← Chapters

အခန်း ၁၀၆

Vol. 11 Ch. 106

အခန်း ၁၀၆

Vol. 11 Ch. 106

အခန်း (၁၀၆) အသုံးမကျတဲ့ကောင်... မင်းမှာ ဘာအိပ်မက်မှ မရှိဘူးလား

လင်းဖန်၏ လေသံကောင်းများ ရပ်တန့်သွားသည်ကို မြင်သောအခါ ပြိုင်ပွဲဝင်မှာ ဆေးလုံးကို အမြန်ယူ လိုက်ပြီး စတင်အသုံးပြုတော့သည်။

လင်းဖန်၏ နောက်ဆုံးစကားသာ မပါလျှင် ထိုပြိုင်ပွဲဝင်မှာ တကယ်ပင် စိတ်လှုပ်ရှားသွားမိနိုင်သည်။

ဤပြိုင်ပွဲဝင်များမှာ လူအများ မဟုတ်ကြပေ။ လင်းဖန်က အခွင့်အရေးကို အသုံးချပြီး ဈေးတင်ရောင်း နေမှန်း သူတို့ ကောင်းကောင်းသိကြပေသည်။

သို့သော် သိနေရုံနှင့် ဘာတတ်နိုင်မည်နည်း။

ဤပြိုင်ပွဲတွင် ဘယ်လိုနည်းနှင့်မဆို ထိပ်ဆုံးသုံးယောက်စာရင်း ဝင်ရမည်ဟု မိသားစုက အမိန့်ပေးထား ခြင်း ဖြစ်သည်။ ယခု သုံးစွဲနေသော စိတ်ဝိညာဉ်ကျောက်တုံးများမှာလည်း မိသားစုက အကုန်အကျခံ မည်ဖြစ်ရာ သူတို့အတွက် ဘာမှ ပူစရာမလိုပေ။

ဤနည်းလမ်းအတိုင်းပင် လင်းဖန်သည် အခြားပြိုင်ပွဲဝင်များကိုလည်း ဆေးလုံးများစွာအား ဈေးတင်၍ ရောင်းချနိုင်ခဲ့သည်။

အပြောင်းအလဲများကြားတွင် လင်းဖန်အတွက် အခက်အခဲအချို့တော့ ရှိခဲ့သည်။ ၎င်းမှာ ခွေးပုံစံပေါက် နေသော လျိုချွမ်းဖုနှင့် ဆက်သွယ်ပြောဆိုရန် ကိစ္စပင်။ သို့သော်လည်း ပိုက်ဆံရလိုသော စိတ်ဆန္ဒ ကြောင့် လင်းဖန်မှာ ထိုပြဿနာကို ချက်ချင်းပင် ဖြေရှင်းနိုင်ခဲ့သည်။

"သခင်လေးလျို... ငါ့ရဲ့ သုံးဘီးစက်ဘီးကို တစ်ချက်လောက် ကြည့်ဦးမလား…။"

ခွေးနက်လေး လျိုချွမ်းဖု : "???"

"ဪ... မင်းက ငါ့စက်ဘီးပေါ်က ဆေးလုံးတွေကို ဝယ်ချင်နေတာပဲ ဟုတ်လား…။"

ခွေးနက်လေး လျိုချွမ်းဖု : "ဝု…"

"သခင်လေးလျို... ဒါကတော့ မဖြစ်ဘူးလေ ဒီဆေးလုံးတွေက..."

"ငါ သူတို့နဲ့ စာချုပ်ချုပ်ထားတာ..."

ခွေးနက်လေး လျိုချွမ်းဖု : "ဝု... ဝု.."

