အခန်း ၁၀၂
Vol. 11 Ch. 102
အခန်း (၁၀၂) အပြေးပြိုင်ပွဲ စတင်တော့မည်
ထဲကျူး ၏ စကားကြောင့် လင်းဖန်မှာ အံ့ဩမသွားခဲ့ပေ။
ဤသည်က ပြန်လည်ရှင်သန်ခြင်း ဆေးလုံးရဲ့ ကျင့်ကြံမှု ပါရမီကို မြှင့်တင်ပေးတဲ့ အာနိသင်ကြောင့်ပင် ဖြစ် ရပေမည်။
ဤထျန်းယွမ်တိုက်ကြီးတွင် ကျင့်ကြံမှု ပါရမီကိုလည်း ဆေးလုံးများနှင့် မှော်ရတနာများကဲ့သို့ပင် အဆင့် အတန်း ခွဲခြားထားသည်။ ထဲကျူး၏ ကျင့်ကြံမှု ပါရမီမှာ ယခုအခါ မည်သည့်အဆင့်သို့ ရောက်ရှိနေ သည်ကိုမူ လင်းဖန် မသိသေးပေ။
လင်းဖန်၏ လက်ထဲတွင် ကျင့်ကြံမှု ပါရမီကို စမ်းသပ်သည့် ကိရိယာလည်း မရှိသဖြင့် လောလောဆယ် တွင် အတိအကျ မပြောနိုင်သေးပါ။ သို့သော် ထဲကျူး၏ ယခင်ပါရမီထက် အများကြီး ပိုမြင့်မားသွား မည်မှာတော့ အသေအချာပင်။
"ဂုဏ်ယူပါတယ် ထဲကျူး။ အခုဆို မင်းရဲ့ ဒန်တျန်လည်း ပြန်ကောင်းသွားပြီ၊ ပါရမီလည်း တိုးတက်လာပြီ ဆိုတော့ မင်းကိုယ်ပေါ်က အစိမ်းရောင် အမွေးတွေကို ရိတ်ပစ်လိုက်လို့ ရပြီ….။"
"အဲ့ဒီ အမွှေးတွေကို ရိတ်ပစ်လိုက်ပြီးရင် မကြာခင်မှာပဲ ဆံပင်တွေက အမည်းရောင် ပြန်ပေါက်လာ ပါလိမ့်မယ်…။"
လင်းဖန်၏ စကားကို ကြားသောအခါ ထဲကျူးမှာ စိတ်ထဲမှ လှိုက်လှိုက်လှဲလှဲ ရယ်မောလိုက်တော့သည်။ ခဏလောက် ထိပ်ပြောင်နေရဦးမည် ဖြစ်သော်လည်း အစိမ်းရောင် ဆံပင်တွေနှင့် နေရတာထက်စာလျှင် အများကြီး ပိုကောင်းပါသည်။
"ကျေးဇူးတင်ပါတယ် ဆိုင်ရှင်။ ကျွန်တော် အခုပဲ သွားရိတ်လိုက်တော့မယ်…။"
ထဲကျူး၏ ပျော်ရွှင်နေသော မျက်နှာကို ကြည့်ပြီး လင်းဖန်လည်း လိုက်ပြုံးမိသည်။ တစ်ချိန်တည်းမှာပင် ဆံပင်အမြန်ပေါက်စေမည့် ဆေးလုံးတစ်ခုကို သုတေသနပြုလုပ်လျှင် ကောင်းမလားဟု သူ စဉ်းစားမိ သွားသည်။ သို့သော် ခဏမျှ စဉ်းစားပြီးနောက် လင်းဖန်က ထိုအကြံကို ချက်ချင်းပင် လက်လျှော့လိုက် သည်။
သူ့အမြင်အရဆိုလျှင် ထိုကဲ့သို့သော ဆေးလုံးမျိုးက သန့်စင်ရောင်းချလျှင်လည်း ပိုက်ဆံ သိပ်ရမည် မဟုတ်ပေ။
*ပိုက်ဆံမရမည့် ဆေးလုံးကို ဘာလို့ သုတေသန လုပ်နေမှာလဲ…။ ထဲကျူးတို့ဘာသာ သူတို့ ဆံပင် ပြန်ပေါက်အောင် စောင့်ကြပါစေတော့…။*
ထိုအကြံကို ဖျောက်ပစ်လိုက်ပြီးနောက် လင်းဖန်က အပြေးပြိုင်ပွဲကိစ္စကို ဆက်လက် စဉ်းစားလေသည်။
