အခန်း ၉၄
Vol. 10 Ch. 94
အခန်း (၉၄) တာအိုရောင်းရင်း... ခင်ဗျား ငြင်းဆန်မှာတော့ မဟုတ်ပါဘူးနော်
"အားလုံးပဲ မြင်ကြရဲ့လား။ အဲဒါက ငါဆိုင်ရဲ့ အဖြူရောင်ဓားသွားရဲ့ စွမ်းအားပဲ…။"
"သာမန်ပျံသန်းနေတဲ့ ဓားပျံတစ်လက်နဲ့ ထိပ်တိုက်ယှဉ်ခုတ်ရင်တောင် အဲ့ဒီဓားကကြေမွသွားမှာပဲ..။"
လင်းဖန် ရှင်းပြနေစဉ်မှာပင် ကွင်းထဲတွင် ရပ်နေသော ကျန်းလုံမှာ သူ၏ ကျိုးပဲ့သွားသော ဓားပျံကို ကြည့်ကာ စကားပင် မပြောနိုင်လောက်အောင် ရင်ကွဲပက်လက် ဖြစ်နေသည်။
ကျောက်ဟူကတော့ အသံထွက်သည်အထိ အော်ဟစ်ရယ်မောလိုက်သည်။
"ဟားဟားဟား... ကျန်းလုံ၊ ခုနက မင်းပြောခဲ့တဲ့ စကားကို မင်းဆီ ပြန်ပေးလိုက်မယ်။ မင်းဆီမှာ ဘာလှည့်ကွက်တွေ ကျန်သေးလဲ ဆိုတာ ကြည့်ကြသေးတာပေါ့…။"
ကျောက်ဟူ၏ စကားထဲမှ နိုင်စားလိုသော လေသံကို ရင်ဆိုင်လိုက်ရချိန်တွင် ကျန်းလုံ စကားပြန်မပြော နိုင်သေးခင်မှာပင် လင်းဖန်က စကားစဖြတ်ပြောလိုက်သည်။
"တာအိုရောင်းရင်းကျန်း ဘာစောင့်နေတာလဲ။ ငါ့ဆီကနေ အဖြူရောင်ဓားသွား တစ်လက် မြန်မြန် ငှားလိုက်လေ။ ဒါမှ သူရဲ့ အဖြူရောင်ဓားသွားနဲ့ ရင်ဆိုင်ရတဲ့အခါ ခင်ဗျားရဲ့ဓား ထပ်ပြီး ကျိုးပဲ့မသွား တော့မှာပေါ့….။"
"ဒါ့အပြင် တာအိုရောင်းရင်းကျောက်မှာ ဒူးကာ မရှိဘူး။ ဒါကြောင့် သူက အနီးကပ်ဓားတွေရဲ့ ထိန်းချုပ် နိုင်စွမ်းကို မခံနိုင်ဘူးလေ။ အကယ်၍ ခင်ဗျားသာ..."
လင်းဖန် စကားပင် မဆုံးလိုက် အခြေအနေကို သဘောပေါက်သွားသည်နှင့် တစ်ပြိုင်နက် ကျန်းလုံက ချက်ချင်း ဝင်ပြောလိုက်သည်။
"ငါ ငှားမယ်။ တာအိုရောင်းရင်း... ငါ့ကို အဖြူရောင်ဓားသွား တစ်လက် မြန်မြန်ပေးပါ…။"
ကျန်းလုံ၏ တောင်းဆိုမှုကြောင့် လင်းဖန်သည် နောက်ထပ် အဖြူရောင်ဓားသွားတစ်လက်ကို လျင်မြန် ကျွမ်းကျင်စွာ ထုတ်ယူလိုက်သည်။
"ရပြီ၊ စိတ်ဝိညာဉ်ကျောက်တုံး (၂၅၀) ပဲ။ မြန်မြန် ယူလိုက်တော့…။"