"ဘာလဲ... အဲ့ဒီအကြည့်က။ မင်းက ငါ့ရဲ့ စာချုပ်ဖောက်ဖျက်ကြေးကိုပါ စိုက်ထုတ်ပေးပြီး ဝယ်မယ် ပေါ့…။"

"ကဲ... ဟုတ်ပါပြီ၊ ရော့... ဒီမှာ ဆေးလုံး။ ပြိုင်ပွဲပြီးရင်တော့ စာရင်းရှင်းဖို့ မမေ့နဲ့ဦးနော်…။"

ခွေးနက်လေး လျိုချွမ်းဖု : "ဝု ဝု ဝု…"

ထို့နောက် လင်းဖန်က ဆေးလုံးပုလင်းကို ကြိုးဖြင့်ချည်ကာ ခွေးနက်လေး၏ လည်ပင်းတွင် ဆွဲပေးခဲ့ပြီး ထွက်ခွာသွားတော့သည်။ ချန်ရစ်ခဲ့သည်မှာ လျိုချွမ်းဖု၏ နားမလည်နိုင်သော ခွေးဟောင်သံများသာ ဖြစ်လေသည်။

ပြိုင်ပွဲဝင်အားလုံး ဆေးလုံးများ လုံလောက်စွာ ရရှိသွားပြီးနောက်တွင်... ပြိုင်ပွဲမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားတော့သည်။

ပြိုင်ပွဲဝင်အားလုံး၏ မြန်နှုန်းမှာ အံ့ဩဖွယ်ကောင်းလောက်အောင် မြန်ဆန်လာခဲ့သည်။ လင်းဖန်မှာပင် သူ၏ သုံးဘီးစက်ဘီးကို အစွမ်းကုန်နင်းမှသာ သူတို့ကို မှီတော့သည်။

အချိန်အတန်ကြာပြီးနောက်တွင် ပြိုင်ပွဲဝင်များမှာ ပန်းဝင်မည့်နေရာသို့ တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာခဲ့ကြသည်။

ပထမနေရာ : ခွေးနက်လေးအသွင်ဖြင့် လျိုချွမ်းဖု။

ဒုတိယနေရာ : လူနှင့်မတူတော့သော ကျောက်ဖေး။

တတိယနေရာ : နောက်မှ အတင်းလိုက်လာသည့် လီချွမ်း။

စတုတ္ထနေရာ : ဘယ်သူဖြစ်ဖြစ် အရေးမကြီးတော့ပါ။

ပြိုင်ပွဲပြီးဆုံးသွားသောအခါ လင်းဖန်က ရလဒ်များကို ချက်ချင်း ကြေညာလိုက်သည်။

"ဒီပြိုင်ပွဲမှာ ထိပ်ဆုံးသုံးယောက်စာရင်း ဝင်သွားကြတဲ့ သခင်လေးလျို၊ သခင်လေးကျောက်နဲ့ သခင်လေးလီတို့ကို ဂုဏ်ယူပါတယ်…။"

"တခြား သခင်လေးတွေအနေနဲ့လည်း စိတ်မပျက်ကြပါနဲ့ဦး၊ နောင်မှာလည်း ဒီလို အခွင့်အရေးမျိုးတွေ ထပ်ရှိလာမှာပါ…။"

ဂုဏ်ပြုစကားတွေ ပြောပြီးနောက်တွင်မူ ပိုက်ဆံလိုက်သိမ်းရမည့် အလှည့်ပင်။

ပြိုင်ပွဲအတွင်း ပြိုင်ပွဲဝင် (၁၀) ယောက်လုံး ဝယ်ယူခဲ့သော ဆေးလုံးစာရင်းများကို လင်းဖန်က သေချာ မှတ်သားထားသည်။ ကံကောင်းထောက်မစွာဖြင့် ဤအင်အားကြီး မိသားစုများမှာ အလွန်ပင် ချမ်းသာ ကြသဖြင့် လင်းဖန်၏ စီးပွားရေးအကွက်များကို ဂရုမစိုက်ကြပေ။ ထိပ်ဆုံးသုံးယောက်စာရင်းဝင်သော လျို၊ ကျောက်နှင့် လီမိသားစုများဆိုလျှင် လင်းဖန်ကို စိတ်ဝိညာဉ်ကျောက်တုံးများပင် အပိုပေးလိုက် ကြသေးသည်။