*ဒီထဲကျူးရဲ့ ပြန်ကောင်းလာမှုက အချိန်ကိုက်ပဲ။ ငါတို့ရဲ့ ပြန်လည်ရှင်သန်ခြင်း ဆေးလုံး ကို ကြော်ငြာဖို့ သူ့ကို နမူနာအဖြစ် သုံးလို့ရတာပဲ…။*
နောက်ထပ် နှစ်ရက်အတွင်းတွင် လင်းဖန်၏ဆိုင်မှာ အတော်လေး စည်ကားလာခဲ့သည်။ လျိုချွမ်းဖု၊ လီချွမ်းနှင့် ကျောက်ဖေးတို့၏ မိသားစုများက ပြိုင်ပွဲကိစ္စ ဆွေးနွေးရန် လူလွှတ်ခဲ့ကြသည်။ ၎င်းအပြင် လင်းဖန် တစ်ခါမှ မတွေ့ဖူးသည့် မိသားစုကြီး၊ မိသားစုငယ်များစွာသည်လည်း လာရောက် လည်ပတ် ကြလေသည်။
လျိုမိသားစုထံမှ သတင်းစကား ရရှိကြသဖြင့် အခြေအနေမှန်ကို လာရောက် စုံစမ်းကြခြင်းမှာ သိသာ လှသည်။ ကျင့်ကြံမှု ပါရမီကို မြှင့်တင်ပေးနိုင်သည့် ပြန်လည်ရှင်သန်ခြင်း ဆေးလုံး ဆိုသည်မှာ ထို မိသားစုများအတွက် အလွန်ဆွဲဆောင်မှု ရှိလှသည်။
လွန်ခဲ့သော နှစ်ရက်အတွင်းတွင် ကျန်းလုံညန်းနှင့် ကျောက်ဟူတို့လည်း တဖြည်းဖြည်းခြင်း ပြန်လည် သက်သာလာခဲ့ကြသည်။ ထိုမိသားစုများက ပါရမီ တိုင်းတာသည့် ကိရိယာများဖြင့် ထဲကျူးနှင့် သူ၏ သူငယ်ချင်း နှစ်ယောက်ကို စမ်းသပ်ကြည့်ပြီးနောက်တွင်မူ လင်းဖန် ပြောသည့် ပြန်လည်ရှင်သန်ခြင်း ဆေးလုံး၏ အာနိသင်အပေါ် သံသယ မရှိတော့ချေ။
ထဲကျူး၏ ကျင့်ကြံမှု ပါရမီမှာ အဆင့် (၈) သို့ ရောက်ရှိသွားပြီး ကျန်းလုံနှင့် ကျောက်ဟူတို့မှာ အဆင့် (၆) ဖြစ်သည်။ ထျန်းယွမ်တိုက်ကြီးတွင် အဆင့် (၁) မှ (၃) ထိမှာ သာမန်ဖြစ်သည်။ အဆင့် (၄) မှ (၆) အထိ ရသူများကိုမူ ထူးချွန်သူများဟု သတ်မှတ်ကြသည်။ အဆင့် (၇) အထက် ရောက်သွားသူများမှာမူ ပါရမီရှင်အဆင့်သို့ ဝင်ရောက်သွားပြီ ဖြစ်သည်။
ကျန်းလုံနှင့် ကျောက်ဟူတို့၏ အဆင့် (၆) ပါရမီမှာပင် ပါရမီရှင်များ၏ အောက် တစ်ဆင့်၌သာ ရှိတော့ သည်။ ထဲကျူးဆိုလျှင်မူ ပါရမီရှင်များထဲမှာပင် ထိပ်တန်းအဆင့်၌ ရှိနေပြီဖြစ်သည်။
အကယ်၍ တစ်ယောက်တည်းသာ ဤကဲ့သို့ ပါရမီမြင့်မားနေလျှင် ထိုမိသားစုများက ယုံကြည်ကြမည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ထိုသူမှာ မူလကတည်းက ပါရမီရှင် ဖြစ်နေနိုင်သောကြောင့် ဖြစ် သည်။ သို့သော် ယခုမူ လင်းဖန်ဆိုင်ရှိ လူသုံးယောက်လုံးမှာ ဤမျှ မြင့်မားသော ပါရမီမျိုး ရှိနေကြခြင်း ဖြစ်သည်။ ထို့ကြောင့် ဒါဟာ တိုက်ဆိုင်မှု မဟုတ်ဘဲ ပြန်လည်ရှင်သန်ခြင်း ဆေးလုံး၏ အာနိသင်ကြောင့် ဖြစ်ကြောင်း အတည်ပြုနိုင်သွားခြင်းဖြစ်သည်။
