အခန်း ၁၀၇
Vol. 11 Ch. 107
အခန်း (၁၀၇) ဝါး... ရွှေရောင်ဒဏ္ဍာရီလာအဆင့်ပါလား
စနစ်သည်လည်း ဤအချိန်တွင် လုံးဝကို အူကြောင်ကြောင် ဖြစ်သွားရသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် တကယ်ပင် နောက်ကွယ်မှ မသမာမှု တစ်စုံတစ်ရာ မပြုလုပ်ခဲ့သောကြောင့် ဖြစ်၏။
ရတနာသေတ္တာထဲမှ ထွက်လာသော အေးစက်စက် လက်ကိုင်တူကြီးကို မြင်သောအခါ နောက်ကွယ်၌ တစ်စုံတစ်ယောက်က ထိန်းချုပ်နေခြင်းလောဟုပင် စတင်သံသယဝင်လာမိသည်။
[ငါသာ နောက်ကွယ်ကနေ ကစားမယ်ဆိုရင် မင်းကို လက်ကိုင်တူ ပေးမှာ မဟုတ်ဘူး၊ ဘာမှမပေးဘဲ အလကားပဲ ဖြစ်အောင်လုပ်မှာပေါ့။]
စနစ်က မျှော်လင့်ချက် အနည်းငယ်ပါသော လေသံဖြင့် ပြောလိုက်သည်။ ၎င်းသည် သူ၏စကားအတိုင်း ဖြစ်လာပြီး ရတနာသေတ္တာထဲမှ လင်းဖန်အတွက် ဘာမှထွက်မလာဘဲ လေအေးအေးလေးသာ ထွက် လာရန် ဆုတောင်းနေပုံရသည်။
သို့သော်လည်း ယခုတစ်ကြိမ် ရလဒ်ကတော့ စနစ်ကို စိတ်ပျက်သွားစေခဲ့သည်။ လင်းဖန်က စိတ်ဝိညာဉ် ကျောက်တုံးကို ထပ်မံထည့်လိုက်သောအခါ ဘေ့စ်ဘောဦးထုပ် တစ်လုံး ထွက်လာခဲ့ပြန်လေသည်။
၎င်းသည်လည်း အလွန်ကောင်းမွန်သော အရာမျိုး မဟုတ်သော်လည်း ဘာမှမရသည်ထက်စာလျှင် တော့ အများကြီး ပိုကောင်းပါသည်။ ရှေ့မှ ပစ္စည်းများကို ကြည့်ရင်း လင်းဖန်က မယုံကြည်နိုင်စွာ ပြော လိုက်သည်။
"ငါ့ရဲ့ကံက အမြဲတမ်း ဆိုးနေမှာ မဟုတ်ပါဘူး။ စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးတည်းနဲ့တင် ကောင်း တာတစ်ခုခု သေချာပေါက် ရနိုင်ပါတယ်။ ဆက်လုပ်ကြတာပေါ့…။"
စကားပုံတစ်ခု ရှိသည် မဟုတ်ပါလား။ လောင်းကစားပိုးဝင်သူသည် အရာအားလုံး ဆုံးရှုံးသွားသည့် တိုင်အောင် ဆက်လက်လောင်းကစားတတ်သည်ဟု။ ကံစမ်းခြင်းဆိုသည်မှာလည်း စွဲလမ်းတတ်သည့် အရာပင်။ လင်းဖန်မှာလည်း ယခုအခါ ထိုလောင်းကစားပိုး စွဲနေပြီမှာ သိသာလှသည်။
