အခန်း ၉၅
Vol. 10 Ch. 95
အခန်း (၉၅) ငါ့ဆီမှာ အလုပ်လုပ်ပြီး အကြွေးဆပ်ကြစမ်း
"ငါလည်း အတူတူပဲ။ နတ်သမီးရူဟွာက ငါတို့ဆီက စိတ်ဝိညာဉ်ကျောက်တုံးတွေကို ယူပြီးတော့ ငါတို့ကို အရူးလုပ်ပြီးတော့ အချိန်ဆွဲထားပုံရတယ်…။"
သူတို့နှစ်ဦး ၏ပြောပြချက်များကို ကြားရသောအခါ လင်းဖန် သူတို့ကို သနားမိသလို ဖြစ်သွားသည်။ သို့သော် ခဏအကြာတွင် သူတို့နောက်ထပ် ပြောလိုက်သည့် စကားများကို ကြားပြီးနောက် လင်းဖန် သည် သနားစိတ်ကို ချက်ချင်းပင် ဖျောက်ပစ်လိုက်၏။
အကြောင်းမှာ... ဆင့် (မိန်းကလေးတစ်ဦးအပေါ် အစွဲအလမ်းကြီးသူ) များသည် သနားစရာ မလိုသော ကြောင့်ပင်။
သို့သော် ထိုအချိန်တွင် လင်းဖန်၏ စိတ်ထဲ၌ စိတ်ကူးတစ်ခု ရလာသည်။ လက်ရှိအချိန်တွင် သူ့ဆိုင်၌ ကျင့်ကြံမှု အဖျက်ဆီးခံထားရပြီး ပြန်မကောင်းသေးသည့် သာမန်လူ 'ထဲကျူး' တစ်ယောက်တည်းသာ ရှိနေခြင်းဖြစ်သည်။
ထို့အပြင် ထဲကျူးသည် ကျင့်ကြံမှု မပျက်စီးခင်ကပင် ချီစုဆောင်းခြင်း အဆင့် (၃) သာ ရှိခဲ့သူဖြစ်သည်။ သူ၏ ကျင့်ကြံမှုအဆင့်က အလွန်နိမ့်လွန်းလှသဖြင့် ဆိုင်အတွက် မျက်နှာပန်းမလှပေ။ ထို့ကြောင့် ဤ ကျင့်ကြံသူ နှစ်ယောက်ကို ဆိုင်သို့ ခေါ်ယူစုဆောင်းသင့်သည်ဟု သူတွေးမိသွားသည်။
ဤသို့ဖြင့် ဆိုင်၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းနိုင်ရုံသာမက ကိစ္စအချို့တွင်လည်း သူတို့ကို ခိုင်းစေနိုင်မည် ဖြစ်သည်။လင်းဖန်သည် ထိုအကြံကို ပို၍ စဉ်းစားလေလေ ပို၍ ဖြစ်နိုင်သည်ဟု ခံစားရလေလေ ဖြစ်သ ဖြင့် သူတို့နှစ်ဦးကို စကားစပြောလိုက်သည်။
"ငါက သူစိမ်းတွေကို ပိုက်ဆံချေးလေ့ရှိတဲ့လူ မဟုတ်ဘူး။ ဒါပေမဲ့ မင်းတို့အတွက် ငါ့မှာ စဉ်းစားစရာ အကြံတစ်ခုရှိတယ်…။"
"အဲ့ဒါကတော့... မင်းတို့ ငါ့ဆိုင်မှာ လာအလုပ်လုပ်ပြီးတော့ အကြွေးတွေကို ပြန်ဆပ်ဖို့ပဲ…။"
"အကြွေးတွေ ကျေသွားပြီးတဲ့နောက်မှာမှ မင်းတို့က ဆိုင်မှာ ဆက်အလုပ်လုပ်ချင်သေးတယ်ဆိုရင် ငါက မင်းတို့ကို လစဉ်လစာ ပေးသွားမှာပဲ၊ ဘယ်လိုလဲ…။"
လင်းဖန် စကားအဆုံးတွင် ကျန်းလုံနှင့် ကျောက်ဟူတို့သည် ချက်ချင်းပင် တစ်ပြိုင်နက် ပြောလိုက်ကြ သည်။
"ကျွန်တော် သဘောတူပါတယ် ဒီလိုအခွင့်အရေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်…။"
"ကျွန်တော်လည်း သဘောတူပါတယ် ဒီလိုအခွင့်အရေးမျိုး ရတာကိုပဲ ဝမ်းသာလှပါပြီ…။"
