← Chapters

အခန်း ၉၈

Vol. 10 Ch. 98

အခန်း ၉၈

Vol. 10 Ch. 98

အခန်း (၉၈) ပျောက်ဆုံးနေသောခွေး အသိပေးချက်

"ဘိုးဘေးကို တင်ပြရရင်... ဒါကို ကောင်းကင်ယံပျံဝဲဝတ်ရုံ လို့ ခေါ်ပါတယ်။ အဆင့် (၁) ဝတ်ရုံက ရွှေအမြုတေအဆင့် ကျင့်ကြံသူတွေရဲ့ တိုက်ခိုက်မှုကို လျစ်လျူရှုနိုင်ပြီး အဆင့် (၂) ကတော့ အခြေတည် စိတ်ဝိညာဉ်အဆင့်ကို လျစ်လျူရှုနိုင်ပါတယ်။ ဒီလိုမျိုး အဆင့်အလိုက် အစွမ်းထက်သွားတာပါ…။"

လျူချွမ်းဖု စကားအဆုံးတွင် အခန်းထဲရှိ လူအားလုံး၏ မျက်လုံးများမှာ အရောင်တောက်သွား ကြလေ တော့သည်။

အတိဒုက္ခအဆင့် ကျင့်ကြံသူတစ်ယောက်၏ တစ်ချက်ကြည့်ရုံဖြင့်ပင် အသတ်ခံရနိုင်သည်ဟု သူတို့ ပြောဆိုနေကြစဉ်မှာပင် ဤအဖြေက ရောက်ရှိလာခြင်း ဖြစ်သည်။ အကယ်၍ လျူချွမ်းဖု ပြောသည့် အတိုင်းသာဆိုလျှင် အဆင့် (၇) ကောင်းကင်ယံပျံဝဲဝတ်ရုံသည် အတိဒုက္ခအဆင့် ကျင့်ကြံသူများ၏ တိုက်ခိုက်မှုကို လျစ်လျူရှုနိုင်ပေလိမ့်မည်။

ထိုသို့သာဆိုလျှင် အဆင့် (၇) အဖြူရောင်ဓားသွားကို ကိုင်စွဲပြီး အဆင့် (၇) ကောင်းကင်ယံပျံဝဲဝတ်ရုံ ကို သာ ဝတ်ဆင်ထားမည်ဆိုပါက အတိဒုက္ခအဆင့် ကျင့်ကြံသူတစ်ယောက်ကိုပင် ရင်ဆိုင်နိုင်မည် မဟုတ် ပါလား။

အဖြူရောင်ဓားသွား၏ စွမ်းရည်မှာ ထိန်းချုပ်ခြင်းအပေါ်တွင်သာ အလေးပေးထားပြီး သတ်ဖြတ်နိုင်စွမ်း အလွန်အမင်း မမြင့်မားသဖြင့် အတိဒုက္ခအဆင့် ကျင့်ကြံသူကို ဒဏ်ရာရအောင် မလုပ်နိုင်သော်လည်း ဤအခြေအနေမှာပင် လုံလောက်လှပြီ ဖြစ်သည်။ ၎င်းကို အတိဒုက္ခအဆင့် ကျင့်ကြံသူနှင့် သရေကျ သည်ဟုပင် သတ်မှတ်နိုင်သည်။

အကြီးအကဲများ စဉ်းစားခန်း ဝင်နေကြသည်ကို မြင်သောအခါ လျူချွမ်းဖုက နောက်ဆုံး စွမ်းရည်တစ်ခု ကိုပါ ထပ်မံ ထုတ်ဖော်ပြောကြားလိုက်သည်။

"ဒါ့အပြင်... ဒီကောင်းကင်ယံပျံဝဲဝတ်ရုံ မှာ အသက်ဘေးက လွတ်မြောက်နိုင်တဲ့ စွမ်းရည်လည်း ပါပါ သေးတယ်…။"

"ဥပမာပြောရရင်... အခု ဒီအဆင့် (၁) ဝတ်ရုံဟာ ရွှေအမြုတေအဆင့်ထက် မြင့်မားတဲ့ တိုက်ခိုက်မှုနဲ့ ကြုံရမယ်ဆိုရင် ဝတ်ဆင်ထားသူကို ချက်ချင်းပဲ အဝေးကို ခေါ်ဆောင်ပြီး ထွက်ပြေးပေးမှာပါ…။"

