် တည်ငြိမ်မှုကို နောက်ဆုံးတွင် လက်လွှတ်လိုက်ခဲ့ရလေ၏။ သူသည် ရှိုက်သံလေးဖြင့် လင်းဖန်ကို မေးလိုက်သည်။
"ဆိုင်ရှင်... ဒါက... ဒါက တကယ်ပဲ ပုံမှန်ဖြစ်စဉ်လားဗျာ။ ကျွန်တော် သေတော့မှာလား…။"
ထဲကျူး၏ စိတ်ဓာတ်ကျနေသော စကားများကို ကြားလိုက်ရသဖြင့် လင်းဖန်သည် နှစ်သိမ့်စရာစကား အချို့ကို လုပ်ကြံဖန်တီး၍ ပြောလိုက်လေသည်။
"ဟေ့... မင်း ဘာတွေ လျှောက်ပြောနေတာလဲ။ ဒါတွေအားလုံးက ပုံမှန်ပဲကွ…။"
"ပြန်လည်ရှင်သန်ခြင်းဆေးလုံးရဲ့ အာနိသင်က အရမ်းပြင်းထန်လွန်းလို့လေ။ ပြီးတော့ မင်းရဲ့ မူလ ကျင့်ကြံမှုအဆင့်က ဒီလောက် ပြင်းတဲ့ဆေးကို သုံးဖို့ နိမ့်လွန်းနေသေးတာကိုး…။"
"ဒါကြောင့် မင်းရဲ့ ဒန်တျန်ကို ပြန်လည်ပြုပြင်ပေးရုံတင်မကဘဲ ပိုလျှံနေတဲ့ ဆေးအာနိသင်တွေက မင်းရဲ့ အမွှေးအမျှင် အားလုံးကိုပါ အသစ်ပြန်ဖြစ်အောင် လုပ်ပေးနေတာက ပုံမှန်ပဲလေ….။"
"ဒါပေမဲ့ စိတ်မပူပါနဲ့ ဆံပင်တွေက မကြာခင် ပြန်ပေါက်လာမှာပါ…။"
ထဲကျူးသည် လင်းဖန်၏ ရှင်းပြချက်ထဲမှ "အမွှေးအမျှင်အားလုံး" ဆိုသည့် စကားစုကို အာရုံစိုက်မိ သွားသည်။
“ဆိုင်ရှင်... ခင်ဗျား ပြောတာက အမွှေးအမျှင်အားလုံးလား။ ခေါင်းပေါ်က ဆံပင်တင် မဟုတ်ဘူးပေါ့…။”
ထိုသို့ တွေးမိသည်နှင့် ထဲကျူးသည် သူ၏ မျက်ခုံးများကို ချက်ချင်း စမ်းကြည့်လိုက်သည်။ မစမ်း ကြည့်မိလျှင် ပိုကောင်းပေလိမ့်မည်။ သူ စမ်းလိုက်သည်နှင့် သူ၏ မျက်ခုံးမွှေးများပါ ကျွတ်ထွက် သွားတော့လေသည်။ ထဲကျူးသည် သူခန့်မှန်းထားသလို ဖြစ်နေသည်ကို မြင်သောအခါ ခန္ဓာကိုယ် ပေါ်ရှိ အခြားအမွှေးအမျှင်များကိုပါ တွေးတောမိပြီး တုန်လှုပ်မိသွားတော့သည်။
ထဲကျူး၏ မျက်နှာအမူအရာမှာ မိန်းမောတွေဝေလာသည်ကို မြင်သဖြင့် လင်းဖန်က တစ်ခုခုပြော၍ နှစ်သိမ့်ရန် ပြင်လိုက်စဉ်မှာပင် ထဲကျူး၏ ပြောင်နေသော ဦးခေါင်းထက်၌ ပြောင်းလဲမှုတစ်ခုကို သတိ ထားမိလိုက်သည်။ ထိုအချိန်မှာပင် ထဲကျူးကိုယ်တိုင်လည်း တစ်ခုခု ထူးခြားနေသည်ကို ခံစားလိုက်ရ သည်။ ဦးခေါင်းပေါ်တွင် အနည်းငယ် ယားယံလာသဖြင့် သူသည် ချက်ချင်း လက်လှမ်း၍ စမ်းကြည့် လိုက်သည်။
ပြောင်သလင်းခါနေသော ဦးခေါင်းထက်၌ စူးစူးရှရှ အထိအတွေ့ကို စတင် ခံစားလိုက်ရသောအခါ ထဲကျူးသည် စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်တော့သည်။