မြို့တော်တွင် သူတို့ကဲ့သို့ ရွှေအမြုတေအဆင့် ကျင့်ကြံသူများ အလွန်များပြားလှသဖြင့် အလုပ်အကိုင် အတည်တကျ ရရှိရန်မှာ အလွန်ခက်ခဲလှသည်။ လင်းဖန်က သူတို့ကို ဤအခွင့်အရေး ပေးသည်ကို သူတို့က အလွန်ပင် ကျေးဇူးတင်နေကြခြင်း ဖြစ်သည်။
သူတို့နှစ်ဦး မဆိုင်းမတွ သဘောတူလိုက်သည်ကို မြင်သောအခါ လင်းဖန် အံ့သြသွားသော်လည်း ကိစ္စ ပြေလည်သွားပြီ ဖြစ်သဖြင့် စိတ်အေးသွားသည်။
"ကောင်းပြီ၊ ဒါဆိုရင် အခုပဲ ငါနဲ့အတူ လိုက်ခဲ့တော့ အလုပ်စကြမယ်…။"
ထိုသို့ပြောပြီးနောက် လင်းဖန်သည် ကျန်းလုံနှင့် ကျောက်ဟူကို သူ၏ဆိုင်သို့ ခေါ်ဆောင်သွားခဲ့လေ တော့သည်။
ဘေးတွင် ကြည့်နေကြသည့် လူအုပ်ကြီးသည်လည်း ကြည့်စရာမရှိတော့သဖြင့် လူစုကွဲသွားကြသည်။ သူတို့အတွက် ယနေ့သည် စိတ်ဝင်စားစရာ ကောင်းသော တိုက်ပွဲတစ်ခုကို မြင်တွေ့ရရုံသာမက 'ဟင်းလင်းပြင်ဆိုင် ' အကြောင်းကိုလည်း သိခွင့်ရလိုက်သည်မဟုတ်ပါလား။
ယနေ့ တိုက်ပွဲကွင်းအတွင်းရှိ အဖြူရောင်ဓားသွားများသည် သူတို့ကို အမှတ်ရစေခဲ့သည်။ နောင်တစ်ချိန် တွင် ထိုဆိုင်ကို သွားကြည့်သင့်သည်ဟု အချို့က တွေးနေကြသည်။ ဘာမှမဝယ်လျှင်တောင် ဗဟုသုတ တိုးပွားရန်အတွက် သွားသင့်သည်ဟု ယူဆကြလေသည်။
သို့သော်... သူတို့သာ ဟင်းလင်းပြင်ဆိုင်ထဲသို့ ဝင်ရောက်လာပါက လင်းဖန်၏ စျေးရောင်းကောင်းမှုနှင့် စိတ်အားထက်သန်မှုကြောင့် လက်ချည်းဗလာဖြင့် ပြန်ထွက်သွားနိုင်ရန်မှာ လုံးဝမဖြစ်နိုင်ပေ။
မကြာမီ လင်းဖန်သည် ကျန်းလုံ၊ ကျောက်ဟူတို့နှင့်အတူ ဆိုင်သို့ ပြန်ရောက်လာခဲ့သည်။
"ထဲကျူး... ငါတို့ဆိုင်မှာ အလုပ်သမားအသစ်တွေ ရောက်လာပြီ။ လာပြီး မိတ်ဆက်ထားလိုက်ဦး…။"
" ကျန်းလုံ၊ ကျောက်ဟူ... ဒါက ထဲကျူးပဲ။ နောင်ကျရင် သူနဲ့ အဆင်ပြေအောင်နေကြ သူ့ကို အနိုင်မကျင့် ကြနဲ့ဦး…။"
လင်းဖန်၏ မိတ်ဆက်ပေးမှုကို နားထောင်ပြီးနောက် ကျန်းလုံနှင့် ကျောက်ဟူတို့သည် ခေါင်းပေါ်တွင် အပင်စိမ်းများ ပေါက်နေသည့် ကောင်လေးကို ကြည့်လိုက်ကြသည်။ တစ်ချိန်တည်းမှာပင် သူတို့နှစ်ဦး မှာ ထိုကောင်လေးက ဘယ်အတွက်ကြောင့် ဤကဲ့သို့ ဖြစ်နေရသနည်းဆိုသည်ကိုလည်း အလွန်သိချင် နေခဲ့ကြသည်။
သူတို့၏ ဇဝေဇဝါ ဖြစ်နေမှုကို သတိထားမိသဖြင့် လင်းဖန်က အမြန်ပင် ရှင်းပြလိုက်သည်။
