အခန်း ၁၀၈
Vol. 11 Ch. 108
အခန်း (၁၀၈) မင်းက စောစောစီးစီး ဝမ်းသာနေတာပဲ ငါက မင်းကို လာရှာတာ မဟုတ်ဘူး
နတ်ဘုရားအဆင့်နှင့် တူသော ထိုဝတ်စုံကို ရရှိပြီးနောက်တွင် လင်းဖန်မှာ အတော်လေး လက်ဖွာလာ ခဲ့သည်။ ထို့ကြောင့် ရတနာသေတ္တာထဲသို့ ထည့်သည့် စိတ်ဝိညာဉ်ကျောက်တုံး ပမာဏမှာလည်း တစ်တုံးချင်းစီမှသည် (၁၀) တုံး၊ (၁၀၀) တုံးအထိ တိုးမြှင့်လိုက်တော့သည်။
နောက်ဆုံးတွင် စိတ်ဝိညာဉ်ကျောက်တုံးများစွာ ကုန်ဆုံးသွားပြီးနောက် ထူးဆန်းသော ပစ္စည်းများစွာ ကိုလည်း ရရှိခဲ့ပြီးမှ... လင်းဖန် အလိုရှိနေသော ပစ္စည်းကို နောက်ဆုံး၌ ရရှိသွားလေတော့သည်။
၎င်းမှာ နန်းတွင်းအမိန့်တော်ပြန်တမ်းနှင့် တူသော စာလိပ် တစ်ခု ဖြစ်သည်။ ၎င်းကို ဖြန့်ကြည့်လိုက် သောအခါ ပထမဆုံး မြင်လိုက်ရသည်မှာ ရွှေရောင်ဖြင့် ရေးထွင်းထားသော "အလုပ်ခန့်ထားမှု စာချုပ်" ဆိုသည့် စာသားလေးလုံးပင် ဖြစ်သည်။
ထိုစာသားလေးလုံး၏ ရှေ့တွင် ကွက်လပ်အချို့ ရှိနေသေးသည်။ "အလုပ်ခန့်ထားမှု စာချုပ်" ဆိုသည့် စာသားအောက်တွင်မူ "သစ္စာဆိုချက်" ဆိုသည့် စာလုံးများကို အနည်းငယ် သေးငယ်သော စာလုံးပုံစံဖြင့် ရေးထားပြီး ၎င်း၏နောက်တွင်လည်း ဖြည့်စွက်ရန် ကွက်လပ်တစ်ခု ချန်ထားသည်။
လိပ်စာ၏ အတွင်းဘက်တွင် ကွက်လပ်ဖြည့်ရန်အတွက် စုတ်တံ တစ်ချောင်းကိုပါ သေချာ ထည့်ပေး ထားသေးသည်။ စာလိပ်ကို တစ်ချက် ကြည့်လိုက်ပြီးနောက် လင်းဖန်သည် ၎င်းကို မည်သို့ အသုံးပြုရ မည်ကို အကြမ်းဖျင်း နားလည်သွားသည်။
သူသည် ချက်ချင်းပင် စုတ်တံကို ယူကာ "အလုပ်ခန့်ထားမှု စာချုပ်" ဆိုသည့် စာသားရှေ့တွင် "ဟင်းလင်းပြင် သန့်စင်ရာမြေ" ဆိုသည့် စာလုံးလေးလုံးကို ရေးလိုက်သည်။ ခဏမျှ စဉ်းစားပြီးနောက် လင်းဖန်သည် ၎င်း၏ စုတ်ချာလှသောလက်ရေးဖြင့်ပင် 'ကြော်ငြာဆောင်ပုဒ်' တစ်ခုကို ဆက်လက် ရေးသားလိုက် ပြန်သည်။
ခဏအကြာတွင် လင်းဖန်သည် စုတ်တံကို ပြန်ထည့်လိုက်ပြီး သူ၏ စာချုပ်လိပ်စာကို ကျေနပ်စွာ ကြည့်လိုက်လေသည်။