“အိုး... ငါ့ခေါင်းက အရမ်းယားတာပဲ…။ ဟား... ဆံပင်တွေ ပေါက်လာပြီ။ မိုက်တယ်ဟေ့ ဆံပင်တွေ ပြန်ပေါက်လာပြီ။ ဟားဟားဟား….။”
သို့သော်လည်း လင်းဖန်မှာမူ ထဲကျူး၏ စိတ်လှုပ်ရှားစွာ အော်ဟစ်သံများကို ကြားသော်လည်း လုံးဝ ဝမ်းမသာနိုင်အားပေ။ အကြောင်းမှာ ထဲကျူး၏ ဦးခေါင်းပေါ်တွင် ပေါက်လာသော "ဆံပင်" များ၏ အရောင်မှာ တစ်မျိုးဖြစ်နေသောကြောင့်ပင်။ ထဲကျူးသည် သူ၏ ခေါင်းပေါ်တွင် ဘာပေါက်နေသည်ကို မမြင်ရသော်လည်း လင်းဖန်ကမူ ရှင်းရှင်းလင်းလင်း မြင်နေရသည် မဟုတ်ပါလား။
*ဒါ ဘာကြီးလဲဟ… ခေါင်းပေါ်မှာ ပေါက်နေတာတွေက မြက်ပင်စိမ်းလေးတွေပါလား..။*
ထဲကျူးသည် စိတ်လှုပ်ရှားမှုများ ငြိမ်သက်သွားသောအခါမှ လင်းဖန်၏ မျက်နှာပေါ်ရှိ ထူးဆန်းသော အမူအရာကို သတိပြုမိသွားသည်။ သူ၏ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားကာ...
“ဆိုင်ရှင်... ဘာဖြစ်လို့လဲဟင်…။ ငါ့ရဲ့ အသစ်ပေါက်လာတဲ့ ဆံပင်တွေက တစ်ခုခု မှားနေလို့လား…။”
“အင်း... ဟိုလေ... ဒါကို ဘယ်လို ပြောရမလဲ။ ငါ ပြောနိုင်တာကတော့ အသက်ဓာတ်တွေနဲ့ ပြည့်စုံ နေတာပဲလို့ပဲ ဆိုရမှာပဲ…။”
လင်းဖန်သည် ခဏမျှ ထစ်ထစ်အအ ဖြစ်နေပြီးနောက် "ရှင်သန်ခြင်း အရှိန်အဝါတွေနဲ့ ပြည့်စုံနေတယ်" ဆိုသည့် အဓိပ္ပာယ်မျိုးဖြင့် နောက်ဆုံးတွင် ဖွဲ့နွဲ့ပြောလိုက်ရသည်။ လင်းဖန်၏ ထူးဆန်းသော ဖော်ပြ ချက်ကို ကြားလိုက်ရသဖြင့် ထဲကျူးသည် ထိတ်လန့်သွားပြီး သူ၏ ခေါင်းပေါ်မှ သိပ်မရှည်သေးသော ဆံပင်တစ်ပင်ကို အားကုန် နှုတ်ကြည့်လိုက်သည်။
သူ၏ လက်ထဲတွင် စိမ်းစိုနေသော အမည်မသိ အပင်ငယ်လေးကို မြင်လိုက်ရသောအခါ သူသည် နေရာ မှာတင် ကျောက်ရုပ်ကဲ့သို့ မှင်သက်သွားလေတော့သည်။ ထဲကျူး၏ အသက်မဲ့နေသော အမူအရာကို မြင်လိုက်ရသဖြင့် လင်းဖန်သည် မျက်လုံးများ အရောင်တောက်သွားပြီး ချက်ချင်းပင် နှစ်သိမ့်စကား ရှာတွေ့သွားသည်။
“ဘုရားရေ... ဒါ... ဒါက တကယ်တော့ ပြန်လည်ရှင်သန်ခြင်း ဆေးလုံး ဖော်စပ်ရာမှာ သုံးတဲ့ ဆေးဖက် ဝင် အပင်တွေပဲ။ ထဲကျူး... မင်းတော့ ကံထူးပြီဟေ့။ ဒီဆေးပင်တွေ ရင့်မှည့်လာရင် စိတ်ဝိညာဉ် ကျောက်တုံး အများကြီးနဲ့ ပြန်ရောင်းလို့ရတယ်…။”
