← Chapters

အခန်း ၁၀၃

Vol. 11 Ch. 103

အခန်း ၁၀၃

Vol. 11 Ch. 103

အခန်း (၁၀၃) ခြေနှစ်ချောင်းအပြင် လက်နှစ်ဖက်လည်း ရှိတာပဲ မဟုတ်လား

ဤခွေးနက်လေးမှာ အခြားသူမဟုတ်ဘဲ လျိုချွမ်းဖုပင် ဖြစ်သည်။ သူသည် ခွေးပုံစံမှ မူလအတိုင်း ပြန် မပြောင်းနိုင်သေးသည်မှာ သိသာလှ၏။

သူသည် လူပုံစံသို့ ပြန်မပြောင်းနိုင်သေးခြင်းလော သို့မဟုတ် ပြန်ပြောင်းပြီးမှ တစ်ဖက်လူ၏ အရိုက် အနှက်ခံရခြင်းကြောင့် ခွေးဖြစ်သွားပြန်ခြင်းလောတော့ မပြောတတ်ပေ။ သို့သော် ရက်အတော်ကြာ သွားပြီဖြစ်၍ နောက်ဆုံးအချက်က ပို၍ဖြစ်နိုင်ခြေရှိသည်။

ဤလျှို့ဝှက်လက်နက် ပေါက်ကြားသွားခြင်းမှ ကာကွယ်ရန် လျိုမိသားစုဝင်အားလုံးကို နှုတ်ပိတ်မိန့် ထုတ်ထားပြီး ဘယ်သူ့ကိုမှ မပြောရန် တားမြစ်ထားသည်။ သူတို့၏ ရည်ရွယ်ချက်မှာ ဤအပြေးပြိုင်ပွဲ တွင် အနိုင်ရရှိရန်သာ ဖြစ်သည်။

မိသားစုအကြီးအကဲများ ဆွေးနွေးနေစဉ် လင်းဖန်က ထပ်မံ၍ အသံမြှင့်ကာ ပြောလိုက်သည်။

"ကဲ... အခု ဆုလာဘ်တွေအကြောင်း လူတိုင်း သိသွားပြီဆိုတော့ ပြိုင်ပွဲပုံစံကို ပြောပြပါမယ်…။"

"ဒီအပြေးပြိုင်ပွဲက မြို့တော်ကြီးကို တစ်ပတ်ပတ်ပြေးရမှာ ဖြစ်ပါတယ်။ အစပြုမယ့်နေရာက ဒီမြို့တော် ရဲ့ တံခါးဝပါပဲ၊ ပန်းဝင်မယ့်နေရာကလည်း ဒီမြို့တော်ရဲ့ တံခါးဝပါပဲ။ မြို့တော်ကို တစ်ပတ်ပတ်ပြီး အစ ပြုရာနေရာကို ပထမဆုံး ပြန်ရောက်လာတဲ့ (၃) ယောက်က ဒီပြိုင်ပွဲရဲ့ အောင်နိုင်သူတွေ ဖြစ်မှာပါ..။"

ထိုပြိုင်ပွဲပုံစံကို ကြားသောအခါ လူတိုင်းက လက်ခံသည့်အနေဖြင့် ခေါင်းငြိမ့်ကြသည်။ မြို့တော်ကြီးမှာ အလွန်ကျယ်ဝန်းသဖြင့် တစ်ပတ်ပတ်ရန် ခရီးမှာ အတော်လေး ဝေးပေသည်။ ထို့ပြင် မြို့တော်တွင်းရှိ အစီအရင်ကြီးကလည်း ဖြတ်လမ်းသုံးခြင်းနှင့် မသမာမှုပြုခြင်းတို့ကို တားဆီးပေးနိုင်မည် ဖြစ်သည်။ သို့ဖြစ်ရာ ဤပြိုင်ပွဲမှာ အတော်လေး တရားမျှတမှု ရှိပေသည်။