ဤကဲ့သို့သော ကောက်ချက်ကို ရရှိပြီးနောက်တွင် ထိုမိသားစုများမှာ မည်ကဲ့သို့ စိတ်မလှုပ်ရှားဘဲ နေနိုင်မည်နည်း…။
သို့သော်လည်း ထိုမိသားစုများနှင့် နှိုင်းယှဉ်လျှင် လင်းဖန်ကမူ စမ်းသပ်မှု ရလဒ်အပေါ် အနည်းငယ် အားမလိုအားမရ ဖြစ်နေသည်။ သူ့အမြင်အရ စနစ်က ထုတ်လုပ်ပေးသမျှ ပစ္စည်းတွေက အဆင့်မြင့် ရမည်ဖြစ်ပြီး အနည်းဆုံး အဆင့် (၉) လောက်တော့ ရှိသင့်သည်ဟု ထင်ထားခြင်း ဖြစ်သည်။
လင်းဖန်၏ အတွေးကို စနစ်က ချက်ချင်းပင် တုံ့ပြန်လိုက်သည်။ စနစ်၏ အဆိုအရ ဤ ပြန်လည်ရှင်သန် ခြင်း ဆေးလုံး မှာ အဆင့် (၅) ဆေးလုံးသာ ဖြစ်သည်။ ဤမျှ အကျိုးသက်ရောက်မှု ရှိနေခြင်းကပင် အလွန်ထူးခြားနေပြီ ဖြစ်ကြောင်း။ မိသားစုကြီးတွေ ဘယ်လောက် စိတ်လှုပ်ရှားနေသလဲဆိုတာ မမြင်ဘူးလားဟူ၍ စနစ်က ပြောခဲ့သည်။
စနစ်၏ ရှင်းပြချက်ကြောင့် လင်းဖန်လည်း သူ အများကြီး တွေးမိသွားကြောင်း သဘောပေါက်ကာ ရလဒ်ကို လက်ခံလိုက်တော့သည်။ သို့သော်လည်း နောင်တွင် ပါရမီမြှင့်တင်ပေးမည့် ပိုမိုမြင့်မားသည့် အဆင့်ရှိသော ဆေးလုံးများကို သူ သေချာပေါက် သန့်စင်မည်ဟု ဆုံးဖြတ်ထားလိုက်သည်။
အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့သော ဆေးလုံးများမှာ မည်မျှအထိ ရောင်းပန်းလှသည်ကို သူ မျက်မြင်တွေ့လိုက်ရသောကြောင့် ဖြစ်သည်။
*ငါသာ ဒီဆေးလုံးတွေကို ကိုယ်တိုင်ရောင်းရင် ချမ်းသာတော့မှာပဲ…*
သို့သော် ၎င်းတို့မှာ အနာဂတ်အတွက် စဉ်းစားရမည့် အရာများသာ ဖြစ်သည်။ လောလောဆယ်တွင် အရေးကြီးဆုံးမှာ ဤပြိုင်ပွဲကို ကောင်းမွန်စွာ ကျင်းပပြီး ဟင်းလင်းပြင်ဆိုင် ကို နာမည်ကြီးလာအောင် လုပ်ရန် ဖြစ်သည်။
လျိုမိသားစု၊ လီမိသားစုနှင့် အခြားမိသားစုများ၏ နှစ်ရက်ကြာ လှုပ်ရှားမှုများကြောင့် "ပြေးတော့... ကျင့်ကြံသူ" အပြေးပြိုင်ပွဲမှာ တစ်မြို့လုံး၏ ပြောစရာအကြောင်းအရာတစ်ခု ဖြစ်လာခဲ့လေသည်။