"အဟမ်း… ဒါက ဒန်တျန်ကို ပြုပြင်ပြီး ပါရမီကို မြှင့်တင်ပေးတဲ့ ငါ့ရဲ့ဆေးလုံးတွေကြောင့် ဖြစ်ရတဲ့ ဘေးထွက်ဆိုးကျိုးပဲ။ ထဲကျူးက အခု အဲ့ဒါကို ခံစားနေရတာ။ အံ့သြမနေကြနဲ့ မကြာခင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားလိမ့်မယ်…။"
လင်းဖန်က "ပါရမီမြှင့်တင်ခြင်း" ဆိုသည့် စကားလုံးကို ပြောလိုက်သောအခါ ကျန်းလုံနှင့် ကျောက်ဟူ တို့၏ မျက်လုံးများ ချက်ချင်း ဝိုင်းစက်သွားသည်။
"စီနီယာ... ခင်ဗျားက ကျင့်ကြံခြင်း ပါရမီကိုတောင် မြှင့်တင်ပေးနိုင်တဲ့ ဆေးလုံးတွေကို တကယ်ပဲ ဖော်စပ်နိုင်တာလား...။"
သူတို့ မျက်နှာပေါ်ရှိ အံ့သြတုန်လှုပ်မှုများက လင်းဖန်၏ စိတ်ကျေနပ်မှုကို ရရှိစေသဖြင့် သူက ခပ်အေး အေးပင် ပြောလိုက်သည်။
"ဒီလိုဆေးမျိုး ဖော်စပ်တာက ဘာခက်လို့လဲ…။"
"မင်းတို့ ရှေ့မှာရှိနေတဲ့လူက အဆင့် (၆) ဆေးဆရာနဲ့ လက်နက်သန့်စင်သူဆိုတာ သိထားသင့်တယ်…။"
လင်းဖန်၏ စကားမှာ လုံးဝ ပုံကြီးချဲ့ပြောခြင်း မဟုတ်ပေ။ သူသည် လက်ရှိတွင် အခြေတည်စိတ်ဝိညာဉ် အဆင့်၌ ရှိနေသော်လည်း အဆင့် (၅) ဆေးလုံးများနှင့် မှော်ရတနာများကို ပိုင်ဆိုင်ထားသည်။ ထို့အပြင် လျူဘန်ရှန်း ပေးထားသည့် အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်သန်း ရှိနေသဖြင့် သူသည် အချိန်မရွေး 'ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့်' သို့ တက်လှမ်းနိုင်သည်။ ထို့ကြောင့် သူကိုယ်သူ အဆင့် (၆) ဟု ခေါ်ဆိုခြင်းမှာ မမှားပေ။
လင်းဖန်၏ အဆင့် (၆) ဆေးဆရာနှင့် လက်နက်သန့်စင်သူဆိုသည့် ဂုဏ်ပုဒ်က ကျန်းလုံနှင့် ကျောက်ဟူ ကို အံ့အားသင့်ကာ ဆွံ့အသွားစေသည်။ ဤအဆင့်အတန်းသည် အလွန်မြင့်မားလွန်းလှပေသည်။
အဆင့် (၆) သည် ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့်နှင့် ညီမျှသော်လည်း ဆေးဆရာနှင့် လက်နက် သန့်စင်သူများ ရှားပါးမှုကြောင့် သူတို့၏ အဆင့်အတန်းသည် ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့်ရှိ ကျင့်ကြံသူများထက် များစွာ သာလွန်နေသည်။ တစ်ခါတစ်ရံတွင် အဆင့် (၆) ဆေးဆရာတစ်ဦး၏ ဂုဏ်သိက္ခာသည် မဟာယာနအဆင့် ကျင့်ကြံသူတစ်ဦးနှင့်ပင် ရင်ဘောင်တန်းနိုင်ပေသည်။
အံ့သြမှုများအပြီးတွင် ကျန်းလုံနှင့် ကျောက်ဟူတို့သည် စိတ်ကူးတစ်ခု ရသွားကာ နောက်ထပ် မေးခွန်း တစ်ခုကို ထပ်မေးလိုက်ကြသည်။