စကားပြောရင်း လင်းဖန်သည် သူ၏ စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြုကာ အဖြူရောင်ဓားသွားကို ကျန်းလုံ၏ လက်ထဲသို့ ပို့ဆောင်ပေးလိုက်သည်။ အဖြူရောင်ဓားသွားကို ရရှိသွားပြီးနောက် ကျန်းလုံ သည် ယုံကြည်မှုများ ပြန်လည်ရရှိလာကာ ကျောက်ဟူဆီသို့ ချက်ချင်းပင် လွှဲခုတ်လိုက်သည်။
ကျောက်ဟူက သူ၏ဓားဖြင့် အလိုအလျောက် ခုခံရန် ကြိုးစားလိုက်ချိန်တွင် သူ၏ခန္ဓာကိုယ်ကို လှုပ်ရှား ၍မရတော့ကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။
ခုနက ကျန်းလုံ ကြုံတွေ့ခဲ့ရသော ကြောက်ရွံ့မှုမျိုးသည် ယခုအခါ သူ၏အပေါ်သို့ ကျရောက်လာခဲ့ လေပြီ။
ဆက်လက်ဖြစ်ပေါ်လာသော ရလဒ်မှာ မျှော်လင့်ထားသည့်အတိုင်းပင်ဖြစ်သည်။ ဒူးထောက်လျှော တိုက်ရင်း ဓားသွားကို လက်ဗလာဖြင့် ဖမ်းဆုပ်သည့် နောက်ထပ် ပြကွက်တစ်ခုကို ပရိသတ်ကြီး မျက်မြင်ကိုယ်တွေ့ မြင်တွေ့လိုက်ရပြန်သည်။
အခြေအနေများ ပြောင်းပြန်လှန်သွားပြီး ယခုတစ်ကြိမ်တွင် အားရပါးရ ရယ်မောရမည့်အလှည့်မှာ ကျန်းလုံ ဖြစ်သွားသည်။
"ဟားဟားဟား... ကျောက်ဟူ၊ နောက်ဆုံးမှာ ရယ်ရမယ့်သူက ငါ ဖြစ်သွားပြီ ထင်တယ် ဟား...။"
ကျန်းလုံ၏ ရယ်မောသံမှာ ရုတ်တရက် ရပ်တန့်သွားသည်။ အကြောင်းမှာ ပြဿနာတစ်ခုကို သူ ရုတ်တရက် သတိပြုမိလိုက်သောကြောင့် ဖြစ်သည်။ သူသည် ပြိုင်ကွင်းအောက်ရှိ လင်းဖန်ထံသို့ အကြည့်ကို အလျင်အမြန် လွှဲလိုက်သည်။
ထင်ထားသည့်အတိုင်းပင် လင်းဖန်သည် သူ၏ စနစ်ဟင်းလင်းပြင်ထဲမှ နောက်ထပ် ဒူးကာတစ်စုံကို ထုတ်ယူထားပြီး ဖြစ်နေသည်။
ထို့နောက် လင်းဖန်က ကျောက်ဟူကို ဖြည်းညင်းစွာ ပြောလိုက်သည်။
"တာအိုရောင်းရင်းကျောက်... အခုချိန်မှာ ခင်ဗျားအနေနဲ့ ဒူးကာတစ်စုံ ငှားဖို့ မငြင်းဆန်လောက်ဘူး မဟုတ်လား…။"
လင်းဖန်၏ အမေးကို ရင်ဆိုင်လိုက်ရသောအခါ ထိန်းချုပ်ခံထားရသည့် ကျောက်ဟူအနေဖြင့် ငြင်းဆန် စရာ အကြောင်းအရင်း လုံးဝမရှိတော့ပေ။
"ဟေး.. တာအိုရောင်းရင်း ငါ့ကို တစ်စုံ ပေးပါ…။"
တစ်ဖက်လူ၏ သဘောတူညီမှုကို ကြားသည်နှင့် လင်းဖန်က ချက်ချင်းပင် စိတ်ဝိညာဉ်ချီစွမ်းအားကို သုံးကာ ဒူးကာများကို သေချာစွာ ထိန်းချုပ်ပြီး တစ်ဖက်လူ၏ ခြေထောက်တွင် တပ်ဆင်ပေးလိုက် သည်။