တစ်ဖက်လူများ၏ ချမ်းသာကြွယ်ဝမှုနှင့် အာဏာစက်ကို မြင်သောအခါ လင်းဖန်မှာ မနာလိုဖြစ်မိ သွားသည်။ သို့သော်လည်း ထိုသို့ခံစားနေရစဉ်မှာပင် တစ်ဦးတစ်ယောက်တည်း ပိုက်ဆံရှာနိုင်သည့် အရှိန်မှာ ဤကဲ့သို့သော အင်အားစုကြီးများ၏ ရှာဖွေနိုင်စွမ်းကို ဘယ်တော့မှ မမီနိုင်ကြောင်း သူ သဘောပေါက်သွားသည်။

ဒါဟာ သူ့ကို ကိုယ်ပိုင်အင်အားစုတစ်ခု တည်ထောင်ချင်သည့် စိတ်ဆန္ဒကို ပိုမိုပြင်းပြစေခဲ့သည်။ တကယ်တော့ လင်းဖန်သည် ချင်းယွင်ဂိုဏ်းတွင် ရှိစဉ်ကတည်းက ကိုယ်ပိုင်အင်အားစု တည်ထောင်ရန် စီစဉ်နေခဲ့ခြင်း ဖြစ်သည်။

သူ့တွင် ဟင်းလင်းပြင် ဈေးကွက် ဆိုသည့် ထူးခြားဆန်းကြယ်သော မြင့်မြတ်ရာနယ်မြေ ရှိနေသည်။ ဒါဟာ ကိုယ်ပိုင်အင်အားစု၏ အခြေစိုက်စခန်းအဖြစ် သေချာပေါက် အသုံးတော်ခံနိုင်မည်။

လင်းဖန်က ထိုအင်အားစုအတွက် အမည်ပင် ပေးထားပြီးပြီ - 'ဟင်းလင်းပြင် သန့်စင်ရာမြေ'။

သို့သော်လည်း အခြေစိုက်စခန်း ရှိသော်ငြား အရေးအကြီးဆုံးဖြစ်သော အဖွဲ့ဝင်များ လိုအပ်နေသေး သည်။ အင်အားကြီးသော အဖွဲ့အစည်းတစ်ခုမှာ ခေါင်းဆောင်တစ်ယောက်တည်း ရှိနေ၍ မဖြစ်ပေ။

ထဲကျူးတို့ သုံးယောက်ကိုပါ ထည့်တွက်မည်ဆိုလျှင် သူက ခေါင်းဆောင်တစ်ယောက်တည်းတော့ မဟုတ်တော့ပါ။ သို့သော် သူတို့နှင့် ထိတွေ့ဆက်ဆံရသည့် အချိန်မှာ မကြာသေးသဖြင့် သူတို့ကို လုံးဝဥဿုံ ယုံကြည်ရန်တော့ ခက်ခဲနေသေးသည်။

*ငါ့မှာသာ ငါ အပြည့်အဝ ယုံကြည်လို့ရမယ့် လူတစ်စု ရှိခဲ့ရင် ဘယ်လောက် ကောင်းမလဲ…။*

စိတ်ထဲတွင် တစ်ခုခုကို စဉ်းစားနေမိသဖြင့် လင်းဖန်မှာ ရှိနေသည့် လူများနှင့် စကားအကြာကြီး မပြော ဖြစ်တော့ပေ။ ထိပ်ဆုံးသုံးယောက် မိသားစုများနှင့် ပြန်လည်ရှင်သန်ခြင်း ဆေးလုံး အရောင်းအဝယ်ကို အမြန်အဆုံးသတ်လိုက်ပြီး သူ၏ဆိုင်သို့ ပြန်လာခဲ့လေသည်။

ဆိုင်သို့ ရောက်သည်နှင့် လင်းဖန်က သိပ်ပြီး ပေါ်မလာတတ်သော စနစ်ကို အသက်သွင်းလိုက်သည်။

"အသုံးမကျတဲ့ကောင်... သေချင်ယောင်ဆောင်မနေနဲ့တော့ ထွက်လာစမ်း ငါ မင်းကို မေးစရာရှိတယ်"

[ဘယ်သူက သေချင်ယောင်ဆောင်နေလို့လဲ..ဘာကိစ္စလဲ။ တစ်ခုခု ဝယ်ချင်လို့လား]