"စီနီယာ... ကျွန်တော်တို့ ဆိုင်မှာ အလုပ်လုပ်နေရင်းနဲ့ ပါရမီမြှင့်တင်ပေးနိုင်တဲ့ ဆေးလုံးတွေကို ရနိုင်မလားဟင်…။"
သူတို့၏ မေးခွန်းကြောင့် လင်းဖန်သည် သူ၏ အိတ်ကို မသိမသာ ဆုပ်ကိုင်လိုက်မိသည်။
"မင်းတို့ ဘာတွေ အိမ်မက်မက်နေတာလဲ..။ ငါ့ကို ပေးရမယ့် အကြွေးတောင် မဆပ်ရသေးဘူး၊ အခု ငါ့ဆေးလုံးတွေကို မျက်စိကျနေပြီလား…။"
"ဒါတင်မကဘူး ဒီ 'ပြန်လည်ရှင်သန်ခြင်း ဆေးလုံး' က ပျက်စီးနေတဲ့ ဒန်တျန်ကို ပြုပြင်ဖို့ သုံးတာ။ ဘာလဲ... မင်းတို့ကလည်း ဒန်တျန် အဖျက်ဆီးခံချင်လို့လား…။"
ထိုအခါမှ ကျန်းလုံနှင့် ကျောက်ဟူတို့သည် သူတို့၏ စိတ်ကူးများမှာ မဖြစ်နိုင်မှန်း သိသွားကြပြီး ရှက်ကိုး ရှက်ကန်းနှင့် ရယ်မောလိုက်ကြသည်။
"ကျွန်တော်တို့ကို ခွင့်လွှတ်ပါ စီနီယာ ကျွန်တော်တို့ အရမ်း လောဘတက်သွားမိပါတယ်။ ကျွန်တော်တို့ ကတော့ အစွမ်းမရှိတဲ့ သာမာန်လူတွေ မဖြစ်ချင်ပါဘူး…။"
"ဟုတ်ပါတယ် ပါရမီကို တိုက်ရိုက်မြှင့်တင်ပေးတဲ့ ဆေးလုံးလို့ ကျွန်တော်တို့ ထင်သွားလို့ပါ…။"
ကျန်းလုံနှင့် ကျောက်ဟူတို့ စိတ်ပျက်သွားသည့် အချိန်မှာပင်... လင်းဖန်၏ စိတ်ထဲ၌ စိတ်ကူးတစ်ခု ချက်ချင်း ပေါ်လာသည်။
*ပုံမှန် 'ပြန်လည်ရှင်သန်ခြင်း ဆေးလုံး' တွေက ပျက်စီးနေတဲ့ ဒန်တျန်ကိုပဲ ပြုပြင်နိုင်တာ ဒါပေမဲ့ ငါ့ရဲ့ ဆေးလုံးကတော့ မတူဘူး။ ပါရမီကို မြှင့်တင်ပေးတဲ့ အာနိသင်က အပိုဆောင်း ပါလာတာပဲ။ အဲ့ဒါဆိုရင် ဒန်တျန် မပျက်စီးသေးတဲ့လူက ဒီဆေးကို သောက်ရင်ရော ပါရမီ တက်လာနိုင်မလား….*
*အဲ့ဒါသာ မှန်တယ်ဆိုရင်... ငါ ဆေးတွေ အများကြီး ရောင်းရတော့မှာပဲ။ ဒါပေမဲ့ အရင်ဆုံး စမ်းသပ် ကြည့်ဖို့ လူလိုတယ် ရှေ့မှာရှိနေတဲ့ ကျန်းလုံနဲ့ ကျောက်ဟူကတော့ အကောင်းဆုံး စမ်းသပ်ခံတွေပဲ…။*
ထိုသို့တွေးရင်း လင်းဖန်သည် သူတို့နှစ်ဦးကို ကြင်နာသော အပြုံးဖြင့် ပြုံးပြလိုက်သည်။
"မင်းတို့ ပါရမီမြှင့်တင်ဖို့ အခွင့်အရေး မရှိတာတော့ မဟုတ်ပါဘူး။ ငါ့မှာ သတင်းကောင်းတစ်ခုနဲ့ သတင်းဆိုးတစ်ခုရှိတယ်။ ဘယ်ဟာ အရင်နားထောင်မလဲ…။"
လင်းဖန်၏ စကားက သူတို့၏ မျှော်လင့်ချက်ကို ပြန်လည် ရှင်သန်လာစေသည်။ သို့သော် လင်းဖန်၏ အပြုံးကို မြင်ရသောအခါ သူတို့၏ ကျောရိုးထဲ၌ စိမ့်ခနဲ ခံစားလိုက်ရသည်။ အကြောင်းမှာ ယနေ့ ပြိုင်ပွဲ ကွင်းတွင် လင်းဖန် သူတို့၏ လက်နက်တွေကို ရောင်းစားစဉ်ကလည်း ဤကဲ့သို့ အပြုံးမျိုးကို ပြုံးခဲ့ သောကြောင့်ပင်။
