အခန်း ၉၆
Vol. 10 Ch. 96
အခန်း (၉၆) ပြေးလေ ကျင့်ကြံသူ
ဆေးလုံးများကို ရရှိပြီးနောက် ကျန်းလုံနှင့် ကျောက်ဟူတို့သည် မဆိုင်းမတွပင် ချက်ချင်း မျိုချလိုက်ကြ လေသည်။
"ဒီအခွင့်အရေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာ။ ကျွန်တော်သာ ဒီတစ်ကြိမ် အောင်မြင်ခဲ့ရင် နောင်ကျရင် စီနီယာ့ကို စိတ်ရောကိုယ်ပါ အလုပ်အကျွေးပြုဖို့ အသင့်ပါပဲ…။"
"ကျွန်တော်လည်း အတူတူပါပဲ …။"
သူတို့၏ ရိုးသားလှသော စကားများကို ကြားရသောအခါ လင်းဖန် ပြုံးလိုက်သည်။
"ဟားဟား... ကောင်းပါပြီ၊ ငါ မင်းတို့ကို နောက်နေတာပါ။ ဒီဆေးက ဒန်တျန်ကို မဖျက်ဆီးဘဲ ပါရမီကို တိုက်ရိုက်မြှင့်တင်ပေးနိုင်တာ(၉၀) ရာခိုင်နှုန်းလောက် သေချာပါတယ်…။"
သို့သော် လင်းဖန် ထိုစကားကို ပြောပြီးသည်နှင့် ဆေးသောက်ထားသည့် လူနှစ်ဦး၏ ကျင့်ကြံမှု အဆင့် များမှာ ရုတ်တရက် ထိုးဆင်းသွားလေတော့သည်။
ရွှေအမြုတေအဆင့် အလယ်အလတ်... အစောပိုင်း... အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်...
သူတို့၏ ကျင့်ကြံမှုအဆင့်များ ကျဆင်းသွားမှုကြောင့် ထိတ်လန့်တုန်လှုပ်နေသော ထိုလူနှစ်ဦး၏ မျက်နှာများကို မြင်လိုက်ရသည့်အခါ လင်းဖန်၏ အပြုံးမှာ အေးခဲသွားတော့သည်။
*တောက်... သွားပါပြီ။ ငါပြောပြီးတာနဲ့ ငါပြောတာမှားကြောင်း ချက်ချင်းကြီး သက်သေပြလိုက်တာ ပဲ…။*
ကျင့်ကြံမှုများ အကုန်ဆုံးရှုံးသွားပြီး သာမန်လူတွေ ဖြစ်သွားသော ကျန်းလုံနဲ့ ကျောက်ဟူကို ကြည့်ပြီး လင်းဖန် ဘာပြောရမလဲကို စဉ်းစားနေမိသည်။
"အဟမ်း... မတုန်လှုပ်ကြပါနဲ့ ဒါက ဆေးရဲ့ ပုံမှန်အာနိသင်ပါပဲ…။"
တစ်ဖက်လူ၏ မယုံကြည်နိုင်သော မျက်နှာပေးကို မြင်သောအခါ လင်းဖန်က ထဲကျူးကို အမြန် လက်ညှိုးထိုးပြလိုက်သည်။
"မင်းတို့ ငါ့ကိုမယုံရင် ထဲကျူးကို မေးကြည့်လိုက်။ သူက ဒီကိစ္စမျိုးကို အရင်ကြုံဖူးတဲ့ ဝါရင့်ပဲ…။"
ရုတ်တရက် အမည်အတပ်ခံလိုက်ရသော ထဲကျူးကလည်း ပြုံးလိုက်သည်။ သူက စိတ်ထဲမှလဲတွေး မိလိုက်သည်။
*နောက်ဆုံးတော့ ငါ့လိုဘဝတူ နှစ်ယောက် ပေါ်လာပြီပဲ…*