သို့သော်လည်း လင်းဖန်၏ နှစ်သိမ့်စကားများသည် ထဲကျူးကို ငိုင်နေရာမှ ပြန်နိုးလာစေရုံသာ ရှိသည်။ သူ၏ မျက်နှာမှာမူ နာကျည်းမှုနှင့် စိတ်ပျက်အားလျော့မှုများ ရှိနေဆဲပင်။ ဤအခြေအနေတွင် လင်းဖန် လည်း ဆက်၍ မည်သို့ နှစ်သိမ့်ရမှန်း မသိတော့သဖြင့် ထဲကျူးကို သူ့ဘာသာသူ အချိန်ပေး၍ စဉ်းစားနိုင် ရန် အကြောင်းပြချက်တစ်ခုဖြင့် နောက်ဖေးခြံဝန်းထဲသို့ ဝင်ရန် ဆုံးဖြတ်လိုက်သည်။
“အို... ငါ မေ့တော့မလို့။ ငါ ဆေးလုံးတွေ ဖော်စပ်နေတာပဲ။ ဆေးတွေ တူးမသွားအောင် သွားကြည့်ဦး မှ....။”
ထိုသို့ ပြောပြီးနောက် လင်းဖန်သည် နောက်ဖေးသို့ အလျင်အမြန် ဝင်သွားလေတော့သည်။ ဆိုင်ထဲတွင် ထဲကျူးတစ်ယောက်တည်း ဝမ်းနည်းပူဆွေးရင်း ကျန်ရစ်ခဲ့လေသည်။
နောက်ဖေးခြံဝန်းသို့ ရောက်သောအခါ လင်းဖန်သည် သက်ပြင်းချလိုက်ပြီး မှော်ပစ္စည်းများ သန့်စင်ခြင်း ကို ချက်ချင်း စတင်လေ့လာတော့သည်။ လင်းဖန် ပထမဆုံး သန့်စင်လိုက်သော မှော်ပစ္စည်းမှာ "အဖြူ ရောင်ဓားသွား"နှင့် တွဲဖက်ရောင်းချရန် ရည်ရွယ်ထားသည့် ဒူးကာ အမျိုးအစား ပစ္စည်းတစ်ခုဖြစ်သည်။
ပစ္စည်းများကို ရွေးချယ်ပြီးနောက် လင်းဖန်သည် စမ်းသပ်မှုကို စတင်လိုက်သည်။
မိနစ်အနည်းငယ် ကြာပြီးနောက် အချက်ပေးသံနှင့်အတူ မှော်လက်နက်အသစ်တစ်ခု ထွက်ပေါ်လာ ခဲ့သည်။ သို့သော် လင်းဖန် ဆေးမီးဖိုကို ဖွင့်ကြည့်လိုက်သောအခါ အနည်းငယ် စိတ်ပျက်သွားခဲ့သည်။ ဆေးမီးဖိုထဲတွင် ရှိနေသော အဝတ်စသည် လင်းဖန် အလိုရှိသော ဒူးကာ မဟုတ်နေသည်မှာ သိသာလှ သည်။
ရွေးချယ်လိုက်သော ကုန်ကြမ်းများ မှားယွင်းနေပုံရသဖြင့် ထပ်မံ သုတေသနပြုရန် လိုအပ်နေသေး သည်။ သို့သော်လည်း လက်နက်အသစ်တစ်ခု သန့်စင်ပြီးဖြစ်၍ လင်းဖန်သည် သူ၏ စစ်ဆေးခြင်း အစွမ်းဖြင့် ထိုအဝတ်စကို ကြည့်လိုက်သည်။ အဝတ်စ၏ အမည်ကို မြင်လိုက်ရသောအခါ လင်းဖန်မှာ မှင်သက်သွားရသည်။
“ကောင်းကင်ယံပျံဝဲဝတ်ရုံ…. ဒါ ဘာအမျိုးအစားကြီးလဲ။ နာမည်ကလည်း နတ်ခွေးကြီး ရဲ့ စောင် နာမည်နဲ့ သွားတူနေသေးတယ်…။”
သို့သော်လည်း ကောင်းကင်ယံပျံဝဲဝတ်ရုံ ၏ စွမ်းဆောင်ရည်နှင့် ဘေးထွက်ဆိုးကျိုးများကို ဆက်ဖတ် ကြည့်လိုက်သောအခါ လင်းဖန်တစ်ယောက် ဆွံ့အသွားလေတော့သည်။
[ကောင်းကင်ယံပျံဝဲဝတ်ရုံ (မြည်းတံဆိပ်) - ပထမအဆင့် မှော်ရတနာ]
