အခန်း ၉၇
Vol. 10 Ch. 97
အခန်း (၉၇) လာဘ်ကောင်လေး ရောက်လာခြင်း
လျူချွမ်းဖု လာရခြင်း အကြောင်းရင်းကို ကြားသိရသောအခါ လင်းဖန်မှာ အလွန်ပင် ဝမ်းသာသွား တော့သည်။
*ဒီ လျူသခင်လေးကတော့ တကယ့်ကို လာဘ်ကောင်လေးပဲ။ ငါ့ဆီကို စီးပွားရေးတွေ ထပ်ယူလာ ပြန်ပြီ…။*
သို့သော် သူတို့ ပထမဆုံး စတင်တွေ့ဆုံခဲ့စဉ်က အကြောင်းကို ပြန်လည် စဉ်းစားမိပြီး လင်းဖန်က စနောက်ရန် ဆုံးဖြတ်လိုက်သည်။
"ဪ... မင်းက ဈေးကွက်ထဲက မှော်ရတနာတွေရဲ့ အဆင့်အလိုက် ပေါက်ဈေးအတိုင်းပဲ ထပ်ဝယ်ဦး မှာလား…။ ဒါမှမဟုတ် ဒီပစ္စည်းတွေကို မင်းတို့ လျူမိသားစုအတွက်ပဲ သီးသန့် ဖြန့်ဖြူးပေးရမှာလား…။"
ထိုစကားကို ကြားသောအခါ လျူချွမ်းဖုမှာ တုန်လှုပ်သွားပြီး အလျင်အမြန် ငြင်းဆိုလိုက်သည်။
"ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ စီနီယာ။ ပြီးခဲ့တဲ့ တစ်ခေါက်က ကျွန်တော် မျက်စိမှောက်သွားလို့ပါ။ ဒီတစ်ခါတော့ အဲဒီလိုမျိုး ထပ်မဖြစ်စေရပါဘူး။ စီနီယာ စိတ်ကျေနပ်စေမယ့် ဈေးနှုန်းမျိုး ပေးပါ့မယ်လို့ ကျွန်တော် ကတိပေးပါတယ်…။"
တစ်ဖက်လူ၏ ကြောက်လန့်တကြား ဖြစ်နေသော ပုံစံကို မြင်သောအခါ လင်းဖန်က ချက်ချင်းပင် ရယ်မောလိုက်တော့သည်။
"ဟားဟား... စတာပါ ဒီလောက်ထိ ကြောက်မနေပါနဲ့။ ဒီအလုပ်ကို ငါ လက်ခံတယ်။ မင်း ဘယ်နှစ် ချောင်း လိုချင်တာလဲ…။"
လင်းဖန်၏ ရယ်သံကို ကြားမှသာ လျူချွမ်းဖုမှာ သက်ပြင်းချနိုင်တော့ပြီး အလျင်အမြန် ပြန်ဖြေလိုက် လေသည်။
"ကျွန်တော်တို့ အဆင့် (၁) ပျံသန်းခြင်းဓား ၁၀ ချောင်း၊ အဆင့် (၂)က (၅) ချောင်းနဲ့ အဆင့် (၃) ဒါမှ မဟုတ် အဲဒီထက် မြင့်တဲ့ ဓားပျံတွေ ရှိရင်လည်း ဝယ်ယူချင်ပါတယ်…။"
အဆင့် (၃) ဓားပျံ အရေအတွက်ကို အတိအကျ မပြောရခြင်းမှာ လင်းဖန်၏ ဆိုင်တွင် ပြသထားသော ဆေးလုံးများနှင့် မှော်ရတနာ အများစုမှာ အဆင့် (၁) နှင့် (၂) သာ ဖြစ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် လင်းဖန်အနေဖြင့် အဆင့် (၃) နှင့် အထက် ပစ္စည်းများကို သန့်စင်ပေးနိုင်ခြင်း ရှိ၊ မရှိ သူတို့ မသေချာ ကြပေ။
တကယ်တမ်းတွင် လင်းဖန်၌ အဆင့် (၃) အဖြူရောင်ဓားသွား မရှိသေးပေ။ လျူဘန်ရှန်း ပေးခဲ့သော သိုလှောင်လက်စွပ်ထဲတွင် ပစ္စည်းများစွာ ပါဝင်သော်လည်း အဆင့် (၃) အဖြူရောင်ဓားသွားအတွက် ကုန်ကြမ်းများ မပါဝင်ပေ။ လင်းဖန်အနေဖြင့် စနစ်ထံမှ ဈေးကြီးပေး၍ ကုန်ကြမ်းများ မဝယ်လိုပေ။