'ဟင်းလင်းပြင် သန့်စင်ရာမြေ အလုပ်ခန့်ထားမှု စာချုပ်'
[သစ္စာဆိုချက် - ငါသည် ဟင်းလင်းပြင် သန့်စင်ရာမြေသို့ မိမိဆန္ဒအလျောက် ဝင်ရောက်ပါသည်၊ ယနေ့ မှစ၍ များစွာသော တာအိုဖော်များနှင့်အတူ အင်အားစုကို ပိုမိုကြီးမားပြီး အစွမ်းထက်လာအောင် လုပ်ဆောင်သွားမည်ဖြစ်ကာ ဂုဏ်ယူစရာ သမိုင်းသစ်များကို ဖန်တီးပါမည်။]
ဤအလုပ်ခန့်ထားမှု စာချုပ်ရှိနေလျှင် နောင်တွင် ဟင်းလင်းပြင် သန့်စင်ရာမြေအတွက် အလုပ်သမား များ စုဆောင်းရန်မှာ အများကြီး ပိုလွယ်ကူသွားတော့မည်။ ထိုလိပ်စာသည် သစ္စာဆိုချက်ကို ရွတ်ဆို လိုက်သူနှင့် အလိုအလျောက် ဆက်သွယ်သွားမည် ဖြစ်သည်။
၎င်းပြင် အချိန်ကြာလာသည်နှင့်အမျှ ထိုသူများ၏ ဟင်းလင်းပြင် သန့်စင်ရာမြေအပေါ် သတ်မှတ်ထား သော သစ္စာစောင့်သိမှုနှင့် ယုံကြည်ကိုးစားမှုမှာလည်း သိမ်မွေ့စွာဖြင့် ပိုမိုခိုင်မာလာလိမ့်မည်။ မကြာမီ မှာပင် ထိုဝန်ထမ်းအသစ်များသည် ဟင်းလင်းပြင် သန့်စင်ရာမြေကို သူတို့၏ ယုံကြည်ကိုးကွယ်မှုအဖြစ် သတ်မှတ်လာကြလိမ့်မည်။ လင်းဖန်အနေဖြင့်မူ သူတို့၏ သစ္စာစောင့်သိမှုအတွက် စိုးရိမ်နေရန် မလို တော့ပေ။
"ဒီအလုပ်ခန့်ထားမှု စာချုပ်က တကယ်ကို အဆင်ပြေတာပဲ။ အနည်းဆုံးတော့ ငါ့ရဲ့ စိတ်ဝိညာဉ်ကျောက် တုံးတွေ အလဟဿ မဖြစ်သွားတော့ဘူးပေါ့…။"
ကျေနပ်အားရစွာ ချီးကျူးပြီးနောက် လင်းဖန်သည် စာလိပ်ကို ပြန်သိမ်းလိုက်သည်။ ရတနာသေတ္တာထဲမှ ထွက်လာသော အခြားထူးဆန်းသည့် ပစ္စည်းများနှင့်အတူ ၎င်းတို့ကို စနစ်သိုလှောင်ခန်းထဲသို့ ထည့်၍ သိမ်းလိုက်လေတော့သည်။
ပစ္စည်းများကို သိမ်းဆည်းပြီးနောက် လင်းဖန်သည် ဆိုင်မှထွက်ကာ 'ရှို့ဆယ်လက်ဖက်ရည်ဆိုင်' သို့ ဦးတည်ခဲ့သည်။ လင်းဖန် ဆိုင်ထဲသို့ ဝင်လိုက်သည်နှင့် သေးသွယ်လှပသော နတ်သမီးလေးတစ်ပါးက သူ့ကို ချက်ချင်းပင် နွေးထွေးစွာ ကြိုဆိုလေသည်။
"မင်္ဂလာပါရှင်... ရှို့ဆယ်လက်ဖက်ရည်ဆိုင်ကနေ ကြိုဆိုပါတယ်ရှင်။ ရှင့်ကို ဝန်ဆောင်မှုပေးရတာ ကျွန်မအတွက် ဂုဏ်ယူစရာပါပဲရှင်…."