မကြာမီမှာပင် ပြိုင်ပွဲကျင်းပမည့်နေ့သို့ ရောက်ရှိလာတော့သည်။ ထိုနေ့တွင် လင်းဖန်နှင့် မြို့တော်ရှိ မိသားစုဝင်များသည် လူအုပ်ကြီးဖြင့် မြို့ပြင်ဘက်သို့ စည်ကားသိုက်မြိုက်စွာ ထွက်ခွာခဲ့ကြသည်။
ဤမြင်ကွင်းမှာ မြို့တော်ရှိ ကျင့်ကြံသူများစွာ၏ အာရုံကို ဆွဲဆောင်လိုက်ခြင်းပင်။ မိသားစုအသီးသီးမှ ဖွဲ့စည်းထားသော စီတန်းလှည့်လည်မှုကို မြင်သောအခါ ကျင့်ကြံသူများမှာ အချင်းချင်း တီးတိုးပြောဆို ဆွေးနွေးလာကြတော့သည်။
"ဟာ... ဒီလူတွေ အများကြီး ဘာလုပ်နေကြတာလဲ…။ မိစ္ဆာတွေ မြို့ကို လာတိုက်နေလို့လား…။"
"ဘာတွေ လျှောက်ပြောနေတာလဲ… သုန်ယွဲ့အင်ပါယာရဲ့ မြို့တော်ကို ဘယ်မိစ္ဆာသားရဲက လာတိုက် ရဲမှာလဲ…။"
"ဟဲဟဲ... မင်း ဒီရက်ပိုင်း အပြင်မထွက်တာ ကြာပြီထင်တယ်။ ဒီလောက် စည်ကားနေတဲ့ အကြောင်းကို တောင် မသိဘူးလား…။"
"ငါ သိတယ်... ဒါက ဒီနားက ဆိုင်တစ်ဆိုင်နဲ့ မိသားစုအချို့ ပူးပေါင်းပြီး ကျင်းပတဲ့ ပြိုင်ပွဲလေ။ ဆုက ပါရမီမြှင့်တင်ပေးတဲ့ ဆေးလုံးလို့ ကြားတယ်…။"
"ဟာ... ပါရမီမြှင့်ဆေးတဲ့လား။ ဘာပြိုင်ရမှာလဲ…။ ငါတို့ရော ဝင်ပြိုင်လို့ရလား…။"
"မင်းကလည်း ဘာတွေ တွေးနေတာလဲ…။ ကြည့်ရုံပဲ ကြည့်လိုက်ပါ။ မင်း ဝင်ပြိုင်ခဲ့ရင်တောင် အဲ့ဒီ အင်အားကြီး မိသားစုတွေက မျိုးဆက်သစ်တွေနဲ့ ယှဉ်နိုင်မှာမို့လို့လား….။"
"ဟွန့်... ဒါကတော့ မပြောနိုင်ဘူးလေ။ ငါ့မှာလည်း အစွမ်းတွေ ရှိတာပဲ…။"
မြို့တော်ပြင်ပသို့ ထွက်ခွာသွားသော လူအုပ်ကြီးနောက်သို့ ကျင့်ကြံသူများစွာမှာလည်း လိုက်ပါသွားကြ လေသည်။ ပါဝင်ယှဉ်ပြိုင်ခွင့် မရလျှင်တောင် အနည်းဆုံးတော့ အစအဆုံးကို ကြည့်ခွင့်ရသည် မဟုတ် ပါလား။
မြို့တော်ပြင်ပရှိ မြို့တံခါးဝတွင် လင်းဖန်နှင့် သူ၏အဖွဲ့မှာ ရပ်လိုက်ကြသည်။ လူတိုင်းက သူ့ကို ကြည့်နေကြသည်ကို မြင်သောအခါ လင်းဖန်က ရှေ့သို့ တက်လိုက်ပြီး ပြိုင်ပွဲစည်းကမ်းအချို့ကို စတင် ကြေညာလေသည်။
"ငါ့ရဲ့ အပြေးပြိုင်ပွဲမှာ လာရောက် ပါဝင်ပေးကြတဲ့အတွက် အားလုံးကို ကျေးဇူးအများကြီး တင်ပါ တယ်….။"
"ဒီ ပြေးတော့... ကျင့်ကြံသူ အပြေးပြိုင်ပွဲမှာ ပထမ (၃) ယောက်က ပြန်လည်ရှင်သန်ခြင်း ဆေးလုံး (၆) လုံးကို မူလဈေးနှုန်းအတိုင်း ဝယ်ယူခွင့် ရရှိမှာ ဖြစ်ပါတယ်..."