ထိုသို့ဖြင့် လင်းဖန်သည် စိတ်ဝိညာဉ်ကျောက်တုံးများကို တစ်တုံးပြီးတစ်တုံး ရတနာသေတ္တာထဲသို့ ဆက်တိုက် ထည့်နေတော့သည်။ ရတနာသေတ္တာထဲမှလည်း ထူးဆန်းအံ့ဩဖွယ်ကောင်းသော ပစ္စည်း မျိုးစုံမှာ အဆက်မပြတ် ထွက်ပေါ်လာခဲ့သည်။
လင်းဖန်အနေဖြင့် (၁၀) တုံး သို့မဟုတ် (၁၂) တုံးမြောက် စိတ်ဝိညာဉ်ကျောက်တုံးကို ထည့်လိုက်ချိန်တွင် မျှော်လင့်မထားသော အရာတစ်ခု ဖြစ်ပျက်ခဲ့သည်။ လင်းဖန် ကျောက်တုံးထည့်လိုက်သည်နှင့် ရတနာ သေတ္တာထဲမှ ပစ္စည်းတစ်ခု ချက်ချင်းထွက်မလာဘဲ... ရွှေရောင်အလင်းတန်းကြီး တစ်ခု ချက်ချင်း ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
ထိုအချင်းအရာကို မြင်လိုက်ရသောအခါ လင်းဖန်၏ မျက်လုံးများမှာ အံ့အားသင့်မှုကြောင့် ပြူးကျယ် သွားလေတော့သည်။
"ဝါး... ရွှေရောင်ဒဏ္ဍာရီလာအဆင့် ပါလား….။"
ကမ္ဘာမကူးပြောင်းခင်က ဂိမ်းထဲတွင် သေတ္တာဖွင့်ခဲ့ဖူးသည့် အတွေ့အကြုံများအရ ဤအခြေအနေမှာ အလွန်ရှားပါးသည့် ပစ္စည်းတစ်ခုကို ရရှိလိုက်ခြင်းပင် ဖြစ်သည်။ စနစ်၏ စကားကလည်း လင်းဖန်၏ ထင်မြင်ချက်ကို အတည်ပြုပေးလိုက်သည်။
[မယုံနိုင်စရာ ကံကောင်းမှုပါလား…။ စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးတည်းနဲ့ ဒီလောက် ကြီးကျယ်တဲ့ အရာမျိုး ထွက်လာတယ် ဟုတ်လား…။]
ရတနာသေတ္တာထဲမှ ရွှေရောင်အလင်းတန်းများ တဖြည်းဖြည်း မှိန်ဖျော့သွားသောအခါ လင်းဖန်သည် အသစ်ထွက်ပေါ်လာသော ပစ္စည်းကို နောက်ဆုံး၌ မြင်လိုက်ရတော့သည်။ သို့သော် ထိုပစ္စည်းကို မြင် လိုက်ရချိန်တွင် လင်းဖန်၏ အံ့အားသင့်မှုမှာ စိတ်ပျက်မှုအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားတော့သည်။
"ဒါက ဘာကြီးလဲ… ရွှေရောင်ဒဏ္ဍာရီလာအဆင့်ကနေ ငါ့ကို ပေးတာက ဒါကြီးလား…။"
လင်းဖန် စိတ်ပျက်သွားရသည့် အကြောင်းရင်းမှာ ရတနာသေတ္တာထဲတွင် ပေါ်လာသည်မှာ အပြာရောင် ဝတ်စုံရှည် တစ်ခု ဖြစ်နေသောကြောင့်ပင်။ ၎င်းသည် နတ်ဘုရားဆန်ဆန်နှင့် ဤလောကမှ မဟုတ် သကဲ့သို့ လှပလွန်းလှသော်လည်း... အရွယ်ရောက်ပြီးသား အမျိုးသားတစ်ဦးဖြစ်သော လင်းဖန် အတွက်တော့ ဘာမှ အသုံးမဝင်ပေ။