သူ၏ မူဝါဒမှာ အလကားရနိုင်သော အရာရှိလျှင် ငွေဘယ်တော့မှ မသုံးခြင်း ဖြစ်သည်။ သို့သော် ယခုမူ စီးပွားရေးက အိမ်တိုင်ရာရောက် ရောက်လာပြီ ဖြစ်သည်။ အကယ်၍ ကုန်ကြမ်းများကို အလကားရရန် တခြားနည်းလမ်း မရှိတော့လျှင် စနစ်ထံမှ ငွေပေး၍ ဝယ်ယူရပေတော့မည်။ အဆိုးဆုံး ဖြစ်လာလျှင် လည်း ရောင်းသည့်အခါ ဈေးတင်ရောင်းပြီး အမြတ်ပြန်ရှာရုံသာ ရှိတော့သည်။
"အဆင့် (၁) နဲ့ (၂) ဓားပျံတွေကိုတော့ နောက်နှစ်ရက်အတွင်း ပြီးအောင် ငါ လုပ်ပေးနိုင်တယ်။ အဆင့် (၃) နဲ့ အထက်အတွက်ကျတော့ ကုန်ကြမ်းတွေ ရှာရခက်လို့ ဈေးက တော်တော်လေး မြင့်နိုင်တယ်။ မင်း ပြန် ရောက်ရင် မင်းတို့ ဘိုးဘေးကို အရင်ဆုံး ပြောပြထားလိုက်ဦး ဒါမှ ကြိုတင်ပြီး စိတ်ပြင်ဆင်ထားလို့ ရမှာ…။"
ထိုစကားကို ကြားသောအခါ လျူချွမ်းဖုက အလျင်အမြန် ပြန်ဖြေလိုက်သည်။
"နားလည်ပါပြီ။ စီနီယာ ပြောတဲ့အတိုင်း ကျွန်တော် သတင်းပါးလိုက်ပါ့မယ်။ ဒါဆို ကျွန်တော့်ကို ခွင့်ပြုပါဦး စီနီယာ…။"
ရိုရိုသေသေ နှုတ်ဆက်ပြီးနောက် လျူချွမ်းဖုသည် သတင်းပို့ရန် မိသားစုထံ ပြန်ရန် ပြင်လိုက်သည်။ ထိုအချိန်တွင် လင်းဖန်က သူ့ကို လှမ်းခေါ်လိုက်သည်။
"ခဏနေဦး လျူလေး... ငါ့ဆီမှာ ခံစစ်မှော်ပစ္စည်းအချို့လည်း ရှိသေးတယ်။ မင်း တစ်ချက်လောက် ကြည့်ချင်သေးလား…။"
လင်းဖန်သည် ဤကဲ့သို့သော လာဘ်ကောင်လေးကို အလွယ်တကူ လွှတ်မပေးလိုပေ။ ပစ္စည်းတစ်ခု ရောင်းရတိုင်း ရောင်းရတိုင်းမှာ အခွင့်အရေးကောင်း တစ်ခုပင်။ အကယ်၍ သူတို့ မိသားစုက စိတ်ဝင် စားသွားခဲ့လျှင် နောက်ထပ် အော်ဒါတစ်ခု ထပ်ရဦးမည် မဟုတ်ပါလား။
လှမ်းခေါ်လိုက်သဖြင့် လျူချွမ်းဖုမှာ ချက်ချင်းပင် ရပ်လိုက်သည်။ သူ လှည့်ကြည့်လိုက်သောအခါ လင်းဖန်သည် ခေါက်ထားသော အဝတ်စတစ်ခုကို ထုတ်ယူလိုက်သည်ကို တွေ့လိုက်ရသည်။ ထို့နောက် လင်းဖန်က သူ့ကို ပြောလိုက်၏။
"ဒီမှော်ရတနာကို ကောင်းကင်ယံပျံဝဲဝတ်ရုံ လို့ ခေါ်တယ်။ ဒါက အဆင့် (၁) မှော်ရတနာသာ ဖြစ်ပေမဲ့ ရွှေအမြုတေအဆင့် ကျင့်ကြံသူတွေရဲ့ တိုက်ခိုက်မှုကို လျစ်လျူရှုနိုင်တယ်။ အကယ်၍ ဒါက အဆင့် (၂) ပစ္စည်းဆိုရင်တော့ အခြေတည်စိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူတွေရဲ့ တိုက်ခိုက်မှုကိုတောင် ခံနိုင်ရည် ရှိတယ်။ ဒါ့အပြင် ဒီဝတ်ရုံမှာ ထွက်ပြေးတဲ့ စွမ်းရည်လည်း ပါသေးတယ်။ သူ ခံနိုင်တဲ့ အတိုင်းအတာ ထက် ကျော်လွန်တဲ့ တိုက်ခိုက်မှုနဲ့ ကြုံရရင် လူကို ချက်ချင်း အဝေးကို ခေါ်ဆောင်သွားပေးလိမ့်မယ်…။"
