အခန်း ၁၀၀
Vol. 10 Ch. 100
အခန်း (၁၀၀) မင်္ဂလာပါ... ကျွန်တော်တို့ဆိုင်က တိရစ္ဆာန်ပေးမဝင်ပါဘူး
ရုတ်တရက် လျူချွမ်းဖု (ခွေး) ထံသို့ လျှောက်လှမ်းလာသော အစောင့်နှစ်ဦးစလုံး တစ်ပြိုင်နက်တည်း တောင့်ခဲသွားကြသည်။ သူတို့ ပြောဆိုနေသော စကား၏ နောက်ဆုံးစာသားကို သတိရသွားသော ကြောင့် ဖြစ်သည်။
ဟုတ်သည်လေ... မိသားစုဝင်တွေ တစ်ညလုံး အဝင်အထွက်များနေခြင်းမှာ ခွေးပျောက်ရှာနေခြင်း မဟုတ်ပါလား။ သူတို့မှာ ဂိတ်စောင့်နေရသဖြင့် ထိုတာဝန်တွင် မပါဝင်ရသော်လည်း လျူမိသားစု တပည့်များ၏ ပြောစကားအရ သိရှိထားခြင်း ဖြစ်သည်။
သူတို့သည် ပျောက်ဆုံးနေသော ခွေးမှာ မည်သို့ပုံစံရှိသည်ကို အတိအကျ မသိကြပေ။ သို့သော် ရှေ့တွင် ရှိနေသော ဤခွေးသာ ထိုခွေးဖြစ်နေလျှင် ဘယ်လိုလုပ်ရပါမည်နည်း။
တစ်ညလုံး အိပ်ရေးပျက်ထားသဖြင့် သူတို့မှာ ဝေဝေဝါးဝါး ဖြစ်နေကာ ဤအချက်ကို မေ့လုနီးပါး ဖြစ်ခဲ့ခြင်း ဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် သူတို့၏ အမှားကို အချိန်မီ သိလိုက်ရသည်၊ မဟုတ် ပါက အကြီးအကျယ် မှားယွင်းသွားပေလိမ့်မည်။
"ဒါ... မိသားစုက လိုက်ရှာနေတဲ့ ခွေးများလား…။"
"ငါ ဒီမှာ စောင့်ကြည့်ထားမယ်။ မင်းသွားပြီး ပုံတူမြင်ဖူးတဲ့လူကို သွားခေါ်လာခဲ့၊ သူတို့ကို အတည်ပြု ခိုင်းရမယ်…။"
ချက်ချင်းပင် အစောင့်တစ်ဦးမှာ သတင်းပို့ရန် အပြေးအလွှား ထွက်သွားတော့သည်။ ခဏအကြာတွင် လျူချွမ်းဖု၏ ဖခင် လျူကျန့်ဟွာမှာ ဂိတ်ဝသို့ ပထမဆုံး ရောက်ရှိလာသည်။ ဂိတ်ဝတွင် ဝပ်နေသော ခွေးနက်လေးကြီးမှာ မနေ့က လျူချွမ်းဖု ပြောင်းလဲသွားသည့် ပုံစံနှင့် ထပ်တူကျနေသည်ကို မြင်လိုက် ရသောအခါ သူသည် ဝမ်းသာအားရဖြင့် အနားသို့ ပြေးသွားတော့သည်။
"ငါ့သား... နောက်ဆုံးတော့ မင်းကို ပြန်တွေ့ပြီပဲ…။ ငါ မင်းကို အရမ်းလွမ်းနေတာ...။"
ထိုအခိုက်တွင် အခြေအနေကို မသိသော အစောင့်နှစ်ဦးမှာ လျူကျန့်ဟွာ၏ လုပ်ရပ်ကို ကြည့်ကာ မှင်တက်သွားကြတော့သည်။ လျူကျန့်ဟွာက လျူချွမ်းဖု (ခွေး) ကို ပွေ့ချီကာ အိမ်ထဲသို့ ပြန်ဝင် သွားပြီး နောက်မှသာ ထိုအစောင့်နှစ်ဦးမှာ တိုးတိုးတိတ်တိတ် ဆွေးနွေးရဲကြတော့သည်။
"ဟာ... တကယ် ရှက်ဖို့ ကောင်းတာပဲ။ ငါတို့ မိသားစုရဲ့ လူကြီးလူကောင်းတစ်ယောက်မှာ ဒီလို ထူးဆန်း တဲ့ ဝါသနာ ရှိမယ်လို့ မထင်ထားဘူး…။"
"ဟုတ်ပါ့... ငါသိရသလောက်တော့ ဒီလူကြီးမှာ သားတစ်ယောက် ရှိတယ် မဟုတ်လား…။"
"ဟုတ်တယ်လေ... အဲဒီ သခင်လေးသာ သူ့အဖေမှာ တကယ့် 'ခွေးသား' တစ်ယောက် ရှိနေမှန်း သိသွား ရင် ဘယ်လို ခံစားရမလဲ မသိဘူး…။"
"ဟားဟား... ရုတ်တရက်ကြီး ခွေးညီလေးတစ်ကောင် ရသွားတာဆိုတော့ သူလည်း ကြောင်သွားမှာပဲ။"
ထိုအစောင့်နှစ်ဦး မသိသောအချက်မှာ...