*မဟုတ်သေးဘူး... ဒါကို ပိုက်ဆံနဲ့တော့ ပြန်ရောင်းလို့ ရနိုင်မှာပဲ။ ဒါပေမဲ့ ဒါက ဘယ်လိုအဆင့်ရှိတဲ့ မှော်ရတနာလဲဆိုတာ ငါ မသိဘူး…။*
"စနစ်... ဒီဝတ်စုံရှည်ကို စစ်ဆေးပေးစမ်း။ ဒါက စိတ်ဝိညာဉ်ကျောက်တုံး ဘယ်လောက် တန်ဖိုးရှိလဲ…။"
[ပိုင်ရှင်... ဆက်မမေးပါနဲ့တော့။ အဲ့ဒီတန်ဖိုးကို မင်း မတတ်နိုင်ပါဘူး။]
စနစ်၏ တုံ့ပြန်မှုကြောင့် လင်းဖန်မှာ မှင်တက်သွားရသည်။ သူကိုယ်တိုင်က ထိုဝတ်စုံအကြောင်း သိဖို့ အတွက် ပိုက်ဆံအများကြီး သုံးရန် ရည်ရွယ်ချက် မရှိခဲ့ပေ။ စနစ်ကို မေးလိုက်ရခြင်းမှာ စနစ်၏ ဈေးနှုန်း ဖြတ်မှုအပေါ် မူတည်ပြီး ဝတ်စုံ၏ တန်ဖိုးကို ခန့်မှန်းချင်သောကြောင့်သာ ဖြစ်သည်။
သို့သော် မထင်မှတ်ဘဲ စနစ်၏ အဖြေမှာ သူ မတတ်နိုင်လောက်အောင် တန်ဖိုးကြီးသည်ဟု ဆိုလာခြင်း ပင်။ လင်းဖန်၏ လက်ထဲတွင် လက်ရှိ၌ စိတ်ဝိညာဉ်ကျောက်တုံး ပမာဏ အတော်လေး ရှိနေသည်ကို သတိပြုသင့်သည်။ လျိုဘန်ရှန်း ပေးခဲ့သော လျော်ကြေးနှင့် အပြေးပြိုင်ပွဲမှ ရရှိခဲ့သော ပိုက်ဆံများ ကြောင့်... သူ၏ ပိုင်ဆိုင်မှုမှာ အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး (၂) သန်းကျော် ရှိနေပြီ ဖြစ်သည်။
"အသုံးမကျတဲ့ကောင်... မင်း ငါ့ကို နောက်နေတာလား… ငါ့လက်ထဲမှာ အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး (၂) သန်းကျော် ရှိတာတောင် စစ်ဆေးခကို မတတ်နိုင်ဘူး ဟုတ်လား…။"
"ဒါက နတ်ဘုရားအဆင့် ရတနာများလား…။"
စနစ်က လင်းဖန်၏ မေးခွန်းကို ပြန်မဖြေတော့ပေ။ သို့သော် စနစ်၏ တိတ်ဆိတ်မှုက လင်းဖန်၏ ခန့်မှန်း ချက် မှန်ကန်နေနိုင်ကြောင်း ပို၍ သေချာစေခဲ့သည်။ ယခုအခါ လင်းဖန်သည် နတ်ဘုရားအဆင့်နှင့် တူ သော ထိုဝတ်စုံရှည်ကြီးကို ကြည့်ရင်း ဘာလုပ်ရမှန်း မသိဖြစ်နေတော့သည်။
တစ်ချိန်တည်းမှာပင်... စိတ်ဝိညာဉ်ချီများ အလွန်ထူထပ်သော အင်မော်တယ်ဘုံရှိ ဂိုဏ်းတစ်ခု တွင်...
ခမ်းနားထည်ဝါလှသော နန်းတော်တစ်ခုအတွင်း၌...