လင်းဖန် ရှင်းပြနေစဉ်အတွင်း လျူချွမ်းဖု၏ မျက်ဝန်းများတွင် လိုချင်တပ်မက်မှုများ ပိုမို ပြင်းထန်လာ တော့သည်။ အသက်ဘေးမှ ကာကွယ်ပေးနိုင်သော ခံစစ်မှော်ရတနာများမှာ တိုက်စစ်မှော်ရတနာ များ ထက် အမြဲတမ်း ပို၍ တန်ဖိုးကြီးလှပေသည်။ ဤဝတ်ရုံမှာ ကျင့်ကြံသူများအတွက် ဓားတစ်ချောင်း ထက်ပင် ပို၍ ဆွဲဆောင်မှု ရှိနေပေသည်။
သို့သော် ဈေးနှုန်းမှာလည်း သာမန်လက်နက်များထက် အဆပေါင်းများစွာ မြင့်မားမည်မှာ သေချာသည်။ ထိုသို့ တွေးမိသောအခါ လျူချွမ်းဖု၏ လိုချင်စိတ်မှာ ပြန်လည် ငြိမ်သက်သွားရပြန်သည်။
"စီနီယာ... ကျွန်တော့်ဆီမှာ စိတ်ဝိညာဉ်ကျောက်တုံး အများကြီး မရှိဘူး ။ စီနီယာ့ရဲ့ မှော်ရတနာကို ကျွန်တော် ဝယ်နိုင်မယ် မထင်ဘူး…။"
လင်းဖန်အနေဖြင့် လျူချွမ်းဖုကို အခုချက်ချင်း ဝယ်ခိုင်းရန် ရည်ရွယ်ချက် မရှိပေ။ သူ ချိန်ရွယ်နေ သည်မှာ လျူချွမ်းဖု၏ အိတ်ကပ်ထဲက ငွေမဟုတ်ဘဲ လျူမိသားစု တစ်ခုလုံး၏ ရတနာတိုက်ကို ပင်ဖြစ်သည်။
"ရပါတယ်... မင်း ဒီဝတ်ရုံကို မင်းတို့ မိသားစုဆီ ယူသွားပြီး မင်းတို့ ဘိုးဘေးကို အရင် ပြလိုက်ပါ။ ဖြစ်နိုင်တာကတော့ မင်းတို့ ဘိုးဘေးက ဒါကို သဘောကျသွားပြီး အဖြူရောင်ဓားသွား ဝယ်သလိုမျိုး မင်းတို့ တစ်ယောက်ချင်းစီအတွက် ဝယ်ပေးချင်ရင် ပေးမှာပေါ့…။"
ထိုစကားကို ကြားသောအခါ လျူချွမ်းဖုမှာ အလွန် ဝမ်းသာသွားတော့သည်။ အများကြီး ဝယ်၊ မဝယ် ကိုတော့ မသိသော်လည်း ဤဝတ်ရုံကိုတော့ ဝယ်ဖြစ်ရန် အခွင့်အလမ်း များလှသည်။ ဤမှော်ရတနာကို ယူဆောင်လာပေးသော သူရဲကောင်းအဖြစ် သူကိုယ်တိုင်ပင် ဤဝတ်ရုံကို သုံးခွင့်ရနိုင်သည် မဟုတ်ပါ လား။
"ဟုတ်ကဲ့ပါ... ကျွန်တော့်အပေါ် ယုံကြည်ပေးလို့ ကျေးဇူးတင်ပါတယ် စီနီယာ။ ကျွန်တော် သတင်းကို အရောက် ပါးလိုက်ပါ့မယ်…။"
ထို့နောက်တွင်မှ လင်းဖန်သည် လျူချွမ်းဖုကို ပြန်လွှတ်လိုက်သည်။ လင်းဖန်မှာ အော်ဒါအကြီးစားတစ်ခု ရလိုက်သဖြင့် စိတ်ဓာတ်များ တက်ကြွနေကာ နောက်ဖေးသို့ တန်းတန်းမတ်မတ် ပြန်လာခဲ့သည်။