သူတို့ ပြောဆိုနေသော ထိုသခင်လေးကိုယ်တိုင်မှာ ယခုအချိန်တွင် အလွန်ပင် စိတ်လှုပ်ရှားနေခြင်း ဖြစ်သည်။ အိမ်အပြန်လမ်းတွင် ပြဿနာတစ်စုံတစ်ရာနှင့် မကြုံခဲ့ရသော်လည်း သူ အတော်လေး ကြောက်လန့်ခဲ့ရသည်။ သူတစ်ပါးက သူ့ကို သတ်စားလိုက်မည်ကို သူ အလွန် စိုးရိမ်ခဲ့ခြင်း ဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် လမ်းတလျှောက်လုံး သူတွေ့ခဲ့သမျှ လူတိုင်းက သူ့ကို မမြင်ချင်ဟန်ဆောင် ကာ လျစ်လျူရှုခဲ့ကြသည်။
အကြီးမားဆုံးသော အန္တရာယ်မှာ မိသားစုဂိတ်ဝသို့ ရောက်မှသာ မိမိ၏ ကိုယ်ပိုင်အစောင့်များထံမှ ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။ တကယ့်ကို သီသီလေး လွတ်ခဲ့ခြင်းပင် လျူမိသားစု၏ သခင်လေးမှာ မိမိအစောင့်များ၏ လက်ချက်ဖြင့် ခွေးသားဟင်း ဖြစ်လုနီးပါး ဖြစ်ခဲ့ရသည်။
ယခုအခါ သတင်းရရှိထားသော လျူဘန်ရှန်းနှင့် အဖွဲ့ဝင်များသည် လျူမိသားစု၏ ဆွေးနွေးပွဲခန်းမတွင် စုရုံးရောက်ရှိနေကြပြီ ဖြစ်သည်။ ခန်းမထဲရှိ ခွေးနက်လေးကို ကြည့်ကာ လူတိုင်းမှာ ဘာလုပ်ရမှန်း မသိဘဲ ဖြစ်နေကြသည်။
"လျူလေး... ကောင်းကင်ယံပျံဝဲဝတ်ရုံကိုလည်း စမ်းသပ်ပြီးပြီဆိုတော့ မြန်မြန် ပြန်ပြောင်းလိုက်တော့ လေ…။"
"ဝု... ဝု... ဝု..."