ခဏမျှ စဉ်းစားပြီးနောက် ကျန်းလုံက အရင်ပြောလိုက်သည်။
"စီနီယာ... ကျွန်တော် သတင်းဆိုးကို အရင်နားထောင်ချင်ပါတယ်…။"
သို့သော် လင်းဖန်သည် ကျန်းလုံ၏ ရွေးချယ်မှုကို လုံးဝ လျစ်လျူရှုကာ ပြုံးလျက် ပြောလိုက်သည်။
"ကောင်းပြီ... သတင်းကောင်းကတော့ ဒန်တျန် မပျက်စီးသေးတဲ့ လူတွေလည်း ငါ့ရဲ့ 'ပြန်လည်ရှင်သန် ခြင်း ဆေးလုံး' ကို သောက်ရင် ပါရမီ တက်နိုင်တယ်ဆိုတာပဲ။ အဲ့ဒါကြောင့် ငါက မင်းတို့ တစ်ယောက် ချင်းစီကို ဆေးတစ်လုံးစီ ပေးဖို့ ဆုံးဖြတ်လိုက်တယ်…။"
လင်းဖန်၏ စကားကြောင့် ကျောက်ဟူ၏ မျက်နှာပေါ်တွင် ဝမ်းသာမှုများ ပေါ်လာသည်။ သို့သော် ကျန်းလုံကတော့ သတိကြီးစွာဖြင့် ဆက်မေးလိုက်သည်။
"အဲ့ဒါဆို... သတင်းဆိုးကကော ဘာလဲ…။"
"သတင်းဆိုးကတော့... အခုန ငါပြောတာက ငါ့ရဲ့ ခန့်မှန်းချက်သက်သက်ပဲ ရှိသေးတာ။ မင်းတို့က အဲ့ဒါ ကို တကယ်ဖြစ်၊ မဖြစ် လက်တွေ့ စမ်းသပ်ပေးရမှာပဲ…။"
ထိုစကားကို ကြားလိုက်ရသည့် ခဏ၌ ကျောက်ဟူ၏ မျက်နှာပေါ်ရှိ အပြုံးများ အေးခဲသွားတော့သည်။ ကျန်းလုံကတော့ အတွေးနက်သွားပြီး အရေးကြီးသည့် ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ပုံရသည်။
ခဏတာ တိတ်ဆိတ်သွားပြီးနောက် ကျန်းလုံက ပြောလိုက်သည်။
"စီနီယာ... ကျွန်တော် စမ်းသပ်ခံဖို့ သဘောတူပါတယ်…။"
ထိုအခါ ကျောက်ဟူသည်လည်း အခြေအနေကို နားလည်သွားပြီး သူလည်း စမ်းသပ်ခံမည်ဖြစ်ကြောင်း ပြောလိုက်သည်။
လင်းဖန်သည် သူတို့၏ ဆုံးဖြတ်ချက်ကို အံ့သြခြင်း မရှိပေ။ ကျင့်ကြံသူတစ်ဦးအတွက် ပါရမီဆိုသည်မှာ မည်မျှအထိ တိုးတက်နိုင်မည်နည်းဆိုသည်ကို ဆုံးဖြတ်ပေးသည့် အရေးအကြီးဆုံးအချက် ဖြစ်သည်။ ပါရမီမြှင့်တင်နိုင်မည့် အခွင့်အရေးကို မည်သူမှ ငြင်းဆန်မည် မဟုတ်ပေ။
ထို့အပြင် သူတို့သည် အခုမှ ရွှေအမြုတေအဆင့်တွင်သာ ရှိသေးသဖြင့် အစကနေ ပြန်စရန်လည်း နောက်မကျသေးပေ။
"ကောင်းပြီ... မင်းတို့ သဘောတူတယ်ဆိုရင်တော့ ငါ မင်းတို့ရဲ့ တောင်းဆိုချက်ကို ဖြည့်ဆည်းပေးမယ်။"
ထိုသို့ပြောပြီးနောက် လင်းဖန်သည် 'ပြန်လည်ရှင်သန်ခြင်း ဆေးလုံး' နှစ်လုံးကို ထုတ်ယူကာ သူတို့နှစ်ဦး ကို တစ်လုံးစီ ကမ်းပေးလိုက်လေတော့သည်။