ထို့နောက် ပြန်လည်မတ်တတ်ရပ်လာသော ကျောက်ဟူသည် ကျန်းလုံနှင့် ထပ်မံ၍ တိုက်ခိုက်ကြ ပြန်သည်။
သူတို့နှစ်ဦးစလုံးသည် ဓားငှားရမ်းရန်အတွက် စိတ်ဝိညာဉ်ကျောက်တုံး အများအပြား အကုန်အကျ ခံထားရသဖြင့် မည်သူကမျှ အလဟဿ မဖြစ်စေချင်ကြပေ။ ဤအခြေအနေအရ အဆုံးထိတိုက်ခိုက် ပြီး အနိုင်ယူရပေမည်။ သို့မဟုတ်ပါက စိတ်ဝိညာဉ်ကျောက်တုံး နှစ်သောင်းမှာ အလဟဿ ဖြစ်သွား ပေလိမ့်မည်။
သူတို့နှစ်ဦး၏ ပြင်းထန်သော တိုက်ပွဲ ပြန်လည်စတင်လာသည်နှင့်အမျှ ပရိသတ်များ၏ အားပေးဟစ် ကြွေးကြော်သံများက ထပ်မံ ထွက်ပေါ်လာပြန်သည်။အချိန်ကြာလာသည်နှင့်အမျှ သူတို့နှစ်ဦး၏ စိတ်ဝိညာဉ်ချီစွမ်းအားမှာ ကုန်ခမ်းလုနီးပါး ဖြစ်လာခဲ့သည်။
စီးပွားရေးအခွင့်အလမ်းကို မြင်လိုက်သော လင်းဖန်သည် ချက်ချင်းပင် စနစ်ဟင်းလင်းပြင်ထဲမှ အသေးစား အားဖြည့်ဆေးလုံး တစ်ပုလင်းကို ထုတ်ယူလိုက်သည်။
"တာအိုရောင်းရင်းတို့... ခင်ဗျားတို့ရဲ့ စိတ်ဝိညာဉ်ချီစွမ်းအားတွေ ကုန်ခမ်းလုနီးပါး ဖြစ်နေပြီဆိုတာ ငါ မြင်တယ်။ ကံကောင်းစွာနဲ့ပဲ ငါ့ဆီမှာ ခင်ဗျားတို့ရဲ့ စိတ်ဝိညာဉ်ချီစွမ်းအားတွေကို ပြန်လည်ဖြည့်တင်း ပေးနိုင်တဲ့ ဆေးလုံးတွေ ရှိတယ်…။"
"ဒီအသေးစား အားဖြည့်ဆေးလုံးက ငါတို့ဆိုင်ရဲ့ အမှတ်တံဆိပ်ထုတ်ကုန်တစ်ခုပဲ။ သူက ဒဏ်ရာတွေကို ကုသပေးနိုင်ရုံသာမက ခန္ဓာကိုယ်ထဲက စိတ်ဝိညာဉ်ချီစွမ်းအား တစ်ဝက်ကိုပါ ပြန်လည်ဖြည့်တင်း ပေး နိုင်တယ်….။"
ကျန်းလုံနှင့် ကျောက်ဟူတို့ကို ပြောပြီးနောက် လင်းဖန်က ပရိသတ်ဘက်လှည့်ကာ ထပ်မံ ကြော်ငြာ လိုက်ပြန်သည်။
"အားလုံးပဲ... ဒီ အသေးစား အားဖြည့်ဆေးလုံးက တိုက်ပွဲအတွက် မရှိမဖြစ်လိုအပ်တဲ့ ဆေးဝါးတစ်ခု ပါပဲ။ နောင်တစ်ချိန် ခင်ဗျားတို့ လိုအပ်လာရင် ငါ့ရဲ့ ဟင်းလင်းပြင်ဆိုင်မှာ လာဝယ်လို့ရပါတယ်…။"
အသေးစား အားဖြည့်ဆေးလုံးကို ကြော်ငြာပြီးနောက် လင်းဖန်က ပြိုင်ကွင်းဘက်သို့ အာရုံပြန်လှည့် လိုက်ချိန်တွင်...