ခွေးဟောင်သံကို ကြားရသောအခါ လူတိုင်းမှာ ဇဝေဇဝါဖြင့် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။
"လျူလေးက သူ့ဘာသာသူ ပြန်မပြောင်းနိုင်တာများလား…။ ငါတို့ ဘာလုပ်သင့်လဲ…။"
"သူ့ကိုယ်ပေါ်က ဝတ်ရုံကို အရင် ချွတ်ကြည့်ရင်ရော…။"
အားလုံး၏ စကားကို ကြားသောအခါ လျူချွမ်းဖုက နှစ်ချက် ထပ်ဟောင်လိုက်ပြန်သည်။
"ဝု... ဝု"။
လျူချွမ်းဖု၏ ဟောင်သံကို ကြားသောအခါ သူတို့၏ အကြံဉာဏ်ကို လျူချွမ်းဖုက ထောက်ခံသည်ဟု လျူဘန်ရှန်းနှင့် အခြားသူများက ယူဆလိုက်ကြသည်။
ထိုအချိန်တွင် လျူကျန့်ဟွာက ရုတ်တရက် စကားပြောလာသဖြင့် အားလုံး ဆွံ့အသွားရတော့သည်။
"ဟေး... ဒီကောင်လေး၊ မင်း ဘာတွေ ဟောင်နေတာလဲ…။"
"ငါတို့နဲ့ ဘာသာစကား မတူတာကို အခွင့်ကောင်းယူပြီး ငါတို့မျက်နှာကို ကြည့်ကာ ဆဲနေတာ မဟုတ်လား…။"
လျူကျန့်ဟွာ၏ စကားကို လျစ်လျူရှုကာ အဖွဲ့သားများက လျူချွမ်းဖု၏ ကိုယ်ပေါ်မှ ဝတ်ရုံကို ဖယ်ရှားလိုက်ကြသည်။ သို့သော် စိတ်ပျက်စရာ ကောင်းသည်မှာ ဝတ်ရုံကို ချွတ်လိုက်သော်လည်း လျူချွမ်းဖုမှာ လူအဖြစ် ပြန်မပြောင်းလာခြင်းပင်။
ခဏတာ တိတ်ဆိတ်သွားပြီးနောက် လျူဘန်ရှန်းက နောက်ဆုံး ဆုံးဖြတ်ချက်ကို ချလိုက်သည်။
"ဒီပြဿနာကို စခဲ့တဲ့သူပဲ ပြန်ဖြေရှင်းရမယ်။ လျူလေးကို ဆိုင်ရှင်ဆီ ခေါ်သွားပြီး မေးကြည့်ရအောင်။"
ထိုစကားကို အားလုံးက သဘောတူလိုက်ကြသည်။ မည်သူ သွားမည်နည်းဟု မဲခွဲဆုံးဖြတ်ရာတွင် လျူကျန့်ဟွာမှာ အသင့်တော်ဆုံးသူအဖြစ် ရွေးချယ်ခြင်း ခံလိုက်ရသည်။ လျူဘန်ရှန်း၏ စကားအ ရဆိုလျှင်...
"ပထမအချက်အနေနဲ့... ဒါက မင်းရဲ့ သားပဲ။ မင်းက မစောင့်ရှောက်ရင် ဘယ်သူက စောင့်ရှောက် မှာလဲ…။"
"ဒုတိယအချက်က... မင်းက အဲဒီတုန်းက ရက်ရက်စက်စက်နဲ့ အခြေတည်စိတ်ဝိညာဉ်အဆင့် ခွန်အား ကို သုံးခဲ့တာကိုး။ ဒါ မင်းအမှားပဲ…။"
နောက်ဆုံးတွင် လျူကျန့်ဟွာမှာ ဘိုးဘေး၏ အမိန့်ကို မလွန်ဆန်ရဲဘဲ လျူချွမ်းဖု (ခွေး) ကို ပွေ့ချီကာ ဟင်းလင်းပြင်ဆိုင်ဆီသို့ ဦးတည်ထွက်ခွာလာခဲ့ရတော့သည်။
လမ်းတလျှောက်လုံးတွင် အရှက်ရမည်ကို စိုးရိမ်သဖြင့် လျူကျန့်ဟွာသည် ခွေး၏ ကိုယ်လုံးကို သူ၏ ဝတ်ရုံဖြင့် လုံအောင် ဖုံးအုပ်ထားလိုက်သည်။ ထို့ပြင် လမ်းပေါ်တွင် ဘာအသံမှ မထွက်ရန်လည်း လျူချွမ်းဖုကို အမိန့်ပေးထားသေးသည်။