"အသုံးမကျတဲ့ကောင်... ငါက ရိုင်းရိုင်းစိုင်းစိုင်း ပြောချင်တာ မဟုတ်ပါဘူး ဒါပေမဲ့ မင်းက တကယ်ကို ရည်မှန်းချက် မရှိဘူး..။"

[ ငါက ရည်မှန်းချက် မရှိဘူးဟုတ်လား။ ငါက မင်းဆီကနေ ဘယ်လို ပိုက်ဆံညှစ်ရမလဲဆိုတာကို အမြဲစဉ်းစားနေတာပါနော်။]

[ ဒါပေမဲ့ ပိုင်ရှင် က သိပ်ပြီး ကပ်စေးနဲတာပဲ၊ ပိုက်ဆံကို မသုံးရက်မသုံးချင်နဲ့၊ အဲ့ဒါ ငါ့ကို လာအပြစ် တင်လို့ ရမလား..။]

"ဟက်... မင်းက 'ကုန်သည်စနစ်' ဆိုတဲ့ နာမည်နဲ့တော့ တကယ်လိုက်ပါတယ်။ ဒါပေမဲ့ ဒါက လက်လီ ရောင်းတဲ့ ကုန်သည်သေးသေးလေး တစ်ယောက်ရဲ့ ရည်မှန်းချက်လောက်ပဲ ရှိတာပေါ့…။"

"အသုံးမကျတဲ့ကောင်... မင်းမှာ ဘာအိပ်မက်မှ မရှိဘူးလား…။"

[ ဥပမာ ဘယ်လိုမျိုးလဲ ]

"မင်းရဲ့ စီးပွားရေးကို နယ်ပယ်ချဲ့ထွင်ဖို့နဲ့ အင်အားကြီးလာအောင် လုပ်ဖို့ မစဉ်းစားဘူးလား။ မရေ မတွက်နိုင်တဲ့ ကမ္ဘာလောကပေါင်းစုံအထိ မင်းရဲ့ အရောင်းအဝယ်တွေကို ဖြန့်ကျက်ဖို့ပေါ့…။"

[ဒါပေမဲ့ ငါက မင်းတစ်ယောက်တည်းနဲ့ပဲ အရောင်းအဝယ် လုပ်လို့ရတာလေ၊ ကျန်တဲ့အရာတွေက ငါ့ကိစ္စ မဟုတ်ဘူး။]

"မင်းက တကယ်တုံးတာပဲ။ မင်းသာ ငါ့ရဲ့ စီးပွားရေးကို ကမ္ဘာအနှံ့ ချဲ့ထွင်အောင် ကူညီပေးမယ်ဆိုရင် ငါနဲ့ အရောင်းအဝယ် လုပ်တာဟာ သွယ်ဝိုက်တဲ့နည်းနဲ့ မင်းရဲ့ စီးပွားရေးကို ကမ္ဘာအနှံ့ ဖြန့်ကျက်လိုက်တာပဲ မဟုတ်လား…။"

[... အဲ့ဒီလောက် အရှည်ကြီး ပြောနေတာ၊ နောက်ဆုံးတော့ ပိုင်ရှင်ကို ကူညီခိုင်းစေချင်တာပဲ မဟုတ် လား ]

"မဟုတ်ဘူး... မင်းက မင်းကိုယ်မင်း ကူညီနေတာ…။"

[... ပိုင်ရှင်၊ တို့တွေ တိုတိုတုတ်တုတ်ပဲ ပြောကြရအောင်။]

"အင်း... ဒီလိုပါ၊ ငါက ငါ့ရဲ့ စီးပွားရေးကို ပိုပြီး ချဲ့ထွင်ရလွယ်အောင် အင်အားစုတစ်ခု တည်ထောင် ချင်တယ်။ အဲ့ဒါကြောင့် အဖွဲ့ဝင်တွေ အများကြီး လိုအပ်နေတယ်…။"

"ဒါပေမဲ့ လူတွေ အများကြီး စုဆောင်းလိုက်ရင်လည်း အကောင်းအဆိုး ရောနှောသွားမှာကို ငါ စိုးရိမ် နေတယ်…။"