ပြိုင်ပွဲပုံစံကို ရှင်းပြပြီးနောက် စည်းကမ်းချက်များကို ဆက်လက် ရှင်းပြလိုက်သည်။ လင်းဖန်က ဆက်၍ပြောသည်မှာ -

"ပြိုင်ပွဲ စည်းကမ်းကတော့... စည်းကမ်းသတ်မှတ်ချက်မရှိတာပါပဲ။ မြို့တော်ကို ပတ်ပြေးနေစဉ်အတွင်း မှာ ပြိုင်ပွဲဝင်တွေ အချင်းချင်း တိုက်ခိုက်လို့ရသလို၊ ဘယ်လိုနည်းလမ်းမျိုးမဆို အသုံးပြုလို့ ရပါတယ်။ တကယ်တော့ ငါတို့ဆိုင်က ပြိုင်ပွဲဝင်တွေ ပိုပြီး စွမ်းဆောင်နိုင်ဖို့အတွက် အထောက်အကူပြု ပစ္စည်းတွေ ပြင်ဆင်ထားပါတယ်။ ငါတို့ဆိုင်က ပစ္စည်းတွေကို ဝယ်ယူတာက မင်းတို့အတွက် ပြိုင်ပွဲမှာ အကြီးမား ဆုံး အားသာချက် ဖြစ်စေမှာပါ…။"

ထိုသို့ပြောပြီး လင်းဖန်က သုံးဘီးစက်ဘီးပေါ်မှ ပစ္စည်းများကို ထုတ်ပြလိုက်သည်။ နာရွက်ကြီးသူခိုး၏ ကောက်ရိုးဖိနပ်များ၊ အဖြူရောင်ဓားသွားများ နှင့် ချီစုဆောင်းခြင်းဆေးလုံးများ စသည့် ပစ္စည်းမျိုးစုံကို ခင်းကျင်းပြသလိုက်ခြင်း ဖြစ်သည်။

ထိုအချိန်တွင် လူအုပ်ထဲမှ တစ်ယောက်က ရုတ်တရက် မေးလိုက်သည်။

"ဆိုင်ရှင်... ခင်ဗျားရဲ့ ပစ္စည်းကို ဝယ်ရင် ကျွန်တော် ထိပ်ဆုံး (၃) ယောက်ထဲ ပါနိုင်မလား…။"

ထိုသူ၏ မေးခွန်းကို ကြားသောအခါ လင်းဖန်က သူ၏ ရင်ဘတ်ကို ပုတ်လိုက်ပြီး ယုံကြည်ချက်အပြည့် ဖြင့် ပြောလိုက်သည်။

"ဒါပေါ့... ငါ မင်းကို အာမခံရဲတယ် ထိပ်ဆုံး (၃) ယောက်က ငါတို့ဆိုင်က ပစ္စည်းတွေကို သုံးတဲ့သူတွေပဲ ဖြစ်မှာပါ…။"

လင်းဖန်က လုံးဝ ဂရုမစိုက်သကဲ့သို့ ယုံကြည်မှုအပြည့်ဖြင့် ပြောဆိုနေခြင်း ဖြစ်သည်။ သို့သော်လည်း လင်းဖန်အနေဖြင့် ကောက်ရိုးဖိနပ်နှင့် ချီစုဆောင်းခြင်းဆေးလုံးကို သုံးသည့်သူ၏ မြန်နှုန်းကို မည်သူမှ ယှဉ်နိုင်မည်မဟုတ်ဟု ယုံကြည်နေသည်။

"ဆိုင်ရှင်... ဒီပစ္စည်းတွေကို ဘယ်လိုသုံးရမလဲဆိုတာ ပြောပြပါဦး…။"