"ပထမဆု ရသူက ပြန်လည်ရှင်သန်ခြင်း ဆေးလုံး (၃) လုံးကို မူလဈေးနဲ့ ဝယ်ယူခွင့် ရပါမယ်…။"
"ဒုတိယဆုက( ၂) လုံးကို မူလဈေးနဲ့ ဝယ်ယူခွင့် ရမှာဖြစ်ပြီး၊ တတိယဆုကတော့ (၁) လုံးကို မူလဈေးနဲ့ ဝယ်ယူခွင့် ရရှိမှာဖြစ်ပါတယ်…။"
"နောင်မှာ ဒီဆေးလုံးတွေကို ထပ်ရနိုင်ဦးမှာ ဖြစ်ပေမဲ့ ဘယ်တော့ ရမလဲဆိုတာတော့ မသေချာပါဘူး…။"
"ဒါ့အပြင် အဲ့ဒီအချိန်ကျရင်တော့ မူလဈေးနဲ့ ရောင်းမှာ မဟုတ်တော့ဘဲ လေလံပွဲကနေတစ်ဆင့်ပဲ ရောင်းချတော့မှာ ဖြစ်ပါတယ်…။"
"ဒါကြောင့် ပြိုင်ပွဲဝင်တိုင်း အစွမ်းကုန် ကြိုးစားကြပြီး မင်းတို့ရဲ့ ပါရမီကို မြှင့်တင်ဖို့ ခဲခဲယဉ်ယဉ် ရရှိ ထားတဲ့ ဒီအခွင့်အရေးကို လက်လွှတ်မခံကြဖို့ မျှော်လင့်ပါတယ်…။"
ဒါဟာ လွန်ခဲ့သော နှစ်ရက်အတွင်း လင်းဖန် အထပ်ထပ်အခါခါ စဉ်းစားပြီးမှ သတ်မှတ်လိုက်သော ဆုလာဘ်ပင်ဖြစ်သည်။ ဒါကို ဆုလို့ ခေါ်နေပေမဲ့ လင်းဖန်၏ စရိုက်အရ ဘယ်လိုလုပ် အလကား ပေးမှာတဲ့လဲ။ သူတို့ကို မူလဈေးအတိုင်း ဝယ်ယူခွင့် ပေးခြင်းကပင် ဆုတစ်ခု ဖြစ်နေပြီပင်။
မှန်ပါသည်... နောက်ဆုံး၌ ဈေးကတော့ လင်းဖန်ရဲ့ လက်ထဲမှာပဲ ရှိတာလေ။
ဤဆုပေးစနစ်တွင် လင်းဖန်မှာ သူ၏ လည်ပတ်လှသော စီးပွားရေး အကွက်အမြင်ကို အပြည့်အဝ ပြသ ခဲ့ခြင်း ဖြစ်သည်။ လင်းဖန်အနေဖြင့် ကြီးမားသော အကျိုးအမြတ်ကို ရရှိမည့်အပြင် ထိုမိသားစုများ၏ ကျေးဇူးတင်မှုကိုလည်း တစ်ပါတည်း ရရှိခဲ့သည်။
လင်းဖန်မှာ သူ၏ လုပ်ရပ်အပေါ် မည်သည့် အပြစ်ရှိစိတ်မှ ခံစားရခြင်း မရှိပေ။ ဘယ်လိုပဲဖြစ်ဖြစ် သူ ရောက်လာခဲ့သော ကမ္ဘာမှ ကုန်သည်အချို့နှင့် နှိုင်းယှဉ်လျှင် သူသည် အတော်လေး စိတ်ရင်းဖြူသော ကုန်သည်တစ်ဦးပင် ဖြစ်သည်။
ဆုပေးစည်းကမ်းကို ပထမဆုံးအကြိမ် ကြားလိုက်ရသော မိသားစုများမှာလည်း လင်းဖန်ကို အတော မသတ် ချီးကျူးကြလေတော့သည်။
"ဆိုင်ရှင်လင်းက တကယ်ကို စိတ်ရင်းဖြူတဲ့ စီးပွားရေးသမားပဲ။ သူက ငါတို့ မြို့တော်အတွက် ကောင်းချီးတစ်ခုပဲ…။"
"ဟုတ်ပါ့... ပြေးရုံနဲ့တင် ဒီလို ဆုမျိုး ရမှာဆိုတော့ ကျွန်တော်တောင် အားနာမိတယ်…။"
"ဟမ်…။ လျိုကြီး... ခင်ဗျားစကားက ခင်ဗျားတို့ မိသားစုက လူငယ်က ထိပ်ဆုံး (၃) ယောက်ထဲ ပါမှာ သေချာနေသလိုပဲနော်…။"
"ဟုတ်တယ်... ပြိုင်ပွဲက မစရသေးဘူး။ ဆုကို ဘယ်သူ ရမလဲဆိုတာ မသေချာသေးဘူး…။"
"ဟဲဟဲ... ငါကတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိတာပေါ့။ ဒီပြိုင်ပွဲအတွက်ဆို ငါတို့ မိသားစုဝင် တစ်ယောက်က အများကြီး ရင်းနှီးထားတာ…။ "
ဤသို့ ပြောပြီးနောက် လျိုဘန်ရှန်းက သူ၏ လူအုပ်စုထဲတွင် ဖုံးကွယ်ထားသော ခွေးနက်လေးကို မသိ မသာ ငုံ့ကြည့်လိုက်လေတော့သည်။