"ဒီလူတွေကို ငါ အပြည့်အဝ ယုံကြည်လို့ရမယ့် နည်းလမ်းမျိုး ရှိလား…။"

[ရှိပါတယ်... စနစ်ဆိုင်မှာ 'စာချုပ်' အမျိုးအစားတွေ အများကြီး ရှိတယ်။ ဒီကမ္ဘာက သာမန်စာချုပ်တွေ ထက် အများကြီး ပိုပြီး ချုပ်နှောင်မှု အားကောင်းတယ်။]

"အဲ... ငါ မေးချင်တာက အလကားရမယ့် နည်းလမ်းမျိုးကော ရှိလားလို့…"

[ဒါဆို မင်းက အလကားလိုချင်တာပေါ့။ လုံးဝ မဖြစ်နိုင်ဘူး..]

စနစ်၏ ပြတ်သားသော အဖြေကို ကြားလိုက်ရသဖြင့် အလကားရရန် ကြိုးပမ်းမှု မအောင်မြင်သော လင်းဖန်က ဆက်ပြောလိုက်သည်။

"ငါက ပိုက်ဆံမသုံးချင်လို့ တစ်ခုတည်းကြောင့် မဟုတ်ပါဘူး။ ဒါပေမဲ့ နောင်မှာ ငါက လူတွေ အများကြီး ငှားရဦးမှာလေ။ လူတိုင်းနဲ့ တစ်ယောက်ချင်းစီ စာချုပ်ချုပ်နေရမှာက သိပ်ပြီး အလုပ်ရှုပ်လွန်းတယ်။ ဈေးလည်းသက်သာပြီး သုံးရလွယ်တဲ့ အရာမျိုး မရှိဘူးလား…။"

[ပိုင်ရှင်အနေနဲ့ ကမ္ဘာပေါင်းများစွာရတနာသေတ္တာ မှာ ကံစမ်းကြည့်လို့ ရပါတယ်။]

စနစ်၏ စကားကြောင့် လင်းဖန်သည် စနစ်၏ ပစ္စည်း (၅) မျိုးထဲမှ မေ့လျော့နေသော အရာတစ်ခုကို သတိရသွားခဲ့သည်။

'ကမ္ဘာပေါင်းများစွာရတနာသေတ္တာ' ဆိုသည်မှာ စိတ်ဝိညာဉ်ကျောက်တုံးများ ထည့်လိုက်လျှင် ထူးဆန်း သော ပစ္စည်းမျိုးစုံကို ကျပန်းထုတ်ပေးသည့် အရာဖြစ်သည်။

ဘယ်လိုပစ္စည်း ထွက်လာမလဲဆိုသည်ကို မသိနိုင်သဖြင့် ကံတရားကို သိပ်မယုံကြည်သော လင်းဖန် သည် ရတနာသေတ္တာဖွင့်ပြီး ပိုက်ဆံဖြုန်းရမည့် နည်းလမ်းကို အမြဲတမ်း ရှောင်ကြဉ်ခဲ့သည်။

သို့သော် ယခုမူ စနစ်က ထုတ်ပြောလာပြီဖြစ်ရာ လင်းဖန်မှာ တစ်ခါလောက် ကံစမ်းကြည့်ရန် ဆုံးဖြတ် လိုက်သည်။

ဆုံးဖြတ်ပြီးသည်နှင့် လင်းဖန်က သူ၏ ရတနာသေတ္တာကို ထုတ်ယူကာ အနိမ့်စား စိတ်ဝိညာဉ်ကျောက် တုံး တစ်တုံးကို ထည့်လိုက်သည်။

[ပိုင်ရှင်... ဒီလောက်တော့ မနှမြောပါနဲ့ဦး။ အနိမ့်စား ကျောက်တုံးတစ်တုံးတည်းနဲ့ ဘာကောင်းတာ ထွက်လာမှာမို့လို့လဲ။]

"မင်း ဘာသိလို့လဲ။ ငါက စမ်းကြည့်ရုံပဲ ရှိသေးတာ…။"

"ဒီလို ကံစမ်းရတဲ့ အရာမျိုးမှာ ဘယ်သူက အစကတည်းက အကုန်ပုံအောမှာလဲ…။"