မေးလိုက်သူမှာ လွန်ခဲ့သော ရက်အနည်းငယ်က လင်းဖန်ဆိုင်သို့ လာရောက်ခဲ့သော မိသားစုတစ်ခုမှ ပြိုင်ပွဲဝင် ဖြစ်သည်။ ထိုစဉ်က သူတို့မှာ ပြန်လည်ရှင်သန်ခြင်း ဆေးလုံး ကိုသာ အာရုံစိုက်နေသဖြင့် အခြားပစ္စည်းများကို သတိမထားမိခဲ့ခြင်း ဖြစ်သည်။

လင်းဖန်က အခွင့်အရေးကို လက်မလွှတ်ဘဲ ကြော်ငြာလိုက်လေသည်။

"မေးခွန်းကောင်းပဲ။ ပထမဆုံးအနေနဲ့ ဒီဓားကို အဖြူရောင်ဓားသွားလို့ ခေါ်ပါတယ်။ ဒီဓားမှာ ထိန်းချုပ် နိုင်စွမ်းရှိတဲ့ ဂုဏ်သတ္တိတွေ ရှိတယ်။ ပြိုင်ပွဲမှာ တစ်ယောက်ယောက်က မင်းကို ကျော်တက်တော့မယ် ဆိုရင် အဲ့ဒီလူကို ဒီဓားနဲ့သာ ချိန်ရွယ်လိုက်…။"

လင်းဖန် စကားအဆုံးတွင် လူအုပ်ထဲမှ တစ်ယောက်က ထောက်ခံလိုက်သည်။

"ဟားဟား... အဲ့ဒါကို ငါသိတယ် မြို့တော်က သိုင်းပြိုင်ကွင်းမှာတုန်းက တွေ့လိုက်သေးတယ်…။"

ထိုသူမှာ ကျန်းလုံညန်းနှင့် ကျောက်ဟူတို့ ယှဉ်ပြိုင်စဉ်က ကြည့်ရှုခဲ့သူ တစ်ဦးဖြစ်သည်။ ထိုသူပြော သည်ကို ကြားသောအခါ အခြားသူများကလည်း ဝိုင်းဝန်း ထောက်ခံကြလေသည်။

ထိုသူများ၏ ထောက်ခံမှုကို ကြားရသောအခါ လင်းဖန်၏ အပြုံးမှာ ပို၍ ကျယ်ပြန့်သွားသည်။

"ဟားဟား... ငါ့ဆိုင်က ပစ္စည်းတွေက ဒီလောက်တောင် နာမည်ကြီးနေလိမ့်မယ်လို့ မထင်ထားဘူး။ အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ဒီနေ့အတွက် အဓိကဇာတ်လိုက်ကတော့ ဒါပဲ…။"

လင်းဖန်က သုံးဘီးစက်ဘီးပေါ်မှ ကောက်ရိုးဖိနပ်တစ်စုံကို မြှောက်ပြလိုက်သည်။

"ဒါကတော့ ငါတို့ဆိုင်ရဲ့ အမှတ်အသား နာရွက်ကြီးသူခိုးရဲ့ ကောက်ရိုးဖိနပ်တွေပါပဲ။ ခရီးသွားဖို့နဲ့ ထွက်ပြေးဖို့အတွက် မရှိမဖြစ် ပစ္စည်းပေါ့။ ဒီဖိနပ်တွေမှာ နိုက်ထရို အရှိန်မြှင့် စနစ်ပါဝင်ပြီး ဓားပျံ တွေတောင် မမှီနိုင်တဲ့ မြန်နှုန်းကို ပေးစွမ်းနိုင်တယ်…။"

"အာရုံစိုက်ကြပါ... အကယ်၍ တခြားသူတွေက စီးထားပြီး မင်းက မစီးထားဘူးဆိုရင်တော့... သူတို့ရဲ့ ဆီကထွက်လာတဲ့ဓာတ်ငွေ့ကိုပဲ ငေးကြည့်နေရလိမ့်မယ်…။"

လင်းဖန် စကားအဆုံးတွင် ပြိုင်ပွဲဝင်များမှာ တစ်ယောက်ပြီးတစ်ယောက် ရှေ့သို့ တိုးလာကြသည်။