ပြောရင်းနှင့်ပင် ထိုနတ်သမီးလေးသည် စိတ်လှုပ်ရှားစွာဖြင့် လင်းဖန်၏ လက်ကို ဆွဲကာ အနားယူရန် လက်ဖက်ရည်ခန်းထဲသို့ ခေါ်ဆောင်ရန် ပြင်လိုက်သည်။ သို့သော် လင်းဖန်သည် ထိုနတ်သမီးလေး၏ ကမ်းလင့်လာသော လက်ကို မြင်သောအခါ ပြတ်ပြတ်သားသားပင် ရှောင်လိုက်လေသည်။
နတ်သမီးလေး၏ ဇဝေဇဝါ ဖြစ်နေသော အကြည့်များကြားတွင် လင်းဖန်က အေးဆေးစွာပင် ပြောလိုက် သည်။
"မင်း သိပ်ပြီး စိတ်လှုပ်ရှားမနေနဲ့ဦး ငါက မင်းကို လာရှာတာ မဟုတ်ဘူး…။"
လင်းဖန်၏ ပြတ်သားသော ငြင်းပယ်မှုကို ကြားလိုက်ရသောအခါ... ထိုနတ်သမီးလေးမှာ အံ့အားသင့် သွားသလို စိတ်ပျက်သွားသည့် အမူအရာဖြင့် မေးလိုက်သည်။
"အို... ရှင်က ကျွန်မကို သဘောမကျလို့လားဟင်…။"
"ရှင်က ဘယ်လိုပုံစံမျိုးကို ပိုကြိုက်လို့လဲရှင်…။ ဒါမှမဟုတ် ရှင် သိတဲ့သူ တစ်ယောက်ယောက် ရှိလို့ လား..။ ကျွန်မ သွားခေါ်ပေးရမလားရှင်…။"
နတ်သမီးလေး၏ စကားကို ကြားသောအခါ လင်းဖန်မှာ ဆွံ့အသွားရသည်။ သူက ဒီတစ်ခါလာရခြင်းမှာ လက်ဖက်ရည်သောက်ဖို့ သက်သက် လာခြင်းမဟုတ်ဘဲ ဆိုင်ရှင်နှင့် စီးပွားရေးအကြောင်း ပြောရန် လာခဲ့ခြင်း ဖြစ်သည်။
အရင်က စုဆောင်းထားသော ချီစုဆောင်းခြင်းဆေးလုံးများနှင့် အဆိပ်ဖြေဆေးလုံးများမှာ ကောက်ရိုး ဖိနပ်များကြောင့် ရောင်းပန်းလှခဲ့ပြီ ဖြစ်သည်။ ဒဏ်ရာပျောက်ဆေးလုံး ကလည်း ၎င်း၏ အာနိသင် ကြောင့် ရောင်းရရန် မခက်ခဲပေ။
ဤ အဆာရှောင်ဆေး တစ်ခုသာလျှင် အရောင်းမထွက်ဘဲ ပိုလျှံနေခဲ့ခြင်း ဖြစ်သည်။ ဒီနေ့ သူ လာရသည့် ရည်ရွယ်ချက်မှာ အဆာရှောင်ဆေးအတွက် ဈေးကွက်ရှာရန် ဖြစ်သည်။
၎င်းပြင် ထိုနေ့က ဤဆိုင်တွင် စိတ်ဝိညာဉ်ကျောက်တုံး (၁၀၀) ဖြုန်းခဲ့ရသည်ကိုလည်း သူ မမေ့သေး ချေ။ ဒီနေ့ သူ လာရခြင်းမှာ ထိုကျောက်တုံးတွေကို ပြန်ရှာရန်အတွက်လည်း ဖြစ်သည်။