ဖခင်ဖြစ်သူ၏ ဩဇာအာဏာကြောင့် လျူချွမ်းဖုမှာ လမ်းတလျှောက်လုံး ငြိမ်သက်စွာ လိုက်ပါလာ ခဲ့ရသည်။ မကြာမီမှာပင် လျူကျန့်ဟွာသည် လျူချွမ်းဖုကို ပွေ့ချီလျက် လင်းဖန်၏ ဆိုင်သို့ ရောက်ရှိ လာခဲ့သည်။
ထိုအချိန်တွင် လင်းဖန်၏ ဆိုင်မှာ စတင် ဖွင့်လှစ်နေပြီ ဖြစ်သည်။ မနေ့က အရောင်းအဝယ် ကောင်းခဲ့ သဖြင့် ယနေ့တွင် ထဲကျူးနှင့် သူငယ်ချင်းနှစ်ဦးမှာ ဆိုင်ရှေ့တွင် စောစောစီးစီး ရောက်ရှိနေကြပြီ ဖြစ် သည်။ သူတို့ သုံးယောက်မှာ လမ်းသွားလမ်းလာများကို ပြုံးရယ်ကာ နှုတ်ဆက်ပြနေကြရသည်။
လျူကျန့်ဟွာသည် ဆိုင်ရှေ့ရှိ အစိမ်းရောင်ဆံပင်နှင့် သတ္တဝါသုံးဦးကို မြင်သောအခါ အလွန် စပ်စုချင် သွားသည်။ သို့သော် လက်ရှိတွင် ပို၍ အရေးကြီးသော ကိစ္စရှိနေသဖြင့် သူသည် စပ်စုချင်စိတ်ကို ထိန်းကာ ခေါင်းငုံ့လျက် ဆိုင်ထဲသို့ ဝင်လာခဲ့သည်။
"ဟင်းလင်းပြင်ဆိုင်က ကြိုဆိုပါတယ်…။"
ဂိတ်ဝတွင်ရှိသော ထဲကျူးတို့ သုံးယောက်၏ ကြိုဆိုသံ ထွက်ပေါ်လာသည်။ ဆိုင်ထဲတွင် မျက်လုံးမှိတ် ကာ ငိုက်မြည်းနေသော လင်းဖန်သည်လည်း လေးလံသော မျက်ခွံများကို အနိုင်နိုင် ဖွင့်ကာ နိုးလာခဲ့ သည်။ လူလတ်ပိုင်း အမျိုးသားတစ်ဦး ဆိုင်ထဲသို့ ဝင်လာသည်ကို မြင်သောအခါ သူက နွေးထွေးစွာ ကြိုဆိုလိုက်သည်။
"မင်္ဂလာပါ အထူးဧည့်သည်တော်... ဘာများ အလိုရှိလို့လဲ…။"
လျူကျန့်ဟွာက ချက်ချင်း အဖြေမပေးဘဲ ပတ်ဝန်းကျင်ကို အသေအချာ ဝေ့ကြည့်လိုက်သည်။ ထို့နောက်မှ သူ ပွေ့ချီလာသော ဝတ်ရုံကို ဖြည်းညှင်းစွာ မလိုက်ရာ အတွင်းမှ လျူချွမ်းဖု (ခွေး) ပေါ်လာတော့သည်။
ထိုထူးဆန်းသော ဖောက်သည်၏ လက်ထဲတွင် ပွေ့ချီထားသော ခွေးနက်လေးကို မြင်လိုက် ရသောအခါ... လင်းဖန်၏ မျက်နှာမှာ ချက်ချင်းပင် ညှိုးငယ်သွားကာ ဒေါသတကြီး ပြောလိုက်တော့ သည်။
"မင်္ဂလာပါ... ကျွန်တော်တို့ဆိုင်က အိမ်မွေးတိရစ္ဆာန်တွေ ပေးမဝင်ပါဘူး…။"
ထိုစကားကြောင့် လျူကျန့်ဟွာမှာ မှင်တက်သွားကာ ဘာပြန်ပြောရမှန်း မသိဘဲ ဖြစ်နေရှာသည်။ တစ်ဖက်လူ စကားမပြောနိုင်သည်ကို မြင်သောအခါ လင်းဖန်က ဆက်ပြောလိုက်သည်။
"တိရစ္ဆာန်တွေအတွက် ဆိုင်ရှေ့မှာ ချည်ထားဖို့ သီးသန့်နေရာ ရှိပါတယ်။ တာအိုမိတ်ဆွေ... ခင်ဗျားရဲ့ တိရစ္ဆာန်ကို အပြင်မှာ အရင် ချည်ထားခဲ့ပေးပါ…။"
ထိုအခါမှသာ လျူကျန့်ဟွာသည် သူ၏ စိတ်ကူးများကို ပြန်လည် စုစည်းနိုင်တော့သည်။ သူက ထစ်ထစ် ငေါ့ငေါ့ဖြင့် ပြောလိုက်၏။