"ဆိုင်ရှင်... ကျွန်တော့်ကို တစ်စုံပေးပါ…။"

"ကျွန်တော့်ကိုလည်း တစ်စုံပေးပါ…။"

လင်းဖန်မှာ ကြိုတင်ပြင်ဆင်ထားသဖြင့် အားလုံးကို ရောင်းချပေးလိုက်သည်။ ထိုအချိန်၌ လျိုကျန့်ဟွာ မှာ လင်းဖန်ထံသို့ လျှောက်လာသည်။ သူသည် ခွေးနက်လေး လျိုချွမ်းဖုကို ဆွဲထားရင်း...

"ဆိုင်ရှင်... ကျွန်တော့်ကို ကောက်ရိုးဖိနပ် နှစ်စုံ ပေးပါ…။"

လျိုကျန့်ဟွာ၏ စကားကြောင့် လူတိုင်းမှာ ဇဝေဇဝါ ဖြစ်သွားကြသည်။ လီမိသားစုမှ လီချွမ်း၏ဖခင်က တိုက်ရိုက်ပင် မေးလိုက်သည်။

"လျိုကြီး... ခင်ဗျားတို့ မိသားစုက ပြိုင်ပွဲဝင်က မရောက်သေးဘူးလား…။ ဒါမှမဟုတ် ခင်ဗျားကိုယ်တိုင် ပြိုင်မှာလား….။"

ကျောက်ဖေး၏ ဖခင်ကလည်း

"မဖြစ်နိုင်တာ။ လျိုကြီး... ခင်ဗျားက ဒီကလေးတွေနဲ့ ကိုယ်တိုင် ဝင်ပြိုင်မလို့လား…။ ဒါက..."

လျိုကျန့်ဟွာက အမြန်ပင် ရှင်းပြလိုက်သည်။

"ခင်ဗျားတို့ ဘာတွေ တွေးနေတာလဲ…။ ငါက ဒီလောက် အားနည်းတဲ့သူတွေကို အနိုင်ကျင့်ပါ့မလား ဒါက ငါ့သားအတွက် ဝယ်ပေးတာ…။"

လူတိုင်း ပို၍ ဇဝေဇဝါ ဖြစ်သွားသည်။

"ခင်ဗျားသား ဟုတ်လား..။ ခင်ဗျားသားက ဘယ်မှာလဲ… ပြိုင်ပွဲက စတော့မယ်။ ဘယ်သူ့ကိုမှ မတွေ့ ပါလား…။"

လျိုကျန့်ဟွာက မကွယ်ဝှက်နိုင်တော့သဖြင့် ခွေးနက်လေးကို လက်ညှိုးထိုးပြလိုက်သည်။

"ကြည့်လေ... ဒီမှာ ရှိနေတာပဲ မဟုတ်လား…။"

ထိုစကားကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။ ခဏအကြာတွင် တစ်ယောက်က မေးလာသည်။

"လျိုကြီး... ဒါက နောက်စရာ မဟုတ်ဘူးနော်…။"

"ဟုတ်တယ်... ဒီပြိုင်ပွဲက 'ပြေးတော့... ကျင့်ကြံသူ' လို့ ခေါ်တာလေ... ဒီခွေးက ကျင့်ကြံသူလား…။"

"အမှန်ပဲ... ဆိုင်ရှင်ကလည်း ဒါမျိုးကို ခွင့်ပြုမယ် မထင်ဘူး…။"

လျိုကျန့်ဟွာမှာ ဘယ်လိုရှင်းပြရမှန်း မသိတော့သဖြင့် လင်းဖန်ကို အကူအညီတောင်းသည့် အကြည့် ဖြင့် ကြည့်လိုက်သည်။ လင်းဖန်ကလည်း ဝင်ရောက် ရှင်းပြလိုက်သည်။

"လူကြီးမင်းတို့... ငါ သက်သေခံပေးပါရစေ။ ခင်ဗျားတို့ ရှေ့မှာ မြင်နေရတာက..."