စင်မြင့်ပေါ်မှ သူတို့နှစ်ဦးမှာ တိုက်ခိုက်ခြင်းကို ရပ်တန့်လိုက်ကြပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။ လင်းဖန်၏ ယခုလုပ်ရပ်က သူတို့နှစ်ဦးအား တစ်ခုခုကို သဘောပေါက်သွားစေခဲ့သည်။ အကယ်၍ ဤအတိုင်းသာ ဆက်သွားနေမည်ဆိုပါက သူတို့၏တိုက်ပွဲသည် ဘယ်သောအခါမှ အနိုင်အရှုံး သဲကွဲ မည်မဟုတ်တော့ပေ။
ပိုတိကျအောင် ပြောရလျှင် နောက်ဆုံးတွင် သူတို့နှစ်ဦးစလုံး အကုန်အကျများပြီး မွဲသွားကြကာ လင်းဖန်ကတော့ ချမ်းသာသွားပေလိမ့်မည်။
ဤအချက်ကို သဘောပေါက်သွားသောအခါ သူတို့နှစ်ဦးသည် တိုက်ခိုက်ခြင်းကို ရပ်တန့်လိုက်ကြခြင်း ဖြစ်သည်။
ဟို 'နတ်သမီးရူဟွာ' ဆိုသောကိစ္စကိုတော့ မေ့ထားလိုက်ကြတော့သည်။
သူတို့နှစ်ဦး တိုက်ခိုက်ခြင်း ရပ်သွားသည်ကို မြင်သောအခါ လင်းဖန်က အနည်းငယ် စိတ်ပျက်လက်ပျက် ဖြင့် ပြောလိုက်သည်။
"ဆက်တိုက်ကြလေ ခင်ဗျားတို့နှစ်ယောက်။ စိတ်ဝိညာဉ်ချီစွမ်းအားအတွက် စိတ်မပူနဲ့။ ငါ့ဆီမှာ ဆေးလုံးတွေ အများကြီး ရှိတယ်…။"
"ဒါမှ မလုံလောက်သေးရင် ငါ့ဆီမှာ တခြား မှော်ရတနာတွေလည်း ရှိသေးတယ်။ ခင်ဗျားတို့နှစ်ယောက် တစ်ခုလောက် ထပ်ရွေးကြည့်ပါလား…။"
လင်းဖန်၏ ကိုယ်ချင်းစာတရား ကင်းမဲ့သော စကားများကို ကြားလိုက်ရသောအခါ သူတို့နှစ်ဦးစလုံး၏ မျက်နှာများ တစ်ပြိုင်နက်တည်း ရှုံ့မဲ့သွားခဲ့ကြလေသည်။
"တာအိုရောင်းရင်း၊ မလိုတော့ပါဘူး။ နတ်သမီးတစ်ပါးအတွက်နဲ့ တိုက်ခိုက်ရတာ မတန်ဘူးလို့ ငါတို့ ရုတ်တရက် ခံစားလိုက်ရလို့ပါ…။"
"ဟုတ်တယ်၊ ငါတို့ ဆက်မတိုက်ကြတော့ဘူး။ ဒီစိတ်ဝိညာဉ်ကျောက်တုံးတွေကို စုထားပြီး ရှို့ဆယ် လက်ဖက်ရည်ဆိုင်မှာ သွားသောက်ကြတာက ပိုမကောင်းဘူးလား…။"
တစ်ဖက်လူများက ရပ်တန့်ရန် ဆုံးဖြတ်ထားသည်ကို မြင်လိုက်ရသဖြင့် လင်းဖန်သည် ထပ်မံဖျောင်းဖျ ရန်ပင် အားနာသွားတော့သည်။ တစ်ချိန်တည်းမှာပင် ဒီကနေ့ စီးပွားရေးလုပ်ရုံသာမက ကောင်းမှု ကုသိုလ်ပါ ပြုလုပ်လိုက်ရသည်ဟု သူ ခံစားလိုက်ရသည်။
အဘယ်ကြောင့်ဆိုသော် အသေအကျေ တိုက်ပွဲတစ်ခုကို တားဆီးပေးလိုက်နိုင်သောကြောင့်ပင်။ ဤသည်ကို တွေးမိလိုက်ပြီး လင်းဖန်မှာ သူ့ကိုယ်သူ အလွန်ကျေနပ်သွားလေသည်။
"ဟူး... ငါ့လို ကြင်နာတတ်တဲ့သူမျိုး ဘယ်မှာ သွားရှာလို့ ရနိုင်တော့မလဲ…။"
