အခန်း ၉၃
Vol. 10 Ch. 93
အခန်း (၉၃) နတ်မိမယ် ရူဟွာ က ဘယ်လိုပုံစံမျိုးမို့လို့လဲ
လင်းဖန်တစ်ယောက် စိတ်ထဲမှ ကြိတ်၍ မကျေမနပ်ဖြစ်နေစဉ်မှာပင် စင်မြင့်ပေါ်ရှိ လူနှစ်ယောက်မှာ အခြေအနေကို ပြန်လည်ထိန်းညှိပြီးဖြစ်၍ တိုက်ပွဲမှာ စတင်တော့မည် ဖြစ်သည်။ လင်းဖန်သည် ရှို့ဆယ် လက်ဖက်ရည်ဆိုင် မှ မြင်ကွင်းများကို ခေါင်းထဲမှ အမြန်ထုတ်ပစ်လိုက်ပြီး စီးပွားရေး လုပ်ရန် ပြင်ဆင်လိုက်တော့သည်။
ထိုသူနှစ်ဦးစလုံးမှာ ရွှေအမြုတေအဆင့် နှောင်းပိုင်း ကျင့်ကြံသူများ ဖြစ်ကြသည်။ ဤသို့သော အခြေ အနေမျိုးတွင် မည်သူ၏ မှော်လက်နက်နှင့် ကျင့်စဉ်များက ပို၍ အစွမ်းထက်သနည်း ဆိုသည်အပေါ် တွင်သာ မူတည်တော့သည်။
“ကျောက်ဟူ... ဒီနေ့ပြီးရင် မင်းရဲ့ကတိအတိုင်း နတ်မိမယ် ရူဟွာရဲ့ ရှေ့မှာ နောက်တစ်ခါ ဘယ်တော့မှ ပေါ်မလာပါနဲ့တော့…။”
“ဟွန်း... ကျန်းလုံ မသိရင် မင်းကပဲ နိုင်မှာကျနေတာပဲ။ ငါ့အထင်တော့ ဒီနေ့ပြီးရင် ပေါ်မလာရမှာက မင်း ဖြစ်လိမ့်မယ်…။”
လင်းဖန်သည် ထိုသူနှစ်ဦး၏ အပြန်အလှန် စောင်းမြောင်းပြောဆိုနေသော စကားများကို နားထောင်နေ မိသည်။ ထိုသူနှစ်ဦးအား ယှဉ်ပြိုင်တိုက်ခိုက်ရသည်အထိ ပြုစားနိုင်သော "ရူဟွာ" ဆိုသည့် နတ်မိမယ်မှာ မည်မျှအထိ လှပနေသနည်းဟု သူ သိချင်မိသွားသည်။
စကားစစ်ထိုးပြီးနောက် နှစ်ဦးသား တိုက်ပွဲစတင်ကြလေသည်။ တိုက်ပွဲမှာ အတော်လေး ကြည့်ကောင်း လှသည်။ စင်မြင့်ပေါ်ရှိ ထိုသူနှစ်ဦး အသုံးပြုနေသော မှော်လက်နက်များမှာ သာမန် ပုံစံတူသော ဓားပျံ များသာ ဖြစ်ကြသည်။ ထို့ကြောင့် ထိုသူနှစ်ဦးမှာ ကြွယ်ဝချမ်းသာသူများ မဟုတ်ကြောင်း လင်းဖန် ရိပ်မိ လိုက်သည်။ ဤကဲ့သို့သော လူများသည် 'အဖြူရောင်ဓားသွား'တစ်လက်ကို စိတ်ဝိညာဉ်ကျောက်တုံး တစ်သိန်းပေး၍ ဝယ်ယူကြမည် မဟုတ်ပေ။
၎င်းကို သိလိုက်ရသောအခါ လင်းဖန်သည် သူ၏ အရောင်းဗျူဟာကို ချက်ချင်း ပြောင်းလဲလိုက်သည်။ မှော်လက်နက်များကို ရောင်းမည့်အစား ငှားရမ်းသည့်စနစ်သို့ ပြောင်းရန် သူ စီစဉ်လိုက်တော့သည်။ လင်းဖန်တစ်ယောက် ငှားရမ်းခကို စဉ်းစားနေစဉ်မှာပင်...