လင်းဖန်က ခွေးဟု ခေါ်ရန် မသင့်တော်ဟု ထင်သဖြင့် စကားလုံးကို အမြန်ပြောင်းလိုက်သည်။

"အဲ... ဒီရှေ့က သခင်လေးကတော့ လျိုမိသားစုရဲ့ သခင်လေး လျိုချွမ်းဖု ပါပဲ။ သူ အခုလို ဖြစ်နေတာက ငါ့ဆိုင်က မိုးကောင်းကင် ပျံဝဲဝတ်ရုံကို သုံးလိုက်လို့ပါ။ အခုလို ခွေးပုံစံနဲ့ ပြိုင်ခိုင်းရတာက ဖိနပ်နှစ်စုံ ဝတ်လို့ရအောင်နဲ့ မြန်နှုန်းကို ပိုမြှင့်နိုင်အောင်လို့ပါ…။"

လင်းဖန်၏ ရှင်းပြချက်နှင့် လျိုမိသားစုဝင်များ၏ တည်ကြည်သော မျက်နှာများကို မြင်သောအခါမှ လူတိုင်းမှာ အံ့ဩသွားကြပြီးမှ အခြေအနေမှန်ကို သဘောပေါက်သွားကြသည်။

"ဟားဟား... လျိုကြီး... ခင်ဗျားတို့ကတော့ တကယ်ကို အကွက်ကျကျ စီစဉ်ထားတာပဲ…။"

"ဒါက မတရားဘူး…။ နိုင်ဖို့အတွက်နဲ့ ဒီလောက်ထိ လုပ်ရလား…။"

"ဒါဆို ပြိုင်နေဖို့ရော လိုသေးလို့လား…။ ပထမဆုက လျိုမိသားစုအတွက် အသေအချာပဲပေါ့…။"

"ခြေနှစ်ချောင်းက ခြေလေးချောင်းကို ဘယ်လိုယှဉ်နိုင်မှာလဲ…။ ဘယ်မှာလဲ တရားမျှတမှု…။"

ထိုစကားကြောင့် လင်းဖန်က မကျေမနပ်ဖြစ်သွားကာ စိတ်ဆိုးဟန်ဆောင်၍ ချေပလိုက်သည်။

"ဟေ့... အဲ့ဒီလို ပြောတာ ငါ မကြိုက်ဘူးနော်။ ငါက လျိုမိသားစုကို မျက်နှာသာ ပေးထားသလို ဖြစ်နေ ပြီ…။"

လင်းဖန် စိတ်ဆိုးသွားသည်ကို မြင်သောအခါ စောစောက ပြောလိုက်သူမှာ ပြိုင်ပွဲကနေ ထုတ်ပယ်ခံရ မည်စိုးသဖြင့် အမြန်ပင် ပြန်ပြုံးပြလိုက်ရသည်။

"ဆိုင်ရှင်... စိတ်လျှော့ပါ၊ ကျွန်တော်တို့က လျိုမိသားစုကို ပြောတာပါ။ သူတို့က တကယ် ကောက်ကျစ် တာပဲလေ…။"

လင်းဖန်က ကျေနပ်သွားကာ ပြန်ပြောလိုက်သည်။

"ငါ တစ်ခု ထပ်ပြောမယ်၊ ဒီပြိုင်ပွဲက လုံးဝ တရားမျှတတယ်။ ခြေနှစ်ချောင်းက ခြေလေးချောင်းကို မယှဉ်နိုင်ဘူးလို့ မင်းတို့ မေးတယ်မလား။ အဲ့ဒါ လွယ်လွယ်လေးပဲ ငါတို့ လူတွေမှာ ခြေနှစ်ချောင်းအပြင် လက်နှစ်ဖက်လည်း ရှိတာပဲ မဟုတ်ဘူးလား…။"

All Chapters