[စွမ်းဆောင်ရည်: ရွှေအမြုတေအဆင့် ကျင့်ကြံသူများ၏ တိုက်ခိုက်မှုကို လျစ်လျူရှုနိုင်သည်။ ထို့အပြင် "လမ်းဘေးခွေး" ထွက်ပြေးခြင်းစွမ်းရည် ပါရှိသည်။]
[လမ်းဘေးခွေး : မိမိ ခံနိုင်ရည်ထက် ကျော်လွန်သော တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရပါက ချက်ချင်း ခွေးအဖြစ် ပြောင်းလဲသွားပြီး ထွက်ပြေးလွတ်မြောက်စေမည်။]
[ဘေးထွက်ဆိုးကျိုး: ခွေးအဖြစ် တစ်ကြိမ် ပြောင်းလဲသွားပါက မိမိစိတ်ဆန္ဒအတိုင်း လူအဖြစ် ပြန်မ ပြောင်းနိုင်ဘဲ အချိန်အပိုင်းအခြား တစ်ခုတွင် ကျပန်းသာ ပြန်လည် ပြောင်းလဲနိုင်သည်။]
“ဒါ... ဒါက သူတို့ပြောပြောနေတဲ့ 'ခွေးတစ်ကောင်လို အရိုက်ခံရခြင်း' ဆိုတဲ့အတိုင်း ဖြစ်သွားတာပေါ့ ဟုတ်လား…။”
“ဒီဝတ်ရုံက 'ခွေးတစ်ကောင်လို အရိုက်ခံရခြင်း' ဆိုတဲ့ တင်စားချက်ကို တကယ့် လက်တွေ့အရှိတရား အဖြစ် ပြောင်းလဲပေးလိုက်တာပဲ…။”
“မင်းကတော့လေ... ငါ မေးပါရစေဦး ပုံမှန်ပစ္စည်းလေးတွေများ မထုတ်ပေးနိုင်ဘူးလား…။”
ဤတစ်ကြိမ်တွင် စနစ်ကပါ ဒေါသထွက်လာသည်။
[ ငါတို့ထဲမှာ ဘယ်သူက ပုံမှန်မဟုတ်တာလဲ။ မင်းမှာ စံသတ်မှတ်ချက်အတိုင်း မှော်ပစ္စည်းတွေ ရှိနေ ပါလျက်နဲ့ မင်းဘာသာမင်း လျှောက်ပြီး သုတေသနလုပ်နေတာလေ။ ဒါကို ငါ့ကို ဘာလာအပြစ်တင် နေတာလဲ။ ]
ထိုစကားကို ကြားသောအခါ လင်းဖန်သည် အနည်းငယ် အပြစ်မကင်းသလို ခံစားရသဖြင့် နှာခေါင်းကို ပွတ်လိုက်မိသည်။ သို့သော်လည်း သူ ချက်ချင်းပင် တစ်ခုခုကို သတိပြုမိသွားသည်။
“အဲဒါတော့ မဟုတ်သေးပါဘူး။ အရင်က ငါ ပုံမှန်ကုန်ကြမ်းတွေ သုံးပြီး ဖော်စပ်ခဲ့တဲ့ မှော်ရတနာတွေနဲ့ ဆေးလုံးတွေကလည်း ပုံမှန်မှ မဟုတ်ခဲ့တာ…။”
[ဒါဆိုရင်တော့ ငါ့ကို အပြစ်မတင်နဲ့။ ဆေးမီးဖိုကိုပဲ အပြစ်တင်တော့။]
အပြစ်တင်စရာကို ဆေးမီးဖိုဆီ လွှဲချလိုက်ပြီးနောက် လင်းဖန်နှင့် စနစ်တို့သည် မည်သူမှားသည်၊ မှန် သည်ကို ဆက်၍ ငြင်းခုံမနေတော့ပေ။ သို့သော် တရားမျှတစွာ ပြောရလျှင် 'ကောင်းကင်ယံပျံဝဲ ဝတ်ရုံ' သည် ဘေးထွက်ဆိုးကျိုး အနည်းငယ် ဆိုးရွားသော်လည်း အသက်ဘေးမှ ကာကွယ်ပေးနိုင်သည့် တကယ့် မှော်ရတနာတစ်ခု ဖြစ်နေပြန်သည်။
“ကဲ... အသက်ဆုံးရှုံးရတာနဲ့စာရင် ခွေးတစ်ကောင်လို ဖြစ်သွားတာကလည်း လက်ခံနိုင်စရာပါပဲလေ...။”