"ဆိုင်ရှင်ပြောတာ မှန်ပါတယ်၊ ဒါတွေက ပုံမှန်ဖြစ်စဉ်တွေပါ။ နောက်ပြီးရင် မင်းတို့ရဲ့ ဆံပင်တွေ အကုန် ကျွတ်သွားလိမ့်မယ်။ သတိထားရမှာက ဆံပင်ကျွတ်တာ မဟုတ်ဘူးနော်။ ဆံပင်ဖယ်ရှားခြင်း ဖြစ်စဉ်ပဲ…။"
"အဲ့ဒီနောက်မှာတော့ မင်းတို့ရဲ့ ဆံပင်ပေါက်တဲ့ နေရာတိုင်းမှာ မြက်ပင်လေးတွေ ပေါက်လာလိမ့်မယ်။"
ထိုသို့ပြောရင်း ထဲကျူးက သူ့ခေါင်းပေါ်မှ မြက်ပင်အစုအဝေးကို ညွှန်ပြလိုက်လေသည်။
"ကြည့်လိုက်… ဒီလိုမြက်ပင်မျိုးတွေပေါ့။ ဆိုင်ရှင်ပြောတာတော့ ဒါတွေက တန်ဖိုးကြီး ဆေးဖက်ဝင် အပင်တွေတဲ့ မင်းတို့ ချမ်းသာတော့မှာ…။"
ထဲကျူး၏ ရှင်းပြချက်ကို နားထောင်ရင်း လင်းဖန်၏ မျက်နှာမှာ ပို၍ ပို၍ နေရခက်လာတော့သည်။ ကျန်းလုံနှင့် ကျောက်ဟူတို့မှာမူ ပို၍ပင် ထိတ်လန့်လာကြသည်။
"အဲ့ဒီနောက်မှာကော ဘာဖြစ်ဦးမှာလဲ…။ ခန္ဓာကိုယ်ထဲမှာ တခြား ဘာပြောင်းလဲမှုတွေ ရှိဦးမလဲ…။"
ကျန်းလုံက မေးလိုက်သောအခါ ထဲကျူးက ပုခုံးတွန့်ပြလိုက်သည်။
"ငါလည်း မသိဘူး။ ငါလည်း အခုထိတော့ ဒီအဆင့်အထိပဲ ရောက်သေးတာ။ နောက်ဘာဖြစ်မယ်ဆိုတာ ဘယ်သူသိမှာလဲ..."
စကားမဆုံးသေးခင်မှာပင် ထဲကျူး ရုတ်တရက် ကြောင်သွားသည်။ အကြောင်းမှာ သူ၏ ခန္ဓာကိုယ် အတွင်း၌ ပြောင်းလဲမှုအသစ်တစ်ခုကို ခံစားလိုက်ရသောကြောင့်ပင်။ ပျောက်ကွယ်သွားသော ဒန်တျန် သည် ပြန်လည် ပေါ်ပေါက်လာနေသည်။
အလွန် အားနည်းသေးသော်လည်း ၎င်းသည် သူ၏ ဒန်တျန်ဖြစ်ကြောင်း သူခံစားမိသည်။ သူ ကျင့်ကြံစ က ဒန်တျန်ကို စတင် အာရုံခံနိုင်ခဲ့သည့် ခံစားချက်နှင့် ထပ်တူပင် ဖြစ်သည်။
"ဆိုင်ရှင်... ကျွန်တော်... ကျွန်တော့်ရဲ့ ဒန်တျန် ပြန်ပေါ်လာပြီ…။"
ထဲကျူး၏ တုံ့ပြန်မှုကြောင့် လင်းဖန် အံ့သြသွားသော်လည်း သူ၏ စိတ်ဝိညာဉ်စွမ်းအားဖြင့် စစ်ဆေး ကြည့်လိုက်ရာ ထဲကျူး၏ အခြေအနေကို သူ ချက်ချင်း သိလိုက်ရသည်။ ထို့နောက် သူက ကျန်းလုံနှင့် ကျောက်ဟူကို ပြောလိုက်သည်။
"အခုတော့ စိတ်အေးသွားကြပြီမလား။ မကြာခင်မှာ မင်းတို့ရဲ့ ဒန်တျန်တွေကလည်း ထဲကျူးလိုပဲ ပြန်ပေါ်လာလိမ့်မယ်…။"
လင်းဖန်၏ စကားကြောင့် သူတို့နှစ်ဦး စိတ်သက်သာရာ ရသွားကြသည်။ ဒန်တျန်သာ ပြန်ရမည်ဆိုလျှင် အဆင်ပြေသည်။ ပါရမီ မတက်လာလျှင်တောင် ဤဆိုင်မှာပဲ တစ်သက်လုံး အလုပ်လုပ်သွားတော့မည် ဟု တွေးလိုက်ကြသည်။ ဘာပဲဖြစ်ဖြစ် သူတို့ကတော့ ဓားစာခံသင်္ဘောပေါ် ရောက်နေပြီဖြစ်ရာ နောင်တ ရနေလည်း နောက်ကျသွားပြီ မဟုတ်ပါလား။