လူရိပ်တစ်ခုမှာ ရုတ်တရက် လွင့်ထွက်လာပြီး စင်မြင့်အစွန်းသို့ ပြင်းထန်စွာ ကျရောက်သွားခဲ့သည်။ လင်းဖန် သေချာကြည့်လိုက်သောအခါ ကျောက်ဟူ ဆိုသည့် ကျင့်ကြံသူ ဖြစ်နေသည်။ ဓားပျံချင်း ယှဉ်ပြိုင်နေစဉ်မှာပင် ကျန်းလုံက အဆောင်လက်နက်တစ်ခုကို ထုတ်သုံးလိုက်ခြင်း ဖြစ်သည်။ ကျောက်ဟူမှာ အငိုက်မိသွားပြီး အဆောင်၏ အရှိန်ကြောင့် လွင့်ထွက်သွားကာ စင်ပေါ်မှ ပြုတ်ကျ၍ ရှုံးနိမ့်လုနီးပါး ဖြစ်သွားခဲ့ရသည်။
သူ မရှုံးသေးသော်လည်း အဆောင်ကြောင့် ရရှိထားသော ဒဏ်ရာကို ကြည့်လျှင် ရှုံးရန်မှာ အချိန် ပြဿနာသာ ဖြစ်တော့သည်။ ကျောက်ဟူကိုယ်တိုင်လည်း ဤအချက်ကို နားလည်ပုံရပြီး ကျန်းလုံကို ချက်ချင်း ဆဲဆိုတော့သည်။
“ကျန်းလုံ... မင်းက ယုတ်မာလိုက်တာ။ အဆောင်ကို သုံးပြီး ခိုးကြောင်ခိုးဝှက် တိုက်ခိုက်တယ်ပေါ့။ မင်းလို လူယုတ်မာက လှပတဲ့ နတ်မိမယ်လေးနဲ့ ဘယ်လိုလုပ် တန်မှာလဲ…။”
အောင်ပွဲမှာ လက်တစ်ကမ်းအလိုသို့ ရောက်နေပြီဖြစ်၍ ကျန်းလုံက နှာခေါင်းရှုံ့ကာ...
“ဟွန်း... တိုက်ပွဲဆိုတာ နည်းလမ်းပေါင်းစုံ သုံးရတာပဲ၊ ယုတ်မာတယ်ဆိုတာ မရှိဘူး။ မင်းလို ခေါင်းမရှိ တဲ့လူကမှ နတ်မိမယ် ရူဟွာနဲ့ မတန်တာ…။”
ပြောပြီးသည်နှင့် ကျန်းလုံသည် ကျောက်ဟူဆီသို့ ဖြည်းညှင်းစွာ လျှောက်လာခဲ့သည်။ နောက်ဆုံး တိုက်ကွက်ဖြင့် သူ့ကို စင်ပေါ်မှ ကန်ချကာ အနိုင်ယူရန် ကြံစည်နေသည့်ပုံရလေသည်။ ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ လင်းဖန်သည် သူ၏ အခွင့်အရေး ရောက်လာပြီဖြစ်ကြောင်း သိလိုက်သည်။ သူသည် လူအုပ်ထဲမှ တိုးဝှေ့ထွက်ကာ စင်အစွန်းရှိ ကျောက်ဟူ၏ အနီးသို့ ရောက်သွားတော့သည်။
“မိတ်ဆွေ... မင်းက ဒီအတိုင်း အရှုံးပေးတော့မှာလား။ လှပတဲ့ နတ်မိမယ်လေးက ဒီလို ယုတ်မာတဲ့လူရဲ့ လက်ထဲ ရောက်သွားမှာကို မင်း ကြည့်နေနိုင်မှာလား…။”
လင်းဖန်၏ စကားကြောင့် ကျန်းလုံနှင့် ကျောက်ဟူတို့ သတိထားမိသွားကြသည်။ ကျန်းလုံက ရပ် လိုက်ပြီး သူ့ကိစ္စထဲ ဝင်ပါနေသော လင်းဖန်ကို ကြည့်လိုက်သည်။ တစ်ဖက်လူကို ငေါက်ငမ်းရန် ပြင် လိုက်သော်လည်း တစ်ဖက်လူ၏ ကျင့်ကြံမှုအဆင့်ကို သူ မမြင်နိုင်သဖြင့် ချက်ချင်း ပြန်ငြိမ်သွားလေ သည်။ သူသည် အနိုင်ရတော့မည့် တိုက်ပွဲကို အချိန်မဆွဲချင်သဖြင့် လင်းဖန်၏ စကားကို လျစ်လျူရှု လိုက် တော့သည်။
စင်အစွန်းတွင် ရှိနေသော ကျောက်ဟူမှာမူ ကောက်ရိုးတစ်မျှင်ကို ဆွဲကိုင်လိုက်ရသလို ခံစားလိုက်ရပြီး အလျင်အမြန် ပြောလိုက်သည်။