ထိုအချိန်တွင် နောက်ဖေး၌ ရှိနေသော ကျန်းလုံ၊ ကျောက်ဟူနှင့် ထဲကျူး တို့မှာ ဆံပင်နှင့် မျက်ခုံးများ၏ အရောင်မှာ ပြောင်းလဲသွားကြပြီ ဖြစ်သည်။ ဘေးထွက်ဆိုးကျိုးများကြောင့် သူတို့ သုံးယောက်စလုံး၏ ပုံစံမှာ ပြောင်းလဲသွားသည်ကို မြင်သောအခါ လင်းဖန်က တစ်ခုခုကို သတိရသွားပြီး သူ၏ နဖူးကို ဖြတ်ခနဲ ရိုက်လိုက်မိသည်။
"ဟာ... သွားပြီ။ ငါက ကောင်းကင်ယံပျံဝဲဝတ်ရုံရဲ့ စွမ်းရည်တွေကိုပဲ ရှင်းပြနေမိလို့ ဘေးထွက်ဆိုးကျိုး အကြောင်း ပြောဖို့ မေ့သွားတယ်။ ထားလိုက်ပါတော့... ကိစ္စမရှိပါဘူး။ ခွေးဖြစ်သွားတာကလည်း ခဏလေးပဲဟာကို…။"
လင်းဖန် တစ်ယောက်တည်း ရေရွတ်လိုက်သော်လည်း ထဲကျူးတို့ သုံးယောက်မှာတော့ အသေအချာ ကြားလိုက်ရသည်။ ခွေးဖြစ်သွားမည့် ဘေးထွက်ဆိုးကျိုးအကြောင်းကို ကြားလိုက်ရသောအခါ သူတို့ သုံးယောက်လုံး တုန်လှုပ်သွားကြတော့သည်။ တစ်ဦးနှင့်တစ်ဦး ကြည့်လိုက်ကြပြီးနောက် သက်ပြင်းချ လိုက်မိကြသည်။
ခွေးဖြစ်သွားရမည့် အစား ဆံပင်တွေ မျက်ခုံးတွေ အစိမ်းရောင် ဖြစ်နေတာကမှ တော်သေးသည်ဟု သူတို့ ခံစားလိုက်ရသည်။
"ဆိုင်ရှင်... ခင်ဗျား အလုပ်များနေတာလား…။ ကျွန်တော် ဆိုင်ရှေ့ကို သွားပြီး အခြေအနေ ကြည့်လိုက် ပါ့မယ်…။"
"အစ်ကိုထဲကျူး တစ်ယောက်တည်း အကုန်မကြည့်နိုင်မှာ စိုးလို့ ကျွန်တော်လည်း လိုက်သွားလိုက်ပါ့ မယ်…။"
"ကျွန်တော်လည်း သွားမယ်... ထဲကျူး ငါ့ကို စောင့်ဦး….။"
လင်းဖန်အနေဖြင့် သူတို့အပေါ် နောက်ထပ် ထူးဆန်းသော ပစ္စည်းများ ထပ်မံ အသုံးမပြုနိုင်စေရန် အတွက် ထိုအစိမ်းရောင်ဆံပင်နှင့် လူသုံးယောက်မှာ အသက်လုသည့်အလား ဆိုင်ထဲသို့ ပြေးဝင်သွား ကြလေတော့သည်။
လင်းဖန်မှာတော့ သူတို့ သုံးယောက် ဘာဖြစ်သွားမှန်း မသိဘဲ ကြောင်အမ်းအမ်းဖြင့် ကျန်ရစ်ခဲ့တော့ သည်။ အခု ဆိုင်ကို ကြည့်ပေးမည့်သူ ရှိနေပြီဖြစ်သဖြင့် လင်းဖန်သည် အဖြူရောင်ဓားသွား သန့်စင် သည့် အလုပ်ကို အာရုံစိုက်နိုင်ပြီ ဖြစ်သည်။
တစ်ချိန်တည်းမှာပင် လျူချွမ်းဖုသည် လင်းဖန်၏ ဆိုင်မှ ထွက်လာပြီးနောက် မိသားစုထံသို့ အပြေး အလွှား ပြန်လာခဲ့သည်။ သတင်းကို စောင့်မျှော်နေကြသော လျူဘန်ရှန်း အပါအဝင် မိသားစု အကြီး အကဲများက သူ့ကို ချက်ချင်းပင် ခေါ်ယူတွေ့ဆုံခဲ့ကြသည်။
"ချွမ်းဖု... ဆွေးနွေးတာ ဘယ်လိုလဲ…။ ဆိုင်ရှင်က ဒီအလုပ်ကို လက်ခံရဲ့လား…။"