ထိုစကားကို ကြားသောအခါ လူအုပ်ကြီးထံမှ အံ့သြသံများ ထွက်ပေါ်လာတော့သည်။

"ဘုရားရေ... ဒီလောက် ဆန်းကြယ်တဲ့ စွမ်းရည်မျိုး ရှိတာလား…။"

"ဒါဆိုရင် အဆင့် (၇) ဝတ်ရုံ မရှိရင်တောင် အတိဒုက္ခအဆင့် ကျင့်ကြံသူ လက်ထဲကနေ ထွက်ပြေးနိုင် မယ်လို့ ဆိုလိုတာလား…။"

အားလုံးက အံ့သြတကြီး ပြောဆိုနေကြပြီးနောက် နောက်ဆုံးတွင် လျူချွမ်းဖုကို ဝတ်ဆင်စေပြီး အာနိသင်ကို စမ်းသပ်ရန် ဆုံးဖြတ်လိုက်ကြသည်။ လျူချွမ်းဖုမှာ အကြီးအကဲများစွာ၏ တောင်းဆိုမှုကို မငြင်းဆန်ရဲပေ။

သူသည် တုန်တုန်ရင်ရင်ဖြင့် အကြီးအကဲများကို ပြောလိုက်ရသည်။

"ဘိုးဘေး... ဦးလေးတို့... အဘိုးတို့... ကျေးဇူးပြုပြီး ခွန်အားကို ထိန်းပေးကြပါဦး။ ကျွန်တော့်ကို တကယ်ကြီး သတ်မပစ်လိုက်ကြပါနဲ့ဦး…။"

လျူချွမ်းဖု၏ စကားကို ကြားသောအခါ လျူကျန့်ဟွာက သူ့ကို စိုက်ကြည့်လိုက်သည်။

"စကားတွေ အများကြီး ပြောမနေနဲ့ ဒီကောင်လေး... မြန်မြန်သာ ဝတ်လိုက်စမ်း…။"

ဖခင်ဖြစ်သူ၏ ဖိအားပေးမှုအောက်တွင် လျူချွမ်းဖုမှာ ကောင်းကင်ယံပျံဝဲဝတ်ရုံ ကို ကြောက်ကြောက် လန့်လန့်ဖြင့် ဝတ်ဆင်လိုက်ရတော့သည်။ လျူချွမ်းဖု ဝတ်ဆင်ပြီးသောအခါ အခန်းထဲရှိ လူများမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး မည်သူက အရင် စမ်းသပ်မည်နည်းဟု ဆုံးဖြတ်နေကြသည်။

မျှော်လင့်ထားသည့်အတိုင်း ထိုအခွင့်အရေးမှာ လျူဘန်ရှန်း၏ လက်ထဲသို့ ရောက်ရှိသွားသည်။

"ဟင်း... လျူလေး၊ မင်း အဆင်သင့်ဖြစ်ပြီလား… ငါ စတော့မယ်။ အရင်ဆုံး ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ တိုက်ခိုက်မှုနဲ့ စမ်းကြည့်ရအောင်…။"

ထိုစကားကို ကြားသောအခါ လျူချွမ်းဖုသည် သေမည့်နေ့ကို စောင့်နေရသကဲ့သို့ မျက်လုံးများကို တင်းတင်းစေ့၍ပိတ်ထားလိုက်တော့သည်။

"ဘိုးဘေး... စလိုက်ပါတော့။ ကျွန်တော် အဆင်သင့်ပါပဲ…။"

ထို့နောက် လျူဘန်ရှန်းသည် မဆိုင်းမတွဘဲ တိုက်ခိုက်လိုက်တော့သည်။ နတ်ဘုရားအသွင်ပြောင်းခြင်း အဆင့် ကျင့်ကြံသူဖြစ်သော လျူဘန်ရှန်းသည် သူ၏ စွမ်းအားကို အလွန်တိကျစွာ ထိန်းချုပ်နိုင်သည်။

ရွှေအမြုတေအဆင့် နှောင်းပိုင်းခန့်ရှိသော တိုက်ခိုက်မှုတစ်ခုသည် လျူချွမ်းဖုကို တိုက်ရိုက် ထိမှန်သွား သည်။ တိုက်ခိုက်မှု ပြီးဆုံးသွားသောအခါ လူတိုင်းက လျူချွမ်းဖု၏ တုံ့ပြန်မှုကို အကဲခတ်နေကြသည်။ သို့သော် လျူချွမ်းဖုမှာ ဘာမှမသိလိုက်သကဲ့သို့ မျက်လုံးများကို စုံမှိတ်ထားဆဲ ဖြစ်သည်။