“မိတ်ဆွေ... ငါ မကျေနပ်နိုင်ဘူး။ ငါ့ကို ဒဏ်ရာပျောက်ဆေး တစ်လုံးလောက် ငှားပေးနိုင်မလား။ ငါ သူ့ကို အနိုင်ရပြီးရင် မင်းကို ကျေးဇူးဆပ်ပါ့မယ်…။”
ကျောက်ဟူ၏ စကားကို ကြားသောအခါ လင်းဖန်သည် သူ၏ အကွက်ထဲ ဆိုက်ဆိုက်မြွက်မြွက် ရောက်လာပြီဖြစ်ကြောင်း သိလိုက်ရသည်။
“မိတ်ဆွေ... ငါက ကုန်သည်တစ်ယောက်ပါ။ ငါ့မှာ မင်းကို အရှုံးကနေ အနိုင် ဖြစ်သွားစေနိုင်မယ့် မှော်ရတနာ တစ်ခု ရှိတယ်။ ဒီရတနာက မူအရတော့ ရောင်းရုံပဲ ရောင်းတာ၊ မငှားဘူး။ ဒါပေမဲ့ မင်းရဲ့ မလျှော့တဲ့ ဇွဲကို ကြည့်ပြီး ငါ့ရဲ့ မူကို ဆန့်ကျင်ပြီး ဆုံးဖြတ်ချက် တစ်ခု ချလိုက်မယ်။ အလယ်အလတ် တန်းစား စိတ်ဝိညာဉ်ကျောက်တုံး (၂၅၀) တည်းနဲ့ ဒီမှော်ရတနာကို မင်းကို ငှားပေးမယ်။ တိုက်ပွဲပြီးတဲ့ အထိ မင်း သုံးလို့ရတယ်…။”
၎င်းကို ကြားသောအခါ ကျောက်ဟူမှာ ပထမတော့ တွေဝေသွားသော်လည်း နတ်မိမယ်လေး၏ မျက်နှာ ကို ပြေးမြင်ယောင်ကာ အံကြိတ်ပြီး ချက်ချင်း သဘောတူလိုက်လေသည်။
“ကောင်းပြီ မိတ်ဆွေ... မြန်မြန်ပေး ငါ ငှားမယ်…။”
တစ်ဖက်လူက သဘောတူသည်နှင့် လင်းဖန်သည် 'အဖြူရောင်ဓားသွား' ကို ချက်ချင်း ထုတ်ပေးလိုက် သည်။ တစ်ဖက်လူက အကြွေးတင်ထားမည်ကို သူ လုံးဝ မစိုးရိမ်ပေ။ ကျောက်ဟူသည် လင်းဖန်ဆီမှ ဓားကို ရသည်နှင့် ချက်ချင်း ထရပ်ကာ ဓားဖြင့် ကျန်းလုံကို ချိန်လိုက်သည်။
“ ကျန်းလုံ... လာစမ်း...။”
သို့သော်လည်း သူ၏ စိန်ခေါ်စကား မဆုံးခင်မှာပင် ကျောက်ဟူနှင့် ပရိသတ်အားလုံးကို ဆွံ့အသွား စေမည့် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။ ဓားဦးက ကျန်းလုံဆီသို့ ဦးတည်သွားသည်နှင့် ကျန်းလုံ သည် သူ၏ ခန္ဓာကိုယ်ကို သူ ကိုယ်တိုင် မထိန်းချုပ်နိုင်တော့ကြောင်း ခံစားလိုက်ရသည်။ ထို့နောက် လူတိုင်း၏ ရှေ့မှာပင် သူသည် ကျောက်ဟူ၏ ခြေရင်းသို့ ဒူးထောက်လျက်သား လျှောတိုက် ရောက်ရှိ သွားပြီး 'အဖြူရောင်ဓားသွား' ကို လက်နှစ်ဖက်ဖြင့် မြဲမြံစွာစုပ်ကိုင်ထားလိုက်လေတော့သည်။
ဤမြင်ကွင်းကြောင့် ပရိသတ်များမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။ ကျောက်ဟူကိုယ်တိုင်လည်း ကျန်းလုံ၏ အပြုအမူကြောင့် ကြောင်သွားကာ ဇဝေဇဝါဖြင့် မေးလိုက်သည်။
“ကျန်းလုံ... မင်း အခု ဘာအကွက်တွေ ထွင်နေပြန်တာလဲ…။”
ထိုအချိန်တွင် ကျန်းလုံမှာ ထိတ်လန့်နေပြီး ကျောက်ဟူ၏ စကားကို ကြားသောအခါ ပို၍ ဒေါသထွက် သွားကာ...