လင်းဖန်သည် သူ့ဘာသာသူ ရေရွတ်ပြီးနောက် သူ လိုချင်နေသော ဒူးကာကို ဆက်၍ သုတေသနလုပ်နေ လိုက်တော့သည်။ လင်းဖန်သည် ညဦးပိုင်းအထိ ဒူးကာကို ဆက်တိုက် စမ်းသပ်သန့်စင်ခဲ့လေသည်။
ထူးဆန်းသော မှော်ပစ္စည်း အများအပြား ထွက်ပေါ်လာပြီးနောက် နောက်ဆုံးတွင် သာမန် ဒူးကာ တစ်စုံကို အောင်မြင်စွာ သန့်စင်နိုင်ခဲ့လေသည်။
[လက်ဆောင်မပေးသော ဒူးကာ (မြည်းတံဆိပ်) - အထူးပစ္စည်း]
[မှတ်ချက်: ဤပစ္စည်းသည် ပိုက်ဆံရရန်အတွက် ဆိုင်ရှင်လူလိမ်မှ သန့်စင်ထားသော အရာဖြစ်သည်။]
[စွမ်းဆောင်ရည်: ဤဒူးကာကို ဝတ်ဆင်ခြင်းဖြင့် တိုက်ခိုက်ရေးဓားများ၏ အထူးအာနိသင်များမှ ကာကွယ်ပေးနိုင်သည်။]
“ဟားဟား... နောက်ဆုံးတော့ အောင်မြင်သွားပြီ….။”
ဒူးကာ၏ အာနိသင်ကို မြင်လိုက်ရသောအခါ လင်းဖန်သည် အားရပါးရ ရယ်မောလိုက်တော့သည်။ ဤ ဒူးကာကို မှော်လက်နက်ဟု သတ်မှတ်ရန် ခက်ခဲသော်လည်း ထိရောက်မှု ရှိနေသရွေ့ အဆင်ပြေပေ သည်။ ၎င်းအပြင် လင်းဖန်က ဤပစ္စည်းကို သီးသန့်ရောင်းရန် မရည်ရွယ်ထားပေ။
ထို့အပြင် ဤဒူးကာတွင် အခြားထူးခြားသော စွမ်းရည်များ မရှိသော်လည်း ဈေးကောင်းကောင်းဖြင့် ရောင်းနိုင်မည်ဟု လင်းဖန် ယုံကြည်နေသည်။ တိုက်ခိုက်ရေးလက်နက်များ ပိုင်ဆိုင်သူ များလာလေလေ ဒူးကာ လိုအပ်ချက်ကလည်း ပို၍ မြင့်မားလာလေလေ ဖြစ်ပေလိမ့်မည်။
ရည်မှန်းချက် အောင်မြင်သွားသောအခါမှ လင်းဖန်သည် မိုးချုပ်နေပြီ ဖြစ်ကြောင်း သတိပြုမိတော့ သည်။ သူသည် ဒူးကာ ဆယ်စုံကျော်ခန့်ကို သန့်စင်ပြီးနောက် အနားယူရန် အိပ်ခန်းသို့ ပြန်လာခဲ့သည်။
နောက်တစ်နေ့ နံနက်တွင် စီးပွားရေးအာရုံ တက်ကကြွနေသော လင်းဖန်သည် စောစောထခဲ့လေသည်။ 'အဖြူရောင် ဓားသွား' နှင့် 'အသက်ရှူနည်းစနစ်' တွဲဖက်မှု၊ 'ကောက်ရိုးဖိနပ်' နှင့် 'ဆေးသုံးမျိုး' တွဲဖက်မှုများကို ကြော်ငြာရန် သူ အသင့်ပြင်ထားသည်။
လင်းဖန် ဆိုင်ထဲသို့ ရောက်သောအခါ ထဲကျူးသည် ဆိုင်တွင် ရောက်နှင့်နေပြီ ဖြစ်ကြောင်း တွေ့လိုက် ရသဖြင့် စိတ်သက်သာရာ ရသွားသည်။
“ဟေး... ထဲကျူး မင်း အစောကြီးနိုးနေပါလား…။”
လင်းဖန်၏ စကားကို ကြားသောအခါ လင်းဖန်ကို ကျောပေးထားသော ထဲကျူးသည် လှည့်ကြည့်လိုက် ရာ သူ၏ ညိုမဲနေသောမျက်ကွင်းများဖြင့် ရှိနေသော မျက်လုံးများကို တွေ့လိုက်ရသည်။
“အင်... ထဲကျူး၊ မင်း တစ်ညလုံး မအိပ်ရသေးဘူး မဟုတ်လား…။”