ရေချိုးပြီးကာစ ဝတ်စုံလဲရန် ပြင်နေသော နတ်သမီးလေးတစ်ပါးမှာ... သူမ ရေမချိုးခင်က ချွတ်ထား ခဲ့သော အပြာရောင် ငှက်မွှေးနတ်သမီးဝတ်စုံကြီး ပျောက်ဆုံးနေသည်ကို ရုတ်တရက် သတိပြုမိ သွားတော့သည်။
ခဏမျှ မှင်တက်သွားပြီးနောက်တွင် ထိုနတ်သမီးလေးမှာ အခြားဝတ်စုံတစ်ခုကို အမြန်လဲဝတ်လိုက် သည်။ သူမသည် ကိုယ်ဟန်ကို အမြန်ပြင်ဆင်ပြီးနောက် သူမ၏ မိခင်ထံသို့ သွားရောက် တိုင်တန်းလေ တော့သည်။
မကြာမီမှာပင် ထိုအင်မော်တယ်ဂိုဏ်းတစ်ခုလုံးကို စစ်အမိန့်ထုတ်ပြန်လိုက်ပြီး ဝတ်စုံသူခိုးကို အသည်း အသန်လိုက်လံ ရှာဖွေကြလေတော့သည်။
ဤအချိန်၌ လင်းဖန်ကတော့ သူ၏ ရတနာသေတ္တာထဲမှ ထွက်လာသော ပစ္စည်းမှာ ဤကဲ့သို့သော နေရာ မျိုးမှ လာသည်ကို လုံးဝ မသိရှိပေ။ သူသည် နတ်ဘုရားအဆင့် မှော်လက်နက်နှင့် တူသော ထိုဝတ်စုံ၏ တန်ဖိုးကို ဘယ်လို အသုံးချရမလဲဟုသာ စဉ်းစားနေမိသည်။
*ဒါကိုတော့ သေချာပေါက် ပြန်မရောင်းဘူး…။*
နတ်ဘုရားအဆင့်နှင့် တူသော ဤဝတ်စုံရှည်ကြီးကို ဘယ်လောက်ဈေးနှုန်း သတ်မှတ်ရမလဲဆိုသည်ကို လင်းဖန် မသေချာပေ။ အကယ်၍ ထျန်းယွမ်တိုက်ကြီးမှာသာ ရောင်းမည်ဆိုလျှင် စိတ်ဝိညာဉ်ကျောက် တုံး ဘယ်လောက်နှင့် ရောင်းရသည်ဖြစ်စေ သူ ရှုံးနေလိမ့်မည်ဟု လင်းဖန် ခံစားနေရသည်။
ခဏမျှ စဉ်းစားပြီးနောက် လင်းဖန်မှာ အကြံကောင်းတစ်ခု ရသွားကာ ဤဝတ်စုံအတွက် အကောင်းဆုံး အသုံးချနည်းကို တွေ့သွားတော့သည်။
၎င်းမှာ သူ၏ အတိဒုက္ခအဆင့်ရှိသော အစောင့်အရှောက်ရုပ်သေးကို ဝတ်ဆင်ပေးဖို့ပင်။
လက်ရှိတွင် အစောင့်အရှောက်ရုပ်သေး ဝတ်ထားသော အဝတ်အစားများမှာ စနစ်ထံမှ ငှားရမ်းထားရ ခြင်း ဖြစ်သည်။ ရုပ်သေးကို တစ်ခါ အသုံးပြုတိုင်း စိတ်ဝိညာဉ်ကျောက်တုံးများစွာ ကုန်ကျနေရသည်။ အကယ်၍ ဤဝတ်စုံကိုသာ ဝတ်ပေးထားမည်ဆိုလျှင် နောင်တွင် ရုပ်သေးကို အသုံးပြုသည့်အခါ စိတ်ဝိညာဉ်ကျောက်တုံးများစွာ သက်သာသွားမည် မဟုတ်ပါလား။
ဒါ့အပြင် ဤဝတ်စုံရှည်ကြီးမှာ ထျန်းယွမ်တိုက်ကြီး၌ ဘယ်လိုနည်းနှင့်မှ ပျက်စီးသွားစရာ အကြောင်း မရှိနိုင်ပေ။ အခုတော့ ဒါကို သုံးထားပြီး နောင်တစ်ချိန် အင်မော်တယ်လောကသို့ ရောက်သွားသည့်အခါ မှ ပြန်ချွတ်ပြီး ဈေးကြီးကြီးနှင့် ပြန်ရောင်းလို့ ရနုင်ပေသေးသည်။