အစောင့်အရှောက်ရုပ်သေးကို အဝတ်အစားလဲပေးခဲ့သဖြင့် စိတ်ကူးပေါက်ကာ လက်ဖက်ရည်ဆိုင်သို့ လာခဲ့ခြင်းကတော့ လုံးဝ မဟုတ်ပါပေ။
တစ်ဖက်လူက အထင်လွဲနေသည်ကို မြင်သောအခါ လင်းဖန်က ငြင်းခုံမနေတော့ဘဲ ဆိုင်ရှင်ကိုသာ တိုက်ရိုက် ခေါ်ခိုင်းလိုက်သည်။
"ငါ မင်းတို့ရဲ့ ဆိုင်ရှင်ကို ရှာနေတာ။ မင်းတို့ ဆိုင်ရှင်ကို ခေါ်ပေးပါ…။"
လင်းဖန်၏ စကားကို ကြားသောအခါ နတ်သမီးလေးမှာ ချက်ချင်းပင် မှင်တက်သွားတော့သည်။ သူမ သည် ထူးဆန်းသော အမူအရာဖြင့် လင်းဖန်ကို ကြည့်ရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။
"ဪ... ရှင်က အကြီးကြီးတွေကို ကြိုက်တာကိုး…။"
ထိုသို့ ရေရွတ်ပြီးနောက် သူမသည် လင်းဖန်ကို ပြန်ဖြေရန် မမေ့ခဲ့ပေ။
"စိတ်မကောင်းပါဘူးရှင် ကျွန်မတို့ ဆိုင်ရှင်က ပုံမှန်ဆိုရင် ဧည့်သည်လက်ခံလေ့ မရှိပါဘူး….။"
တစ်ဖက်လူက ထပ်မံ အထင်လွဲသွားပြန်သဖြင့် လင်းဖန်မှာ မတတ်သာဘဲ ဆက်လက် ရှင်းပြလိုက် ရသည်။
"ငါက မင်းတို့ ဆိုင်ရှင်နဲ့ စီးပွားရေးအကြောင်း ပြောချင်လို့ လာခဲ့တာ…။"
သို့သော် လင်းဖန် ထိုသို့ ပြောလိုက်သည်နှင့် ထိုနတ်သမီးလေးမှာ ရယ်မောလိုက်တော့သည်။
"ဟားဟား... ရှင်ကလည်း နောက်နေပြန်ပြီ။ ကျွန်မတို့ ရှို့ဆယ်လက်ဖက်ရည်ဆိုင်ကို လာတဲ့ ဧည့်သည် တိုင်းက စီးပွားရေး လုပ်ဖို့ လာကြတာချည်းပဲ မဟုတ်လားရှင်…။"
ကဲ... ဒီအထင်လွဲမှုကတော့ ရှင်းပြရုံနဲ့ မရတော့ဘူး။ ဒါကြောင့် လင်းဖန်သည် ရှင်းပြနေမည့်အစား သူ၏ ကျင့်ကြံမှုအဆင့်ကို တိုက်ရိုက် ထုတ်ဖော်ပြလိုက်တော့သည်။
လင်းဖန်ထံမှ ထွက်ပေါ်လာသော ဖိအားပေးသည့် အငွေ့အသက်ကို ခံစားလိုက်ရပြီးနောက်...
အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်မှာသာ ရှိသေးသော ထိုနတ်သမီးလေးမှာ ချက်ချင်းပင် ထိတ်လန့်သွားကာ မှင်တက်၍ ရပ်နေတော့သည်။
ရှို့ဆယ်လက်ဖက်ရည်ဆိုင်၏ ပိုင်ရှင်ဖြစ်သူ လီစီစီသည်လည်း လင်းဖန်၏ ကျင့်ကြံမှုအရှိန်အဝါ ပြောင်းလဲမှုကို ခံစားမိသွားသဖြင့် အမြန် ထွက်လာခဲ့သည်။ လူကိုယ်တိုင် မရောက်လာသေးခင်မှာပင် သူမ၏ ကြည်လင်ပြတ်သားသော အသံမှာ လင်းဖန်၏ နားထဲသို့ အရင်ရောက်လာခဲ့သည်။
"စီနီယာ... စိတ်လျှော့ပါရှင် သူမက ဒီကို ရောက်တာ မကြာသေးလို့ပါ။ သူမက ရှင့်ကို စိတ်အနှောင့် အယှက် ဖြစ်စေခဲ့ရင် ကျွန်မကပဲ သူမကိုယ်စား တောင်းပန်ပါတယ်ရှင်…။"
လီစီစီ၏ စကားကို ကြားသောအခါ လင်းဖန်သည် သူ၏ အရှိန်အဝါကို အမြန်ပြန်ရုပ်သိမ်းလိုက်ပြီး ယဉ်ကျေးစွာ ပြန်ဖြေလိုက်သည်။
"အထင်လွဲတာပါ... အထင်လွဲတာ။ ဒီနတ်သမီးလေးက ငါ့ကို ဘာမှ မစော်ကားပါဘူး။ ငါက ဆိုင်ရှင် ဖြစ်တဲ့ မင်းကို ထွက်လာအောင်လို့ ငါ့ရဲ့ ကျင့်ကြံမှုကို ပြလိုက်ရုံသက်သက်ပါ…။"
လီစီစီကို ပြောပြီးနောက် လင်းဖန်က ထိုနတ်သမီးလေးဘက်သို့ လှည့်ကြည့်လိုက်သည်။
"မင်းကို လန့်သွားစေခဲ့မိရင် တောင်းပန်ပါတယ် နတ်သမီးလေး။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ…။"
လင်းဖန်၏ စကားကြောင့် လီစီစီမှာလည်း စိတ်ဝင်တစား ဖြစ်သွားရသည်။
"ဪ... ဒါဆို စီနီယာက ဘာကိစ္စများ ရှိလို့ပါလဲရှင်…။"
တစ်ဖက်လူက သူ လာရသည့် အကြောင်းရင်းကို မေးလာသဖြင့် လင်းဖန်က အပိုစကားတွေ မပြော နေတော့ဘဲ တိုက်ရိုက်ပင် ဆိုလိုက်သည်။
"ငါ့ဆီမှာ မင်းတို့ဆိုင်ရဲ့ စီးပွားရေးအတွက် အများကြီး အထောက်အကူဖြစ်မယ့် ဆေးလုံးတစ်မျိုး ရှိ တယ်၊ မင်းတို့ဆိုင်က စိတ်ဝင်စားမလားလို့ သိချင်လို့ပါ…။"
ဒါကို ကြားလိုက်ရသောအခါ လီစီစီမှာ စိတ်ဝင်တစား ဖြစ်သွားပုံရပြီး လင်းဖန်ကို လက်ဖက်ရည်ခန်း တစ်ခုဆီသို့ ချက်ချင်း ခေါ်ဆောင်သွားလေသည်။
"အို... အဲ့ဒါက ဘယ်လို ဆေးလုံးမျိုးပါလဲရှင်..။ စီနီယာ... ရေငတ်နေမှာပေါ့ ကျွန်မနဲ့အတူ လက်ဖက် ရည်ခန်းကို လိုက်ခဲ့ပါရှင်။ လက်ဖက်ရည်သောက်ရင်း အေးအေးဆေးဆေး ဆွေးနွေးကြတာပေါ့…။"