"ဆိုင်ရှင်... ဒါက အိမ်မွေးတိရစ္ဆာန် မဟုတ်ပါဘူး။ ကျွန်တော့်သား... အဲ... ကျွန်တော့်သားပါ…။"
ဤတစ်ကြိမ်တွင် လင်းဖန် အကြီးအကျယ် မှင်တက်သွားရပြန်သည်။ သူ၏ မျက်နှာတွင် "ခင်ဗျား ကျုပ် ကို နောက်နေတာလား" ဆိုသည့် အမူအရာ ပေါ်လွင်နေသည်။
"ဒီခွေးက... ခင်ဗျားသားဟုတ်လား…။ ခွေးက... သား…။"
ခဏတာမျှ လင်းဖန်နှင့် လျူကျန့်ဟွာ နှစ်ဦးစလုံး ဆွံ့အသွားကြပြီး စကားကို မည်သို့ ဆက်ပြောရမည်ကို မသိဘဲ ဖြစ်နေကြသည်။ ကံကောင်းထောက်မစွာဖြင့် လျူကျန့်ဟွာသည် သူ လာရသည့် ရည်ရွယ်ချက် ကို မမေ့ဘဲ ပြန်လည် ပြောဆိုလိုက်သည်။
"ကျွန်တော်က လျူမိသားစုက လျူကျန့်ဟွာပါ။ ဒါက ကျွန်တော့်သား လျူချွမ်းဖု။ သူ မနေ့က ဒီကို ရောက်ခဲ့သေးတယ် ဆိုင်ရှင် သူ့ကို မှတ်မိသေးတယ် မဟုတ်လား…။"
လျူကျန့်ဟွာက ထိုသို့ ပြောလိုက်မှသာ လင်းဖန်သည် အခြေအနေကို သဘောပေါက်သွားတော့သည်။ သူသည် ခွေးနက်လေး၏ ကိုယ်ပေါ်တွင် ခြုံထားသော အဝတ်စကို အသေအချာ ကြည့်လိုက်သည်။ အနည်းငယ် ပေရေနေသော်လည်း ၎င်းမှာ သူ၏ ကောင်းကင်ယံပျံဝဲဝတ်ရုံ ဖြစ်ကြောင်း ရှင်းရှင်းလင်း လင်း မြင်လိုက်ရသည်။
ထိုအခိုက်တွင် လင်းဖန် သဘောပေါက်သွားပြီ ဖြစ်သည်။
*ဟာ... ငါက တစ်ဖက်လူရဲ့ ခွေးသားလေးလို့ ထင်နေတာ။ တကယ်တော့ သူတို့ရဲ့ သားအရင်းကိုး။ ဒီ လျူချွမ်းဖုဟာ ကောင်းကင်ယံပျံဝဲဝတ်ရုံရဲ့ ဘေးထွက်ဆိုးကျိုးကြောင့် ဒီလို ဖြစ်သွားတာပဲ…။*
လင်းဖန်သည် မနေ့က သူ ထင်ကြေးပေးခဲ့သည်မှာ မှန်ကန်ကြောင်း သိလိုက်ရသည်။
"ဟင်း... ဆောရီးပါပဲ ဒီဝတ်ရုံက တော်တော်လေး ပေနေလို့ ကျွန်တော် ချက်ချင်း မမှတ်မိလိုက်ဘူး…။"
လင်းဖန် စကားအဆုံးတွင် လျူကျန့်ဟွာ၏ လက်ထဲမှ ခွေးနက်လေးကြီးမှာ ဝမ်းနည်းပက်လက်ဖြင့် စတင် ငိုညည်းတော့သည်။ ခွေးစကား နားမလည်သူများပင် ထိုအသံထဲမှ နာကျည်းမှုကို ခံစားမိနိုင် လောက်ပေသည်။
ထိုအခြေအနေကို မြင်သောအခါ လျူကျန့်ဟွာက သားဖြစ်သူကိုယ်စား ရှင်းပြလိုက်ရသည်။
"ဆိုင်ရှင်... မနေ့က ကျွန်တော်တို့ ဝတ်ရုံရဲ့ စွမ်းရည်ကို စမ်းသပ်နေတုန်း ကျွန်တော့်သားက ခွေးအဖြစ် ပြောင်းလဲပြီး ထွက်ပြေးသွားခဲ့တာပါ။ ဒီနေ့ မနက်ကျမှပဲ သူ အိမ်ကို ပြန်ရောက်လာခဲ့တာ…။"
"သူ့ပုံစံကို ကြည့်ရတာ ပြန်လာတဲ့လမ်းမှာ တော်တော်လေး ပင်ပန်းခဲ့ပြီး အများကြီးလည်း အနိုင်ကျင့်ခံ ခဲ့ရပုံ ရတယ်…။"