"ကျေးဇူးတင်ပါတယ် စီနီယာ ကျွန်တော် စီနီယာ့ကို ယုံကြည်ပါတယ်…။"
ပြောပြီးနောက် ကျန်းလုံက လင်းဖန်ကို အလေးအနက် ဦးညွှတ်လိုက်သည်။ သို့သော် သူ ဦးညွှတ်လိုက် စဉ်မှာပင် သူ၏ ဆံပင်များမှာ မြေပြင်ပေါ်သို့ 'ဖုတ်' ခနဲ မြည်ကာ ပြုတ်ကျသွားလေတော့သည်။
ထိုအခြေအနေကို မြင်ပြီး ကျောက်ဟူက သူ၏ ခေါင်းကို အလိုလိုပင် ကိုင်ကြည့်လိုက်ရာ ဆံပင် တစ်ဆုပ်မှာ လက်ထဲသို့ ပါလာလေတော့သည်။
"မင်းတို့ အမြန်သွားပြီး ပြင်ဆင်ကြတော့ ဆံပင်တွေကို အမြန်ဆုံး ဖယ်ရှားပစ်မှ နောက်တစ်ဆင့်ကို အမြန်ရောက်မှာ…။"
လင်းဖန်၏ ညွှန်ကြားချက်ကို ကြားပြီးနောက် ကျန်းလုံနှင့် ကျောက်ဟူတို့သည် ထဲကျူး၏ ဦးဆောင်မှု ဖြင့် နောက်ဖေးသို့ အမြန်သွားကြလေတော့သည်။
လင်းဖန်မှာမူ ဆိုင်ကို စောင့်ရှောက်ရန် ခေတ္တကျန်ရစ်ခဲ့သည်။ ဆိုင်စောင့်နေစဉ်မှာပင် လင်းဖန်သည် 'ပြန်လည်ရှင်သန်ခြင်း ဆေးလုံး' ကို အသုံးချပြီး အနာဂတ်အတွက် အစီအစဉ်များ ဆွဲနေမိသည်။ ဤ ဆေးလုံးက ပါရမီကို မြှင့်တင်ပေးနိုင်သောကြောင့် ၎င်းကို သာမန်အတိုင်း ရောင်းချ၍ မဖြစ်ပေ။
ဆေးလုံး၏ တန်ဖိုးကို အမြင့်ဆုံးရောက်အောင် လုပ်ရမည်ဖြစ်ပြီး အမြတ်ရော၊ နာမည်ကျော်ကြားမှု ကိုပါ ရရှိရန် ကြံစည်ရမည်။ ယနေ့ ကျန်းလုံနှင့် ကျောက်ဟူတို့၏ တိုက်ပွဲကို လူအများအပြား ကြည့်ခဲ့ သည်ကို သတိရကာ လင်းဖန်သည် ပြိုင်ပွဲတစ်ခု ကျင်းပရန် ဆုံးဖြတ်လိုက်သည်။
'ပြန်လည်ရှင်သန်ခြင်း ဆေးလုံး' ဝယ်ယူခွင့်ကို ပြိုင်ပွဲ၏ ဆုလာဘ်အဖြစ် သတ်မှတ်ပြီး ဆိုင်၏ နာမည် ကို မြှင့်တင်မည် ဖြစ်သည်။ ထိုပြိုင်ပွဲ၏ အမည်မှာ "ပြေးလေ ကျင့်ကြံသူ"ဖြစ်သည်။
ပြိုင်ပွဲက ရိုးရှင်းပါသည်။ ပစ္စည်းများကို အသုံးပြုပြီး ပြေးရသည့် ပြိုင်ပွဲဖြစ်သည်။ လမ်းကြောင်းတစ်ခု သတ်မှတ်ထားမည်ဖြစ်ပြီး ပန်းတိုင်ကို အရင်ဆုံးရောက်သူက အနိုင်ရမည်ဖြစ်သည်။ ပြေးနေစဉ်အတွင်း မည်သည့် မှော်ရတနာ၊ ဆေးလုံးကိုမဆို အသုံးပြုနိုင်သည်။ မိမိကိုယ်ကိုယ်အတွက်ဖြစ်စေ၊ ပြိုင်ဘက်ကို နှောင့်ယှက်ရန်ဖြစ်စေ အသုံးပြုနိုင်သည်။