"ဘိုးဘေး... မတုံ့ဆိုင်းပါနဲ့တော့ မြန်မြန် တိုက်ခိုက်လိုက်ပါတော့။ ဒီလို စောင့်နေရတာက တကယ်ကို မခံစားနိုင်လို့ပါ….။"

လျူချွမ်းဖု၏ စကားကို ကြားလိုက်ရသောအခါ အခန်းထဲရှိ လူအားလုံးမှာ အံ့သြဝမ်းသာ ဖြစ်သွားကြ သည်။ ကောင်းကင်ယံပျံဝဲဝတ်ရုံ က အမှန်တကယ်ပဲ အလုပ်ဖြစ်နေသည်။ လျူချွမ်းဖုမှာ ဘာဒဏ်ရာမှ မရခဲ့ပေ။

"လျူလေး... ငါ တိုက်ခိုက်ပြီးသွားပြီ။ မင်း ဘယ်လို ခံစားရလဲ…။"

ဘိုးဘေး၏ စကားကို ကြားမှ လျူချွမ်းဖုက မျက်လုံးဖွင့်ကြည့်လိုက်ရာ သူ၏ မျက်ဝန်းများမှာ ဇဝေဇဝါ ဖြစ်နေသည်။

"အင်... တိုက်ခိုက်ပြီးသွားပြီလား…။ ကျွန်တော် ဘာမှ မသိလိုက်ပါလား…။"

ထိုအခိုက်တွင် လျူချွမ်းဖုသည် တစ်ခုခုကို သဘောပေါက်သွားကာ ဝမ်းသာအားရ ဖြစ်သွားလေတော့ သည်။

"ဒီဝတ်ရုံက တကယ်ကြီး အစွမ်းထက်တာပဲ။ အများဆုံး ဒဏ်ရာမရအောင်ပဲ ကာကွယ်ပေးမယ် ထင်ထားတာ အခုတော့ ဘာမှတောင် မခံစားရဘူး…။"

ရွှေအမြုတေအဆင့် တိုက်ခိုက်မှုကို လျစ်လျူရှုနိုင်စွမ်းကို စမ်းသပ်ပြီးနောက် လူတိုင်းသည် ထွက်ပြေး သည့် စွမ်းရည်ကိုပါ ထပ်မံ စမ်းသပ်ချင်စိတ် ပြင်းပြလာခဲ့ကြသည်။

"နောက်ထပ် ထွက်ပြေးတဲ့ စွမ်းရည်ကို စမ်းကြည့်ရအောင်။ ကျန့်ဟွာ... ဒီတစ်ခါ မင်း အလှည့်ပဲ…။"

လျူဘန်ရှန်းသည် လျူချွမ်းဖု၏ ဖခင် လျူကျန့်ဟွာကို တိုက်ခိုက်ရန် အခွင့်အရေး ပေးလိုက်သည်။ ဤဝတ်ရုံတွင် ထွက်ပြေးသည့် စွမ်းရည် ပါဝင်သည်ဟု ဆိုသော်လည်း အတိအကျ မသေချာသေးပေ။ ထို့ကြောင့် လျူဘန်ရှန်းကိုယ်တိုင် တိုက်ခိုက်ရန် တုံ့ဆိုင်းနေခြင်း ဖြစ်သည်။

လျူကျန့်ဟွာကတော့ ထိုသို့မဟုတ်ပေ။ လျူချွမ်းဖု၏ ဖခင်ဖြစ်သဖြင့် သူသည် လျူချွမ်းဖုကို အမြဲတမ်း ရိုက်နှက်ဆုံးမနေကျ ဖြစ်သည်။ ထို့ကြောင့် ဤအခွင့်အရေးကို သူက အားတက်သရော လက်ခံလိုက် သည်။

"ဟဲဟဲ... ကောင်းပါပြီ၊ ဒီအခွင့်အရေး ပေးလို့ ကျေးဇူးတင်ပါတယ် ဘိုးဘေး…။"

"လျူလေး... အဆင်သင့်ဖြစ်ပြီလား…။ အဖေ မင်းကို ရိုက်တော့မယ်နော်…။"