သို့သော်လည်း စနစ် ပြောသည်က မှန်ပုံရသည်။ လင်းဖန် ထည့်လိုက်သော ကျောက်တုံးမှာ သေတ္တာထဲမှ ပျောက်ကွယ်သွားပြီးနောက်... ပစ္စည်းတစ်ခု ထွက်လာသည်။ လင်းဖန်အနေဖြင့် စစ်ဆေးကြည့်စရာပင် မလိုဘဲ ၎င်းမှာ ဘာလဲဆိုသည်ကို သိလိုက်ရသည်။

ကြည့်ရတာ အတော်လေး မိုက်မဲပုံရသည့် နေကာမျက်မှန် တစ်လက်ပင် ဖြစ်သည်။

"ကောင်းကင်ဘုံကြီးရယ်... ဒီရတနာသေတ္တာထဲမှာ ပုံမှန်အရာဆိုတာ ဘာမှ မရှိတော့ဘူးလား…။"

"အရင်ကလည်း စူပါကော်နဲ့ သွေးကျောက်တွေ ထွက်ခဲ့ပြီးပြီ၊ အခု နေကာမျက်မှန်ပါ ပါလာပြန်ပြီ။ ဒါက ကျင့်ကြံခြင်းကမ္ဘာမှာ ရှိသင့်တဲ့အရာမျိုးလား…။"

[ကမ္ဘာပေါင်းများစွာရတနာသေတ္တာဆိုတာ မရေမတွက်နိုင်တဲ့ ကမ္ဘာတွေနဲ့ ဆက်သွယ်ထားတာလေ၊ ဘယ်ကမ္ဘာက ပစ္စည်းမဆို ထွက်လာနိုင်တာပဲ။]

[ကျင့်ကြံခြင်းကမ္ဘာမှာလည်း အဲ့ဒါတွေ ရှိမှာပါ၊ အဆင့်မြင့်ရင်စီးအတွင်းခံဆိုတာလည်း ဥပမာတစ်ခု မဟုတ်ဘူးလား..]

"ငါ့ရဲ့ စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံးကတော့ အသုံးမကျတဲ့ မျက်မှန်တစ်လက်နဲ့ အစားထိုးခံလိုက် ရပြီ။ ဒီတစ်ခါတော့ ငါ အကြီးအကျယ် ရှုံးပြီပဲ…။"

[ပစ္စည်းရတာက ကံအပေါ်မှာပဲ မူတည်ပေမဲ့ ပိုင်ရှင် ကျောက်တုံးတွေ အများကြီး ရင်းနှီးလေလေ၊ ကံကောင်းဖို့ အခွင့်အရေး ပိုများလေလေပဲ။ ကျောက်တုံးတစ်တုံးတည်းနဲ့တော့ လက်ကိုင်တူ တစ်ချောင်းတောင် မရတာ ကံကောင်းတယ် မှတ်လိုက်ပါ။]

စနစ်၏ စကားကို ဂရုမစိုက်ဘဲ လင်းဖန်က နောက်ထပ် ကျောက်တုံးတစ်တုံးကို ထပ်မံ ထည့်လိုက်ပြန် လေသည်။

သို့သော်လည်း လင်းဖန်က ကျောက်တုံးနှင့် လဲလှယ်ပြီး ရလာသော ပစ္စည်းကို ကြည့်လိုက်သောအခါ ချက်ချင်းပင် ဆွံ့အသွားတော့သည်။

ထို့နောက် သူက စနစ်ကို ဒေါသတကြီး မေးခွန်းထုတ်လိုက်လေသည်။

"အသုံးမကျတဲ့ကောင်... မင်း ငါ့ကို ကစားနေတာလား…၊ ဟမ်…။"

လင်းဖန် ဤမျှ ဒေါသထွက်သွားရသည့် အကြောင်းရင်းမှာ ယခုတစ်ခေါက် ထွက်လာသည့် အရာက တကယ်ကို တိုင်ဆိုင်လွန်းနေသောကြောင့် ဖြစ်သည်။

All Chapters