ဆုံးဖြတ်ချက် ချပြီးနောက် လင်းဖန်မှာ ရုပ်သေး၏ အဝတ်အစားကို ကိုယ်တိုင်လဲပေးရန် သူ၏ အခန်း ထဲသို့ အမြန်ဝင်သွားတော့သည်။ သို့သော်လည်း ဤနေရာတွင် ပြဿနာတစ်ခု ရှိနေသည်။
ဤအစောင့်အရှောက်ရုပ်သေးမှာ လင်းဖန် အန္တရာယ်ကြုံရသည့်အခါမှသာ ပေါ်လာတတ်ခြင်း ဖြစ် သည်။ အခြားနည်းလမ်း မရှိသဖြင့် လင်းဖန်မှာ စနစ်ကိုသာ အကူအညီတောင်းလိုက်ရသည်။
"အသုံးမကျတဲ့ကောင်... ငါ့အတွက် အဲ့ဒီရုပ်သေးကို ခေါ်ပေးလို့ ရမလား…။ ငါ သူ့အဝတ်အစား လဲပေး ချင်လို့…။"
စနစ်က လင်းဖန်၏ စကားကို ပြန်မဖြေပေ။ ဒါကိုလည်း လင်းဖန်က အံ့ဩမနေပါ။ ဘယ်လိုပဲဖြစ်ဖြစ် သူ၏ လုပ်ရပ်မှာ စနစ်၏ စီးပွားရေးကို လုယူနေသလို ဖြစ်နေသည် မဟုတ်ပါလား။ ဤဝတ်စုံကို ဝတ်ပေးလိုက်ပါက နောင်တွင် စနစ်အနေဖြင့် အဝတ်အစား ငှားရမ်းခကို ရတော့မည် မဟုတ်ပေ။
ထိုသို့တွေးမိကာ လင်းဖန်က စနစ်ကို အချိုသတ်၍ ထပ်မံ ပြောလိုက်သည်။
"ဟေ့... ဒီလောက်လည်း မနှမြောပါနဲ့ဦး။ မင်း ငါ့ကို ဒီတစ်ခါ ကူညီပေးမယ်ဆိုရင် နောင်ကျရင် ငါ စနစ် ဆိုင်မှာ ပိုက်ဆံတွေ အများကြီး သုံးပါ့မယ်လို့ ကတိပေးပါတယ်…။"
ထိုစကားကို ကြားပြီးနောက်တွင် အတော်ကြာ တိတ်ဆိတ်နေသော စနစ်က နောက်ဆုံး၌ ပြန်ဖြေ လာခဲ့သည်။
[ငါ မင်းကို လုံးဝ မယုံဘူး၊ မင်းက တကယ့်ကို ကပ်စေးကုပ်တဲ့ လူစားပဲ…။]
စနစ်က သူ့ကို မယုံသဖြင့် လင်းဖန်က သူ၏အချက်ကို သက်သေပြရန် ဥပမာများ ဆက်လက် ပေးလေ သည်။
"အသုံးမကျတဲ့ကောင်... သေချာစဉ်းစားကြည့်ဦး။ ငါက နောင်ကျရင် ငါ့ရဲ့ ကိုယ်ပိုင်အင်အားစုကို တည်ထောင်တော့မှာ၊ အဲ့ဒီအခါကျရင် ပစ္စည်းတွေ အများကြီး လိုအပ်မှာပဲလေ…။"
"ဥပမာ အစောင့်အရှောက်ရုပ်သေးတွေပေါ့၊ နောင်ကျရင် ငါ အဲ့ဒီရုပ်သေးတွေကို ပိုပြီး ဝယ်မှာပဲ…။"
"ပြီးတော့ ဒီဝတ်စုံက တစ်စုံတည်းပဲ ရှိတာလေ။ ငါ ရုပ်သေးတွေ ထပ်ဝယ်လိုက်ရင် အဲ့ဒီရုပ်သေးတွေ အတွက် အဝတ်အစား ငှားရမ်းခကို မင်း ဆက်ပြီး ရနေဦးမှာပဲ မဟုတ်လား…။"
"ပြီးတော့ နောက်ထပ် အချက်တစ်ခုက..."