လျူကျန့်ဟွာ၏ စိတ်အားထက်သန်မှုကို ကြည့်ရင်း လျူချွမ်းဖုမှာ မျက်နှာငယ်လေး ဖြစ်သွားသည်။ *ငါက အဆင်သင့် ဖြစ်နေဖို့ လိုသေးလို့လား* ဟု သူ စိတ်ထဲမှ တွေးလိုက်မိသည်။

*အရင်တုန်းကလည်း အဖေ ရိုက်မယ်ဆိုရင် ကြိုပြီး ပြောဖူးလို့လား။ အမြဲတမ်း ရုတ်တရက်ကြီးပဲကို... ငါကတော့ ကျင့်သားရနေပါပြီ….*

"အဖေ... ရိုက်သာ ရိုက်ပါတော့။ အဖေနဲ့ ရှိနေတဲ့ အချိန်တိုင်းမှာ ကျွန်တော်က အမြဲတမ်း အဆင်သင့် ဖြစ်နေရတာပဲ မဟုတ်လား…။"

လျူချွမ်းဖု စကားအဆုံးတွင် လျူကျန့်ဟွာက ချက်ချင်း တိုက်ခိုက်လိုက်တော့သည်။ လျူဘန်ရှန်းနှင့် မတူဘဲ လျူကျန့်ဟွာသည် သူ၏ ကျင့်ကြံမှုကို လုံးဝ လျှော့ချမထားပေ။

သူသည် ဟင်းလင်းပြင်သန့်စင်ခြင်းအဆင့် ခွန်အားကို အသုံးပြုကာ လျူချွမ်းဖုကို တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။ ထိုမြင်ကွင်းကြောင့် အခန်းထဲရှိ အခြားအကြီးအကဲများမှာ မျက်နှာများပင် တွန့်သွားကြတော့ သည်။

လျူချွမ်းဖုသည် လျူကျန့်ဟွာ၏ သားအရင်း ဟုတ်၊ မဟုတ်ကိုပင် သူတို့ သံသယ ဝင်သွားကြသည်။

*ဒီကလေးက ကောက်ရတာများလား…*

သို့သော် နောက်ဆက်တွဲ ဖြစ်ရပ်များကြောင့် သူတို့သည် သားအရင်း ဟုတ်၊ မဟုတ် ဆက်လက် စဉ်းစား ရန် အချိန်မရှိတော့ပေ။

လျူကျန့်ဟွာ၏ တိုက်ခိုက်မှုက လျူချွမ်းဖုကို ထိမှန်သွားသောအခါ...

အခန်းထဲမှ ခွေးဟောင်သံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

"ကိန်...ကိန်...ကိန်.."

၎င်းမှာ ခွေးလေးတစ်ကောင် အရိုက်ခံရသည့်အခါ ထွက်ပေါ်လာသော အသံမျိုးပင် ဖြစ်သည်။ ထိုအသံ နှင့်အတူ လျူချွမ်းဖု၏ ပတ်ဝန်းကျင်ရှိ အလင်းတန်းများမှာ ခဏတာ ကွဲအက်သွားသလို ဖြစ်သွားသည်။

အလင်းတန်းများ ပြန်လည် တည်ငြိမ်သွားသောအခါ အခန်းထဲတွင် လျူချွမ်းဖု၏ အရိပ်အယောင်မျှပင် မကျန်တော့ပေ။ ဝတ်ရုံကို ဝတ်ဆင်ထားသော ခွေးနက်လေးတစ်ကောင်သာ ကျန်ရစ်တော့ သည်။

ဤရုတ်တရက် မြင်ကွင်းကြောင့် လျူဘန်ရှန်းနှင့် အခြားသူများမှာ မှင်တက်သွားကြတော့သည်။

အမည်မသိသော အကြီးအကဲ တစ်ဦးက အံ့သြတကြီး အော်ဟစ်လိုက်သည်။

"ဟာ... ဒီအဖေက တကယ်ကို ရက်စက်တာပဲ သူ့သားကို အသားဖတ်ဖြစ်အောင် လုပ်ပစ်လိုက် တာလား…။"

သူ စကားပြောပြီးသည်နှင့် လျူချွမ်းဖု ပြောင်းလဲသွားသော ခွေးနက်လေးကြီးမှာ လူတိုင်း၏ မြင်ကွင်းမှ ရုတ်ချည်း ပျောက်ကွယ်သွားလေတော့သည်။