လက်ဖက်ရည်ခန်းထဲ ရောက်သောအခါ နှစ်ယောက်သား စီးပွားရေးအကြောင်း ချက်ချင်း မပြောကြ သေးဘဲ အချင်းချင်း အပြန်အလှန် နှုတ်ဆက်ကြရင်း တစ်ဖက်လူ၏ အမည်များကို သိအောင် မိတ်ဆက် လိုက်ကြလေသည်။
ထို့နောက် နတ်သမီးလေးတစ်ပါးက သူတို့နှစ်ဦးအတွက် လက်ဖက်ရည်လာချပေးပြီး ထွက်ခွာသွား လေသည်။ လင်းဖန်သည် သူ၏ စနစ်ဟင်းလင်းပြင်ထဲမှ အဆာရှောင်ဆေး တစ်ပုလင်းကို ဖြည်းဖြည်း ချင်း ထုတ်ယူလိုက်သည်။
"လီနတ်သမီး... ကျေးဇူးပြုပြီး ကြည့်ပေးပါ၊ ဒါကတော့ ငါ ပြောခဲ့တဲ့ ဆေးလုံးပါပဲ…။"
လီစီစီသည် ဆေးပုလင်းကို ယူကာ ဖွင့်၍ အနံ့ခံကြည့်လိုက်ပြီးနောက် ဇဝေဇဝါ ဖြစ်နေသော အမူအရာ ဖြင့် မေးလိုက်သည်။
"စီနီယာ... ရှင် နောက်နေတာ မဟုတ်ဘူးမလား…။ ဒါက အဆာရှောင်ဆေးပဲ မဟုတ်လား…။"
တစ်ဖက်လူ၏ စကားကို ကြားသောအခါ လင်းဖန်က ခေါင်းအနည်းငယ် ငြိမ့်ပြလိုက်ရင်း ပြောလိုက် သည်။
"ဒါက အဆာရှောင်ဆေး ဆိုတာတော့ မှန်ပါတယ် ဒါပေမဲ့ ငါ့ရဲ့ အဆာရှောင်ဆေးက သာမန် အဆာ ရှောင်ဆေးတွေနဲ့ မတူဘူး…။"
"ဒါက အဆာပြေစေတဲ့ အာနိသင်အပြင် သုံးစွဲသူရဲ့ အာရုံစူးစိုက်မှုကို ကောင်းမွန်စေပြီး မန္တန်ကျင့်ကြံတဲ့ နေရာမှာ စွမ်းဆောင်ရည်ကို နှစ်ဆ တိုးတက်စေနိုင်တယ်…။"
"ဒါ့အပြင် သူ့မှာ ကျင့်ကြံသူတွေရဲ့ ကာမစိတ်ကို နိုးကြားစေတဲ့ ဘေးထွက်ဆိုးကျိုးလည်း ရှိသေးတယ်။"
ဤစကားကို ကြားလိုက်ရသောအခါ လီစီစီသည် လင်းဖန် ဘာကြောင့် သူမထံသို့ စီးပွားရေး လာပြော သည်ကို သဘောပေါက်သွားတော့သည်။ ခဏမျှ စဉ်းစားပြီးနောက် လီစီစီက အကြံတစ်ခု ရသွားသည်။
"စီနီယာ... ဒီအဆာရှောင်ဆေးက ဈေးဘယ်လောက်ရှိပါသလဲရှင်…။"
တစ်ဖက်လူက ဈေးနှုန်းကို မေးလာသောအခါ အရောင်းအဝယ် ဖြစ်တော့မည်ကို လင်းဖန် သိလိုက် လေသည်။
"လီနတ်သမီး... ဒီလို အဆာရှောင်ဆေးမျိုးက သန့်စင်ရတာ အတော်လေး ခက်ခဲတော့ ဈေးကတော့ နည်းနည်း မြင့်ရမှာပေါ့။ တစ်လုံးကို စိတ်ဝိညာဉ်ကျောက်တုံး (၁၀) တုံး ကျသင့်မှာ ဖြစ်ပါတယ်…။"
လင်းဖန် သတ်မှတ်လိုက်သော ဈေးနှုန်းမှာ သံသယဖြစ်ဖွယ်မရှိအောင်ပင် အဆမတန် မြင့်မားလှသည်။ သာမန် အဆာရှောင်ဆေး တစ်လုံးလျှင် စိတ်ဝိညာဉ်ကျောက်တုံး (၁) တုံးသာ ရှိသော်လည်း လင်းဖန်က (၁၀) ဆ တိုးလိုက်ခြင်း ဖြစ်သည်။ ဤဈေးနှုန်းကို သတ်မှတ်ရခြင်းမှာ အကြောင်းရင်း နှစ်ချက်ကြောင့် ပင်ဖြစ်လေ၏။