ဤသို့ဆိုလျှင် သူ၏ ဆေးလုံးများနှင့် မှော်ရတနာများမှာ အလွန် အသုံးဝင်လာမည် ဖြစ်သည်။ ဓားပျံ စီးခြင်းကို တားမြစ်ရန် စဉ်းစားခဲ့သော်လည်း မလိုအပ်ဟု လင်းဖန် ခံစားရသည်။ အကြောင်းမှာ ဓားပျံစီး သည့် အရှိန်သည် သူ၏ 'ကောက်ရိုးဖိနပ်' ၏ အရှိန်ကို မမှီနိုင်သောကြောင့်ပင်။
သူ့ဖိနပ်၏ စွမ်းဆောင်ရည်ကိုသာ လူတွေ သိသွားလျှင် မည်သူကမှ ဓားပျံကို စီးချင်တော့မည် မဟုတ် ပေ။
စိတ်ထဲတွင် ပြိုင်ပွဲကို အကြမ်းဖျင်း စီစဉ်ပြီးနောက် နောက်တစ်ဆင့်မှာ လူသိရှင်ကြား ကြေညာရန် ဖြစ် သည်။ ကြော်ငြာရန်အတွက် လျူချွမ်းဖု နှင့် သူ၏ ဖောက်သည်များကို အကူအညီတောင်းနိုင်သည်။ အဆင်မပြေပါက မြို့တော်အလယ်ရှိ သိုင်းပြိုင်ကွင်းသို့သွားပြီး လူစုရမည်။ ကျန်းလုံနှင့် ကျောက်ဟူကို တစ်ကြိမ်လောက် ထပ်တိုက်ခိုင်းပြီး လူစိတ်ဝင်စားလာသည့် အချိန်တွင် ကြေညာမည်ဟု သူတွေးထား သည်။
လင်းဖန် ပြိုင်ပွဲအသေးစိတ်ကို အာရုံစိုက် စဉ်းစားနေစဉ်မှာပင် အသံတစ်ခုက သူ၏အတွေးကို ဖြတ် လိုက်သည်။
"စီနီယာ... အလုပ်ရှုပ်နေသလားဗျ…။"
ကြည့်လိုက်ရာ ဆိုင်သို့ ဖောက်သည်တစ်ဦး ရောက်လာခြင်း ဖြစ်သည်။ ထိုသူမှာ အကျွမ်းတဝင်ရှိသော ပုံမှန်ဖောက်သည် ဖြစ်သည်။
"အို... သခင်လေးလျူပဲ။ ကြိုဆိုပါတယ်။ ငါတို့ဆိုင်ကို နောက်တစ်ခေါက် လာလည်ပေးတာပဲ…။"
လာရောက်သူမှာ လျူမိသားစုမှ လျူချွမ်းဖု ဖြစ်သည်။ ဤလူကို မြင်သောအခါ လင်းဖန်က နွေးထွေးစွာ နှုတ်ဆက်လိုက်သည်။ အခြားအကြောင်းကြောင့် မဟုတ်ဘဲ လင်းဖန်၏ မျက်လုံးထဲတွင် ဤလူမှာ 'လာဘ်ကောင်' တစ်ဦး ဖြစ်နေသောကြောင့်ပင်။
ပထမဆုံး လာတုန်းက မိသားစုလက်ဆောင်အဖြစ် အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး (၂၀,၀၀၀) ပေးခဲ့သည်။ ထို့နောက် သူ၏ ဘိုးဘေးက လာပြီး စိတ်ဝိညာဉ်ကျောက်တုံး တစ်သန်း ပေး သွားခဲ့သည်။ ဤကဲ့သို့သော ဖောက်သည်မျိုးကို အကောင်းဆုံး ဆက်ဆံရမည် မဟုတ်ပါလား။
သို့သော် လျူချွမ်းဖုမှာမူ လင်းဖန်၏ နှုတ်ဆက်မှုကြောင့် အနည်းငယ် အနေရခက်သွားသည်။