“ငါက အကွက်ထွင်နေတာ ဟုတ်လား။ မင်းပဲ အကွက်ထွင်နေတာ မဟုတ်ဘူးလား။ မင်း ဘာယုတ်မာတဲ့ နည်းလမ်းတွေ သုံးလိုက်တာလဲ…။”
လူတိုင်း ဇဝေဇဝါ ဖြစ်နေသည်ကို မြင်သောအခါ လင်းဖန်သည် သူ၏ ကုန်ပစ္စည်းကို ကြော်ငြာရန် အခွင့်ကောင်း ရပြီဖြစ်ကြောင်း သိလိုက်သည်။ သူသည် ပရိသတ်ဘက်သို့ လှည့်ကာ အသံကျယ် ကျယ်ဖြင့် ပြောလိုက်သည်။
“လူကြီးမင်းတို့ ... အခု စင်ပေါ်မှာ ဖြစ်ပျက်နေတာကို အားလုံး မြင်ကြတဲ့အတိုင်းပါပဲ။ ဒါဟာ ကျွန်တော် တို့ ဆိုင်ရဲ့ နာမည်ကြီး လက်နက်ဖြစ်တဲ့ 'အဖြူရောင်ဓားသွား' ရဲ့ အာနိသင်ပဲ ဖြစ်ပါတယ်။ ဒီဓားကို တစ်ဖက်လူဆီ ဦးတည်လိုက်တာနဲ့ အဲဒီလူက ခင်ဗျားတို့ရှေ့မှာ မဖြစ်မနေ ဒူးထောက်လာစေမှာ ဖြစ် ပါတယ်။ ဒီဓားတင်မကဘဲ တခြား ဆန်းကြယ်တဲ့ ဆေးလုံးတွေနဲ့ မှော်ရတနာတွေလည်း ရှိပါ သေး တယ်။ လိုအပ်ရင်တော့ 'ဟင်းလင်းပြင် ဆိုင်ခန်း' မှာ လာရောက် ဝယ်ယူနိုင်ပါတယ်…”
လင်းဖန်၏ ကြော်ငြာကြောင့် လူအများအပြား စိတ်ဝင်စားသွားကြသည်။ ထို့နောက် လင်းဖန်သည် စင်ပေါ်ရှိ လူများကိုလည်း မေ့မထားပေ။ အထိန်းချုပ်ခံထားရဆဲ ဖြစ်သော ကျန်းလုံကို ကြည့်ကာ...