*အသက်တစ်ချောင်းကို ကယ်တင်ရတာက ခုနစ်ဆင့်ဘုရားတည်ရတာထက်တောင် ကုသိုလ်ပိုရတယ် တဲ့။ ငါက အသက်နှစ်ချောင်းတောင် ကယ်ခဲ့တာလေ။ ဘုရားတည်ဖို့ ကုန်ကျမယ့်ငွေနဲ့ ညီမျှတဲ့ ငွေသား ကို ငါ့ကို ပေးလို့ရမလား…။*
သိသာထင်ရှားစွာပင် လင်းဖန်၏ ဆန္ဒမှာ ပြည့်ဝခွင့် မရှိခဲ့ပေ။
မည်သို့ပင်ဆိုစေကာမူ၊ ဘုရားတည်ရန် တန်ဖိုးငွေသားကို မရနိုင်သော်လည်း သူ ငှားရမ်းခတော့ ကောက်ခံ၍ရနိုင်ခဲ့သည်။
"လူကြီးမင်းတို့... ခင်ဗျားတို့ ဆက်မတိုက်တော့ဘူးဆိုရင် မှော်လက်နက်တွေကို ငါ့ဆီ ပြန်ပေးပါ။ ပြီးတော့ ငှားရမ်းခလည်း ပေးကြပါဦး…။"
လင်းဖန်၏ စကားကို ကြားပြီးနောက် ကျန်းလုံနှင့် ကျောက်ဟူတို့သည် ပြိုင်ကွင်းပေါ်မှ ဆင်းလာခဲ့ကြ သည်။တစ်ချိန်တည်းမှာပင် သူတို့နှစ်ဦး အသုံးပြုခဲ့သော အဖြူရောင်ဓားသွားများနှင့် ဒူးကာများကို လင်းဖန်၏ လက်ထဲသို့ ပြန်လည် အပ်နှံလိုက်ကြလေသည်။
သို့သော် ငှားရမ်းခပေးရန် ကိစ္စရောက်လာသောအခါ သူတို့နှစ်ဦးစလုံး အနည်းငယ် အနေရခက်သွား ကြသည်။
"တာအိုရောင်းရင်း၊ ငါ့ဆီမှာ အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး (၃၀၀) ပဲ ရှိတယ်။ ကျန်တဲ့ အကြွေးကို နောက်မှ ပေးလို့ရမလား…။"
"ငါ့ဆီမှာလည်း မလောက်ဘူး။ အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး (၂၈၀) ပဲ ရှိတယ်။ ငါ့ကို အချိန်နည်းနည်းလောက် ထပ်ပေးလို့ ရမလား…။"
သူတို့နှစ်ဦး၏ စကားကို ကြားလိုက်ရသောအခါ လင်းဖန်မှာ ဆွံ့အသွားတော့သည်။
"ပိုက်ဆံမလောက်ဘူးဟုတ်လား။ ဒါဆို ဘာလို့ အဲဒီလောက်တောင် လိုလိုလားလား ငှားခဲ့ကြသေးလဲ။ ခင်ဗျားတို့က အကြွေးယူချင်နေကြတာလား…။"
ထိုသို့ပြောပြီးနောက် လင်းဖန်သည် သူ၏ အခြေတည်စိတ်ဝိညာဉ်အဆင့် ကျင့်ကြံမှုကို တိုက်ရိုက် ထုတ်ဖော်လိုက်ပြီး သူတို့နှစ်ဦးအပေါ် ဖိနှိပ်လိုက်သည်။
လင်းဖန်ထံမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ် ဖိအားကြီးကို ခံစားလိုက်ရပြီးနောက် ကျန်းလုံနှင့် ကျောက်ဟူတို့သည် ချက်ချင်းပင် ထိတ်လန့်သွားကြသည်။ သူတို့ထက် အများကြီး ငယ်ရွယ်ပုံပေါက် သည့် အရှေ့မှ ကျင့်ကြံသူမှာ အမှန်တကယ်တော့ အခြေတည်စိတ်ဝိညာဉ်အဆင့်တွင် ရှိနေလိမ့်မည်ဟု သူတို့ လုံးဝ မျှော်လင့်မထားခဲ့ပေ။
*ဒါက ယုံနိုင်စရာမရှိဘူး…*
*မြို့တော်တစ်ခုလုံးမှာတောင် ဒီလောက်ငယ်ရွယ်တဲ့ အခြေတည်စိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူ ရှိတယ်လို့ တစ်ခါမှ မကြားဖူးပါဘူး…။*