"စီနီယာ မြှောက်မပြောပါနဲ့ဗျာ။ ကျွန်တော့်ကို နာမည်အတိုင်းပဲ ခေါ်ပါ ဒါမှမဟုတ် 'ရှောင်ဖု' လို့ပဲ ခေါ်ပါ"
သူ မရဲဝံ့ပေ။ သူ၏ ဘိုးဘေးပင်လျှင် ပြုံးပြုံးရွှင်ရွှင် ဆက်ဆံရသည့် လူကို သူက မည်သို့ ရိုင်းစိုင်းရဲ မည်နည်း။ ပြီးခဲ့သည့်အကြိမ်က ဖြစ်ရပ်ကြောင့် သူသည် လူကြီးများ၏ ဆူပူကြိမ်းမောင်းမှုကို အတော် ခံခဲ့ရသည်မဟုတ်ပါလား။
လျူချွမ်းဖုက အောက်ကျနောက်ကျ နေနေသည်ကို မြင်သောအခါ လင်းဖန်၏ အပြုံးမှာ ပို၍ ကျယ်ပြန့် လာသည်။
"ကောင်းပြီလေ... ဒါဆို ငါ မင်းကို ရှောင်ဖု လို့ပဲ ခေါ်မယ်။ ဒီနေ့ကော ဘာများ ဝယ်ချင်လို့လဲ…။"
လင်းဖန်၏ မေးခွန်းကို ကြားသောအခါ လျူချွမ်းဖုက သူ၏ မိသားစုမှ မှာကြားလိုက်သည့် ကိစ္စကို အမြန် ပြောပြလိုက်သည်။
"စီနီယာ... ကျွန်တော်က ကျွန်တော့်မိသားစုကိုယ်စား 'ဓားပျံ' အစုံလိုက် လာမှာတာပါ…။"
လျူချွမ်းဖု ပြီးခဲ့သည့်အကြိမ်က ဝယ်သွားသည့် 'အဖြူရောင်ဓါးသွား' ကို လျူဘန်ရှန်းနှင့် အခြား အကြီး အကဲများက သိမ်းယူသွားခဲ့ကြသည်။ ထိုဓားကို လေ့လာပြီးနောက် သူတို့ အလွန် အံ့သြသွားကြသည်။ ဤဓားသည် ထူးခြားသော စွမ်းရည်ရှိရုံသာမက တူညီသော အဆင့်ရှိသည့် အခြားဓားများကိုလည်း အလွယ်တကူ ဖြတ်တောက်နိုင်ကြောင်း တွေ့ရှိခဲ့ကြသည်။
ထို့ကြောင့် ကြွယ်ဝလှသော လျူဘန်ရှန်းသည် သူ၏ မိသားစုဝင်များအတွက် ဤဓားများကို အစုံလိုက် ဝယ်ယူရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ လျူဘန်ရှန်း ကိုယ်တိုင် လာချင်သော်လည်း လင်းဖန်၏ ဘေး တွင်ရှိသော အတိဒုက္ခအဆင့် ကျင့်ကြံသူကို ကြောက်ရွံ့သဖြင့် အကြံကို လက်လျှော့လိုက်ရသည်။ သူ သည် အတိဒုက္ခအဆင့် ကျင့်ကြံသူ၏ ဖိအားကို ထပ်မံ မခံစားလိုတော့ပေ။
မိသားစုဝင်များနှင့် တိုင်ပင်ပြီးနောက် နောက်ဆုံးတွင် လျူချွမ်းဖုကိုသာ စျေးစကားပြောရန် လွှတ်လိုက် ကြသည်။ အဓိက အကြောင်းရင်းမှာ အခြားလူများ သွားပါက စကားမှားပြီး လင်းဖန်ကို စိတ်ဆိုးအောင် လုပ်မိမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။ ပြီးခဲ့သည့် အတွေ့အကြုံအရ လျူချွမ်းဖုသည် စကားပြော ရာတွင် မည်ကဲ့သို့သော အမူအရာမျိုး ထားရမည်ကို ကောင်းစွာ သိရှိနေပြီ ဖြစ်သည်။