လင်းဖန်သည် စနစ်၏ သိုလှောင်ခန်းထဲမှ ဒူးကာ တစ်စုံကို ချက်ချင်း ထုတ်လိုက်သည်။
“မိတ်ဆွေ... မင်းက ဒီအတိုင်း အရှုံးပေးတော့မှာလား။ လှပတဲ့ နတ်မိမယ်လေးက ဒီလို ထုံအအ လူစားမျိုးရဲ့ လက်ထဲ ရောက်သွားမှာကို မင်း ကြည့်နေနိုင်မှာလား…။”
လင်းဖန်၏ စကားကြောင့် ကျန်းလုံနှင့် ကျောက်ဟူတို့ နှစ်ဦးစလုံး မှင်သက်သွားကြသည်။ ဤစကား လုံးများက ဘာကြောင့် ဒီလောက် ရင်းနှီးနေရတာလဲ။ အခုလေးတင် ကျောက်ဟူကို ပြောခဲ့တဲ့ စကား တွေ မဟုတ်ဘူးလား။ "ယုတ်မာတဲ့လူ" ဆိုတဲ့ နေရာမှာ "ထုံအအလူ" ဆိုပြီး ပြောင်းလိုက်တာကလွဲရင် အကုန်အတူတူပင်။
သို့သော် မျက်စိမျက်နှာပျက်နေသော ကျောက်ဟူနှင့် မတူဘဲ ကျန်းလုံမှာမူ ထိုစကားကို ကြားလိုက်ရ သဖြင့် မျှော်လင့်ချက် ရောင်ခြည် သန်းလာခဲ့သည်။
“မိတ်ဆွေ... ငါ မကျေနပ်နိုင်ဘူး။ မင်းရဲ့ အကူအညီကို ငါ ဝယ်ယူဖို့ အသင့်ပဲ…။”
လင်းဖန်၏ လက်ထဲရှိ ပစ္စည်းနှင့် ကျောက်ဟူ၏ အဖြစ်အပျက်ကို ကြည့်ပြီး ကျန်းလုံသည် ငွေကုန် ကြေးကျ ရှိမည်ကို သိထားပြီးဖြစ်သည်။ ကျန်းလုံက အလိုက်သိသည်ကို မြင်သောအခါ လင်းဖန် ဝမ်းသာသွားပြီး ဝတ်ဆင်ပေးသည့် ဝန်ဆောင်မှုကိုပါ လက်ဆောင်အဖြစ် ပေးလိုက်သည်။ သူသည် ဒူးကာ တစ်စုံကို ကျန်းလုံ၏ ဒူးတွင် ချက်ချင်း တပ်ဆင်ပေးလိုက်တော့သည်။
“မိတ်ဆွေ... ဒီဒူးကာက တိုက်ခိုက်ရေးဓားတွေရဲ့ အာနိသင်ကို ခုခံပေးနိုင်တယ်။ မင်းအတွက် ငါ တပ်ပေး ပြီးပြီ။ မင်းလည်း (၂၅၀) ပဲ တိုက်ပွဲပြီးတဲ့အထိ သုံးလို့ရတယ်…။”
လင်းဖန်၏ စကားအဆုံးတွင် ကျန်းလုံ ထရပ်ရန် ကြိုးစားကြည့်လိုက်သည်။ ထိန်းချုပ်ထားသော အာနိသင်များ ပျောက်ကွယ်သွားပြီး သူ ပြန်လည် ရပ်နိုင်ခဲ့သည်။ ကျန်းလုံ လွတ်မြောက်သွားသည်ကို မြင်သောအခါ ကျောက်ဟူက မကျေမနပ်ဖြင့် သူ၏ ဓားကို ဆက်၍ ဝှေ့ယမ်းလိုက်သည်။ သို့သော် သူ မည်မျှပင် ဝှေ့ယမ်းစေကာမူ ကျန်းလုံမှာ ဒူးထောက်လျက်သား လျှောတိုက်လာခြင်းမျိုး မရှိတော့ပေ။
“ဟားဟားဟား... ကျောက်ဟူ၊ မင်းမှာ ဘာအကွက်တွေ ကျန်သေးလဲ ကြည့်ရသေးတာပေါ့…။”
ပြောပြီးသည်နှင့် ကျန်းလုံသည် သူ၏ ဓားဖြင့် ကျောက်ဟူကို တိုက်ရိုက် တိုက်ခိုက်တော့သည်။ ကျောက်ဟူသည် ဓားပျံ လာနေသည်ကို မြင်သောအခါ သူ၏ လက်ရှိဓားဖြင့် ကာကွယ်လိုက်သည်။ ဓားနှစ်လက် ထိတွေ့မိသောအခါ မမျှော်လင့်ထားသော အရာတစ်ခု ဖြစ်ပျက်သွားသည်။ ကျန်းလုံ၏ သာမန် ဓားပျံသည် 'အဖြူရောင်ဓားသွား' နှင့် ထိတွေ့လိုက်သည်နှင့် တခဏချင်းမှာပင် အစိတ်စိတ် အမွှာမွှာ ကြေမွသွားလေတော့သည်။
ဤသည်ကို မြင်လိုက်ရသောအခါ လင်းဖန်သည် ဤကဲ့သို့သော ကြော်ငြာကောင်းကို လက်လွှတ်ခံမည် မဟုတ်ပေ။