ထိုအခိုက်တွင် သူတို့ ဘာကြောင့် ခွေးဖြစ်သွားသလဲဆိုသည်ကို စဉ်းစားရန် အချိန်မရှိကြတော့ပေ။ သူတို့အားလုံးသည် သူတို့၏ စိတ်အာရုံများကို ဖြန့်ကြက်ကာ ခွေးနက်လေးအဖြစ် ပြောင်းလဲသွား သော လျူချွမ်းဖုကို လိုက်လံ ရှာဖွေကြတော့သည်။

ခဏအကြာတွင် လျူဘန်ရှန်းနှင့် အခြားသူများမှာ အံ့သြသော မျက်နှာပေးများ ဖြစ်သွားကြသည်။

"လျူလေးရဲ့ နေရာကို ရှာလို့ မရတော့ဘူး…။"

"ဘုရားရေ... ဒီလို ထွက်ပြေး ပုန်းကွယ်တဲ့ နည်းလမ်းက တကယ်ကို အံ့မခန်းပဲ…။"

"စွမ်းတာကတော့ စွမ်းပါတယ်၊ ဒါပေမဲ့ ခွေးဖြစ်ပြီး ထွက်ပြေးရတာကတော့ အရှက်ရစရာ မကောင်း ဘူးလား…။"

ထိုစကားကြောင့် အခန်းထဲရှိ လူအားလုံးမှာ တစ်ဖန် ပြန်လည် တိတ်ဆိတ်သွားကြပြန်သည်။ သို့သော် ထိုအချိန်တွင် လျူကျန့်ဟွာက တိတ်ဆိတ်မှုကို ဖြိုခွင်းကာ ပြောလိုက်သည်။

"ဒုက္ခပါပဲ... အဲဒီကောင်လေးက ခွေးဖြစ်ပြီး ဘယ်ပျောက်သွားမှန်း မသိတော့ဘူး။ သူသာ မိစ္ဆာလို့ အထင်ခံရပြီး အဖမ်းခံလိုက်ရရင် ဘယ်လိုလုပ်မလဲ​…။"

ထိုအခါမှသာ အားလုံးက ပြဿနာ၏ ကြီးလေးမှုကို သတိပြုမိသွားကြသည်။ လျူချွမ်းဖု၏ ဦးလေး တစ်ဦးက ပို၍ ဆိုးရွားနိုင်သော ဖြစ်နိုင်ခြေတစ်ခုကိုပါ ပြောလိုက်သေးသည်။

"မိစ္ဆာအဖြစ် အဖမ်းခံရတာက တော်သေးတယ်။ တကယ်လို့ သာမန်ခွေးလို့ အထင်ခံရပြီး... အသတ်ခံ ရပြီး အစားခံလိုက်ရရင်တော့...။"

ထိုစကားကို ကြားသောအခါ အားလုံးမှာ ထိတ်လန့်သွားကြတော့သည်။ လျူဘန်ရှန်းကိုယ်တိုင်ပင် လက်ကို ဝှေ့ယမ်းကာ အမိန့်ထုတ်လိုက်သည်။

"လျူမိသားစုဝင်တွေ အကုန်လုံးကို အသိပေးလိုက် လျူလေးကို အမြန်ဆုံး ရှာဖွေကြစမ်း…။"

"မင်းတို့အားလုံး အဲဒီခွေး... အဲ လျူလေး ပြောင်းလဲသွားတဲ့ ပုံစံကို မှတ်မိကြတယ် မဟုတ်လား…။"

"ပုံတူဆွဲပြီး မြို့တော်တစ်ခုလုံးမှာ 'ပျောက်ဆုံးနေသောခွေး' အသိပေးချက်တွေ လိုက်ကပ်ကြစမ်း…။"

ထို့နောက် လျူဘန်ရှန်း၏ အမိန့်အရ လျူမိသားစု တပည့်များသည် မိသားစုဝင်းအတွင်းမှ ထွက်ခွာကာ မြို့တော်တစ်ခုလုံးတွင် လိုက်လံ ရှာဖွေကြတော့သည်။ အကယ်၍ မြို့တော်အတွင်း ရှာမတွေ့ပါက မြို့တော်အပြင်ဘက်အထိပါ ဆက်လက် ရှာဖွေကြပေလိမ့်မည်။

All Chapters