သို့ရာတွင် ယခုအချိန်သည် အများကြီး တွေးတောနေရမည့်အချိန် မဟုတ်ပေ။ လင်းဖန်၏ ဖိအားကို ခံစားရင်း သူတို့က အလျင်အမြန် ဆက်ပြောလိုက်ကြသည်။
"စီနီယာ... ငါက အကြွေးယူဖို့ ရည်ရွယ်ထားတာ မဟုတ်ပါဘူး။ အခြေအနေက အရေးပေါ်ဖြစ်နေလို့ စိတ်ဝိညာဉ်ကျောက်တုံး ကိစ္စကို မေ့သွားတာပါ...။"
"ဟုတ်ပါတယ် စီနီယာ ငါတို့ အကြွေးကို မလိမ်ပါဘူး။ စိတ်ဝိညာဉ်ကျောက်တုံးတွေ လုံလုံလောက် လောက် ရှာနိုင်တာနဲ့ တစ်ပြိုင်နက် အမြန်ဆုံး ပြန်ဆပ်ပါ့မယ်..။"
သူတို့ပြောသည်မှာလည်း အမှန်ပင် ဖြစ်သည်။ လင်းဖန်က သူတို့ကို မှော်လက်နက် ရောင်းချရန် ကြိုးစား ချိန်တိုင်း သူတို့ အရေးနိမ့်နေသည့် အချိန်ကိုသာ အမြဲတမ်း ရွေးချယ်တတ်သည်။ ထိုအချိန်က သူတို့မှာ စိတ်ဝိညာဉ်ကျောက်တုံး လုံလုံလောက်လောက် ရှိမရှိ စဉ်းစားရန် အချိန်ပင် မရှိခဲ့ပေ။
သူတို့နှစ်ဦး အတော်လေး လိမ္မာကျိုးနွံစွာ ပြုမူနေသည်ကို မြင်သောအခါ လင်းဖန်က သူ၏ ဖိနှိပ်ထား သော အရှိန်အဝါများကို ပြန်လည်ရုပ်သိမ်းလိုက်သည်။ သို့သော်လည်း သူ အတော်လေး သိချင်သွား သည်။
*ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်က ဘယ်လိုလုပ်ပြီး ဒီလောက်လေးတောင် စိတ်ဝိညာဉ် ကျောက်တုံးကို မရှိနိုင်လောက်အောင် ဆင်းရဲရတာလဲ…။*
ဤမေးခွန်းကို စိတ်ထဲ၌ ထားရှိကာ လင်းဖန်က ချက်ချင်းပင် မေးလိုက်သည်။
"ငါက အပြစ်ပြောချင်လို့တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ခင်ဗျားတို့နှစ်ယောက် ဘယ်လိုများ ရပ်တည် နေကြတာလဲ။ ခင်ဗျားတို့ နှစ်ယောက်စလုံးက ရွှေအမြုတေအဆင့် နှောင်းပိုင်းမှာ ရှိနေပေမယ့် အရမ်း ဆင်းရဲလွန်းနေတယ်…။"
လင်းဖန်၏ စကားကို ကြားပြီးနောက် သူတို့နှစ်ဦးသည် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ တစ်ပြိုင်နက်တည်း ခါးသက်သက် ပြုံးလိုက်ကြသည်။
"စီနီယာ... ငါတို့က နောက်ခံမရှိတဲ့ လွတ်လပ်တဲ့ ကျင့်ကြံသူတွေပါ။ ငါတို့က မိသားစုကြီးတွေအတွက် အလုပ်လုပ်ပေးရင်း စိတ်ဝိညာဉ်ကျောက်တုံးတချို့ကို ရှာဖွေရတာပါ။ ဘယ်လိုလုပ် ချမ်းသာ နိုင်မှာလဲ.. ။"
"ဟုတ်ပါတယ်။ အမှန်တော့ ဒီစိတ်ဝိညာဉ်ကျောက်တုံးတွေကို ငါ ပေးနိုင်ပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ ရက်ပိုင်းလောက်က ရူဟွားနတ်သမီးလေးအတွက် ပစ္စည်းတွေဝယ်ဖို့ အများကြီး သုံးလိုက်ရလို့ ဒီလောက်ပဲ ကျန်တော့တာပါ…။"