နောက်ဆုံးတွင် လင်းဖန်၏ ဖျောင်းဖျနားချမှုနှင့် ဆွဲဆောင်မှုများကြောင့် စနစ်က လျှော့ပေးလိုက်တော့ သည်။ စနစ်က အစောင့်အရှောက်ရုပ်သေးကို ဆင့်ခေါ်ပေးလိုက်သောအခါ လင်းဖန်မှာ ရုပ်သေးကို အဝတ်အစားလဲပေးရန် စိတ်လှုပ်ရှားစွာ ကူညီပေးလေတော့သည်။
အဝတ်အစားသစ် လဲပေးပြီးနောက် ပို၍ပင် နတ်ဘုရားမလေး တစ်ပါးကဲ့သို့ လှပဆန်းကြယ်နေသော အစောင့်အရှောက်ရုပ်သေးကို ကြည့်ရင်း လင်းဖန် သက်ပြင်းချလိုက်မိသည်။
"နတ်သမီးဝတ်စုံဆိုတော့လည်း တကယ်ကို ထိုက်တန်ပါပေတယ်။ ဒါက အစောင့်အရှောက်ရုပ်သေးကို အရင်ကထက် ပိုပြီး လှပပြီး ဆွဲဆောင်မှုရှိအောင် လုပ်ပေးလိုက်တာပဲ…။"
"ဒီလောက် လှပတဲ့ မိန်းကလေးတစ်ယောက်ကို အန္တရာယ်ကြုံမှပဲ တွေ့ရတာကတော့ တကယ်ကို နှမြောစရာပဲ…။"
အဝတ်အစားလဲပြီးနောက်တွင် အစောင့်အရှောက်ရုပ်သေးမှာ အကြာကြီး မနေဘဲ လင်းဖန်၏ မျက်စိ ရှေ့မှ တစ်ဖန် ပျောက်ကွယ်သွားပြန်သည်။
လင်းဖန်မှာ နှမြောတသဖြစ်နေစဉ်မှာပင် သူ၏ စိတ်ထဲတွင် အကြံတစ်ခု ပေါ်လာပြန်သည်။
"ဒီနေ့ အပြေးပြိုင်ပွဲက အောင်အောင်မြင်မြင် ပြီးသွားပြီဆိုတော့ ငါတို့တွေ သွားပြီး အောင်ပွဲခံ သင့်တယ်…။"
"ကဲ... ဒါဆိုရင်တော့ ရှို့ဆယ်လက်ဖက်ရည်ဆိုင် ကို သွားကြစို့။ အနားယူရင်း လက်ဖက်ရည်သောက် မယ် ပြီးတော့ စီးပွားရေးအကြောင်းလည်း တစ်ခါတည်း ပြောလို့ ရတာပေါ့…။"
လင်းဖန်မှာ ထွက်ခွာရန် ပြင်ဆင်နေစဉ်မှာပင် စနစ်က သူ့ကို ရုတ်တရက် တားလိုက်လေသည်။
[ဟမ်… ပိုင်ရှင်... မင်း ခုနက ဘာလုပ်နေလဲဆိုတာ မေ့သွားပြီလား..]
တားဆီးခံလိုက်ရသဖြင့် လင်းဖန်မှာ ခဏမျှ ကြောင်သွားရသည်။
"ဘာလဲ…။ ငါ ဘာမှ မလုပ်ပါဘူး။ အပြစ်မရှိတဲ့လူကို မဟုတ်မမှန် မစွပ်စွဲပါနဲ့….။"
[... မင်း သေတ္တာဖွင့်နေတဲ့ ရည်ရွယ်ချက်ကို မေ့သွားပြီလား…။]
ထိုစကားကို ကြားလိုက်ရမှ လင်းဖန်သည် သူ၏ နဖူးကို ချက်ချင်းပင် ရိုက်လိုက်မိတော့သည်။
"ဟာ.. ကြည့်စမ်း... ငါ့မှတ်ဉာဏ်ကတော့။ ရတနာသေတ္တာက ငါလိုချင်တဲ့ အရာကို မပေးရသေးဘူးပဲ၊ ငါ ကျောက်တုံးတွေ ထပ်ထည့်ရဦးမှာပဲ…။"
ထိုသို့ပြောပြီး လင်းဖန်မှာ ရှို့ဆယ်လက်ဖက်ရည်ဆိုင် သွားမည့်အကြံကို ခေတ္တဘေးဖယ်ထားလိုက်ကာ ရတနာသေတ္တာကို ဆက်လက် ဖွင့်နေလေတော့သည်။