ပထမဆုံး မေးလိုက်သူမှာ လျူဘန်ရှန်း မဟုတ်ဘဲ လျူချွမ်းဖု၏ ဖခင် လျူကျန့်ဟွာ ဖြစ်သည်။ ဖခင် ဖြစ်သူ၏ မေးခွန်းကို ကြားသောအခါ လျူချွမ်းဖုက ရိုသေစွာ ပြန်ဖြေလိုက်သည်။
"အဖေ... အဆင်ပြေခဲ့ပါတယ်။ စီနီယာက အဆင့် (၁) နဲ့ (၂) ဓားပျံတွေတင်မကဘဲ အဆင့် (၃) နဲ့ အထက် ကိုတောင် သန့်စင်ပေးနိုင်ပါတယ်တဲ့။ ဒါပေမဲ့ အဆင့် (၃) အဖြူရောင်ဓားသွားတွေအတွက် ကုန်ကြမ်း တွေ ရှာရခက်လို့ ဈေးကတော့ တော်တော်လေး မြင့်နိုင်တယ်လို့ စီနီယာက ပြောပါတယ်…။"
ထိုစကားကို ကြားသောအခါ ထိုနေရာရှိ လူအားလုံးမှာ ဈေးနှုန်းကိစ္စကို ထည့်မစဉ်းစားတော့ဘဲ အလွန် ပင် အံ့ဩဝမ်းသာသွားကြလေသည်။ မည်သို့ပင်ဆိုစေ ဤဓား၏ စွမ်းရည်ကို ကြည့်လျှင် အဆင့် (၃) ဓားတစ်ချောင်းသည် အခြေတည်စိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူကိုတောင် ရင်ဆိုင်နိုင်သည်ဖြစ်ရာ ဈေးကြီးပေးရသည်မှာ သဘာဝကျလှပေသည်။
တစ်ဖက်လူက အဆင့် (၃) နှင့် အထက် မှော်ရတနာများကို သန့်စင်နိုင်ကြောင်း သိလိုက်ရသောအခါ အားလုံးက ဝိုင်းဝန်း ဆွေးနွေးကြတော့သည်။
"ကောင်းပြီ... သန့်စင်ပေးနိုင်ရင် ဈေးနှုန်းက ပြဿနာ မဟုတ်ဘူး။ ငါတို့ လျူမိသားစုမှာ စိတ်ဝိညာဉ် ကျောက်တုံးတွေ မရှားပါဘူး…။"
"ဒါပေမဲ့ အဲဒီဆိုင်ရှင်က အမြင့်ဆုံး ဘယ်အဆင့်အထိ သန့်စင်ပေးနိုင်မလဲဆိုတာပဲ ငါ သိချင်တာ…။"
"အကယ်၍ ငါ့မှာ အဆင့် (၇) အဖြူရောင်ဓားသွားသာ ရှိမယ်ဆိုရင် အတိဒုက္ခအဆင့် ကျင့်ကြံသူကို တောင် ရင်ဆိုင်နိုင်မှာ မဟုတ်ဘူးလား…။"
"လျှော့ပြောပါဦး... အဲဒီလောက်ထိတော့ မဟုတ်လောက်ပါဘူး…။"
"ဟုတ်တယ်... အတိဒုက္ခအဆင့် ကျင့်ကြံသူကို ရင်ဆိုင်ဖို့ နေနေသာသာ သူတို့က မင်းကို တစ်ချက်ကြည့် ရုံနဲ့တင် မင်း အသက်ပျောက်သွားနိုင်တယ်…။"
အကြီးအကဲများ၏ ဆွေးနွေးမှုကို ကြားနေရသော လျူချွမ်းဖုသည် ကောင်းကင်ယံပျံဝဲဝတ်ရုံ အကြောင်း ပြောရန် သတိရသွားခဲ့သည်။ သူသည် သိုလှောင်အိတ်ထဲမှ ဝတ်ရုံကို ထုတ်ယူလိုက်ပြီး သူ၏ ဘိုးဘေးကို ပြောလိုက်၏။
"ဘိုးဘေး... စီနီယာက ဒါကို ခံစစ်မှော်ရတနာဆိုပြီး ကျွန်တော့်ကို ပေးလိုက်ပါတယ်။ တစ်ချက်လောက် ကြည့်ပေးပါဦး…။"
လျူချွမ်းဖု ကမ်းပေးသော ဝတ်ရုံကို ကြည့်ရင်း လျူဘန်ရှန်းက ဇဝေဇဝါ ဖြစ်သွားသည်။
"ဒါက ဘာမှော်ရတနာလဲ… ဘာစွမ်းရည်တွေရှိလို့လဲ…။"